← Chapters

အခန်း (၈၄၂)

Vol. 61 Ch. 842

အခန်း (၈၄၂)

Vol. 61 Ch. 842

ကောင်းကင်အင်မော်တယ်အဆင့်တွင်ရှိသော အကြီးအကဲချန်ချွီက မှတ်တမ်းများကို ကြည့်လိုက်ပြီး ဟန်မူယဲ့၏ ဓားရေးကျွမ်းကျင်မှုကို အလွန်လေးစားသွားသည်။

ယခု ဝမ်မင်ဟယ်က မေးလိုက်သောအခါတွင် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အကြီးအကဲကျန်က မှတ်တမ်းတွေကို ကြည့်ပြီးပြီ။ သူ့က ကျန်းရွှမ်ခန်းဆောင်ရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်လာသင့်တယ်လို့ ယုံကြည်တယ်”

သူက ဝမ်မင်ဟယ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဂိုဏ်းတူညီလေး၊ မင်းက လူသေားနဲ့ကောင်းကင်ရဲ့ ပျက်စီးခြင်းငါးပါးကို မဖြတ်ကျော်ရသေးဘူး။ မင်းက ပြန်လည်မွေးဖွားပြီး အရာအားလုံးကို အသစ်ကနေ ပြန်စရလိမ့်မယ်။ တကယ်လို့ သူက နှစ်ပေါင်းသုံးထောင်၊ ငါးထောင်အတွင်းမှာ ကြီးထွားလာခဲ့ရင် မင်းပြန်ရောက်လာတဲ့အချိန်မှာ မင်းရဲ့လမ်းကြောင်းက ချောမွေ့နေလိမ့်မယ်”

ဝမ်မင်ဟယ်က ပျော်ရွှင်သွားပြီး ညင်သာစွာ ခေါင်းညိတ်သည်။

“ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က ချင်းယွင်မြို့မှာရှိတဲ့ တူလေးကို ဆက်သွယ်ပြီးပါပြီ။ သူနဲ့ဆိုရင် ဟန်မူယဲ့ကို ကျန်းရွှမ်ခန်းဆောင်မှာ ထိန်းသိမ်းထားဖို့ ခက်မှာမဟုတ်ဘူး”

သူက အလင်းလွှာကို ကြည့်လိုက်သည်။ အလင်းလွှာတွင် ဓားအလင်းသည် တောက်ပနေပြီး ဝိညာဉ်ကိုယ်ခွဲအဆင့် လေပြင်းဝံပုလွေများကို သတ်ဖြတ်နေသည်။

သူ၏ မျိုးဆက်တစ်ယောက်ကို အစွန်အဖျားတွင်ရှိသော မြို့တစ်မြို့အား ထိန်းချုပ်စေခြင်းဖြင့် မျှော်လင့်မထားသော ရလဒ်တစ်ခုကို ရလာလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်သို့ ဝင်ရောက်ခဲ့လျှင် လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာမည်။ ထို့ကြောင့် သူက ပြန်လည်မွေးဖွားခြင်းကို ပိုမိုလုံခြုံစွာ ဆောင်ရွက်နိုင်မည်။

ထို့အပြင် သူက ဒေသတစ်ခုကို အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားသောကြောင့် စိတ်ကူးမယဉ်နိုင်သော ကျယ်ပြန့်သည့်အဆက်အသွယ်များကို ပိုင်ဆိုင်ထားသည်။

“ဟန်မူယဲ့က ကျန်းထျန်းခန်းဆောင်နဲ့ ရွှင်းထျန်းခန်းဆောင်တို့ရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်မလား မသိဘူး”

ချန်ချွီက ဝံပုလွေတစ်ကောင်၏လည်ပင်းအား ပိုင်းဖြတ်သွားသော ဟန်မူယဲ့၏ဓားချက်ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြောသည်။

သူက အဆင့်ငါးဆယ်တွင် ရှိနေသည်။ အဆင့်ငါးဆယ်၏ သားရဲတိုင်းသည် အလွန်အားကောင်းကြသည်။

ထိုသားရဲများသည် တစ်ကောင်းချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ရင်ဆိုင်ရန် မလွယ်ကူကြပေ။

