အခန်း (၈၄၄)
Vol. 61 Ch. 844
“လေပြင်းဓားပြတွေရဲ့ ပြဿနာကို ယွီကျစ်ဒေသတစ်ခုတည်းတင် ကြုံတွေ့နေရတာမဟုတ်ဘူး။ ပတ်ဝန်းကျင်ဒေသတွေမှာလည်း ပြဿနာတွေ ရှိနေတာပဲ”
ဝမ်မင်ဟယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။
“ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့အတွက် ဇောင်ပိုင်ချွမ်က အသနားခံခဲ့တယ်မဟုတ်လား။ ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ လင်ကျောက်ခန်းဆောင်ရဲ့ အကြီးအကဲတစ်ယောက်က သူတို့ရဲ့နောက်ကွယ်မှာ ရှိနေတယ်”
ဒေသတစ်ခု၏ အုပ်ချုပ်သူဖြစ်သော ဝမ်မင်ဟယ်က ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။
လေပြင်းဓားပြများ၏ပြဿနာကို ယွီကျစ်ဒေသတစ်ခုတည်းသာ ကြုံတွေ့နေရခြင်း မဟုတ်ပေ။
ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့၏ နောက်ကွယ်တွင် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေသည်။
ကျန်းဟွမ်ခန်းဆောင်က ပြဿနာရှာချင်နေသော်လည်း သူက အလွယ်တကူ လက်ခံမည်မဟုတ်ပေ။
ဝူချောင်ရှန်က လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်နေသော်လည်း သက်သေမရှိဘဲ မစွပ်စွဲနိုင်ပေ။
သူ၏စကားကို ဝူချောင်ရှန်က မတုံ့ပြန်နိုင်ခဲ့ပေ။
“ဝီ”
တုန်ခါသံနှင့်အတူ ရွှေအလင်းတစ်ခုသည် ဝမ်မင်ဟယ်၏ရှေ့သို့ ရောက်လာသည်။
သူက ရွှေအလင်းကို ဆုပ်ကိုင်လိုက်သောအခါတွင် ဂိုဏ်းအမှတ်အသားပါသည့် ဆက်သွယ်ရေးတံဆိပ်ပြားတစ်ခုကို မြင်ရသည်။
သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မျက်နှာဖြူဖျော့သွားသည်။ ထို့နောက် ထိတ်လန့်စွာ အသံပြုသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
သူ့ဘေးတွင်ရှိသော ချန်ချွီက စကားပြောတော့မည့်အချိန်တွင် ဆက်သွယ်ရေးတံဆိပ်ပြားနှစ်ခု ပေါ်လာခဲ့သည်။
သူက ဆက်သွယ်ရေးတံဆိပ်ပြားကို ဖမ်းဆုပ်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။
“ခါးသီးအင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်မိစ္ဆာဘုရင်က ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေကြောင့် သေဆုံးသွားပြီလို့ သံသယရှိတယ်။ မိစ္ဆာဘုရင်တွေအားလုံးက ပြန်လည်မွေးဖွားခြင်းပုတီးစေ့အတွက် တိုက်ခိုက်နေကြတယ်”
“တက်လှမ်းကျားမိစ္ဆာကျွမ်းကျင်သူတွေက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ပိုင်နက်ထဲကို ဝင်ရောက်လာကြတယ်။ သူတို့ရဲ့ လက်ထောက်ခေါင်းဆောင်က ကောင်းကင်အင်မော်တယ်အဆင့် အကြီးအကဲငါးယောက်ကို သတ်ဖြတ်ခဲ့တယ်။ ဂိုဏ်းက ကျားမိစ္ဆာတွေကို သတ်မိန့်ထုတ်ထားတယ်”
“လေပြင်းဓားပြတွေက ယွီကျစ်ဒေသမှာ ဖမ်းဆီးထားတဲ့ ဓားပြတွေကို ကယ်တင်ဖို့ ကြိုးစားနေကြတယ်။ ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတွေလည်း ပါဝင်တယ်”
