← Chapters

အခန်း (၈၄၈)

Vol. 61 Ch. 848

အခန်း (၈၄၈)

Vol. 61 Ch. 848

ယွင်လန်မြို့မှ ဗဟိုရင်ပြင်၏ဘေးတွင် နှစ်ထပ်စံအိမ်၌ ဟန်မူယဲ့သည် ဖြောင့်မတ်စွာထိုင်နေသည်။

သူ့ရှေ့တွင် အစိမ်းရောင်နှင့် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထား‌သော ကျင့်ကြံသူများ ရှိနေကြသည်။ ထိုကျင့်ကြံသူများထဲတွင် ကောင်းကင်အဆင့်သို့ ရောက်နေ‌သော မိစ္ဆာတစ်ဝက်နှစ်ယောက်နှင့် လူသားအသွင်ယူထားသော မိစ္ဆာတစ်ကောင်လည်း ရှိနေသည်။

မိစ္ဆာတစ်ဝက်များသည် မိစ္ဆာမျိုးနွယ်၏ သွေးမျိုးဆက်နည်းစနစ်ကို ကျင့်ကြံကြသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အဓိကအားဖြင့် မိစ္ဆာသွေးမျိုးဆက်အပေါ်တွင် မှီခိုနေသည်။ ထိုလူများကို မိစ္ဆာတစ်ဝက်များဟု ခေါ်ဆိုကြသည်။

ဟန်မူယဲ့ကလည်း မိစ္ဆာတစ်ဝက် ကျင့်ကြံသူပင် ဖြစ်သည်။

သူက ခွေသားရဲနှင့် ပါ့ရှား၏ သွေးမျိုးဆက်ကို သန့်စင်ထားသည်။

သို့သော် သူက မိစ္ဆာအဖြစ်ပြောင်းလဲရန် မကြိုးစားပေ။ မိစ္ဆာမျိုးနွယ်၏ နည်းစနစ်များကိုလည်း အဓိကထား၍ မကျင့်ကြံပေ။

ယခုအချိန်တွင် ထိုလူများက လေးစားသောမျက်နှာထားဖြင့် ရပ်နေကြသော်လည်း အမှန်တကယ် အညံ့ခံလိုသော အရိပ်အယောင် မရှိပေ။

“အားလုံးပဲ၊ ငါ့မျိုးရိုးနာမည်က ဟန်ပါ။ ငါက တစ်ခုခုလုပ်ဖို့ ယွင်လန်မြို့ကို ရောက်လာခဲ့တယ်”

ဟန်မူယဲ့က ဂရုစိုက်ပုံမရသော ကျွမ်းကျင်သူအုပ်စုကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ထိုလူများသည် အကြောင်းအမျိုးမျိုးကြောင့် ယွင်လန်မြို့တွင် စုစည်းနေသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့ထဲတွင် အသန်မာဆုံးလူက သူတော်စင်အဆင့်သို့ ရောက်နေသည်။

မဟာမိစ္ဆာကလည်း သူတော်စင်တစ်ဝက် အထွတ်အထိပ်အဆင့်တွင် ရှိသည်။

သူတို့က ဟန်မူယဲ့ကို ဂရုမစိုက်ကြပေ။

သူတို့၏မျက်နှာထားက တည်ငြိမ်နေသည်။

တောရိုင်းမြေတွင် ရှိသောလူများက အောင်မြင်ရန် သေချာမှသာ အညံ့ခံကြသည်။

ဟန်မူယဲ့က သူတို့ကို သိမ်းသွင်းချင်သောကြောင့် ဆင့်ခေါ်ထားသည်။

သို့သော် ဤနေရာသည် ယွင်ထန့်စွန့်ပစ်မြေဖြစ်ပြီး တချို့အရာများက မဖြစ်နိုင်ပေ။

ဘေးတွင်ရပ်နေသော ကျန်းကျန်ပေါင်က သန်မာသော ဓားဆန္ဒကို ထုတ်လွှတ်နေသည်။

သို့သော် ထိုလူများက ထိတ်လန့်မသွားကြပေ။

ကျွမ်းကျင်သူများကို ရှင်းထုတ်ပြီး နေရာတစ်ခုကို ထိန်းချုပ်မည်ဆိုလျှင် လူများကို ထိန်းသိမ်းထားရန် ပိုမိုခက်ခဲလိမ့်မည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်ဓားရိုးကို ညင်သာစွာ ထိတွေ့သည်။