သို့သော် ဟန်မူယဲ့က တည်ငြိမ်စွာရှိနေပြီး သူ၏ ဓားအလင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ လေထုကို ပိုင်းဖြတ်သွားခဲ့သည်။

သူ၏ လက်ရှိလုပ်ဆောင်ချက်အရ ကောင်းမွန်သောအလားအလာကို ပိုင်ဆိုင်ထားကြောင်း ပြောနိုင်သည်။

ချန်ချွီ၏စကားကြောင့် ဝမ်မင်ဟယ်ကလည်း မျှော်လင့်နေမိသည်။

ဟန်မူယဲ့က ကျန်းထျန်းခန်းဆောင် သို့မဟုတ် ရွှင်းထျန်းခန်းဆောင်၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး ကျန်းရွှမ်းခန်းဆောင်၏ လက်ရွေးစင်တပည့်တစ်ယောက်လည်း ဖြစ်နေလျှင် နှစ်ထပ်ကွမ်းလက်ရွေးစင် ဖြစ်သွားလိမ့်မည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် နှစ်ထပ်ကွမ်းလက်ရွေးစင်များက အလွန်ရှားပါးပြီး နှစ်ပေါင်းရာချီမှ တစ်ယောက်သာ ပေါ်ထွက်လာတတ်သည်။

“ရွှပ် ....”

အလင်းလွှာ‌ပေါ်တွင် ဟန်မူယဲ့က ဓားနှင့် ပေါင်းစပ်သွားပြီး ဆယ်ပေရှည်လျားသော ဝံပုလွေသားရဲများကြားတွင် မီးခိုးငွေ့တစ်ခုသဖွယ် လှုပ်ရှားနေသည်။

သူ၏ ဓားရှည်သည် ဝံပုလွေများ၏လည်ပင်းကို ထိုးဖောက်သွားသည်။ သံမဏိကဲ့သို့ မာကျောသော အရေပြားနှင့် ခန္ဓာကိုယ်သည် စက္ကူတစ်ရွက်သဖွယ် ဖြစ်နေပြီး ဓားချက်ကို မခုခံနိုင်ခဲ့ပေ။

ထိုအရာသည် အလွန်ထူးခြားသော ဆန့်ကျင်ဘက်နှစ်ခု၏ ပေါင်းစပ်ခြင်း ဖြစ်သည်။

ပေါ့ပါးပြီး ပုံရိပ်ယောင်ဆန်သော ဓားချက်သည် ကြံ့ခိုင်သော ဝံပုလွေများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။

“ညင်သာပေမဲ့ ပြင်းထန်တယ်။ ပေါ့ပါးမှုနဲ့ လေးလံမှုကို ပြောင်းလဲနိုင်တယ်။ သူ့ရဲ့ ဓားရေးကျွမ်းကျင်မှုက အရမ်းကြောက်စရာကောင်းတယ်”

ကျန်းထျန်းခန်းဆောင်၏ ကုန်းရှုက အထင်သေးခြင်းမရှိဘဲ ပြောလိုက်သည်။

သူ့ဘေးတွင် ရွှင်းထျန်းခန်းဆောင်၏’ ကျူးယုံက ညင်သာစွာ ခေါင်းညိတ်သည်။ သူ့မျက်လုံးများက တိုက်ခိုက်လိုစိတ်ကို ဖော်ပြနေသည်။

“သူက ရွှင်းထျန်းခန်းဆောင်ကို ဝင်ရောက်လာရင် ငါက သူနဲ့ ဓားချင်းယှဉ်ကြည့်မယ်”

ကျူးယုံက ဟန်မူယဲ့၏ လက်ထဲတွင် ပေါ်ထွက်လာသော ဓားအလင်းကို ကြည့်လိုက်ပြီး ပြောသည်။

ကုန်းရှုက ပြုံးလိုက်ပြီး ပြောသည်။

“ကျန်းထျန်းခန်းဆောင်ကို ဝင်ရောက်လာတာလည်း ဖြစ်နိုင်တာပဲမဟုတ်လား”

