အနူးဘစ်
Vol. 9 Ch. 24
တိုက်ပွဲပြီးတဲ့နောက်တော့ အေမီက စေဘာစတိန်းရဲ့လက်နက်သိုလှောင်ခန်းတွေထဲက တစ်ခုကိုဖွင့်ပြီး ယာမီရဲ့နှလုံးသားကို ထည့်လိုက်တယ်။ ဒီနှလုံးနဲ့ပတ်သက်ပြီး သူတို့ဘာဆက်လုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ စေဘာစတိန်းထဲမှာ ခနသိမ်းထားလို့လည်း ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး။ ယာမီရဲ့နှလုံးက ဘယ်လိုပဲဖြစ်ဖြစ် မရပ်တန့်နိုင်ဘူး။
တစ်ဖက်မှာတော့ လီဆာက ပျက်စီးနေတဲ့ နည်းပညာဝတ်စုံကို ဆက်ဝတ်ပြီးရပ်နေတဲ့ မက်ဒါနာကို ကြည့်လိုက်တယ်။ လီဆာရဲ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေရှိနေသေးပေမဲ့ မက်ဒါနာရဲ့အခြေအနေကို သူပိုပြီးစိုးရိမ်နေပါတယ်။ မက်ဒါနာက ရေဂင်ကိုအနိုင်ယူဖို့အတွက် ဖီးနစ်ပုံစံကို ထပ်ပြီးအသုံးပြုခဲ့ရတယ်။ တစ်နည်းအားဖြင့် သက်တမ်းတချို့ကို ဆုံးရှုံးခဲ့ရပြန်ပြီ။
“တောင်းပန်ပါတယ်....” လီဆာက ငိုကြွေးနေရင်းနဲ့ပဲ မက်ဒါနာကိုပွေ့ဖက်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေစီးဆင်းနေပြီး ခေါင်းကို ငွေရောင်စစ်သည်ရဲ့ပခုံးပေါ်မှာတင်ထားတာ ငိုကြွေးနေလို့ပေါ့။
“သမီးသာ စိတ်ထင်ရာမလုပ်ခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆိုရင် စကားနားမထောင်ဘဲ ထွက်သွားတာမျိုးမလုပ်တော့ပါဘူး။”
လူသားတစ်ယောက်ရဲ့သက်တမ်းက ဘယ်လောက်ထိအရေးပါလဲဆိုတာ လီဆာနားလည်ပါတယ်။ သူ့ကိုကယ်ဖို့အတွက် မက်ဒါနာက သက်တမ်းတစ်ခုကိုပေးဆပ်ရပြီးပြီ။ ဖီးနစ်ပုံစံကို မက်ဒါနာသုံးလေလေ၊ သူတို့အနားမှာ မက်ဒါနာနေရမယ့်အချိန် ပိုနည်းလာလေလေပါပဲ။ ဒါကြောင့် သူ့ကိုယ်သူအပြစ်ရှိသလို ခံစားလာရတယ်။
“ဖယ်စမ်း....”
“ဟင်...”
