← Chapters

အခန်း (၈၄၆)

Vol. 61 Ch. 846

အခန်း (၈၄၆)

Vol. 61 Ch. 846

အမှန်အတိုင်းပြောရလျှင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

ဝမ်မင်ဟယ်က နောက်ဆုံးအချိန်တွင် ဟန်မူယဲ့ထွက်သွားနိုင်ရန် တိတ်ဆိတ်စွာ စီစဉ်ပေးခဲ့သည်။ အနည်းငယ် အားထုတ်လိုက်လျှင် အရာအားလုံးကို ခြေရာခံကြည့်နိုင်သည်။

သို့သော် အဆုံးတွင် ဟန်မူယဲ့၏အရိပ်အယောင်က ယွင်ထန့်တောရိုင်းမြေ၌ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းကျန်ပေါင်၊ ဇောင်ပိုင်ချွမ်နှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ကျောက်ချန်ကပင် ယွင်ထျန့်တောရိုင်းမြေသို့ ရောက်သွားကြပုံပေါ်သည်။

ယွင်ထန့်တောရိုင်းမြေက ယွီကျစ်ဒေသ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသော်လည်း ခါးသီးအင်မော်တယ်နယ်မြေနှင့် နယ်စပ်ဖြစ်သောကြောင့် အံ့ဖွယ်ဝိညာဉ်ဂိုဏ်း၏ အမိန့်အာဏာသက်ရောက်မှု မရှိပေ။

ထိုနေရာသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေကဲ့သို့ ဖြစ်သည်။

ယခုအချိန်တွင် ခါးသီးအင်မော်တယ်နယ်မြေက ဖရိုဖရဲဖြစ်နေသောကြောင့် ယွင်ထန့်တောရိုင်းမြေကလည်း ဖရိုဖရဲဖြစ်နေသည်။

ဟန်မူယဲ့က ယွင်ထန့်တောရိုင်းမြေသို့ ရောက်လာသောအခါတွင် ထိုသို့ ကြုံတွေ့လိုက်ရသည်။

သို့သော် သူက ယွင်ထန့်တောရိုင်းမြေ၌ ခြေချလိုက်သောအခါ ပတ်ဝန်းကျင်ရှုခင်းများကို မခံစားနိုင်သလို တောရိုင်းမြေ၏ အရှုပ်အထွေးများကိုလည်း မဖြေရှင်းနိုင်ခဲ့ပေ။

သူ့ရှေ့တွင် ဓားကျင့်ကြံသူနှစ်ယောက်က သူ၏ အာရုံစိုက်မှုကို အလေးအနက် တောင်းခံနေသည်။

“ရွှင်းထျန်းခန်းဆောင်ရဲ့ ကျူးယုံ”

“ကျန်းထျန်းခန်းဆောင်ရဲ့ ကုန်းရှု”

ဓားကျင့်ကြံသူနှစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြိုင်တူပြောလိုက်ကြသည်။

ဟန်မူယဲ့၏နောက်တွင် ကျန်းကျန်ပေါင်နှင့် တခြားလူများက ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်း‌ဆောင်မှ ဒဏ္ဍာရီလာကျွမ်းကျင်သူနှစ်ဦးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“ဓားမျှော်စင်သုံးခုရဲ့ စမ်းသပ်မှုအပြီးမှာ မင်းက အဆင့်ဘယ်လောက်အထိ ရောက်ခဲ့လဲ”

ကုန်းရှုက တိုက်ခိုက်လိုစိတ်များဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

ကျူးယုံကလည်း အာရုံစိုက်ထားသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

“မင်းက မအောင်မြင်ခဲ့ဘူးလား”

ကုန်းရှုက စကားပြောလိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက လျင်မြန်စွာ နောက်ဆုတ်သည်။