ကျူးယုံက တိတ်ဆိတ်နေသည်။

သူတို့၏ရှေ့တွင် ရပ်နေသော လူအိုကြီးက ရုတ်တရက် တီးတိုးပြောသည်။

“သုံးထပ်ကွမ်းလက်ရွေးစင်ဖြစ်လာတဲ့ နောက်ဆုံးလူက ဘယ်သူလဲ”

သူ့စကားကြောင့် ကုန်းရှုနှင့် ကျူးယုံတို့က သတိလွတ်သွားကြသည်။

သုံးထပ်ကွမ်းလက်ရွေးစင် ....

ထိုအရာသည် ဒဏ္ဍာရီလာအဆင့်အတန်း ဖြစ်သည်။

‘အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှာ ကျန်းထျန်းခန်း‌ဆောင်နဲ့ ရွှင်းထျန်းခန်းဆောင်ရဲ့ မျက်နှာသာပေးတာကို တစ်ပြိုင်နက်ရထားတဲ့လူ ရှိလို့လား’

“အကြီးအကဲကျောက်၊ အဲဒီကိစ္စမျိုးကို ဂိုဏ်းချုပ်ပဲ သိလိမ့်မယ်”

ကုန်းရှုက အလင်းလွှာကို ပြန်ကြည့်လိုက်ပြီး ပြောသည်။

နှစ်ထပ်ကွမ်းတပည့်ရှိလျှင် သုံးထပ်ကွမ်းတပည့်လည်း ရှိလိမ့်မည်။

သို့သော် ထိုလူများ၏ အထောက်အထားနှင့် နောက်ခံသည် လျှို့ဝှက်ချက်ဖြစ်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ရာထူးကြီးပုဂ္ဂိုလ်များသာ သိရှိနိုင်ကြသည်။

ဟန်မူယဲ့က အဆင့်ငါးဆယ်မှ ခြောက်ဆယ်သို့ ရောက်ရန်အတွက် ဆယ့်နှစ်ရက် ကြာခဲ့သည်။

ထိုအဆင့်များကြားတွင် သူက လောင်ကျွမ်းမီးတောက်ရုပ်သေးရုပ်ကို အနိုင်ယူပြီး မီးတောက်များကို စုပ်ယူခြင်းဖြင့် သုံးရက်အချိန်ယူခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် လူတိုင်းက မနာလိုဖြစ်သွားပြီး အံ့ကြိတ်လိုက်ကြသည်။

စမ်းသပ်ပွဲနယ်မြေ၏ ၆၂ဆင့်မြောက် ဖြစ်သည်။

ဟန်မူယဲ့သည် ကျောက်သားစင်မြင့်ထက်တွင် တည်ငြိမ်စွာရပ်နေသည်။

သူက ထိုစင်မြင့်နှင့် ရင်းနှီးသည်။

ဓမ္မစင်မြင့် ဖြစ်သည်။

အစစ်အမှန်ဓမ္မစင်မြင့် မဟုတ်သော်လည်း စင်မြင့်၏ တည်ဆောက်ပုံနှင့် အဓိကဝင်္ကပါသည် ကွာခြားမှုသိပ်မရှိပေ။

ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် ဓားကိုင်ထားသော သူ၏ကိုယ်ပွားသုံးခုသည် စင်မြင့်ထက်တွင် ပေါ်လာကြသည်။

“စမ်းသပ်ပွဲနယ်မြေက လက်ရွေးစင်တွေကို ရွေးချယ်ဖို့အတွက်ပဲ”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး သူ့ရှေ့တွင်ရှိသော ပုံရိပ်သုံးခုကို တောက်ပသောမျက်လုံးများဖြင့် ကြည့်သည်။

ထိုပုံရိပ်သုံးခု၏ စွမ်းအားသည် ဓမ္မစင်မြင့်ထက် ပိုမိုကျစ်လစ်သည်။

တစ်နည်းပြောရလျှင် ထိုပုံရိပ်သုံးခုသည် ဟန်မူယဲ့၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို တိကျစွာ ပုံတူကူးနိုင်သည်။