ငွေရောင်စစ်သည်က လီဆာရဲ့ပွေ့ဖက်ထားတဲ့ လက်တွေကို ဖယ်ရှားပစ်လိုက်ပြီး လီဆာရဲ့ခန္ဓာကိုယ်ကို လက်နဲ့တွန်းလိုက်တယ်။ မက်ဒါနာရဲ့အပြုအမူကို နားမလည်နိုင်တာကြောင့် လီဆာက မက်ဒါနာကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်လိုက်တယ်။ အေမီကလည်း မက်ဒါနာကို စပြီးသတိထားစောင့်ကြည့်တယ်။
“နင်လုပ်လို့ အချိန်တွေအများကြီး ဖြုန်းတီးပြီးသားဖြစ်သွားပြီ။ ဖရန့်ကိုကယ်ဖို့ ငါတို့မှာအချိန်အများကြီးမရှိတော့ဘူး။ နင့်နှလုံးသွေးကြောကို ငါ့ကိုပေး။”
ငွေရောင်စစ်သည်က လီဆာကို လက်ဖြန့်တောင်းတယ်။ သူ့ပတ်ဝန်းကျင်မှာ ပြောပြမတတ်လောက်အောင် ရန်လိုတဲ့အရှိန်အဝါတစ်ခုရှိနေပြီး လီဆာက ကြောက်ကြောက်လန့်လန့်နဲ့ နောက်ကိုဆုတ်လိုက်ပါတယ်။
“မမလေး၊ တကယ်လို့ လီဆာရဲ့နှလုံးသွေးကြောကို လိုတယ်ဆိုရင်တောင်မှ ကျောင်းကိုပြန်ပြီး လုံခြုံစွာနဲ့ ထုတ်ယူနိုင်မယ့်နည်းလမ်းကို ရှာသင့်တယ်မဟုတ်လား။ ပြီးတော့ ဖရန့်ကိုကယ်ဖို့အတွက် တခြားနည်းတွေလည်း ရှိဦးမှာပါ။”
“ကျေးဇူးပြုပြီး ကျားဖြူပုံစံကို ပယ်ဖျက်လိုက်ပါ။ အဲဒီပုံစံကို သခင်မလေးသုံးတာများလေလေ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးလာလေလေပဲ။”
အေမီက မက်ဒါနာနဲ့ဖရာလီတာကြားထဲမှာ ဝင်ရပ်ပြီးပြောလိုက်တယ်။ အေမီရဲ့မျက်နှာထားက တည်ကြည်လေးနက်နေပြီး ဒီကိစ္စကို တတ်နိုင်သမျှ အကောင်းဆုံးကိုင်တွယ်ဖို့ ကြိုးစားနေတဲ့ပုံပါပဲ။
“သောက်အိမ်စေမ....” ငွေရောင်စစ်သည်ဆီကနေပြီးပဲ့တင်သံပါတဲ့ စကားသံထွက်ပေါ်လာကာ အေမီရဲ့လည်မျိုကို ဖမ်းညှစ်လိုက်တယ်။ အေမီက အတောင်ကိုဖြန့်ပြီး ပျံပြေးချင်ပေမဲ့ ငွေရောင်စစ်သည်ရဲ့ပုံစံက ချက်ချင်းပြောင်းလဲသွားပြီး ကျားဖြူအဖြစ်ကို ပြောင်းသွားတာကြောင့် အေမီပြေးမလွတ်တော့ဘဲ ဖမ်းဆီးခံလိုက်ရတယ်။
“လီဆာပြေးတော့... အဲဒါမက်ဒါနာမဟုတ်ဘူး။”
ဓားကိုကိုင်ပြီး ပုံစံပြောင်းစရာမလိုကတည်းက အဲဒီလှုပ်ရှားမှုကို ပြုလုပ်လိုက်တဲ့သူက မက်ဒါနာမဟုတ်မှန်း အေမီမှန်းမိပါတယ်။ လီဆာကလည်း တုံ့နှေးမိသွားပေမဲ့ အခြေအနေကို ချက်ချင်းသတိထားမိသွားပြိး နဂါးတစ်ပိုင်းအဖြစ်ပြောင်းပျံပြေးပါတယ်။