ပုံစံမတူသော ဓားရှည်ဆယ်ချောင်းကျော်ကို စားပွဲပေါ်တွင် တင်ထားသည်။

ဟန်မူယဲ့က တိတ်ဆိတ်နေပြီး စိတ်ထဲတွင်ရှိသော ပုံရိပ်များကို ကြည့်၍ ဓားရှည်များမှ ရရှိလာသော သတင်းအချက်အလက်များကို စစ်ဆေးနေသည်။

စံအိမ်ထဲတွင်ရှိသော လေထုသည် လေးလံနေသည်။ ဓားရိုးများကို ထိတွေ့နေသော အသံကိုသာ ကြားနိုင်သည်။

ဆယ်မိနစ်ခန့်အကြာတွင် မဟာမိစ္ဆာက မနေနိုင်တော့ဘဲ တီးတိုးပြောသည်။

“မင်းက ဘာလိုချင်တာလဲ”

အစိမ်းရောင်ဝံပုလွေပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။

တခြားလူများက မလှုပ်ရှားသော်လည်း သတိထားနေကြသည်။

ဟန်မူယဲ့က လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်ပြီး လက်မြှောက်၍ ရိုက်ချသည်။

“ဘုန်း”

အစိမ်းရောင်အင်မော်တယ်အလင်းသည် လေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး မဟာမိစ္ဆာ၏ရင်ဘတ်ကို ရိုက်ချလိုက်သည်။ မဟာမိစ္ဆာက စံအိမ်၏အပြင်ဘက်သို့ လွင့်ထွက်သွားသည်။

“ဟူလောင်ချီ၊ မင်းရဲ့ ဝံပုလွေစိမ်းကလန်ကို သွားပြောလိုက်။ ယွင်လန်မြို့ရဲ့ မိုင်ပေါင်းတစ်သိန်းပတ်ဝန်းကျင်ကနေ သုံးရက်အတွင်း ထွက်သွားရမယ်။ မဟုတ်ရင် မင်းတို့ ကလန်တစ်ခုလုံးကို ငါက ရှင်းထုတ်ပစ်မယ်”

ဟန်မူယဲ့၏အသံက မြို့ထဲတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ မျက်နှာထားကို ပြောင်းလဲသွားစေသည်။

ဟူလောင်ချီက ဝံပုလွေစိမ်းကလန်၏ မဟာမိစ္ဆာဖြစ်သည်။

ဝံပုလွေစိမ်းကလန်သည် နယ်မြေတစ်ခုကို ဖိနှိပ်နိုင်သော အင်အားစုကြီးတစ်ခု မဟုတ်သော်လည်း မိုင်တစ်သန်းပတ်ဝန်းကျင်၌ လွှမ်းမိုးနိုင်သည်။

အင်အားစုများသည် ရွေးချယ်စရာမရှိဘဲ ယွင်ထန့်တောရိုင်းမြေ၏ မိစ္ဆာမျိုးနွယ်များကို သည်းခံနေရသည်။

ယွင်ထန့်တောရိုင်းမြေသည် ခါးသီးအင်မော်တယ်နယ်မြေနှင့် နီးကပ်သည်။ မိစ္ဆာများ၏ နောက်ကွယ်တွင် အင်မော်တယ်မိစ္ဆာဘုရင် ရှိနေနိုင်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က ဝံပုလွေစိမ်းကလန်ကို မိုင်တစ်သိန်းပတ်ဝန်းကျင်မှ ထွက်သွားရန် မောင်းထုတ်နေသည်။