ထိုသတင်းနှစ်ခုက ပြင်ပအင်အားစုများနှင့် သက်ဆိုင်သည်ဟု ပြောနိုင်သော်လည်း နောက်ထပ် သတင်းနှစ်ခုသည် သူတို့နှင့် အပြည့်အဝ သက်ဆိုင်နေသည်။
“တောရိုင်းနယ်မြေရဲ့ခွန်အားက မလုံလောက်တာကြောင့် ခန်းဆောင်တိုင်းက လက်ရွေးစင်တွေကို စေလွှတ်ရမယ်”
“ဒေသသုံးခုက လိုအပ်ချက်တွေ ရှိနေတယ်။ ခေါင်းဆောင်တွေအားလုံးကို အစားထိုးမယ်။ ဒီတာဝန်မှာ အကောင်းဆုံးဆောင်ရွက်နိုင်တဲ့လူတွေက အခွင့်အရေးရလိမ့်မယ်”
လက်ရွေးစင်များက တောရိုင်းမြေကို စောင့်ရှောက်ရန်အတွက် ရောက်လာကြမည်။
ဒေသသုံးခု၏ အုပ်ချုပ်သူများကို အစားထိုးမည်။
ထိုဖြစ်ရပ်များကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဂိုဏ်း၏ ဆက်သွယ်ရေးတံဆိပ်ပြားမှတစ်ဆင့် တိုက်ရိုက်ကြေညာခဲ့သည်။
ထိုအရာသည် ချမှတ်ပြီးသားအမိန့်ဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပေ။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ချန်ချွီက ရွှေရောင်တံဆိပ်ပြားကို ကိုင်ထားပြီး တီးတိုးရေရွတ်သည်။
“အင်မော်တယ်မိစ္ဆာဘုရင်ရဲ့ သေဆုံးမှုနဲ့ ခါးသီးအင်မော်တယ်နယ်မြေရဲ့ အရှုပ်အထွေးတွေအပြင် လေပြင်းဓားပြတွေရဲ့ ကျူးကျော်မှုကြားမှာ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ခုခံရုံတင်မကဘဲ တိုက်ခိုက်ချင်နေတာပဲ”
ဝမ်မင်ဟယ်က တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။
တစ်ဖက်တွင် ဝူချောင်ရှန်က ပြုံးလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။
ချန်ချွီကလည်း ခေါင်းညိတ်လိုက်သည်။
ဝမ်မင်ဟယ်က ဒေသအုပ်ချုပ်သူတစ်ယောက်အဖြစ် အချိန်ကြာမြင့်စွာ ရှိနေခဲ့သောကြောင့် အရာအားလုံးကို ရှင်းလင်းစွာမြင်နိုင်သည်။
ဂိုဏ်း၏ အပြုအမူအရ ကိုယ်ပိုင်နယ်မြေကို ကာကွယ်ရုံသာမဟုတ်ဘဲ ခါးသီးအင်မော်တယ်နယ်မြေကိုလည်း စိတ်ဝင်စားကြောင်း ဖော်ပြနေသည်။
“ဒေသအုပ်ချုပ်သူတွေကို အစားထိုးတာက ....”
ဝမ်မင်ဟယ်က ဝူချောင်ရှန်ကို ကြည့်လိုက်ပြီး ကောင်းကင်အင်မော်တယ်အဆင့်၏ ထူးခြားသောအရှိန်အဝါကို အာရုံခံမိသည်။ သူက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
“အင်မော်တယ်တက်လှမ်းစင်မြင့်အတွက် မဟုတ်လား”
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ဒီတစ်ကြိမ်မှာ တိုက်ခိုက်မယ့်ပုံပဲ”
သူက ခေါင်းခါလိုက်ပြီး ပြောသည်။
“အဆုံးမှာတော့ ငါ့ရဲ့ ကျင့်ကြံဆင့်က မလုံလောက်လို့ပဲ”
သူ့စကားကြောင့် ဝူချောင်ရှန်က ပြုံးသည်။
“မင်းက ရှင်းရှင်းလင်းလင်း မြင်နိုင်သားပဲ”
ဝူချောင်ရှန်၏နောက်တွင် ရှုံးခယ်က တီးတိုးပြောသည်။
“ဂိုဏ်းတူအစ်ကို စုံစမ်းမှုနဲ့ပတ်သတ်ပြီး ....”