ဟန်မူယဲ့၏ပုံရိပ်က လှုပ်ရှားသွားသည်။ သူ၏ ဓားအလင်းက ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲနိုင်သော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“အများကြီးမေးနေရင် ပျင်းစရာကောင်းတယ်။ တိုက်ကြည့်ကြတာပေါ့”

ဟန်မူယဲ့က ပေါ့ပါးစွာ ပြောလိုက်သည်။ ဓားအရိပ်နှစ်ခုသည် ကျူးယုံနှင့် ကုန်းရှုဆီသို့ ဆက်တိုက်တိုးဝင်လာကြသည်။

သူက ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်မှ ကျွမ်းကျင်သူနှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နေသည်။

ဟန်မူယဲ့၏နောက်မှ လိုက်လာသော ကျန်းကျန်ပေါင်နှင့် တခြားလူများအပြင် ကျူးယုံနှင့် ကုန်းရှုကလည်း ဟန်မူယဲ့က အလွန်တိုက်ရိုက်ကျနေလိမ့်မည်ဟု မျှော်လင့်မထားကြပေ။

“ကောင်းတယ်။ အဲဒါကမှ စမ်းသပ်ပွဲနယ်မြေရဲ့ ပြိုင်ဘက်ကင်းဓားအင်‌မော်တယ်ပဲ”

ကျူးယုံက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဓားအလင်းကို ထုတ်လွှတ်သည်။

ကုန်းရှုကလည်း ရယ်မောလိုက်ပြီး ဟန်မူယဲ့၏ ဓားအလင်းနှင့် ရင်ဆိုင်ရန် ဓားမြှောက်သည်။

“ခလွမ် ....”

ဓားမြည်သံသည် မိုင်တစ်ထောင်အထိ ပျံ့နှံ့သွားသည်။

ကျန်းကျန်ပေါင်တို့အုပ်စုက အလင်းတန်းမှလွဲ၍ တခြားအရာများကို မမြင်နိုင်တော့ပေ။

ဓားများ၏ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းသည် သူတို့ကို လွှမ်းခြုံလိုက်ပြီး မိုင်ဒါဇင်အကွာအထိ ပို့ပေးခဲ့သည်။

“အဲဒီတော့ ဒါက အစစ်အမှန်ဓားကျင့်ကြံသူပေါ့”

ကျောက်ချန်က အင်မော်တယ်အလင်းနှင့် လေဆင်နှာမောင်းများကို ဖန်တီးနေသော ဓားအလင်းသုံးခုကို ခေါင်းမော့ကြည့်သည်။

သူ့နောက်တွင် အကြီးအကဲချူ၏မျက်နှာထားက ရှုပ်ထွေးနေသည်။

“သူတို့က သာမန်ဓားကျင့်ကြံသူတွေ မဟုတ်ဘူး”

ဇောင်ပိုင်ချွမ်က တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။

“ဒါက ဓားအင်မော်တယ်တွေပဲ”

ဓားလမ်းစဉ်မှတစ်ဆင့် အင်မော်တယ်ဖြစ်လာခြင်း ....

ဟန်မူယဲ့က ယခုအချိန်အထိ အင်မော်တယ်တစ်ပါး မဖြစ်သေးသော်လည်း အင်မော်တယ်များနှင့် ယှဉ်နိုင်သည်။

သူက ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်မှ ကျွမ်းကျင်သူနှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သောကြောင့် ဓားအင်‌မော်တယ် ဖြစ်သင့်သည်။

“ဘုန်း”

သူတို့၏ရှေ့တွင် ဓားအလင်းသုံးခုက ထိတွေ့သွားပြီး ကောင်းကင်ကို လွှမ်းမိုးထားသော မရေမတွက်နိုင်သည့် ဓားပုံရိပ်များအဖြစ် ကွဲထွက်လာကြသည်။

ဓားအလင်းသည် အမြဲပြောင်းလဲနေသော ကောင်းကင်နှင့်မြေကြီးကို အလင်းပေးလိုက်သည်။

ကျန်းကျန်ပေါင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြန့်ကျဲသွားသော ဓားပုံရိပ်များကို ကြည့်သည်။ သူက တီးတိုးရေရွတ်သည်။