အကယ်၍ ဝံပုလွေစိမ်းကလန်က ထွက်သွားမည်ဆိုလျှင်ပင် သုံးရက်အတွင်း၌ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

ဟူလောင်ချီက လွင့်ထွက်သွားသောအချိန်တွင် ချွန်ထက်သောသွားစွယ်နှင့် မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်နေသော ပေသုံးဆယ်ကြီးမားသည့် အစိမ်းရောင်ဝံပုလွေတစ်ကောင် ဖြစ်သွားသည်။

စံအိမ်ထဲတွင်ရှိနေ‌သော ကျင့်ကြံသူများနှင့် အပြင်ဘက်တွင် စောင့်ကြည့်နေသော ကျင့်ကြံသူများက တိတ်ဆိတ်စွာ နောက်ဆုတ်လိုက်ကြသည်။

အစိမ်းရောင်အလင်းများသည် ဟန်မူယဲ့၏လက်ထဲတွင် စုစည်းလာပြီး ဗဟိုရင်ပြင်၏ ကောင်းကင်ထက်တွင် ပေတစ်ထောင်မြင့်မားသော အလင်းလွှာတစ်ခု ဖြစ်သွားသည်။

မျဉ်းကြောင်းများသည် အလင်းလွှာပေါ်တွင် သွယ်ယှက်နေပြီး အစိမ်းရောင်၊ အပြာရောင်၊ ရွှေရောင်နှင့် အနီရောင်အစက်များကို မြင်နိုင်သည်။

“အဲဒါက ယွင်လန်မြို့ရဲ့ မိုင်တစ်သိန်းပတ်ဝန်းကျင်မှာရှိတဲ့ မြေပုံပဲ”

လူတစ်ယောက်က အလင်းလွှာ၏ပုံစံကို မှတ်မိသွားပြီး ထိတ်လန့်စွာပြောသည်။

“မျဉ်းကြောင်းတွေက ကုန်သွယ်ရေးလမ်းကြောင်းနဲ့ တူတယ်။ ဒါပေမဲ့ အစက်အပြောက်တွေက ....”

လူတစ်ယောက်က နားမလည်နိုင်စွာ ရေရွတ်သည်။

“အစိမ်းရောင်အလင်းစက်က မြို့ပဲဖြစ်လိမ့်မယ်။ ငါက ယွင်လန်မြို့ရဲ့ တည်နေရာကို မြင်နေရတယ်။ အပြာရောင်နဲ့ ရွှေရောင်အစက်တွေက ....”

ခန့်မှန်းချက်များ ပေါ်ထွက်လာသော်လည်း မည်သူမှ သေချာမပြောနိုင်ကြပေ။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး စံအိမ်၏ပြတင်းပေါက်ဆီသို့ ရောက်သွားသည်။

“အပြာရောင်အစက်က ပတ်ဝန်းကျင်မှာရှိတဲ့ မြို့တွေကို ကိုယ်စားပြုတယ်။ အစိမ်းရောင်အစက်က အင်အားစုလေးတွေရဲ့ တည်နေရာပဲ။ ရွှေရောင်ကတော့ နေရာအသီးသီးမှာ အတည်ပြုထားတဲ့ သတ္တုတွင်းတွေကို ကိုယ်စားပြုတယ်”

ဟန်မူယဲ့က ခေါင်းငုံ့ကြည့်ပြီး တည်ငြိမ်စွာပြောသည်။

သူက ဓားများမှတစ်ဆင့် ပတ်ဝန်းကျင်ကို သေချာနားလည်ခဲ့ပြီး မြေပုံအဖြစ် တိုက်ရိုက် ပြောင်းလဲခဲ့သည်။

