အခန်း (၈၄၃)
Vol. 61 Ch. 843
“ဘုန်း”
လျှပ်စီးကြောင်းသည် တစ်ဖက်တွင် ပေါက်ကွဲသွားခဲ့သည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ကိုယ်ပိုင်လျှပ်စီးကြောင်းကို ထုတ်လွှတ်သည်။
အလင်းနှင့်အမှောင်သည် အစိမ်းရောင်စင်မြင့်ထက်တွင် ရောယှက်သွားခဲ့သည်။
ဟန်မူယဲ့က ရေ၊ မီး၊ လေ၊ တိမ်တိုက်၊ လျှပ်စီး စသည်ဖြင့် အမျိုးမျိုးသော ဓားနည်းစနစ်များကို ထုတ်ပြခဲ့သည်။ သူ၏ ဓားတာအိုကျင့်ကြံခြင်းသည် ရောယှက်နေသော်လည်း ဖရိုဖရဲဖြစ်မနေပေ။
ပုံရိပ်များသည် စင်မြင့်ထက်တွင် လှုပ်ရှားနေပြီး ဓားအလင်းသည် အလွန်တောက်ပနေခဲ့သည်။
မကြာခဏဆိုသလိုပင် ဓားမြည်သံများကြားတွင် စူးရှသောအော်သံကို ကြားနိုင်ပြီး တိုက်ပွဲဟန်ချက်ကို ဖျက်ဆီးလိုက်သည်။
“ငါတို့ဓားဂိုဏ်းရဲ့ ဓားနှစ်လက်ကိုင်ထားတဲ့ ကျင့်ကြံသူတွေကြားမှာ သူက အဆင့်သုံးဆယ်အတွင်း ရှိနေလိမ့်မယ်”
စမ်းသပ်ခြင်းခန်းဆောင်တစ်ခုထဲတွင် မုတ်ဆိတ်များနှင့် လူသန်ကြီးတစ်ယောက်က စိတ်လှုပ်ရှားနေသော မျက်လုံးတစ်စုံဖြင့် ဟန်မူယဲ့၏ ဓားချက်များကို ကြည့်နေသည်။
ဟန်မူယဲ့က အဆင့် ၆၂သို့ မရောက်ခင်အထိ ဓားနှစ်လက်စွမ်းအားကို ထုတ်မပြခဲ့ပေ။
တခြားလူများ၏အမြင်က မည်သို့ပင်ဖြစ်ပါစေ ဟန်မူယဲ့က တိုက်ပွဲထဲတွင် မျောပါနေခဲ့သည်။
သူ့ကိုယ်သူ ပြန်လည်ရင်ဆိုင်နေရခြင်းသည် ထူးဆန်းသော်လည်း ရင်းနှီးသည့်ခံစားချက်ကို ပေးစွမ်းသည်။
ထုတ်ဖော်လိုက်သော ဓားချက်တိုင်းသည် ရင်းနှီးပြီး ထူးဆန်းသောစွမ်းအားကို သယ်ဆောင်ထားသည်။
ပုံရိပ်အမျိုးမျိုးသည် ဟန်မူယဲ့၏စိတ်ထဲတွင် ဖြတ်ပြေးသွားကြသည်။
‘ငါ့ရဲ့ ဓားပညာရပ်ထဲမှာ ချို့ယွင်းချက်တွေ ရှိနေသေးတာပဲ’
‘လျင်မြန်မှုက မလုံလောက်ဘူး။ ပြတ်သားမှုကလည်း မလုံလောက်သေးဘူး’
‘အဲဒါကြောင့် ငါ့ရဲ့ ဓားနည်းစနစ်က အထွတ်အထိပ်အထိ မရောက်နိုင်သေးဘူး”
“ရွှပ် ....”
