နတ်ဆိုးအကျဥ်းထောင်ဘုံ
Vol. 50 Ch. 702
မုကုန်းသည် ထွက်ခွာသွားသော ယဲ့ချန်ကိုတလှည့်၊ စားပွဲပေါ်မှ စာရွက်စာတမ်းများကိုတလှည့် ကြည့်နေရင်းဖြ င့်ကျောရိုးထဲမှ ကြောက်စိတ်များ စိမ့်တက်လာသည်။ သူက မုမျိုးနွယ်ခေါင်းဆောင် နတ်အစေခံတစ်ယောက်ဖြစ်ပြီး မှော်မြို့တော်၏ ထိပ်တန်းမျိုးနွယ်သုံးခုတွင် အာဏာရှိသော်လည်း ယဲ့ချန်ကို ကြောက်လန့်နေပြီဖြစ်သည်။ တစ်ဖက်လူ၏နောက်ကွယ်တွင် အရာရာကိုသိနေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး သို့မဟုတ် ကြောက်မက်ဖွယ်အဖွဲ့အစည်းတစ်ခု ရှိနေသောကြောင့်သာ မုမျိုးနွယ်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။ သူက ယဲ့ချန်၏စကားများကို သံသယမရှိရသည့် အကြောင်းအရင်းမှာ အရာရာကိုသိထားလျှင် မုမျိုးနွယ်ကို ဖျက်ဆီးနိုင်ကြောင်း နားလည်ထားခြင်းဖြစ်သည်။ မှော်မြို့တော်တွင် မျိုးနွယ်များစွာရှိပြီး အချင်းချင်းမကောင်းကြံနေသဖြင့် ယဲ့ချန်က သူတို့၏ဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်နိုင်သည်။ သူကသာ မုမျိုးနွယ်အကြောင်း သတင်းလွှင့်လိုက်လျှင် ပြဿနာတက်သွားမည်ဖြစ်ရာ အရောင်းအဝယ်အောင်မြင်ပါက တစ်ဆယ်ရာခိုင်နှုန်းကို သေချာပေါက် ပေးချေရပေလိမ့်မည်။
"ကျုပ်က ငွေကို ဘယ်လိုပေးရမလဲ ညီလေးချန်"
မုကုန်းက ယဲ့ချန်ထံ စိတ်ချင်းဆက်သွယ်၍ မေးလိုက်ခြင်းဖြစ်သည်။
"ကျုပ်က တစ်ယောက်ယောက်ကိုလွှတ်ပြီး လာယူခိုင်းလိုက်ပါမယ်"
စကားအဆုံးတွင် ယဲ့ချန်နှင့် မိုရန်သည် မုအိမ်တော်အပြင်သို့ ထွက်ခွာသွားပြီဖြစ်သည်။
"ဆရာ မုကုန်းက စကားမတည်မှာကို စိုးရိမ်ရလား"
အရောင်းအဝယ်၏ တစ်ဆယ်ရာခိုင်နှုန်းက အလွန်များပြားသော ငွေပမာဏဖြစ်၍ မိုရန်က ပူပန်နေခြင်းဖြစ်သည်။
"မုကုန်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဆိုတော့ ကတိဖျက်ရင် ဘယ်လိုအကျိုးဆက်ရှိမယ်ဆိုတာကို သိပါလိမ့်မယ်။ ဒီတစ်ခေါက် သူက ကောင်းကောင်းလုပ်ဆောင်ပြီး ငါတို့နဲ့ပူးပေါင်းမယ်ဆိုရင် မုမျိုးနွယ်က အရင်ကထက် ပိုပြီးကြွယ်ဝတိုးတက်လာလိမ့်မယ်"
ယဲ့ချန်က ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။
