နတ်ဆိုးအကျဥ်းထောင်ကို ဝင်ရောက်ခြင်း
Vol. 50 Ch. 703
"စစ်ဧကရာဇ်တွေအများကြီး ကနတ်ဆိုးအကျဥ်းထောင်ကို ဝင်ရောက်လိမ့်မယ်။ ပြီးရင် အစွမ်းထက်ငရဲနတ်ဆိုးတွေလည်း ပေါ်လာတတ်တဲ့အတွက် ဆရာအန္တရာယ်ရှိမှာကို ကျုပ်စိုးရိမ်မိပါတယ်"
ချိုးရဲက သတိပေးလိုက်ခြင်းဖြစ်သည်။ နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်ပြီးနောက် သူက သစ္စာရှိနောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။
"နတ်ဆိုးအကျဥ်းထောင်ကို မဝင်ခင် ကြိုတင်ပြင်ဆင်ရလိမ့်မယ်။ နတ်ဆိုးမီးတောက်ချပ်ဝတ်သုံးစုံကို ဝယ်ဖို့အတွက် ကူညီပေး"
ယဲ့ချန်က ခဏတာစဥ်းစား၍ ညွှန်ကြားလိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက် မရဏကြယ်၏ ပန်းပဲပညာက ကောင်းကင်မူလကြယ်ထက် များစွာပို၍အဆင့်မြင့်ကြောင်း နားလည်ခဲ့သည်။ ဤနေရာတွင် ရောင်းချသော နတ်ဆိုးချပ်ဝတ်ကို နတ်ဆိုးမီးတောက်သတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး ထိပ်တန်းအဆင့် ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ထက် ကာကွယ်ရေးစွမ်းအား ပို၍မြင့်မားသည်။
"ဘယ်အဆင့်လိုချင်လဲ ဆရာ"
"အဆင့်ပိုမြင့်လေ ကောင်းလေ"
"စျေးကွက်ထဲမှာဝယ်လို့ရနိုင်တဲ့ အမြင့်ဆုံးအဆင့်ကတော့ သွေးမီးတောက်အဆင့်ဖြစ်ပြီး စစ်ဧကရာဇ်အဆင့်ခုနစ်ရဲ့တိုက်ကွက်ကို ခုခံပေးနိုင်တယ်။ အဆင့်တစ်ဆယ် စစ်ဧကရာဇ်တစ်ယောက်တောင် ထိုးဖောက်နိုင်ဖို့ မနည်းကြိုးစားရလိမ့်မယ်။ ဒါပေမယ့် အလွန်စျေးကြီးပြီး မိစ္ဆာရွှေသုံးသန်း တန်ကြေးရှိတယ်"
ချိုးရဲက ရှင်းပြလိုက်၏။
"ဒီလောက်စျေးကြီးတာလား"
နတ်အစေခံအဆင့်ကျွန်များပင် မိစ္ဆာရွှေငါးသန်းသာ ပေါက်စျေးရှိသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီချပ်ဝတ်တွေက အရမ်းရှားပါးပြီး အစွမ်းထက်မျိုးနွယ်တွေသာ တတ်နိုင်တယ်"
ယဲ့ချန်က သူ၏လက်ထဲရှိငွေကို တွက်ချက်လိုက်သောအခါ သတင်းအချက်အလက်ရောင်းရာမှ မိစ္ဆာရွှေရှစ်သန်းရခဲ့ပြီး လက်ထဲရှိငွေနှင့် ပေါင်းလိုက်လျှင် ဝယ်ယူနိုင်စွမ်းရှိနေသည်။ သွေးမီးတောက်အဆင့်ချပ်ဝတ်က အလွန်ရှားပါးသောကြောင့် အင်မတန် စျေးကြီးနေခြင်းဖြစ်သည်။
"ချပ်ဝတ်တွေဝယ်ဖို့လား ဘာလုပ်ဖို့လဲ"
ယဲ့ချန်နှင့် ချိုးရဲက ဆွေးနွေးနေစဥ် နားစွန်နားဖျား ကြားလိုက်ရသောကြောင့် ကျိရန်ရွယ်က စပ်စုလာခြင်းဖြစ်သည်။
"နတ်ဆိုးအကျဥ်းထောင်ဘုံကို သွားမလို့လေ။ မင်းရော လိုက်ချင်လား"