သူ့စကားမဆုံးခင် ဝမ်မင်ဟယ်က ရွှေရောင်တံဆိပ်ပြားကို ကိုင်ထားပြီး ကျယ်လောင်စွာပြောသည်။
“ဆက်သွယ်ရေးတံဆိပ်ပြားက သတင်းပို့ပေးရုံပဲ။ တရားဝင်အမိန့်စာ ထွက်မလာသေးဘူး။ ငါ့ရဲ့ အုပ်ချုပ်သူအဆင့်အတန်းကလည်း ဆက်ရှိနေသေးတယ်”
သူက တစ်ဖက်သို့လှည့်ပြီး ခန်းဆောင်ထဲသို့ ပြန်ဝင်သွားသည်။
“မင်းတို့က ယွီကျစ်ဒေသကို ကာကွယ်ဖို့ ဆက်လုပ်နိုင်တယ်။ ဒါပေမဲ့ ငါရာထူးကနေ ဆင်းသွားတဲ့အထိ စောင့်လိုက်အုံး”
ရှုံးခယ်က စကားပြောချင်နေသော်လည်း ဝူချောင်ရှန်က လက်မြှောက်ပြီး တားဆီးလိုက်သည်။
“အလျင်မလိုပါဘူး”
ဝူချောင်ရှန်က ခေါင်းခါလိုက်ပြီး ပျောက်ကွယ်သွားသည်။
စမ်းသပ်ခြင်းခန်းဆောင်ထဲသို့ ပြန်ဝင်လာသော ဝမ်မင်ဟယ်က လေးနက်သောမျက်နှာထားဖြင့် ချန်ချွီကို လှည့်ကြည့်သည်။
“ဂိုဏ်းတူအစ်ကိုချန်၊ အခုအခြေအနေအရ ဟန်မူယဲ့ရဲ့ စမ်းသပ်ပွဲက နှောင့်ယှက်ခံရလိမ့်မယ်”
“တကယ်လို့ သူက စွပ်စွဲခံရရင် တရားဝင်တပည့်တစ်ယောက် ဖြစ်ဖို့တောင် မသေချာတော့ဘူး”
သူက ခိုင်မာသောအကြည့်ဖြင့် တီးတိုးပြောသည်။
“အခု ရွေးချယ်စရာတစ်ခုပဲ ကျန်တော့တယ်။ သူနဲ့ဆက်သွယ်ပြီး အဆင့်တစ်ရာအထိ ရောက်အောင်သွားဖို့ ပြောရမယ်”
“သူက အဆင့်တစ်ရာကို ရောက်သွားရင် ကျန်းထျန်းခန်းဆောင်ကို ဝင်နိုင်လိမ့်မယ်။ အဲဒီအချိန်မှာ ခန်းဆောင်သုံးခုရဲ့ လက်ရွေးစင်တပည့် ဖြစ်သွားလိမ့်မယ်။ အဲဒီအဆင့်အတန်းက အရမ်းထူးခြားတယ်”
ချန်ချွီက အနည်းငယ်အံ့အားသင့်သွားပြီး တီးတိုးပြောသည်။
“အဆင့်ရှစ်ဆယ်ကနေ တစ်ရာအထိ ဆက်တိုက်ရောက်သွားဖို့ ဖြစ်နိုင်ပါ့မလား”
ဝမ်မင်ဟယ်က ခေါင်းခါလိုက်ပြီး ပြောသည်။
“ကျွန်တော်က သူ့အတွက် နေ့တစ်ဝက်လောက်ပဲ အချိန်ဆွဲပေးနိုင်မယ်။ ဒါပေမဲ့ စမ်းသပ်ပွဲနယ်မြေက ရက်နှစ်ဆယ်လောက်ပဲ ခံလိမ့်မယ်”
“တစ်ရက်မှာ တစ်ဆင့်ပေါ့”
အဆင့်ရှစ်ဆယ်သို့ ရောက်နေသော လူတစ်ယောက်က တစ်ရက်လျှင် တစ်ဆင့်နှုန်းဖြင့် အဆင့်တက်သွားနိုင်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မယုံကြည်ပေ။ ဝမ်မင်ဟယ်က ခါးသီးသောအပြုံးဖြင့် ပြောသည်။
“ကျွန်တော်တို့က အကောင်းဆုံးကြိုးစားပြီး ကံကြမ္မာကို အားကိုးဖို့ပဲ တတ်နိုင်မယ် ....”