"ဆရာ"
ထိုအချိန်၌ ချိုးရဲက ယဲ့ချန်၏ခြံဝန်းအတွင်း ပြန်လည်ရောက်ရှိလာသည်။
"အဆင်ပြေခဲ့လား"
"ဆရာ့အမိန့်အတိုင်း သတင်းခြောက်ခုကို ရောင်းချပြီး မိစ္ဆာရွှေရှစ်သန်း အမြတ်ရခဲ့ပါတယ်"
ချိုးရဲက ရိုသေစွာ ခေါင်းညိတ်၍ မိစ္ဆာရွှေအပြည့်ပါသော သိုလှောင်အိတ်တစ်လုံးကို ကမ်းပေးလာသည်။ ယဲ့ချန်က မုကုန်းနှင့် ဆွေးနွေးနေစဥ် သူက သတင်းအချက်အလက်အချို့ကို ရောင်းချနေခြင်းဖြစ်သည်။
"မဆိုးဘူး။ မင်းနောက်ကို ဘယ်သူမှ လိုက်မလာဘူးမလား"
"ဟုတ်ကဲ့"
ယဲ့ချန်က ချီးကျူးရင်း သတိပေးလိုက်သောအခါ ချိုးရဲက ခေါင်းညိတ်လိုက်သည်။
"မိုရန်ပြောသလိုဆိုရင် မှော်မြို့တော်ဝန်က စားသောက်ပွဲတစ်ခု ကျင်းပလိမ့်မယ်။ သူက ဘယ်သူ့ကို ဧည့်ခံမလို့လဲ"
ယဲ့ချန်က စုံစမ်းလိုက်သည်။
"သွေးပြည်ထောင်ရဲ့ အစွမ်းထက်မျိုးနွယ်ကြီးတစ်ခုက သုံးရက်အတွင်း မရဏကြယ်ကို ရောက်လာလိမ့်မယ်။ သူတို့က ဒီနေရာမှာ ကုန်သွယ်ရေးလုပ်လိမ့်မယ်"
ချိုးရဲက သူသိထားသမျှကို ပြောပြလိုက်သည်။
"ကုန်သွယ်ရေး ဟုတ်လား"
"ဟုတ်ပါတယ်။ သူတို့ရဲ့ ဧရာမ နတ်ဆိုးယာဥ်ပျံက မရဏကြယ်မှာ ခုနစ်ရက်တိတိ ကျောက်ချရပ်နားလိမ့်မယ်။ ဒီယာဥ်ကို သွေးနတ်ဆိုးသတ္တုစပ်နဲ့ပြုလုပ်ထားပြီး အဆင့်မြင့်ပန်းပဲဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တယ်။ ဒါက မရဏကြယ်ရဲ့ တစ်ဝက်လောက် ကြီးမားပြီး စကြဝဠာထဲမှာ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်တယ်"
ချိုးရဲက အသေအချာ ရှင်းပြလိုက်၏။ ဤကဲ့သို့ယာဥ်မျိုးက လူတိုင်းကို အံ့သြစေနိုင်သဖြင့် ယဲ့ချန်ကိုလည်း တုန်လှုပ်သွားစေခဲ့သည်။ မရဏကြယ်၏ အရွယ်အစားတစ်ဝက်ဆိုလျှင် ၎င်းယာဥ်က အလွန်ကြီးမားပေလိမ့်မည်။
"ဒီမျိုးနွယ်မှာက နတ်ဆိုးယာဥ်ပေါင်းရာချီ ပိုင်ဆိုင်ထားပြီး ကြယ်တွေကြားမှာ ခရီးသွားလာရင်း ကြယ်ရတနာတွေ၊ မိစ္ဆာရွှေ၊ နတ်ဆိုးမီးတောက်ရွှေနဲ့ ကုန်ကြမ်းအမျိုးမျိုးကို ဝယ်ယူတဲ့အပြင် အရွယ်အစားသေးငယ်ပေမယ့် စကြဝဠာထဲမှာ ခရီးသွားနိုင်တဲ့ ကောင်းကင်မြစ်လှေ၊ နတ်အစေခံတွေကို သတ်နိုင်တဲ့ မရဏအလင်းမျှော်စင်၊ ကျောက်တုံးနတ်ဆိုးတွေလိုမျိုး ရတနာတွေကို ပြန်လည်ရောင်းချတယ်။ သူတို့မှာ ကြယ်အသီးသီးက ဖမ်းခေါ်လာတဲ့ စစ်ဧကရာဇ်အဆင့် ကျွန်တွေလည်း ရှိတယ်"