ကျိရန်ရွယ်၏ လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်က ဤခရီးတွင် အလွန်အသုံးဝင်နိုင်သော်လည်း ယဲ့ချန်က သူမ၏သဘောထားကို အရင်ဆုံးမေးမြန်းလိုက်၏။
"လိုက်မယ်"
သူမက ချက်ချင်းခေါင်းညိတ်လိုက်၏။
"ကောင်းပြီ။ ဒါဆိုရင် နတ်ဆိုးချပ်ဝတ်သုံးစုံနဲ့ လက်နက်နှစ်ခု ဝယ်ရမယ်။ ဓားမြှောင်တစ်လက်နဲ့ တုတ်ရှည်တစ်ချောင်းက နတ်ဆိုးအဆင့်ကိုးဖြစ်ရမယ်"
ယဲ့ချန်က ချိုးရဲကို အသေးစိတ်မှာကြားလိုက်ပြီး လုံခြုံရေးအတွက် ပိုက်ဆံသုံးရန် လက်တွန့်မနေခဲ့ပေ။ ထို့နောက် သူက ချိုးရဲအား မိစ္ဆာရွှေကိုးသန်းနှင့် ခရမ်းရောင်ရွှေနှစ်ရာပေးကာ ဝယ်ယူခိုင်းလိုက်သည်။ ဓားမြှောင်က ကျိရန်ရွယ်အတွက်ဖြစ်ပြီး မိုရန်က တုတ်ရှည်ကို အသုံးပြုသူဖြစ်ကာ သူကိုယ်တိုင်အတွက် ကောင်းကင်ဓားပျံများရှိသောကြောင့် လက်နက်မလိုအပ်ပေ။
"အရင်ဆုံး မှော်မြို့တော်မှာ အင်အားစုတည်ထောင်ဖို့ အရေးကြီးနေတယ်။ နောက်ကျရင် မင်းရဲ့မျိုးနွယ်ဝင်တွေကို ကယ်တင်ဖို့ ကြိုးစားပေးပါမယ်"
ယဲ့ချန်က ကျိရန်ရွယ်ကို အားတုံ့အားနာဖြင့် ကတိပေးလိုက်သည်။
"ရပါတယ်။ ငါ နားလည်တယ်"
အရိပ်မျိုးနွယ်ဝင်များကို ကယ်တင်ရန် မလွယ်ကူကြောင်း နားလည်ထားသော သူမက ခေါင်းညိတ်လိုက်သည်။
နတ်ဆိုးအကျဥ်းထောင်ဘုံတွင် ရတနာများစွာရှိနေပြီး ယဲ့ချန်၊ ကျိရန်ရွယ်နှင့် မိုရန်၏စွမ်းရည်များ ပူးပေါင်းလိုက်လျှင် အကျိုးအမြတ် ဖြစ်ထွန်းပေလိမ့်မည်။ နတ်ဆိုးချပ်ဝတ်များကို တပ်ဆင်လိုက်လျှင် စစ်ဧကရာဇ်အဆင့်တစ်ဆယ်များ လက်မှပင် ထွက်ပြေးလွတ်မြောက်နိုင်သည်။ မိုရန်၏အမြင်စွမ်းရည်က ရတနာရှာဖွေရာတွင် အကောင်းဆုံးဖြစ်ပြီး ကျိရန်ရွယ်၏ ကိုယ်ပျောက်စွမ်းရည်က သာမန်ကျင့်ကြံသူများ မဝင်ရောက်နိုင်သော နေရာသို့ သွားလာနိုင်စွမ်းရှိသည်။ အကယ်၍ သူကသာ ဤခရီးမှ အမြတ်ထွက်ခဲ့လျှင် ဧရာမနတ်ဆိုးယာဥ်ပျံကြီးထံမှ ရတနာများဝယ်ယူရန် ပိုက်ဆံရှာဖွေနိုင်ပေလိမ့်မည်။
တစ်နာရီအကြာတွင် ချိုးရဲက ပြန်လည်ရောက်ရှိလာပြီး သွေးမီးတောက်အဆင့် နတ်ဆိုးချပ်ဝတ်သုံးစုံနှင့် အဆင့်ကိုးနတ်ဆိုးလက်နက်နှစ်ခု ထုတ်ပေးလာသည်။ သူက ချပ်ဝတ်ကို ဝတ်ဆင်လိုက်သောအခါ ခန္ဓာကိုယ်နှင့် ကွက်တိကျသွားခဲ့ပြီး အစွမ်းထက်ကာကွယ်ရေးရုန်းများ ထွင်းထားသည်။ ၎င်းက အနက်ရောင်ချပ်ဝတ်ဖြစ်ကာ သွေးရောင်ရုန်းများက အပေါ်ယံမျက်နှာပြင်တွင် သိပ်သည်းစီးဆင်းနေပြီး