ထိုမြေပုံကို မှီခို၍ အများအပြား ဆောင်ရွက်နိုင်သည်။

ဟန်မူယဲ့က ဟူလောင်ချီကို ကြည့်သည်။

“အနီရောင်အစက်က ငါဖယ်ရှားဖို့ ရည်ရွယ်ထားတဲ့ ဝံပုလွေစိမ်းကလန်နဲ့ တခြားအင်အားစုတွေပဲ”

“တစ်လအတွင်းမှာ ဒီအနီစက်တွေ ပျောက်ကွယ်သွားတာကို ငါလိုချင်တယ်”

မိုင်တစ်သိန်းပတ်ဝန်းကျင်၌ အနီရောင်အစက် တစ်ရာခန့်ရှိနေသည်။

လူအများအပြားက ကြောက်ရွံ့သွားကြသည်။

ထိုအနီစက်တိုင်းသည် ယွင်လန်မြို့ထက် သန်မာကြသည်။

‘သူက ဒီလိုမျိုး တွေးရဲတယ်ဆိုတော့ ဘယ်သူများလဲ။ သူ့ရဲ့နောက်ခံကရော ဘာလဲ’

‘သူ့စကားတွေကြောင့် ယွင်လန်မြို့က ကပ်ဘေးကျရောက်တော့မှာလား’

လူအများအပြားက တိတ်ဆိတ်စွာ နောက်ဆုံးသွားကြသည်။ သူတို့က အရှုပ်အထွေးများ ဖြစ်မလာခင် မိုင်တစ်သိန်းအတွင်းမှ ထွက်သွားချင်ကြသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လူတိုင်း၏လှုပ်ရှားမှုကို လေ့လာနေသည်။

လူတိုင်းက ကပ်ဘေးကို ရှောင်တိမ်းချင်ကြသည်။

သူက ဟူလောင်ချီကို ငုံ့ကြည့်သည်။

“မင်းမှာ အချိန်သိပ်မရှိတော့ဘူး”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဆယ်ပေမြင့်မားသော ရွှေရောင်အမွှေးတိုင်တစ်ခု ပေါ်ထွက်လာသည်။ အမွှေးတိုင်က မီးခိုးများကို ထုတ်ပေးနေသည်။

သူက မြေပုံပေါ်တွင်ရှိသော ယွင်လုမြို့နှင့် အနီးဆုံးအနီရောင်အစက်ကို ညွှန်ပြသည်။

“ငါက သုံးရက်အတွင်းမှာ ဒီနေရာကို ဖျက်ဆီးပစ်မယ်”

ဟူလောင်ချီက အလင်းလွှာပေါ်တွင်ရှိသော အနီရောင်အစက်ကို ကြည့်နေသည်။ သူက အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်အဖြစ် ပြန်ပြောင်းသွားသည်။

သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မြက်စိမ်းတောင်တန်းပဲ။ ကောင်းပြီ၊ မင်းကို အဲဒီနေရာမှာ စောင့်နေမယ်”

“ငါ့ကို လာသတ်လိုက်လေ”

ထို့နောက် သူက ဝံပုလွေအဖြစ် ပြန်ပြောင်းပြီး ကျယ်လောင်စွာ အူလိုက်သည်။ မြို့တွင်းနှင့်မြို့ပြင်မှ အူသံတစ်ရာခန့် ပေါ်ထွက်လာသည်။ ထို့နောက် အစိမ်းရောင်ဝံပုလွေများ စုစည်းလာပြီး သူနှင့်အတူ ထွက်သွားကြသည်။

မြို့က ရှုပ်ထွေးနေသည်။

ဟန်မူယဲ့က စံအိမ်ထဲတွင် ရပ်နေသည်။

“အစ်ကိုဟန်ရဲ့ အပြုအမူက ဘာအဓိပ္ပာယ်လဲ”