“ဒီလိုလား”

ဇောင်ပိုင်ချွမ်က ခေါင်းညိတ်သည်။

“ဒီတိုက်ပွဲက တောရိုင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မယ်။ ဒါက တောရိုင်းမြေရဲ့ အင်အားစုတွေကို ဖိနှိပ်လိုက်တဲ့ အစ်ကိုဟန်ရဲ့ နည်းလမ်းပဲ”

ဟန်မူယဲ့က ပြတ်သားစွာ ဓားထုတ်ခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

တိုက်ပွဲထက် ပိုအံ့အားသင့်စရာကောင်းသောအရာ မရှိပေ။

ဟန်မူယဲ့က ယနေ့မှစ၍ ယွင်ထန့်တောရိုင်းမြေတွင် နေရာတစ်ခု ရလာလိမ့်မည်။

“အစ်ကိုကျန်း၊ ခင်ဗျားရဲ့ မြို့စောင့်ရှောက်သူရာထူးကို စွန့်ပစ်ပြီး အစ်ကိုဟန်နဲ့အတူ ယွင်ထန့်တောရိုင်းမြေကို ဘာဖြစ်လို့ လိုက်လာတာလဲ”

ဇောင်ပိုင်ချွမ်က ကျန်းကျန်ပေါင်ကိုကြည့်လိုက်ပြီး မေးသည်။

“ဘာဖြစ်လို့ လက်ထောက်တစ်ယောက် လုပ်နေတာလဲ”

ဟန်မူယဲ့က စမ်းသပ်ပွဲနယ်မြေမှ ထွက်လာသောအခါတွင် ကျန်းကျန်ပေါင်နှင့် တွေ့ခဲ့သည်။ တခြားလူများက ထိုဖြစ်ရပ်ကို မသိကြပေ။

သို့သော် ကျန်းကျန်ပေါင်၊ ဇောင်ပိုင်ချွမ်နှင့် တခြားလူများက သိထားကြသည်။

ဝမ်မင်ဟယ်က ရှေ့ဆောင်အမိန့်စာဖြင့် ဟန်မူယဲ့ကို ယွီကျစ်ဒေသ၏ အုပ်ချုပ်သူအသစ်အဖြစ် ခန့်အပ်ခဲ့သည်။

ရှေ့ဆောင်အမိန့်စာသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် ‌သွေးစစ်ပွဲဂိုဏ်းတို့ နယ်မြေလုခဲ့သော လွန်ခဲ့သည့် နှစ်သိန်းချီအကြာတွင် စတင်ခဲ့သည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ကျွမ်းကျင်သူများကို စုစည်းရန်အတွက် ရှေ့ဆောင်အမိန့်စာတစ်ရာကို ထုတ်ပြန်ပြီး သွေးစစ်ပွဲဂိုဏ်း၏ နယ်မြေတစ်ဝက်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် ‌သွေးစစ်ပွဲဂိုဏ်း၏ ရန်ငြိုးသည် ထိုအချိန်တွင် စတင်ခဲ့သည်။

နောက်ပိုင်းတွင် ရှေ့ဆောင်အမိန့်စာများကို ဖြည်းဖြည်းချင်း ပြန်လည်သိမ်းဆည်းလိုက်သောကြောင့် ဖူယွီအင်မော်တယ်ကမ္ဘာတွင် သိပ်မကြားရတော့ပေ။

သို့သော် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ရှေ့ဆောင်အမိန့်စာကို ထုတ်ပြန်ခဲ့သောကြောင့် တရားဝင်အမိန့်စာအဖြစ် ဆက်ရှိနေသည်။