ချိုးရဲ၏စကားကြောင့် ယဲ့ချန်သည် ထိုမျိုးနွယ်၏ ကြွယ်ဝချမ်းသာမှုနှင့် အစွမ်းထက်မှုကို သိလိုက်ရသောအခါ မင်သက်သွားခဲ့သည်။
"ပတ်ဝန်းကျင်က ပြည်ထောင်တွေကြားမှာ သွေးပြည်ထောင်ရဲ့ ပန်းပဲပညာရပ်က အကောင်းဆုံးဖြစ်တယ်။ နတ်ဆိုးယာဥ်မှာ တပ်ဆင်ထားတဲ့ အမှောင်အမြှောက်တွေက ကြယ်ရတနာတွေ ထည့်သွင်းတပ်ဆင်ပြီးရင် ကြယ်ငယ်တစ်လုံးကို တစ်ချက်တည်း ဖောက်ခွဲပစ်နိုင်တယ်။ အဆင့်အနိမ့်ဆုံး နတ်ဆိုးယာဥ်ကိုတောင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ကြယ်ယာဥ်တွေက မယှဥ်နိုင်ဘူး"
ချိုးရဲက ဂုဏ်ယူစွာ ရှင်းပြနေခဲ့သည်။ သူက ယဲ့ချန်၏နောက်လိုက်ဖြစ်လာခဲ့သော်လည်း သွေးပြည်ထောင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့် ဂုဏ်ယူနေဆဲပင်ဖြစ်သည်။
"ကောင်းကင်မြစ်လှေက စကြဝဠာထဲမှာ အမှန်တကယ် ခရီးသွားနိုင်တာလား"
ယဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"ကောင်းကင်မြစ်လှေက နှေးကွေးပေမယ့် ကြယ်အဖွဲ့အစည်းတစ်ခုကို ဖြတ်သန်းသွားလာနိုင်တယ်။ ဒါပေမယ့် ဆယ်ကြိမ်အသုံးပြုပြီးရင် ပျက်စီးသွားမှာဖြစ်လို့ နတ်ဆိုးယာဥ်ကြီးနဲ့တော့ မယှဥ်နိုင်ဘူး။ စျေးကလည်း မိစ္ဆာရွှေသန်းသုံးရာဆိုတော့ မရဏကြယ်ပေါ်မှာ ဝယ်နိုင်တဲ့လူဆိုရင် လက်တစ်ဖက်တောင် မပြည့်ဘူး"
"တကယ်လို့ ငါသာ ကောင်းကင်မြစ်လှေတစ်စီးဝယ်နိုင်ရင် ကောင်းကင်မူလကြယ်ကို ပြန်နိုင်ပြီ"
ယဲ့ချန်က ချိုးရဲ၏စကားကြောင့် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ သို့သော် ကုန်သွယ်ရေးပြပွဲက သုံးရက်အတွင်း စတင်မည့်အပြင် မိစ္ဆာရွှေသန်းသုံးရာဆိုသော ပမာဏက ခုနစ်ရက်ဆိုသော အချိန်တိုအတွင်း ရှာဖွေနိုင်ရန် မလွယ်ချေ။ နတ်ဆိုးယာဥ်ပေါ်တွင် အခြားအဖိုးတန်ရတနာများစွာလည်း ရောင်းချရန် သယ်ယူလာပေလိမ့်မည်။ ထို့ကြောင့် သူက ထိုနေရာသို့ တစ်ချက်သွားကြည့်၍ အသိအမြင်ပွင့်စေရန် ဆုံးဖြတ်လိုက်သည်။ သူက မရဏကြယ်၏မင်းမျိုးနွယ် မဟုတ်သောကြောင့် ချိုးရဲ၏ နောက်လိုက်တစ်ဦးအဖြစ် ရုပ်ဖျက်သွားရပေလိမ့်မည်။