ကျောက်ချန်က ရှေ့တွင်ရပ်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး နားမလည်နိုင်စွာ မေးသည်။

“လွှမ်းမိုးနိုင်စွမ်း တည်ဆောက်ဖို့ပေါ့”

စကားနည်းသော အကြီးအကဲချူက ညင်သာစွာပြောသည်။

“ငါတို့က စီးပွားရေးလမ်းစဉ်မှာ အကြာကြီး နစ်မြုပ်နေခဲ့တယ်။ သဘောတူညီမှုတွေကနေတစ်ဆင့် ကြွယ်ဝမှုကို ရှာဖွေခဲ့ကြတယ်”

ဇောင်ပိုင်ချွမ်က ခေါင်းညိတ်လိုက်ပြီး ဖရိုဖရဲဖြစ်နေသော ကျင့်ကြံသူများကို ကြည့်သည်။

“ဟုတ်တယ်။ ငါတို့က အင်အားစုတစ်ခုကို ဖိနှိပ်ချင်ရင် ကြင်နာမှုပြရမယ်။ စွမ်းအားကိုလည်း ထုတ်ပြရမယ်”

ကျန်းကျန်ပေါင်က အလင်းလွှာတွင်ရှိသော အနီရောင်နှင့် ရွှေရောင်အစက်များကို ညွှန်ပြသည်။

“မြက်စိမ်းတောင်တန်းရဲ့ဘေးမှာ သတ္တုတွင်းကို ကိုယ်စားပြုတဲ့ ရွှေရောင်အစက်တစ်ခု ရှိနေတယ်”

“ငါတို့က ဝံပုလွေစိမ်းကလန်ကို မောင်းထုတ်လိုက်ရင် အဲဒီသတ္တုတွင်းက ငါတို့ရဲ့လက်ထဲကို ရောက်လာမှာပဲ”

“အဲဒီသတ္တုတွင်းရဲ့ အကျိုးအမြတ်နဲ့ဆိုရင် ထွက်သွားတဲ့လူတွေကို ပြန်ဆွဲဆောင်နိုင်လိမ့်မယ်”

ကျန်းကျန်ပေါင်က မြို့တစ်မြို့ကို နှစ်ပေါင်းထောင်ချီ ထိန်းချုပ်ခဲ့သောကြောင့် ထိုနည်းလမ်းများနှင့် ရင်းနှီးနေသည်။

သို့သော် သူက ထိုကိစ္စမျိုးကို လုပ်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။

ဤနေရာသည် စည်းမျဉ်းများမလိုအပ်သော ယွင်ထန့်တောရိုင်းမြေ ဖြစ်သည်။

ဤနေရာတွင် ခွန်အားကသာ အရေးပါသည်။

ဟန်မူယဲ့က ခွန်အားရှိနေသည်။

ကျန်းကျန်ပေါင်က မျှော်လင့်ချက်များနှင့်အတူ တည်ငြိမ်နေသော ဟန်မူယဲ့ကို ကြည့်သည်။

သူက ဟန်မူယဲ့အပေါ်တွင် လောင်းကြေးထပ်ထားခဲ့သည်။

“ဘုန်း”

နေ့တစ်ဝက်အကြာတွင် အနောက်အရပ်မှ တုန်ခါသံကို ကြားရသည်။

အစိမ်းပုပ်ရောင်မိစ္ဆာအလင်းသည် တိမ်တိုက်များကို ထိုးခွဲပြီး ယွင်လန်မြို့သို့ ရောက်လာသည်။

ထိုအလင်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းများသည် အလွန်ပြင်းထန်လှသည်။