ထိုအရာသည် စမ်းသပ်ပွဲနယ်မြေမှ အဆင့် ၆၁အထိ တိုက်ပွဲများအားလုံး၏ ဓားနည်းစနစ်အကျဉ်းချုပ် ဖြစ်သည်။

ဟန်မူယဲ့က ပုံရိပ်သုံးခုကို ကြည့်လိုက်ပြီး တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်သည်။

ခန်းဆောင်သုံးရာ၏ လူများသည် ဆူပွက်နေကြောင်း သူမသိခဲ့ပေ။

“ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ခြင်း စစ်ဆေးမှုလား”

ဆံပင်ဖြူလူအိုကြီးတစ်ယောက်က မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာပြောသည်။

“အဲဒီစစ်ဆေးမှုက အဆင့်တစ်ရာကိုရောက်မှ ပေါ်လာတာမဟုတ်ဘူးလား”

သူ့ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် တန်ခိုးရှင်တစ်ယောက်က ခေါင်းလှည့်လိုက်ပြီး ညင်သာစွာမေးသည်။

“ဆရာဦးလေး၊ ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ခြင်း စစ်ဆေးမှုက ဘာလဲ”

ဓားလွယ်ထားသော ဂိုဏ်းတပည့်များကလည်း သိချင်နေကြသည်။

“အဲဒါက စမ်းသပ်ပွဲနယ်မြေမှာရှိတဲ့ အစစ်အမှန်လက်ရွေးစင်တွေအတွက် စမ်းသပ်မှုပဲ”

လူအိုကြီး၏ဘေးတွင်ရှိသော ရွှေသရဖူနှင့်ကျင့်ကြံသူက တည်ငြိမ်စွာပြောသည်။

“လူတစ်ယောက်ရဲ့ခွန်အားနဲ့ ကျင့်ကြံဆင့်ကို ဝင်္ကပါဝိညာဉ်က အသိအမှတ်ပြုလိုက်ရင် အဲဒီစစ်ဆေးမှု ပေါ်လာလိမ့်မယ်”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး နောင်တများနှင့် ဆက်ပြောသည်။

“ငါက ၁၀၃ဆင့်မြောက်မှာ ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ခြင်း စစ်ဆေးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်။ သုံးရက်လောက် ခါးခါးသီးသီးတိုက်ခိုက်ပြီး ရှုံးနိမ့်သွားခဲ့တယ်”

ထိုလူက အဆင့် ၁၀၃အထိ ရောက်နိုင်သည့်အတွက် အစစ်အမှန်လက်ရွေးစင်တစ်ယောက် ဖြစ်သည်။

ဂိုဏ်းတပည့်များက ထိုလူကို လေးစားအားကျစွာ ကြည့်လိုက်ကြသည်။

“အဆင့်၁၀၃လား”

လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ခြင်း စစ်ဆေးမှုက ကျင့်ကြံဆင့်ကိုမူတည်ပြီး ပေါ်ထွက်လာတတ်တဲ့ပုံပဲ”

ထို့နောက် သူ့မျက်လုံးများက နက်ရှိုင်းနေပြီး ဆက်ပြောသည်။

“အဆင့် ၆၂မှာ ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ခြင်း စစ်ဆေးမှုက အရမ်းကြောက်ဖို့ကောင်းလိမ့်မယ်”

တခြားမြို့တစ်မြို့၏ စမ်းသပ်ခြင်းခန်းဆောင်တွင် ဒါဇင်ချီသော ဓားကျင့်ကြံသူများက ဓားအလင်းများကို ထုတ်လွှတ်နေကြသည်။

“ပုံရိပ်ယောင်သုံးခု တစ်ခါတည်းပေါ်လာတယ်လား။ ဝင်္ကပါဝိညာဉ်က ဒီကလေးကို အတော်လေးမျှော်လင့်ထားတာပဲ”

သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူက ခေါင်းခါလိုက်ပြီး ခါးသီးစွာပြုံးသည်။

“ငါက အဆင့် ၉၈မှာ ပုံရိပ်တစ်ခုကိုပဲ ရင်ဆိုင်ခဲ့ရတယ်”

“ဟားဟား၊ ငါက ပုံရိပ်သုံးခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့လူတွေကို ကြားဖူးတယ်။ ဒါပေမဲ့ ....”