"ဆရာ ကျုပ်မှာ နောက်ထပ်အရေးကြီးသတင်းတစ်ခု ရှိသေးတယ်"
ထိုအချိန်၌ ချိုးရဲ၏စကားသံ ထပ်မံထွက်ပေါ်လာသည်။
"ဘာများလဲ"
"မြို့ဝန်က နတ်ဆိုးအကျဥ်းထောင်ဘုံရဲ့ ဝင်ပေါက်ကို ဖွင့်ပေးလိမ့်မယ်"
"နတ်ဆိုးအကျဥ်းထောင်ဘုံ"
ယဲ့ချန်က ထိုနေရာအကြောင်း မကြားဖူးသဖြင့် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"အဲ့ဒီနေရာက မြို့ဝန်ဟောင်း ချိတ်ပိတ်ထားတဲ့ နေရာလပ်နယ်မြေတစ်ခု ဖြစ်တယ်လို့ ပြောကြတယ်။ သူက ကြယ်သခင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ပြီး ရတနာတွေအများကြီးကို ချန်ထားရစ်ခဲ့တယ်"
"ဒီလိုဆိုရင် လက်ရှိမြို့ဝန်က ဘာကြောင့် လူတိုင်းကို ဝင်ခွင့်ပေးရတာလဲ"
ယဲ့ချန်၏အမြင်တွင် လက်ရှိမြို့ဝန်က ဤမျှသဘောမကောင်းနိုင်သောကြောင့် မေးခွန်းထုတ်လိုက်သည်။
"မြို့ဝန်ဟောင်းက ဒီဘုံမှာ အစီအရင်တစ်ခု ခင်းကျင်းထားပြီး နတ်အစေခံတွေနဲ့ ကြယ်သခင်တွေ ဝင်ရောက်မယ်ဆိုရင် သတ်ဖြတ်ပစ်လိမ့်မယ်။ စစ်ဧကရာဇ်အဆင့်တွေသာ ဝင်ရောက်နိုင်တယ်"
"သူက ဘာကြောင့် ဒီလိုအစီအရင်မျိုး ခင်းကျင်းခဲ့တာလဲ"
ချိုးရဲ၏စကားကြောင့် ယဲ့ချန်က စိတ်ရှုပ်ထွေးသွားရသည်။
"ဒါကိုတော့ ကျုပ်လည်း သေချာမသိဘူး"
ချိုးရဲက အဖြေမပေးနိုင်သဖြင့် တောင်းပန်သောလေသံဖြင့် ဖြေလိုက်သည်။
"ပြဿနာ မရှိပါဘူး။ ဆက်ပြော"
ချိုးရဲ၏အဆင့်အတန်းဖြင့် ဤအကြောင်းကိုသိရန် မဖြစ်နိုင်ကြောင်း ယဲ့ချန်က နားလည်ထားသည်။
"အရင်ကဆိုရင်တော့ လက်ရှိမြို့ဝန်က ဒီလောက်စေတနာမကောင်းဘူး။ သူ့နောက်လိုက် စစ်ဧကရာဇ်တွေကိုသာ ရတနာရှာဖွေဖို့အတွက် ခွင့်ပြုပေးထားတယ်။ ဒါပေမယ့် နတ်ဆိုးယာဥ်ကြီးရောက်လာမှာဖြစ်လို့ သူက လူတိုင်းအတွက် ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ပြန်ထွက်လာနိုင်သူတိုင်းက သူ့ကို နတ်ဆိုးအကျဥ်းထောင်ဘုံထဲက ရတနာသုံးခု ပြန်ပေးရမယ်လို့ ကန့်သတ်ထားတယ်"