သူက စိတ်ထဲတွင်ရှိသော ပုံရိပ်အတိုင်း ဓားကို လှုပ်ရှားလိုက်ပြီး ဘယ်ဘက်တွင်ရှိသော ပုံရိပ်ယောင်၏ ဓားရှည်ကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူ၏ ဓားရှည်သည် ပုံရိပ်ယောင်၏လည်ပင်းကို ဖိချလိုက်သည်။
“သူနိုင်သွားပြီဟ”
အလင်းလွှာ၏ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ဦးက လျှာကိုက်လုနီးပါး ဖြစ်သွားသည်။
ဟန်မူယဲ့က ပုံရိပ်ယောင်၏လည်ပင်းတွင်ရှိသော ဓားကို ပြန်လည်ဆွဲယူလိုက်ပြီး တီးတိုးပြောသည်။
“ထပ်လာခဲ့”
ပုံရိပ်ယောင်ကို အနိုင်ယူခြင်းဖြင့် မလုံလောက်ဘဲ ဆက်လက်တိုက်ခိုက်ချင်သည်။
အလင်းလွှာပေါ်တွင် ဟန်မူယဲ့၏ဓားသည် ပိုမိုလျင်မြန်လာသည်။
ထိုဓားကွက်များသည် လူတစ်ယောက်ကို ရင်ထိတ်သွားစေနိုင်သည်။
ဓားချက်များတွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်ကို အလင်းလွှာမှတစ်ဆင့် ခံစားနိုင်ပုံရသည်။
ထိုဓားချက်ကို မည်သူက ခုခံနိုင်မည်နည်း။
ဟန်မူယဲ့က ဓားနှစ်လက်ကို ကိုင်ထားပြီး ပုံရိပ်ယောင်သုံးခုနှင့် တိုက်ခိုက်နေသည်။ အစပိုင်းတွင် သူက တူညီသော ဓားကွက်များကို အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ဓားချက်များကို ပြန်လည်ချေဖျက်သည်။
သုံးရက်အကြာတွင် ပုံရိပ်ယောင်သုံးခုက မည်သို့ပင် လှုပ်ရှားပါစေ ဟန်မူယဲ့၏ဓားသည် သူတို့၏ လည်ပင်းနှင့် ရင်ဘတ်ကို ထိတွေ့နိုင်သည်။
ပုံရိပ်ယောင်သုံးခုသည် တစ်လက်မခန့်သာ လှုပ်ရှားနိုင်သည်အထိ ဖိနှိပ်ထားခံရသည်။
ဝိညာဉ်အလင်းဝင်္ကပါမှတစ်ဆင့် စောင့်ကြည့်နေသော ကျင့်ကြံသူများအားလုံးက တိတ်ဆိတ်သွားကြသည်။
ဟန်မူယဲ့က ပုံရိပ်ယောင်သုံးခုကို ဖိနှိပ်ထားရုံသာမက လွယ်ကူစွာ ဆက်တိုက်အနိုင်ယူနေသည်။
ထိုအချက်က မည်သည့်အရာကို ဆိုလိုသနည်း။
ဟန်မူယဲ့က ကိုယ်ပိုင်ပုံရိပ်ယောင်သုံးခုနှင့် တိုက်ပွဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး အဆင့်တက်နိုင်ခဲ့သည်။
အပြင်ဘက်တွင် စောင့်ကြည့်နေသောလူများက ဟန်မူယဲ့၏ ဓားနည်းစနစ်သည် တစ်ဆင့်ထက်ပို၍ တိုးတက်လာကြောင်း မြင်နိုင်ခဲ့သည်။
“ဒီလိုနားလည်နိုင်စွမ်းမျိုး၊ တကယ်ကြောက်ဖို့ကောင်းတယ် ....”
အမည်မသိလူတစ်ယောက် ပြောလိုက်သောစကားသည် လူတိုင်းနှင့် ပဲ့တင်ထပ်သွားပုံပေါ်သည်။
စမ်းသပ်ခြင်းခန်းဆောင်တိုင်းတွင် ထိုစကားမျိုးကို ကြားနိုင်သည်။
“ခလွမ် ....”
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ပုံရိပ်သုံးခုကို ဖျက်ဆီးပစ်လိုက်သည်။ ရွှေအလင်းများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်ပြီး ပျောက်ကွယ်သွားသည်။
၆၃ဆင့် ....
၆၄ဆင့် ....
အဆင့်ရှစ်ဆယ် ....