ဓားကျင့်ကြံသူက ဆက်မပြောတော့ဘဲ ခေါင်းခါလိုက်သည်။

တခြားလူများကလည်း မမေးကြပေ။

သူက ပြောနိုင်သောအရာကိုသာ ပြောလိမ့်မည်။

“တိုက်ပွဲစနေပြီ”

အလင်းလွှာကိုကြည့်နေသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ဟန်မူယဲ့၏ရှေ့ ပေတစ်ရာအကွာတွင်ရပ်နေသော ပုံရိပ်က ဓားကိုပစ်လွှတ်လိုက်ပြီး ရင်ဘတ်ကိုထိုး‌ဖောက်ရန် ကြိုးစားသည်။

ဓားအလင်းက ဥက္ကာခဲတစ်ခုသဖွယ် လျင်မြန်ပြီး ဟန်မူယဲ့၏ရှေ့သို့ ချက်ချင်းရောက်လာသည်။

ထိုအရာသည် ဟန်မူယဲ့အသုံးပြုခဲ့သော ဓားထိန်းချုပ်နည်းစနစ် ဖြစ်သည်။

ဓားအလင်းသည် အေးစက်ပြီး ထက်မြိသည်။

“ခလွမ်”

ဟန်မူယဲ့က ဓားမြှောက်လိုက်ပြီး တိုးဝင်လာသောဓားကို ဖယ်ထုတ်သည်။ သူက နောက်မဆုတ်ဘဲ ရှေ့သို့ ပြေးထွက်သွားသည်။

ထိုမြင်ကွင်းကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက မျက်လုံးပြူးသွားသည်။

‘သူက မောက်မာတာလား၊ ယုံကြည်ချက်ရှိတာလား။ ကိုယ်ပိုင်ပုံရိပ်ယောင်သုံးခုနဲ့ ရင်ဆိုင်နေရတာတောင် နောက်မဆုတ်ပဲ ရှေ့တက်သွားတယ်ပေါ့လေ’

“ဘုန်း”

ဘယ်ဘက်တွင်ရှိသော ပုံရိပ်က ပျံသန်းထွက်လာပြီး ဟန်မူယဲ့ကို ခုတ်ချသည်။

ထိုဓားသည် ပေါ့ပါးပြီး ခွန်အားကင်းမဲ့ပုံပေါ်သော်လည်း လေထုကို ပေါက်ကွဲသွားစေသည်။ ဓားသည် ခွန်အားကို အဆုံးစွန်အထိ စုစည်းထားပုံပေါ်သည်။

တစ်ချိန်တည်းမှာပင် ညာဘက်တွင်ရှိသော ပုံရိပ်က ဓားကို လှုပ်ရှားလိုက်ပြီး ရေအလင်းစီးကြောင်းကို ထုတ်ဖော်သည်။

ရေအလင်းစီးကြောင်းက အေးစက်မှုကို သယ်ဆောင်ထားသည်။

ပေါင်ထောင်ချီလေးလံသော ဓားချက်နှင့် အရိုးအေးလောက်သော ဓားအလင်းသည် ဟန်မူယဲ့ကို တစ်ပြိုင်နက် ဖိနှိပ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် လူအများအပြားက မသိစိတ်အလျောက် လက်သီးဆုပ်မိကြသည်။

သို့သော် တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေသော လူများလည်း ရှိကြသည်။