ခိုင်ခံ့မှုက အလွန်တရာမာကျောသည်။ ကျိရန်ရွယ်နှင့် မိုရန်ကလည်း ကိုယ်စီဝတ်ဆင်လိုက်ကြသောအခါ သူမ၏ခန္ဓာကိုယ်ထက်တွင် ကောက်ကြောင်းများအလိုက် တင်းကျပ်သွားသောကြောင့် လှပသောခန္ဓာကိုယ်ကို ပေါ်လွင်စေသဖြင့် ဆွဲဆောင်အားပြင်းထန်နေသည်။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကဲ့သို့ နတ်ဆိုးမီးတောက်ချပ်ဝတ်ကလည်း ဝတ်ဆင်သူ၏စိတ်ကြိုက် အရွယ်အစား ပြောင်းလဲနိုင်သည်။ သူမက ဓားမြှောင်ကို ဆော့ကစားလေ့ကျင့်နေသကဲ့သို့ မိုရန်ကလည်း တုတ်ရှည်ကို ချိန်ဆကြည့်ရှူနေပြီး လက်နက်အသစ်များကို စိတ်တိုင်းကျနေပုံရသည်။
ယဲ့ချန်က နတ်ဆိုးချပ်ဝတ်၏ရုန်းများကို စစ်ဆေးလိုက်သောအခါ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၏ ရုန်းများနှင့် ဆင်တူကြောင်း သိလိုက်ရသည်။ ကောင်းကင်မူလကြယ်က သွေးပြည်ထောင်၏နယ်စပ်တွင် တည်ရှိသောကြောင့် ၎င်း၏ပန်းပဲပညာရပ်အပေါ် သွေးပြည်ထောင်၏ လွှမ်းမိုးမှုရှိနေခြင်း ဖြစ်နိုင်သည်။
"သွားကြစို့"
ယဲ့ချန်က အတွေးတစ်ချက်ဖြင့် ရုတ်သိမ်းလိုက်သောအခါ နတ်ဆိုးချပ်ဝတ်က ပျောက်ကွယ်သွားပြီး စိတ်အတွင်း၌ ပုံရိပ်အဖြစ် ပြန်လည်ထွက်ပေါ်လာသည်။ မိုရန်နှင့် ကျိရန်ရွယ်ကလည်း ချပ်ဝတ်များကို သိမ်းဆည်းလိုက်ပြီး သူနှင့်အတူ နတ်ဆိုးအကျဥ်းထောင်ဘုံ၏ ဝင်ပေါက်သို့ ထွက်ခွာလာကြသည်။ မြို့ဝန်အိမ်တော်၏ဘေးတွင် မဟာခန်းမတည်ရှိပြီး လက်ရှိ၌ သိန်းချီသော ကျင့်ကြံသူများစုဝေးကာ တစ်ယောက်ချင်းစီက စစ်ဧကရာဇ်များဖြစ်၍ အများစုက မျိုးနွယ်ကြီးများ၏ကျွန်များ ဖြစ်ကြသည်။ ဤကား ယဲ့ချန်အတွက် အလွန်များပြားသော စစ်ဧကရာဇ်များကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ကာ စကြဝဠာ၏ကျယ်ပြန့်မှုကို အံ့သြနေရသည်။ စစ်ဧကရာဇ်များက ကောင်းကင်မူလကြယ်တွင် အလွန်အရေးပါသော်လည်း မရဏကြယ်ပေါ်တွင် ကျွန်များသာ ဖြစ်နေခဲ့သည်။ မဟာခန်းမ၏အလယ်တွင် ကြီးမားနက်ရှိုင်းသော အနက်ရောင်ဝဲတစ်ခု လည်ပတ်နေကာ အနက်ရောင်တိမ်များရစ်သိုင်းနေပြီး အဆုံးမရှိတွင်းနက်ပမာ ထင်မှတ်ရသည်။ စစ်ဧကရာဇ်များက နတ်ဆိုးအကျဥ်းထောင်အတွင်း ဝင်ရောက်ရန်အတွက် ထိုဝဲအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ဝင်သွားကြသည်။
"ဆရာ မုမျိုးနွယ်က စစ်ဧကရာဇ်သောင်းချီ ပို့လိုက်တယ်။ ကျုပ်တို့ မုကုန်းနဲ့ ဆက်သွယ်သင့်လား"