ဟန်မူယဲ့၏ တိုးတက်မှုကို မည်သူမှ မတားဆီးနိုင်ပေ။
ဝိညာဉ်အလင်းဝင်္ကပါ၏ နောက်ကွယ်တွင်ရှိသော အားကောင်းသည့် ကျွမ်းကျင်သူများက ဟန်မူယဲ့ရောက်သွားနိုင်မည့် အဆင့်ကို စောင့်ကြည့်နေကြသည်။
အဆင့်ရှစ်ဆယ်သို့ ရောက်သွားလျှင် ရွှင်ထျန်းခန်းဆောင်၏ တပည့်တစ်ယောက် ဖြစ်လာပြီး နှစ်ထပ်ကွမ်းလက်ရွေးစင်တစ်ယောက် ဖြစ်နေလိမ့်မည်။
ဟန်မူယဲ့က ထိုသို့ဖြစ်အောင် ရက်တစ်ရာအတွင်း၌ ဆောင်ရွက်ခဲ့သည်။
နောက်ထပ် ရက်ပေါင်းနှစ်ရာ ကျန်သေးသည်။ သူက မည်သည့်အဆင့်သို့ ရောက်နိုင်မည်နည်း။
ယွင်လုမြို့တွင် ဝမ်မင်ဟယ်နှင့် ချန်ချွီက စမ်းသပ်ခြင်းခန်းဆောင်ထဲမှ မှုန်မှိုင်းနေသော မျက်နှာထားများဖြင့် ထွက်လာကြသည်။
ခန်းဆောင်ထဲတွင်ရှိသော စမ်းသပ်မှုခံယူမည့်တပည့်များက ထွက်သွားကြသည်။ ကျောက်ရှုနှင့် ဓားဂိုဏ်း၏တပည့်တချို့သာ ကျန်တော့သည်။
ချင်းယွင်မြို့မှ လျင်မြန်စွာရောက်လာသော ဝမ်ကျင်းထိုက်က ခံစားချက်များဖြင့် အလင်းလွှာ၏ရှေ့တွင် ရပ်နေသည်။
ဟန်မူယဲ့က ထိုအဆင့်အထိ ရောက်သွားလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။
စမ်းသပ်ပွဲနယ်မြေ၏ အဆင့်ရှစ်ဆယ်သည် ခန်းဆောင်နှစ်ခု၏ လက်ရွေးစင်တပည့် ဖြစ်သည်။
သူက ခန်းဆောင်ထဲမှ ထွက်သွားသော ဦးလေးဖြစ်သူကို ကြည့်လိုက်ပြီး မျက်နှာထားလေးနက်လာသည်။
စန်းဟော်မြို့၏ဖြစ်ရပ်သည် သူထင်ထားသည်ထက် ပိုမိုနက်နဲသည်။
ဤတစ်ကြိမ်တွင် ကျန်းဟွမ်ခန်းဆောင်က ယွီကျစ်ဒေသနှင့် သူ၏ဦးလေးကို ခက်ခဲအောင်လုပ်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။
“အကြီးအကဲရှုံး၊ မင်းက ဓားပြတွေကို သတ်ဖြတ်ဖို့အမိန့်ထုတ်ထားပြီး တာဝန်မထမ်းဆောင်ဘဲ ဘာဖြစ်လို့ မြို့ကိုရောက်လာတာလဲ”
စမ်းသပ်ခြင်းခန်းဆောင်၏ရှေ့တွင် ဝမ်မင်ဟယ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မျက်နှာထားအေးစက်နေသည်။
သူ့ဘေးတွင် ကျန်းရွှမ်ခန်းဆောင်၏ ချုံးချွီကလည်း အေးစက်သောအမူအယာဖြင့် ရှိနေသည်။
“အကြီးအကဲဝမ်၊ ငါက လေပြင်းဓားပြတွေကို လိုက်ဖမ်းမလို့ပဲ။ ဒါပေမဲ့ ဒီကိစ္စမှာ စန်းဟော်မြို့ကို စောင့်ရှောက်နေတဲ့ ဂိုဏ်းတပည့်တွေနဲ့ စမ်းသပ်ပွဲမှာ ပါဝင်နေတဲ့ တပည့်တစ်ယောက်လည်း ပါဝင်ပတ်သတ်နေတယ်”
လှေကားထစ်များ၏အောက်တွင် ရှိနေသော ရှုံးခယ်က အေးစက်သောမျက်နှာထားဖြင့် နက်ရှိုင်းစွာပြောသည်။
“ဖန်းမင်က စန်းဟော်မြို့စောင့်ရှောက်သူရဲ့ သဘောဆန္ဒနဲ့ဆန့်ကျင်ပြီး သေခြင်းကိုးပါးအင်းဆက်တွေကို မွေးမြူထားတယ်လို့ ဝန်ခံခဲ့တယ်”
“စန်းဟော်မြို့ရဲ့အခက်အခဲကို ဖြေရှင်းပေးခဲ့တဲ့တပည့်က ရှေ့ထွက်လာပြီး ရှင်းပြမယ်လို့ မျှော်လင့်တယ်”