သူက လက်မြှောက်လိုက်သောအခါတွင် ရွှေရောင်အင်းကွက်သည် အလင်းလွှာပေါ်သို့ ကျရောက်သွားသည်။
စမ်းသပ်ပွဲနယ်မြေတွင် မိစ္ဆာများနှင့် တိုက်ခိုက်နေသော ဟန်မူယဲ့က အနည်းငယ် ရပ်တန့်သွားသည်။
သူ့ခေါင်းထက်တွင်ရှိနေသော ရွှေရောင်မျက်လုံးက ရွှေရောင်အင်းကွက်များကို ထုတ်ပေးပြီး အမျိုးမျိုးသော သတင်းများကို ပြောပြနေသည်။
ရွှေရောင်အင်းကွက်ကို ဟန်မူယဲ့သာမက ဝင်္ကပါမှတစ်ဆင့် စောင့်ကြည့်နေသော တခြားလူများကလည်း မြင်လိုက်ရသည်။
“တောရိုင်းမြေက ဖရိုဖရဲဖြစ်နေတာလား”
“ဒေသသုံးခုရဲ့ အုပ်ချုပ်သူတွေကို အစားထိုးမှာလား။ ဒီတစ်ကြိမ်က နည်းနည်း ထူးဆန်းတယ်”
“ခါးသီးအင်မော်တယ်နယ်မြေက ဘာလုပ်ချင်နေတာလဲ”
“အဲဒီတော့ ဒီလူက ငါတို့ ယွီကျစ်ဒေသရဲ့ ယွင်လုမြို့ကပေါ့”
“အဆင့်တစ်ရာကို ရောက်ဖို့ ရက်နှစ်ဆယ်နဲ့ အဆင့်နှစ်ဆယ်ကို ကျော်ဖြတ်ရမှာလား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဝမ်မင်ဟယ်က ထင်ယောင်ထင်မှားဖြစ်နေတာလား”
“သူက ရူးနေတာလား။ ရက်နှစ်ဆယ်တည်းနဲ့ အဆင့်နှစ်ဆယ်ကို ဘယ်သူက ရောက်နိုင်မှာလဲ”
“အဆင့်ရှစ်ဆယ်ပြီးသွားတဲ့နောက်မှာ လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကတောင် တစ်ရက်ကို တစ်ဆင့် ကျော်ဖြတ်နိုင်တယ်လို့ မပြောရဲဘူး”
“သူက ဘာလုပ်ချင်နေတာလဲ”
အလင်းလွှာတွင် ဟန်မူယဲ့က ဓားကို ပြန်သိမ်းလိုက်သည်။
ထို့နောက် သူ့နောက်ကျော၏ ဓားအိမ်မှ ဓားမြည်သံ ပေါ်ထွက်လာသည်။
ဓားအလင်းများ ပျံသန်းထွက်လာပြီး နဂါးတစ်ကောင် ဖြစ်သွားသည်။
ဓားတစ်သောင်း ပေါင်းစည်းခြင်း ....
“သူက တကယ်ပဲ တစ်ရက်ကိုတစ်ဆင့်နှုန်းနဲ့ အဆင့်တစ်ရာကို ရောက်သွားနိုင်တယ်”
ရွှင်းထျန်းခန်းဆောင်၏ ကျူးယုံက ကြမ်းတမ်းစွာ လက်ခုပ်တီးလိုက်ပြီး ခပ်အုပ်အုပ် အော်ဟစ်သည်။
သူက အလွန်သန်မာသော တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။
“ကောင်းတယ်။ သူက အဆင့်တစ်ရာကို ရောက်သွားရင် ငါက သူ့ကို ချက်ချင်းသွားရှာမယ်”
ကျန်းထျန်းခန်းဆောင်၏ ကုန်းရှုက လက်သီးဆုပ်ထားပြီး အံကြိတ်သည်။
ရှေ့တွင် လူအိုကြီးက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဓားအလင်းနဂါးကို ကြည့်သည်။ သူက ပြုံးသည်။
“ခန်းဆောင်သုံးခုရဲ့ လက်ရွေးစင်တဲ့လား။ အမှန်အတိုင်းပြောရရင် ငါတို့ဂိုဏ်းမှာ တခြားလူတွေမသိတဲ့ ခန်းဆောင်တစ်ခု ရှိနေသေးတယ်”
“ကောင်လေး၊ မင်းမှာ အရည်အချင်းရှိလား ကြည့်ကြရအောင် ....”