လက်ရှိမြို့ဝန်သည် နတ်ဆိုးယာဥ်ကြီးထံမှ ရတနာဝယ်ယူရန်အတွက် ငွေကြေးလိုအပ်နေသောကြောင့် နတ်ဆိုးအကျဥ်းထောင်ဘုံကို အသုံးချလိုခြင်းဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်၏။
"နတ်ဆိုးအကျဥ်းထောင်ဘုံကို သုံးရက်ကြာဖွင့်ပေးပြီး စစ်ဧကရာဇ်တိုင်း ဝင်ရောက်နိုင်ပေမယ့် အရမ်းအန္တရာယ်များလွန်းတယ်"
ချိုးရဲက သတိပေးလိုက်၏။ ထိုအချိန်တွင် ယဲ့ချန်သည် မြို့ဝန်ဟောင်းက ရတနာများကို ထိန်းသိမ်းရန် နေရာလပ်နယ်မြေတစ်ခု တည်ဆောက်ခဲ့သော အကြောင်းအရင်းကို သံသယဝင်နေခဲ့သည်။ ထိုလူက နောက်တက်မည့် မြို့ဝန်နှင့် အခြားနတ်အစေံများကို ရတနာများမပေးချင်သကဲ့သို့ တစ်ခုခုကို ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။
"မြို့ဝန်ဟောင်းက သေပြီလား"
ယဲ့ချန်က သူ၏သံသယကို ဖြေရှင်းရန် မေးလိုက်သည်။
"သွေးနတ်ဆိုးမျိုးနွယ်က အလွန်သက်တမ်းရှည်ပြီး မြို့ဝန်ဟောင်းရဲ့ခွန်အားအရ အသက်နှစ်ငါးသောင်းအထိနေဖို့ ပြဿနာမရှိဘူး။ သူက မြို့ဝန်အဖြစ် နှစ်ရှစ်ထောင်တည်း တာဝန်ယူထားရသေးလို့ ရာထူးကို လွယ်လွယ်နဲ့စွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။ မှော်မြို့တော်က မရဏကြယ်ရဲ့ အလယ်ဗဟိုဖြစ်ပြီး သူက ကြယ်သခင်တစ်ယောက်ဖြစ်တဲ့အပြင် အစွမ်းထက်ကျင့်စဥ်တွေကို ကျင့်ကြံထားတယ်။ ကောလဟာလတွေအရ သူက အသတ်ခံလိုက်ရတာဖြစ်နိုင်သလို အခြားတစ်နေရာကို ပြောင်းရွှေ့သွားတာလည်း ဖြစ်နိုင်တယ်"
ချိုးရဲက ခေါင်းယမ်းလိုက်ပြီး ယဲ့ချန်က သူ၏စကားကို သုံးသပ်ရင်း စဥ်းစားခန်းဝင်နေသည်။ ကောလဟာလများက မယုံကြည်ရသော်လည်း သူက နတ်ဆိုးအကျဥ်းထောင်သို့ ခရီးတစ်ခေါက်ထွက်ရန် ဆုံးဖြတ်လိုက်၏။ မိုရန်၏အမြင်စွမ်းရည်နှင့် သူ၏ခွန်အားကို ပူးပေါင်းလိုက်လျှင် ရတနာများ သေချာပေါက် ရယူနိုင်ပေလိမ့်မည်။ နတ်ဆိုးအကျဥ်းထောင်ဖွင့်မည့် သတင်းက မရဏကြယ်ကို လှုပ်ခတ်သွားစေခဲ့ပြီး အခြားမြို့များမှ စစ်ဧကရာဇ်များစွာက မှော်မြို့တော်သို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။ မရဏကြယ်ရှိ စစ်ဧကရာဇ်အများစုက ထိုနေရာသို့ဝင်ရောက်ပြီး ကံစမ်းရန် ဆုံးဖြတ်ထားကြသည်။ မြို့ဝန်ဟောင်းချန်ထားရစ်ခဲ့သော ရတနာတိုင်းက အလွန်အဖိုးတန်မည့်အပြင် အနိမ့်ဆုံး အဆင့်ခုနစ် နတ်ဆိုးလက်နက်များဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