မိုရန်က ယဲ့ချန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။
"မလိုအပ်ဘူး ။မုမျိုးနွယ်မှာ ရန်သူတွေအများကြီးရှိပြီး သူတို့နဲ့အတူလိုက်သွားရင် ပြဿနာတက်လိမ့်မယ်။ နတ်ဆိုးချပ်ဝတ်တွေကြောင့် ငါတို့က ရန်သူတစ်ယောက်နှစ်ယောက်ကို ဂရုစိုက်စရာမလိုပေမယ့် မျိုးနွယ်တွေရဲ့တိုက်ပွဲကြား ရောက်သွားရင် အဆင်မပြေဘူး"
ယဲ့ချန်က ခဏတာစဥ်းစား၍ ခေါင်းယမ်းပြလိုက်သည်။ မုမျိုးနွယ်အပြင် မရဏကြယ်၏ မျိုးနွယ်ကြီးများက စစ်ဧကရာဇ်များစွာကို စေလွှတ်ခဲ့ပြီး အရေအတွက်အနည်းဆုံးက ထောင်ချီဖြစ်ကာ အများဆုံးက တစ်သောင်းကျော်ပေသည်။ မရဏကြယ်က ချမ်းသာသောကြောင့် နှစ်စဥ်နှစ်တိုင်း စစ်ဧကရာဇ်ကျွန်များစွာကို ဝယ်ယူနိုင်ကြသည်။ ထို့ကြောင့် ကြယ်ပေါ်တွင် စစ်ကရာဇ်အရေအတွက် အလွန်များပြားလာသော်လည်း မျိုးနွယ်ကြီးများအတွက် သူတို့သေဆုံးသွားလျှင်ပင် ပိုက်ဆံအနည်းငယ် ဆုံးရှုံးသွားရုံသာဖြစ်သည်။ အတိတ်တွင် အမြဲတမ်းပိတ်ထားခဲ့သော နတ်ဆိုးအကျဥ်းထောင်ဘုံက ရုတ်တရက်ပွင့်လာသောအခါ မျိုးနွယ်ကြီးများက ချက်ချင်းတုံ့ပြန်လာကြသည်။ ပထမဆုံးရက်၌ပင် ထိုဘုံအတွင်း ဝင်ရောက်သည့် အရေအတွက်မှာ ခြောက်သိန်းကျော်ဖြစ်ကာ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ စစ်ဧကရာဇ်ထောင်ချီ စေလွှတ်ခဲ့ပြီး အရိပ်မျိုးနွယ်ဝင်များလည်း ပါဝင်နေသည်။ မိုရန်က ဤအကြောင်း ပြောပြလိုက်သောအခါ ကျိရန်ရွယ်၏မျက်ဝန်းလေးများ မှိန်ဖျော့သွားခဲ့ရသည်။ နတ်ဆိုးအကျဥ်းထောင်ဘုံသို့ ဝင်ရောက်လာသော စစ်ဧကရာဇ်အများစုက ပြန်မထွက်နိုင်ချေ အလွန်များသောကြောင့် အရိပ်မျိုးနွယ်ဝင်များလည်း သေဆုံးသွားနိုင်ချေရှိသည်။
ယဲ့ချန်တို့သုံးယောက်က အုပ်စုငယ်လေးများအတွင်း ရောနှောကာ ဝင်ပေါက်အတွင်း ခုန်ဝင်လိုက်ကြသည်။ အရာရာက လျင်မြန်စွာ ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး လေဟာနယ်အလွှာများကို ကျော်ဖြတ်ပြီးနောက် အလွန်ကြီးမားသော စက်ဝိုင်းသဏ္ဍာန် ဥမင်တစ်ခုအတွင်း ပို့ဆောင်ခံလိုက်ရသည်။ ၎င်း၏အချင်းက မီတာထောင်ချီကျယ်ဝန်းကာ အနက်ရောင်နံရံများဖြင့် တည်ဆောက်ထားပြီး အဆုံး၌ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသည်။