ဟန်မူယဲ့က ဖြစ်နိုင်လျှင် အစွမ်းကုန်ထုတ်မပြချင်ပေ။
သို့သော် ယခုအခြေအနေသို့ ရောက်လာသောကြောင့် ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် မည်သည့်အရာကို ကြောက်ရွံ့နေရမည်နည်း.
ဓားအလင်းသည် နဂါးတစ်ကောင်နှင့် တူသည်။ အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ထဲတွင် ပျိုးထောင်ထားသော ဓားရှည်များသည် ဓားဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ထိုအရာသည် ကောင်းကင်စက်ဝန်းဓားဝင်္ကပါ မဟုတ်သော်လည်း ဓားတစ်သောင်း၏စွမ်းအားကို ထုတ်လွှတ်နိုင်ရန် ဟန်မူယဲ့ကိုယ်တိုင် တွက်ချက်ထားသည့် ဝင်္ကပါတစ်ခု ဖြစ်သည်။
ယခုအချိန်တွင် ဓားအလင်းနဂါးသည် ဟန်မူယဲ့ကို ရစ်ပတ်ထားပြီး တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာသားရဲများကို သေဆုံးသွားစေသည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ဓားအလင်းနဂါးကို ထိန်းချုပ်လိုက်ပြီး သွေးစီးကြောင်းတစ်ခုကို ချန်ရစ်ခဲ့သည်။
စောင့်ကြည့်နေသော လူများက သက်ပြင်းချလိုက်သောအချိန်တွင် ဟန်မူယဲ့က ရွှေအလင်းများ၏ လွှမ်းခြုံခြင်းကို ခံရပြီး အဆင့်တက်သွားခဲ့သည်။
အဆင့် ၈၁တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ခေါင်းနှစ်လုံးမိကျောင်းနက်များကို သတ်ဖြတ်ရမည်။
ဟန်မူယဲ့က ဓားတစ်သောင်းဝင်္ကပါဖြင့် ပြိုင်ဘက်ကင်းခုခံနိုင်စွမ်းအား ပိုင်ဆိုင်ထားသည့် ခေါင်းနှစ်လုံးမိကျောင်းများကို အသွေးအသားရွှံ့အိုင်အဖြစ် ပြောင်းလဲသွားစေသည်။
ထိုအဆင့်ကို ကျော်ဖြတ်ရန်အတွက် နေ့တစ်ဝက် အချိန်ယူခဲ့သည်။
အဆင့် ၈၂တွင် အလွန်လျင်မြန်ပြီး လောကတစ်ခုလုံးအား မီးလောက်တိုက်သွင်းနိုင်သော တောင်ပံလေးခု တိမ်တိုက်စာကလေးငါးဆယ်ကို သတ်ဖြတ်ရမည်။
ဟန်မူယဲ့က ဓားတစ်သောင်းကို ရေခဲမြစ်အဖြစ် ပြောင်းလဲလိုက်သည်။ အအေးဓာတ်သည် မီးတောက်ကို တိုက်ခိုက်လိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားခဲ့သည်။ တခြားလူများက တိမ်တိုက်စာကလေးများ၏ အော်သံကိုသာ ကြားနိုင်ပြိး အခြေအနေကို ရှင်းလင်းစွာ မမြင်ခဲ့ရပေ။
ထိုအဆင့်ကို ကျော်ဖြတ်ရန်အတွက် တစ်ရက်နှင့် နေ့တစ်ဝက် အချိန်ယူခဲ့ရသည်။
....