လူတစ်ယောက်က ရှေ့ဆောင်အမိန့်စာကို ဆုပ်ကိုင်ထားပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏နယ်မြေကို တိုးချဲ့ပေးနိုင်လျှင် အသိအမှတ်ပြုခံရလိမ့်မည်။ လိုအပ်လာလျှင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက အထောက်အပံ့ ပေးလိမ့်မည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ အင်အားစုများက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ရှေ့ဆောင်အမိန့်စာကို ရှားပါးရတနာတစ်ပါးအဖြစ် ယူဆထားကြသည်။

ဝမ်မင်ဟယ်က အမိန့်စာတစ်ခုကို အပိုင်ရထားပြီး ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။ ထို့ကြောင့် သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ကျန်းရွှမ်ခန်းဆောင်၏ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာသည်။ သူက အမိန့်စာကို ယူထားပြီး ယွင်ထန့်တောရိုင်းမြေကို ချဲ့ထွင်ရန် ရောက်လာခဲ့သည်။

ဝမ်မင်ဟယ်၏အစီအစဉ်အရ ဟန်မူယဲ့က တိုးတက်လာနိုင်ရန်အတွက် ယွီကျစ်ဒေသနှင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အာဏာသက်ရောက်သော နယ်မြေများကို ရှောင်ရှားရမည်။

ထို့သို့မဟုတ်လျှင် သူက ကျန်းရွှမ်ခန်းဆောင်နှင့် ကျန်းဟွမ်ခန်းဆောင်၏ ရန်ပွဲများကြားတွင် ‌ရောပါပြီး ကျင့်ကြံရာတွင် အနှောင့်အယှက်အများအပြားနှင့် ကြုံတွေ့ရလိမ့်မည်။

ဟန်မူယဲ့က ချုပ်နှောင်မှုများကို မလိုချင်သောကြောင့် ရှေ့ဆောင်အမိန့်စာကို ယူပြီး ယွီကျစ်ဒေသမှ တိုက်ရိုက်ထွက်လာခဲ့သည်။

ဝမ်မင်ဟယ်၏ မျက်နှာသာပေးမှုကိုတော့ အခွင့်အရေးရလာလျှင် ပြန်လည်ပေးဆပ်လိမ့်မည်။

“လူတချို့က ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေဖြစ်ဖို့ ကံပါလာကြတယ်”

ကျန်းကျန်ပေါင်က တီးတိုးရေရွတ်လိုက်ပြီး အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် ဆက်တိုက်ထိတွေ့နေသော ဓားအလင်းများကို ကြည့်သည်။

“ငါ့ရွေးချယ်မှုက မမှားဘူး”

သူက ဓားရိုးကို တင်းကျပ်စွာကိုင်ထားပြီး ဖြေလျော့လိုက်သည်။

“ညီလေးဇောင်ကလည်း တူညီတဲ့ရွေးချယ်မှုကို ပြုလုပ်နေတာပဲမဟုတ်လား”

သူက ခပ်ဟဟရယ်လိုက်ပြီး ကျောက်ချန်ကို လှည့်ကြည့်သည်။

“ပြီးတော့ မင်းကလည်း ကံကြမ္မာနဲ့ ကြွယ်ဝမှုကို လောင်းကြေးထပ်ထားတာမဟုတ်လား”

“မင်းက အဖေဖြစ်သူနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်ဆို။ သူက လူလွှတ်ပြီး မင်းခြေထောက်ကို ချိုးပစ်မှာ မကြောက်ဘူးလား”

သူ့စကားကြောင့် အကြီးအကဲချူနှင့် တခြားလူများက ပြုံးလိုက်ကြသည်။

ကျောက်ချန်က လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

“အစွမ်းကုန်ထုတ်သုံးပြီး ခြေထောက်အချိုးခံရဖို့ မစွန့်စားရင် အောင်မြင်မှာမဟုတ်ဘူး”

ဤတစ်ကြိမ်တွင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က အလွန်အားထုတ်ထားခဲ့သည်။ သူတို့က သခင်လေးကို စေလွှတ်လိုက်သည့်အပြင် ပိုင်ဆိုင်မှုတစ်ဝက်ကို ထုတ်ရောင်းပြီး ကျောက်ချန်နှင့်အတူ ထည့်ပေးလိုက်သည်။