စစ်ဧကရာဇ်များက ပျားအုပ်များကဲ့သို့ ဥမင်အတွင်း ပြေးဝင်သွားကြသောအခါ နံရံများပေါ်တွင် ပင့်ကူများတွားသွားနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့၏အမြှီးက ရှည်လျားပြီး ကင်းမြှီးကောက်များကဲ့သို့ ချွန်ထက်ကောက်ကွေးနေသည်။ အများစုက ဥမင်၏မျက်နှာကျက်တွင် တွဲလောင်းကျနေကြပြီး စစ်ဧကရာဇ်များဝင်ရောက်လာသည်ကို သတိထားမိသောအခါ တရွှီးရွှီးအော်မြည်၍ အမြှီးများဖြင့် တိုက်ခိုက်လာကြသည်။ နာကျင်စွာအော်သံများ ထွက်ပေါ်လာကာ အမြှီးဖြင့် ထိုးခံလိုက်ရသူတိုင်းက မြေပြင်သို့ ပြုတ်ကျ၍ သွေးချင်းချင်းနီသွားကြသည်။
"သတ်ကြစမ်း"
စစ်ဧကရာဇ်အချို့က အော်ဟစ်ကြုံးဝါး၍ ပင့်ကူများထံ ချီတက်သွားသဖြင့် ဥမင်အတွင်း၌ ကြမ်းတမ်းရက်စက်သော တိုက်ပွဲတစ်ခုဖြစ်လာသော်လည်း ကျန်စစ်ဧကရာဇ်များက လျစ်လျူရှုကာ ထွက်ပေါက်ထံ တရကြမ်း ပြေးတက်သွားကြသည်။ သို့သော် ထွက်ပေါက်၌ မီတာငါးရာကျော်မြင့်သော ပင့်ကူကြီးတစ်ကောင် ထွက်ပေါ်လာကာ ဥမင်အတွင်းရှိ ပင့်ကူငယ်များနှင့် တစ်ပုံစံတည်း တူညီပေသည်။ ဧရာမပင့်ကူကြီးက အော်ဟစ်လိုက်သောအခါ နောက်လိုက်ပင့်ကူများ ပြေးထွက်လာ၍ စစ်ဧကရာဇ်များထံ ခုန်အုပ်လာကြပြီး အမြှီးများဖြင့် ထိုးဖောက်ခံလိုက်ရသူတိုင်း ရက်ရက်စက်စက် သေဆုံးသွားကြသည်။ အမြှီးဖြင့်ရိုက်ချခံလိုက်ရလျှင် တစ်ကိုယ်လုံး ကြေမွသွားသောကြောင့် ၎င်းတို့၏ရုပ်ခန္ဓာ မာကျောမှုအပေါ် ယဲ့ချန်က အလွန်အမင်းအံ့သြနေခဲ့သည်။ ထွက်ပေါက်က ဧရာမပင့်ကူကြီး၏ ပိတ်ဆို့ခြင်းခံထားရသဖြင့် ၎င်းကိုမသတ်နိုင်လျှင် မည်သူမှ ရှေ့ဆက်တိုးနိုင်မည် မဟုတ်ပေ။
"ဒီပင့်ကူကြီးကို သတ်ကြဟေ့"
စစ်ဧကရာဇ်တစ်ယောက်က အော်ဟစ်လိုက်သောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများက ၎င်းထံ ပြေးဝင်သွားကြသဖြင့် နဂါးကြီးတစ်ကောင်ရွေ့လျားနေသည်နှင့်ပင် တူညီသည်။ ဧရာမပင့်ကူကြီးက အပြင်းအထန် ပြန်လည်တိုက်ခိုက်၍ စစ်ဧကရာဇ်ထောင်ချီကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ဧရာမကိုယ်ကြီးကြောင့် တိုက်ကွက်များစွာကို မရှောင်တိမ်းနိုင်ခဲ့ပေ။နောက်ဆုံးတွင် ၎င်းက တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်သွားကာ နာနာကျင်ကျင်အော်ဟစ်၍ မြေပြင်သို့ ဘုန်းခနဲ လဲကျသွားခဲ့သည်။
"ပင့်ကူကြီး သေပြီ"
စစ်ဧကရာဇ်များစွာက အလွန်ပျော်ရွှင်သွားကာ ပင့်ကူအလောင်းကြီးထံမှ ရတနာများရှာဖွေရန် အလျင်အမြန် ပြေးသွားလိုက်ကြသည်။ ထိုအချိန်တွင် ယဲ့ချန်တို့သုံးယောက်က ကိုယ့်ကိုကိုယ်ကာကွယ်ရင်း အခြားစစ်ဧကရာဇ်များနောက်မှ မသိမသာ လိုက်ပါလာခဲ့ကြလေသည်။