ရှုံးခယ်၏မျက်လုံးများက အေးစက်နေသည်။
“သူက ခွန်အားကောင်းတယ်။ ဘာဖြစ်လို့ လေပြင်းဓားပြတွေကို လွှတ်ပေးလိုက်ရတာလဲ”
ဟန်မူယဲ့၏ စွမ်းရည်အရ လေပြင်းဓားပြတစ်သောင်း၏ မြားဝင်္ကပါကို တားဆီးနိုင်သည်။
အကယ်၍ သူက လှုပ်ရှားခဲ့လျှင် ဓားပြတစ်သောင်းကို လွယ်ကူစွာ ထိခိုက်စေနိုင်သည်။
သို့သော် ဟန်မူယဲ့က ဓားပြခေါင်းဆောင်ကိုသာ ဖမ်းဆီးထားပြီး ကျန်ဓားပြများအားလုံးကို လွှတ်ပေးခဲ့သည်။
ရှုံးခယ်က ထိုအချက်ကို ဆွဲကိုင်ထားပြီး ဟန်မူယဲ့ဆီမှ ဖြေရှင်းချက်တောင်းချင်သည်။
သို့သော် ယခုအချိန်၌ ဟန်မူယဲ့သည် စမ်းသပ်ပွဲနယ်မြေတွင် ရှိနေသောကြောင့် မည်သို့ ရှင်းပြနိုင်မည်နည်း။
“ကျန်းကျန်ပေါင်က ပြစ်မှုလည်းရှိတယ် အကျိုးဆောင်မှုလည်း ရှိတယ်။ မြို့ရဲ့ အာဏာပိုင်တွေက ဂိုဏ်းစည်းမျဉ်းအတိုင်း ဆောင်ရွက်ကြလိမ့်မယ်”
“အမည်ခံတပည့်က စမ်းသပ်ပွဲနယ်မြေထဲမှာပဲ ရှိသေးတယ်။ ဂိုဏ်းစည်းမျဉ်းတွေအရဆိုရင် သူ့ကိုမစစ်ဆေးခင် စမ်းသပ်ပွဲနယ်မြေကနေ ထွက်လာတာကို စောင့်နေဖို့လိုတယ်”
ဝမ်မင်ဟယ်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာ ပြောသည်။
ရှုံးခယ်၏ကျင့်ကြံခြင်းက သူနှင့်တူညီသော်လည်း ရာထူးအဆင့်အတန်း မရှိပေ။ ထို့ကြောင့် သူ့ရှေ့တွင် မောက်မာပြနေလျှင်လည်း အသုံးမဝင်ပေ။
အကယ်၍ ဝမ်မင်ဟယ်က ကျန်းကျန်ပေါင်နှင့် ဟန်မူယဲ့ကို ကာကွယ်ချင်လျှင် စကားလုံးအချို့သာ လိုအပ်သည်။
သူ့အမြင်တွင် ရှုံးခယ်သည် အရေးမပါပေ။
စမ်းသပ်ပွဲနယ်မြေမှ ဟန်မူယဲ့ထွက်လာသည်အထိ စောင့်နေပြီး ရှုံးခယ်က ပြဿနာရှာလိုက်လျှင် ပိုကောင်းသည်။ ထိုသို့ဆိုလျှင် ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်နှင့် ပိုမိုရင်းနှီးလာလိမ့်မည်။
သူက ဘေးတွင်ရှိသော ချန်ချွီကို လှည့်ကြည့်သည်။
ချန်ချွီ၏မျက်လုံးများက သူနှင့် ရည်ရွယ်ချက်တူနေပုံရသည်။
“ဟမ့်၊ အကြီးအကဲဝမ်မင်ဟယ်။ မင်းက ကျန်းရွှမ်ခန်းဆောင်ရဲ့လူတွေကို တမင်သက်သက် ကာကွယ်ပေးနေတာပဲ”
ရှုံးခယ်က နှာမှုတ်လိုက်ပြီး ဝမ်မင်ဟယ်ကို ညွှန်ပြသည်။
“မင်းက ကောင်းကင်နဲ့လူသားရဲ့ ပျက်စီးခြင်းငါးပါးကပ်ဘေးကို မကျော်လွှားနိုင်ဘူး။ လျှို့ဝှက်ရတနာကို အသုံးချပြီး အဲဒီဖြစ်ရပ်ကို ဖုံးကွယ်ထားတယ်။ မင်းက တောရိုင်းမြေကို ဖိနှိပ်ဖို့ အစွမ်းမရှိဘဲ လေပြင်းဓားပြတွေကို သောင်းကျန်းနေစေတယ်။ ဝမ်မင်ဟယ်၊ မင်းရဲ့အခြေအနေက မကောင်းတော့ဘူးပဲ”
ရှုံးခယ်၏စကားကြောင့် ဝမ်မင်ဟယ်၏မျက်နှာထားက ပြောင်းလဲသွားသည်။
ဘေးတွင်ရှိနေသော ချန်ချွီ၏မျက်နှာထားကလည်း မည်းနက်နေသည်။
ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကပ်ဘေးနှင့် ရင်ဆိုင်ရသောအခါတွင် ရာထူးအဆင့်အတန်းနှင့် အမိန့်အာဏာကို စွန့်လွှတ်ပြီး ကပ်ဘေးကျော်ဖြတ်ရန် အာရုံစိုက်ထားရသည်။
ဝမ်မင်ဟယ်က ရာထူးအဆင့်အတန်းကို မစွန့်လွှတ်ဘဲ ကျင့်ကြံခြင်းပြောင်းလဲမှုကို ဖုံးကွယ်ရန် လျှို့ဝှက်ရတနာတစ်ခုကို အသုံးပြု၍ ကပ်ဘေးကို တိတ်ဆိတ်စွာ ကျော်ဖြတ်နေခဲ့သည်။
သူက ကပ်ဘေးနှင့် ရင်မဆိုင်နိုင်ဘဲ ကျင့်ကြံဆင့်လျော့ကျသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါတွင် သတင်းပို့ခဲ့သည်။
ကျန်းရွှမ်ခန်းဆောင်၏ အကြီးအကဲများက စိတ်ရှုပ်သွားသော်လည်း ဝမ်မင်ဟယ်က ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားသည့် လူတစ်ယောက်ဖြစ်သည်။ သူ၏နေရာကို အလျင်စလို အစားထိုးလိုက်လျှင် မသင့်တော်ပေ။
ထို့အပြင် ကျန်းရွှမ်ခန်းဆောင်နှင့် ကျန်းဟွမ်ခန်းဆောင်က ဆက်ဆံရေးမကောင်းပေ။ အကယ်၍ ဝမ်မင်ဟယ်က ရာထူးမှ အနားယူလိုက်လျှင် ကျန်းဟွမ်ခန်းဆောင်၏ လူများက ယွီကျစ်ဒေသကို အုပ်ချုပ်နိုင်ရန် ယှဉ်ပြိုင်လာကြလိမ့်မည်။
ခန်းဆောင်အကြီးအကဲများက ဆွေးနွေးလိုက်ပြီး ခန်းဆောင်သခင် ထွက်လာသည်အထိ စောင့်နေရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က အချိန်ဆွဲထားပြီး ဝမ်မင်ဟယ် ကပ်ဘေးကျော်ဖြတ်နိုင်မည့်အချိန်ကို စောင့်ကြည့်မည်။
အကယ်၍ ဝမ်မင်ဟယ်က ကပ်ဘေးမကျော်ဖြတ်နိုင်လျှင် လူစားထိုးရန်အတွက် အကြောင်းပြချက်တစ်ခု ရှာလိုက်မည်။
ထို့ကြောင့် စန်းဟော်မြို့တိုက်ပွဲနှင့် စမ်းသပ်ခြင်းခန်းဆောင်၏ အောင်မြင်မှုကို အခွင့်ကောင်းယူပြီး ဝမ်မင်ဟယ်၏နေရာတွင် အစားထိုးရန်အတွက် အကြီးအကဲကျန်ရှန့်က ချန်ချွီကို လျင်မြန်စွာစေလွှတ်ခဲ့သည်။
သို့သော် ယခုအချိန်တွင် ရှုံးခယ်က မျက်နှာဖုံးကို ခွာချပြီး ဝမ်မင်ဟယ်၏ ကျင့်ကြံဆင့်လျောကျနေခြင်းကို ထုတ်ပြောခဲ့သည်။
“ရှုံးခယ်၊ မင်းက ဒေသအုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ ငါ့ကို မေးခွန်းထုတ်ဖို့ အဆင့်မမီဘူး”
ဝမ်မင်ဟယ်က အေးစက်စွာပြောလိုက်ပြီး အင်္ကျီလက်ကို ခါယမ်းသည်။ ယွင်လုမြို့မှ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် ဧရာမလက်တစ်ဖက်အဖြစ် အသွင်ပြောင်းပြီး ရှုံးခယ်ဆီသို့ ကျဆင်းလာသည်။
ရှုံးခယ်က တည်ငြိမ်သောမျက်နှာထားဖြင့် ဝမ်မင်ဟယ်ကို အေးစက်စွာစိုက်ကြည့်ပြီး နေရာတွင်ရပ်နေသည်။
“အဲဒါဆိုရင် ငါကရော မင်းအကြောင်းကို ပြောနိုင်လား”
အသံတစ်သံ ပေါ်ထွက်လာသည်။ ဝမ်မင်ဟယ်၏ ဧရာမလက်ကြီးက ရပ်တန့်သွားပြီး အစိမ်းရောင်အင်မော်တယ်ချီများအဖြစ် လွင့်ပြယ်သွားသည်။