ထိုစွမ်းအားနှစ်မျိုးကို ဟန်မူယဲ့က ယခင်အဆင့်များတွင် ထုတ်သုံးခဲ့သည်။

ထိုစွမ်းအားနှစ်မျိုးကို ထိန်းချုပ်ထားသော ဟန်မူယဲ့က မည်မျှသန်မာသနည်း။

“စိတ်ဝင်စားစရာပဲ။ သူက ကိုယ်ပွားတွေနဲ့ရင်ဆိုင်ဖို့ ဘယ်လိုနည်းလမ်းကို သုံးမှာလဲ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က မုတ်ဆိတ်များကို ပွတ်သပ်ပြီး အလင်းလွှာကို ကြည့်နေသည်။

“ရုပ်ခန္ဓာစွမ်းအားကို အသုံးမချရင် တခြားစွမ်းအား .... အကျိုးနည်း”

လူအိုကြီးက မုတ်ဆိတ်မွေးများကို ဆွဲနုတ်မိပြီး ပြူးကျယ်နေသော မျက်လုံးအစုံဖြင့် အလင်းလွှာကို ကြည့်သည်။

ဟန်မူယဲ့က ဒုတိယဓားတစ်လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။

သူက ဓားနှစ်လက်ကိုင်ထားပြီး တိုက်ခိုက်လိုက်သည်။

ဘယ်ဘက်လက်တွင်ရှိသော ဓားသည် တူညီသောအလေးချိန်တစ်ခုကို သယ်ဆောင်ထားပြီး ကျယ်လောင်သောပေါက်ကွဲသံဖြင့် ပုံရိပ်ယောင်၏ဓားချက်ကို ရင်ဆိုင်သည်။

ရေအလင်းစီးကြောင်းနှစ်ခုသည် တိတ်ဆိတ်စွာ ထိတွေ့သွားပြီး အေးစက်နေသော ဓားနှစ်လက်က သွယ်ယှက်နေသည်။

ဟန်မူယဲ့က ပေါက်ကွဲမှုစွမ်းအားကို အသုံးပြုပြီး ဓားကိုလှည့်၍ ပျံသန်းဝင်ရောက်လာသော ဓားကို ဖယ်ထုတ်သည်။

ဓားနှစ်လက်သည် ပုံရိပ်သုံးခု၏ ဓားချက်များကို ဆက်တိုက်ချေဖျက်ခဲ့သည်။

ထိုမြင်ကွင်းကို မည်သူမှ မျှော်လင့်မထားကြပေ။

ဟန်မူယဲ့က ကူညီပေးရန် ကိုယ်ပွားတစ်ခုကို ဖန်တီးလိမ့်မည်ဟု လူတချို့က ထင်ခဲ့ကြသည်။

သို့မဟုတ် ပုံရိပ်ယောင်များကို တစ်ခုချင်းစီ တိုက်ခိုက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ထိုသို့မဟုတ်လျှင်လည်း အရင်ဆုံးနောက်ဆုံးပြီး ရှောင်တိမ်းသောနည်းလမ်းဖြင့် တိုက်ခိုက်လိမ့်မည်ဟု ထင်ကြသည်။

သို့သော် ဟန်မူယဲ့က ဓားနှစ်လက်ကို ကိုင်ဆွဲပြီး ပုံရိပ်သုံးခုနှင့် ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

“ဘန်း”

အေးစက်သောဓာအးလင်းသည် ပျက်စီးသွားပြီး မီးတောက်များ ပေါ်ထွက်လာသည်။

ရေခဲနှင့်မီး၏ ပြောင်းလဲမှုသည် အလွန်ချောမွေ့နေသည်။

ပုံရိပ်ယောင်သည် ဟန်မူယဲ့၏ ဓားနည်းစနစ်များကို ကူးယူထားသည်။

ဟန်မူယဲ့က မီးတောက်ဓားနည်းစနစ်ကို ယခင်အဆင့်များတွင် မကြာခဏ အသုံးပြုခဲ့သည်။

သွယ်ယှက်နေသော ဓားနှစ်လက်သည် ကွဲကွာသွားသည်။ ဓားပေါ်တွင်ရှိသော အအေးဓာတ်သည် လွင့်ပြယ်သွားပြီး မီးတောက်များက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။

သို့သော် ဟန်မူယဲ့က တူညီသော နဂါးတစ်ကောင်ကို ဖန်တီးထားခဲ့သည်။

All Chapters