"ဒဏ္ဍာရီအရ မြို့ဝန်ဟောင်းက ရတနာတွေ ချန်ထားရစ်ခဲ့တဲ့အပြင် ပြိုင်ဘက်ကင်းကျင့်စဥ်တွေလည်း ချန်ထားရစ်ခဲ့တယ်။ နတ်ဆိုးအကျဥ်းထောင်ဘုံရဲ့ အတွင်းပိုင်းမှာ ကျိုးပဲ့နေတဲ့ ရှေးဟောင်းကျောက်စာတစ်ချပ်ရှိပြီး ကျမ်း၁၂စောင်ကို ရေးထိုးထားတယ်။ ဒီကျောက်စာကို လေ့လာနိုင်သူတိုင်းက ကျင့်ကြံခြင်းမှာ များစွာတိုးတက်လာနိုင်တဲ့အပြင် ကျမ်းစာတွေကို လေ့ကျင်နိုင်သရွေ့ လောကကိုလှုပ်ခါနိုင်တဲ့ နတ်ဆိုးကျင့်စဥ်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီး အစွမ်းထက်နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်။ ရတနာတွေအပြင် ဒီရှေးဟောင်းကျောက်စာကလည်း လူတိုင်းရဲ့ ပစ်မှတ် ဖြစ်နိုင်တယ်"
ချိုးရဲ၏စကားကြောင့် နတ်ဆိုးအကျဥ်းထောင်အပေါ် ယဲ့ချန်၏ စူးစမ်းလိုစိတ်က အမြင့်ဆုံးအထိ မြင့်တက်လာခဲ့သည်။
"မိုရန် နတ်ဆိုးအကျဥ်းထောင်က ဘယ်လိုနေရာဆိုတာကို တစ်ချက်ကြည့်လိုက်စမ်း"
"ဟုတ်ကဲ့"
သူ၏စကားအဆုံးတွင် မိုရန်၏မျက်ဝန်းအစုံမှ အရာရာကို ထွင်းဖောက်နိုင်သော အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။ သူ၏မြင်ကွင်း ကျယ်ပြန့်လာပြီးနောက် မှော်မြို့တော်၏ နေရာတိုင်းကို စူးစူးစိုက်စိုက် စစ်ဆေးနေခဲ့သည်။
"နတ်ဆိုးအကျဥ်းထောင်ရဲ့ဝင်ပေါက်က မြို့ဝန်အိမ်တော်ဘေးက နန်းတော်တစ်ခုမှာ တည်ရှိတယ်။ ဒါပေမယ့် ဝင်ပေါက်ကို အစွမ်းထက်ချိတ်စည်းတစ်ခုနဲ့ ကာကွယ်ထားပြီး နေရာလပ်နယ်မြေတစ်ခုဖြစ်ပေမယ့် အမှောင်ထုကလွဲပြီး ကျုပ် ဘာမှမမြင်ရဘူး"
ခဏအကြာတွင် မိုရန်က သူသိရသမျှကို တင်ပြလာသည်။
"မိုရန်ရဲ့မျက်လုံးကတောင် ထိုးဖောက်မမြင်နိုင်ရင် ဒါက ဘယ်လိုနေရာမျိုးလဲ။ ချိုးရဲ ငါတို့သုံးယောက်လုံး ဒီနေရာကို ဝင်ကြမယ်။ စီစဥ်စရာရှိတာ စီစဥ်ထားလိုက်"
ချိုးရဲက မင်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သောကြောင့် အတွင်းသို့ဝင်ရောက်ရန် ကူညီနိုင်မည်ဖြစ်ရာ ယဲ့ချန်က အမိန့်ပေးလိုက်လေသည်။