သူက ရှေ့တစ်လှမ်းတိုးလာသောလူကို အံ့အားသင့်စွာ ကြည့်သည်။
“ဝူချောင်ရှန်၊ မင်းက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား”
ချန်ချွီက နက်ရှိုင်းသောအကြည့်ဖြင့် ညင်သာစွာရေရွတ်လိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“မထူးဆန်းတော့ပါဘူး။ မင်းက ကောင်းကင်အင်မော်တယ်အဆင့်ကို ရောက်သွားပြီပဲ”
ရှုံးခယ်၏နောက်တွင် အဖြူရောင်ဝတ်စုံနှင့် အနက်ရောင်ဓားအိမ်ကို လွယ်ထားသော လူငယ်တစ်ယောက်က ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။
လူငယ်၏မျက်ခုံးများက ဖြောင့်တန်းနေပြီး ကြယ်အလင်းရောင်ဖြင့် တောက်ပနေသော အသက်ဝင်သည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ လူငယ်က အရပ်ရှစ်ပေရှည်ပြီး ပခုံးကျယ်သည်။ သူက အချိုးအစားကျပြီး သွက်လက်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ဝမ်မင်ဟယ်က ချဉ်းကပ်လာသောလူငယ်ကို ကြည့်လိုက်ပြီး နှလုံးသားလေးလံသွားသည်။
ခွန်အားသည် ကျင့်ကြံခြင်းလောကတွင် အရေးအကြီးဆုံးဖြစ်သည်။
သူ့ရှေ့တွင်ရှိသော လူငယ်သည် ကျန်းဟွမ်ခန်းဆောင်၏ လက်ရွေးစင်တစ်ယောက်ဖြစ်သည်။ သူက စမ်းသပ်ပွဲတွင် လက်ရွေးစင်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ဂိုဏ်းတာဝန်များတွင် မျိုးဆက်တူများထက် ကျော်လွန်ပြီး ထူးချွန်စွာ ဆောင်ရွက်ခဲ့သည်။
ကျန်းဟွမ်ခန်းဆောင်၏ ကောင်းကင်အင်မော်တယ်အဆင့်အောက် လက်ရွေးစင် ၇၂ယောက်တွင် ဝူချောင်ရှန်က ထိပ်ဆုံးဆယ်ယောက်ထဲတွင် ရှိသည်။ သူက အလွန်သန်မာသည်။
ယခုအချိန်တွင် သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်သွားသောကြောင့် စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားလိမ့်မည်။
သို့သော် လက်ရွေးစင်တစ်ယောက်သည် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အဘယ်ကြောင့် ပါဝင်လာသနည်း။
ဝမ်မင်ဟယ်က ဝူချောင်ရှန်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
“လေပြင်းဓားပြတွေက တောရိုင်းမြေကို ဝင်ရောက်လာပြီး ယွီကျစ်ဒေသရဲ့ မြို့ ၁၂မြို့က တိုက်ခိုက်ခံခဲ့ရတယ်။ စန်းဟော်မြို့က အပျက်အစီး များခဲ့တယ်”
“ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့က ခါးသီးအင်မော်တယ်နယ်မြေရဲ့ မဟာမိစ္ဆာတွေနဲ့ အဆက်အသွယ်ရှိပြီး အလုပ်လုပ်ပေးခဲ့တယ်”
ဝူချောင်ရှန်က ဖိနှိပ်ထားသောစွမ်းအားကို ထုတ်လွှတ်သည်။
သူက ဝမ်မင်ဟယ်ကို မော့ကြည့်သည်။ သူ့မျက်လုံးထဲတွင်ရှိသော ကြယ်အလင်းများက ဝမ်မင်ဟယ်ကို ထိုးဖောက်သွားမည့်ပုံပေါ်သည်။