ကျောက်ချန်၏အဖေက ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း ကျူကျင်းကုန်သွယ်ရေးအဖွဲ့က လူတစ်ယောက်တည်းအပိုင် မဟုတ်ပေ။

ထို့ကြောင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ဟန်မူယဲ့အပေါ်တွင် လောင်းကြေးထပ်ထားသည်။

ကျောက်ချန်၏အောင်မြင်မှုနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ တိုးတက်မှုသည် ဟန်မူယဲ့နှင့် သက်ဆိုင်နေသည်။

ထိုသို့မဟုတ်လျှင် အရာအားလုံး ဆုံးရှုံးသွားလိမ့်မည်။

ကျောက်ချန်က ယှဉ်ပြိုင်နေသော ခမ်းနားသည့်ဓားအလင်းများကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။

သူ၊ ကျန်းကျန်ပေါင်၊ အမည်ခံတပည့်များ၊ ဇောင်ပိုင်ချန်၊ ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့နှင့် ဝမ်မင်ဟယ်တို့က ဟန်မူယဲ့အပေါ်တွင် လောင်းကြေးထပ်ထားကြသည်။

သူက လောင်းကြေးထပ်သည့်အကြောင်းကို တွေးမိပြီး ကောင်းကင်ထက်တွင်ရှိသော ဓားအလင်းများကြောင့် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်၏ ကျွမ်းကျင်သူနှစ်ယောက်က ဟန်မူယဲ့ရောက်ရှိသွားသော စမ်းသပ်နယ်မြေ၏အဆင့်ကို မေးကြည့်ချင်ရုံဖြင့် ရောက်လာခြင်းမဖြစ်နိုင်ပေ။

ထိုလူများကလည်း သူတို့ကဲ့သို့ လောင်းကြေးထပ်ရန် ရောက်လာခြင်းဖြစ်လိမ့်မည်။

ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်က ဟန်မူယဲ့ကို မြင့်မားစွာတွေးထားကြသည်။

ကျောက်ချန်က ပြုံးလိုက်သည်။ သူ့ဘေးတွင်ရှိနေသော ဇောင်ပိုင်ချွမ်ကလည်း တူညီစွာပြုံးနေကြောင်း သတိထားမိလိုက်သည်။

ရည်မှန်းချက်ကြီးသောလူများသည် အမှန်တကယ်ပင် အတွေးတူကြသည်။

“ဘုန်း”

ဓားရှည်သုံးလက်က ထပ်မံထိတွေ့သွားပြီး မိုင်တစ်ထောင်အတွင်း၌ရှိသော အင်မော်တယ်ချီများကို တုန်ခါသွားစေသည်။

ဓားအလင်း၏ လွှမ်းမိုးမှုသည် ကောင်းကင်နှင့်မြေကြီးကို သက်ရောက်သွားစေသည်။ တောရိုင်းမြေ၏ ကျင့်ကြံသူနှင့် မိစ္ဆာများက စတင်ထိတ်လန့်လာကြသည်။

ဟန်မူယဲ့က ဓားအလင်း၏အောက်တွင် ရပ်နေသည်။ သူက ပုံမှန်အတိုင်း တိုက်ခိုက်နေသကဲ့သို့ တည်ငြိမ်နေသည်။

တစ်ဖက်တွင် ကျူးယုံနှင့်ကုန်းရှုက သန်မာသောတိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေဆဲဖြစ်သော်လည်း အနည်းငယ် အားပျော့နေသည်။

“အရမ်းကောင်းတယ်။ မင်းရဲ့ကျွမ်းကျင်မှုနဲ့ဆိုရင် ငါ့ရဲ့ ရွှင်းထျန်းခန်းဆောင်မှာ နေရာတစ်ခု ရနိုင်တယ်”