မိုင်တစ်ရာအတွင်း၌ရှိသော လူတိုင်းက ခေါင်းမော့ကြည့်လိုက်ကြသည်။

ယခုအချိန်၌ မြို့ထဲတွင် လူဦးရေ ငါးပုံတစ်ပုံသာ ကျန်တော့သည်။

တခြားလူများက မြို့အပြင်ဘက်သို့ ရောက်နေပြီး စောင့်ကြည့်နေကြသည်။

“အဲဒါက ဝံပုလွေစိမ်းကလန်ရဲ့ မိစ္ဆာသူတော်စင်ပဲ”

မိစ္ဆာကျင့်ကြံခြင်းမှတစ်ဆင့် သူတော်စင်တစ်ပါး ဖြစ်လာသည်။

ထိုကျွမ်းကျင်သူမျိုးသည် မိုင်ထောင်ချီပတ်ဝန်းကျင်ကို ဖိနှိပ်နိုင်သည်။

“မြက်စိမ်းတောင်တန်းမှာ မိစ္ဆာသူတော်စင်သုံးပါးရှိတယ်။ သူတို့ထဲမှာ အကြမ်းတမ်းဆုံးက အစိမ်းရောင်ဝံပုလွေ ချူကျီးဝူပဲ”

မြို့အပြင်ဘက်တွင် ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

“ဝေးဝေးသွားကြရအောင်။ သူတော်စင်တွေရဲ့တိုက်ပွဲက တောင်တန်းတွေကို ဖျက်ဆီးပြီး မြေပြင်ကို အက်ကွဲသွားစေလိမ့်မယ်”

အင်မော်တယ်ကမ္ဘာသည် တည်ငြိမ်သောကြောင့် လေဟာနယ်ကို လွယ်ကူစွာ မထိုးဖောက်နိုင်ပေ။

သို့သော် လူသားအင်မော်တယ်အဆင့်သို့ ရောက်နေသော ကျွမ်းကျင်သူများက အလွန်သန်မာကြသည်။ သူတို့က လှုပ်ရှားမှုတစ်ခုတည်းဖြင့် တောင်တန်းများကို ဖျက်ဆီးနိုင်သည်။

“ကောင်လေး၊ မင်းက သေချင်လို့ ငါတို့ဝံပုလွေစိမ်းကလန်ကို ရန်စနေတာပဲ”

ဝံပုလွေအူသံ၏နောက်တွင် အော်ဟစ်သံကို ကြားနိုင်သည်။

ပေတစ်ထောင်ကြီးမားသော ဝံပုလွေပုံရိပ်သည် ယွင်လန်မြို့၏ ဗဟိုရင်ပြင်သို့ ဆင်းသက်လာခဲ့သည်။

ဟန်မူယဲ့က နေရာတွင်ရပ်ပြီး မိစ္ဆာကိုမျှားခေါ်ရန် ဓားအလင်းကို ထုတ်လွှတ်သည်။

ကျောက်ချန်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုတ်သည်။

အကယ်၍ ဟန်မူယဲ့က လွှမ်းမိုးနိုင်စွမ်း တည်ဆောက်ချင်လျှင် ကိုယ်တိုင်လုပ်ဆောင်ရမည်။

“ခလွမ် ....”

ဓားရှည်ကို ဆွဲထုတ်လိုက်သောအသံက ပဲ့တင်ထပ်သွားသည်။

သာယာသော ဓားမြည်သံသည် မိုင်ရာချီအကွာအထိ လွင့်ပျံသွားသည်။

“ဓားကောင်းတစ်လက်ပဲ”

“အနည်းဆုံး မှော်ရတနာဓားပဲ”

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်လား”

နတ်အာရုံများသည် ဓားအလင်းဆီသို့ ရောက်လာကြသည်။

ပေတစ်ထောင်ရှည်လျားသော ဓားအလင်းသည် အစိမ်းရောင်များကြားတွင် ရွှေရောင်အလင်းကို ထုတ်ပေးနေသည်။

ထိုဓားအလင်းသည် မိုင်တစ်ရာအကွာတွင်ရှိသော လူများကိုပင် အေးစက်သွားစေသည်။

All Chapters