အဆင့် ၉၉တွင် ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားရှည်သည် ဓားအလင်းနဂါးနှင့် ပေါင်းစပ်သွားပြီး ခမ်းနားသော ဓားမျှော်စင်ပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
သူ့ရှေ့တွင် ငါးထပ်ဓားမျှော်စင်သုံးခု ရှိနေသည်။
ဓားမျှော်စင်များ၏အောက်တွင် မျက်နှာထားလေးနက်နေသော ဓားဂိုဏ်း၏တပည့်သုံးယောက် ပေါ်လာသည်။
ဓားမျှော်စင်သုံးခု ပေါ်လာသောအခါ ဝိညာဉ်အလင်းဝင်္ကပါ၏ အပြင်ဘက်တွင် အော်ဟစ်သံများ ပေါ်ထွက်လာသည်။
“တကယ်ကို မျှော်စင်သုံးခုပဲ။ အဲဒီအဆင့်က အဆင့်တစ်ရာရဲ့နောက်ပိုင်းမှာ ပေါ်လာတတ်တာမဟုတ်ဘူးလား”
“မျှော်စင်သုံးခုစစ်ဆေးခြင်း။ ငါတို့က ဒီအဆင့်ကို ပြန်မြင်ရပြန်ပြီ”
“ဓားမျှော်စင်သုံးခုက ကောင်းကင်နဲ့မြေကြီးကို လွှမ်းမိုးထားနိုင်တယ်။ ဒီတိုက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် စိတ်လှုပ်ရှားဖို့ကောင်းလိမ့်မယ်”
“ကံဆိုးတာက ငါတို့ မကြည့်နိုင်တာပဲ”
ဝိညာဉ်အလင်းဝင်္ကပါ၏ နောက်တွင် ဓားကျင့်ကြံသူများက နောင်တများဖြင့် ရေရွတ်လိုက်ကြသည်။
စမ်းသပ်ပွဲနယ်မြေ၏ စည်းမျဉ်းများအရ ဓားမျှော်စင်သုံးခု စစ်ဆေးမှုသည် ခန်းဆောင်သုံးခု၏ စစ်ဆေးမှု ဖြစ်သည်။ ထိုအဆင့်ကို ကျော်ဖြတ်နိုင်လျှင် ခန်းဆောင်သုံးခု၏ လက်ရွေးစင်တပည့်အဖြစ် သတ်မှတ်ခံရလိမ့်မည်။
သို့သော် ယခင်က ထိုစမ်းသပ်မှုမျိုးသည် အဆင့် ၁၁၀တွင်သာ ပေါ်လာလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သာ ကျော်ဖြတ်နိုင်သောကြောင့် တပည့်များက အဆင့်တစ်ရာသို့ ရောက်လာသောအချိန်တွင် ကျန်းထျန်းခန်းဆောင်က သူတို့ကို ဖိတ်ခေါ်လိမ့်မည်။
သို့သော် ဟန်မူယဲ့၏ မျှော်စင်သုံးခု စစ်ဆေးမှုသည် တခြားလူများထက် ဆယ်ဆင့်ပိုစောပြီး ဖြစ်လာခဲ့သည်။
မျှော်စင်သုံးခု စစ်ဆေးမှုတွင် ဂိုဏ်း၏လျှို့ဝှက်ချက်များ ပါဝင်နေသောကြောင့် ဝင်္ကပါဝိညာဉ်က တခြားလူများ မကြည့်နိုင်အောင် တားဆီးထားလိမ့်မည်။
ဝိညာဉ်အလင်းဝင်္ကပါ၏ နောက်ကွယ်တွင်ရှိနေသော ဂိုဏ်းတပည့်များက ဓားအလင်းနဂါးကို ဓားမျှော်စင်အဖြစ် ပြောင်းလဲလိုက်သော ဟန်မူယဲ့ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ဟန်မူယဲ့၏ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ဝိညာဉ်အလင်းဝင်္ကပါသည် အသုံးမဝင်တော့ပေ။
အဆုံးတွင် ဟန်မူယဲ့၏ အောင်မြင်မှုနှင့် ရှုံးနိမ့်မှု၊ အချိန်ကြာမြင့်မှုတို့ကို ဝင်္ကပါဝိညာဉ်၊ ဓားဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ဟန်မူယဲ့ကိုယ်တိုင်သာ သိနိုင်လိမ့်မည်။