ကျူးယုံက လေးစားသောမျက်နှာထားဖြင့် ဟန်မူယဲ့၏ ခေါင်းပေါ်တွင်ရှိသော ဓားအလင်းကို ကြည့်လိုက်သည်။

အမှန်တကယ်တိုက်ခိုက်ကြည့်မှသာ ပင်လယ်ကဲ့သို့ ကျယ်ပြန့်ပြီး ချောက်တစ်ခုသဖွယ် နက်ရှိုင်းသော ဟန်မူယဲ့၏ ဓားရေးကျွမ်းကျင်မှုကို သိနိုင်မည်။

ဟန်မူယဲ့က သူနှင့်ကုန်းရှုကို တစ်ဦးတည်းတိုက်ခိုက်နေသည်။ သူတို့က အစွမ်းကုန်ထုတ်သုံးမထားသော်လည်း သူတို့၏ ကျင့်ကြံဆင့်က ဟန်မူယဲ့ကို အနည်းနှင့်အများဆိုသလို ဖိနှိပ်နေသည်။ သို့သော် ဟန်မူယဲ့က ပုံမှန်အတိုင်း သက်တောင့်သက်သာ ရှိနေသည်။

“မဆိုးဘူး။ ဓားပညာရပ်မှာ ငါတို့ရဲ့ ကျန်းထျန်းခန်းဆောင်က မင်းကိုကျော်နိုင်တဲ့လူ သိပ်မရှိဘူး”

ကုန်းရှုက စကားပြောလိုက်ပြီး ကျူးယုံကို လှည့်ကြည့်သည်။

သူတို့နှစ်ယောက်က ‌ခေါင်းညိတ်လိုက်ပြီး မျက်နှာထားလေးနက်လာကြသည်။

“ဟန်မူယဲ့၊ ရွှင်းထျန်းခန်းဆောင်ကို ဝင်ရောက်ဖို့ ဆန္ဒရှိလား”

ကျူးယုံက ဖြည်းဖြည်းချင်း ပြောသည်။

“ကျန်းထျန်းခန်းဆောင်ကလည်း မင်းကို ကြိုဆိုနေမယ်”

ကုန်းရှု၏အသံက မျှော်လင့်ချက်တချို့ကို သယ်ဆောင်ထားသည်။

ခန်းဆောင်သုံးခု၏ လက်ရွေးစင် ....

ဟန်မူယဲ့က ပြုံးသည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသို့ ဝင်ရောက်ပြီး တပည့်တစ်ယောက် ဖြစ်လာခြင်းသည် သူ၏ အထောက်အထားကို အပြည့်အဝ ထောက်ပံ့ပေးနိုင်သည်။

ထိုအရာသည် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများနှင့် မယှဉ်ပြိုင်နိုင်ခင်အထိ သူ့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

ခန်းဆောင်သုံးခု၏ လက်ရွေးစင်ဖြစ်လာလျှင် အပြည့်အဝ မတိုးတက်သေးသော သူ့ကိုယ်သူ ပိုမိုကာကွယ်နိုင်မည်။

“ကျွန်တော်က ဘယ်လိုလုပ်ပြီး ငြင်းနိုင်မှာလဲ”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်ပြီး ဦးညွတ်သည်။

ထို့နောက် သူက ဆက်ပြောသည်။

“ဟန်မူယဲ့က ဂိုဏ်းတူအစ်ကိုနှစ်ယောက်ကို နှုတ်ဆက်ပါတယ်”

ခန်းဆောင်တူသော ဂိုဏ်းတူညီအစ်ကိုများ ....

ကျူးယုံနှင့်ကုန်းရှုက ပျော်ရွှင်သွားပြီး ရယ်မောလိုက်ကြသည်။ သူတို့က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ပြန်လည်နှုတ်ဆက်သည်.

“ဂိုဏ်းတူညီလေးကို နှုတ်ဆက်ပါတယ်”

All Chapters