“မမလေးရဲ့ခန္ဓာကိုယ်ကို နင့်စိတ်ကြိုက် ယူသုံးခွင့်မပေးနိုင်ဘူး။” အေမီကတော့ လည်မျိုညှစ်ခံထားရရင်းကနေပဲ ကျားဖြူစစ်သည်ရဲ့ရင်ဘတ်ကို ခြေစုံကန်လိုက်တယ်။ ကျားဖြူစစ်သည်က ပေါ့လျော့နေတဲ့အတွက် နောက်ကိုဆုတ်လိုက်ရပြီး အေမီရဲ့လည်တိုင်ကို လက်လွတ်ပေးလိုက်မိတယ်။ အေမီကတော့ အတောင်ပံကိုဖြန့်ပြီး အလင်းဒြပ်စင်ငှက်မွှေးတောင်တွေနဲ့ တိုက်ခိုက်လိုက်ပါပြီ။
“သခင်ကိုအာခံချင်တာလား၊ နင့်တာဝန်က ငါ့အမိန့်ကို နာခံရုံပဲ။” ကျားဖြူစစ်သည်က လက်ကိုဝေ့ယမ်းလိုက်ပြီး အေမီရဲ့ငှက်မွှေးတောင်တွေကို ဖယ်ရှားပစ်တယ်။ လီဆာကတော့ ပျံသန်းပြေးလွှားနေရင်းက ခပ်ဝေးဝေးရောက်နေပြီ။ သူက အေမီနဲ့မက်ဒါနာရဲ့တိုက်ပွဲကို တစ်ချက်လှမ်းကြည့်ပြီးနောက် မက်ဒါနာကို စိုးရိမ်ပူပန်လာတယ်။
“ကျားဖြူက တစ်ချိန်လုံး သူ့ရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနေခဲ့တာလား။”
စောင့်ရှောက်သူသားရဲတွေက အင်မတန်စွမ်းအားကြီးတဲ့ သတ္တဝါတွေပါ။ သူတို့မှာ သူတို့ကိုယ်ပိုင်အတ္တဆိုတာရှိကြပြီး သူတို့ရဲ့ပိုင်ရှင်တွေကို လွှမ်းမိုးနိုင်ကြပါတယ်။ ဒါကြောင့်လည်း အဲဒီလွှမ်းမိုးမှုကို ခုခံနိုင်ပြီးတော့ စွမ်းအားကိုထိန်းကြောင်းနိုင်သူတွေကိုသာ စွမ်းအားလက်ဆင့်ကမ်းပေးဖို့ ထိန်းကြောင်းသူအဆက်ဆက်က သဘောတူခဲ့တာပါ။ သားရဲတွေထဲမှာ နဂါးပြာနဲ့ဖီးနစ်ငှက်လို သိမ်မွေ့ပြီး ထိန်းကြောင်းရလွယ်တဲ့ စောင့်ရှောက်သူတွေဆိုပေမဲ့ လိပ်နက်က လောဘကြီးပြီး ကျားဖြူက အတ္တကြီးတဲ့အတွက် ထိန်းကြောင်းရခက်တဲ့ သားရဲတွေပါ။
...
“သခင်မလေး၊ ကျေးဇူးပြုပြီးတော့ သတိထားပါဦး။ဒီလိုလုပ်ရပ်တွေက မမလေးလုပ်ရမယ့်အရာတွေမဟုတ်ဘူး။”
အေမီက မက်ဒါနာကို တိုက်ခိုက်နေပေမဲ့ သူတို့နှစ်ယောက်ကြားထဲက စွမ်းအားက အတော်ကွာခြားပါတယ်။ မကြာခင်မှာပဲ ကျားဖြူစစ်သည်က ပျံသန်းနေတဲ့ အေမီရဲ့ခြေထောက်တစ်ချောင်းကို ဖမ်းမိသွားပြီး ခြေကနေဆောင့်ဆွဲကာ ခြေပြင်နဲ့ကိုက်ပေါက်လိုက်တယ်။
ဘုန်း....
စစ်နတ်သမီးဝတ်စုံက အမြန်နှုန်းဦးစားပေးဝတ်စုံဖြစ်လို့ ထိခိုက်မှုတွေကို ကာကွယ်ပေးတဲ့နေရာမှာ သိပ်မကောင်းပါဘူး။ ဒါကြောင့် အေမီရဲ့ခြေထောက်တစ်ဖက်က ဒူးကနေပြုတ်ထွက်သွားပြီး လက်မောင်းတစ်ဖက်လည်း အက်ကွဲသွားတယ်။ စက်ရုပ်တစ်ရုပ်မလို့ နာကျင်မှုကို မခံစားရပေမဲ့ သခင်မလေးကို မတားဆီးနိုင်တဲ့အတွက် အေမီဝမ်းနည်းလာတယ်။
“မမလေး... ကျေးဇူးပြုပြီး အမှားတွေဆက်မလုပ်ပါနဲ့တော့။”
ကျားဖြူစစ်သည်ထဲမှာရှိနေတဲ့ မက်ဒါနာကတော့ နားမထောင်ဘူး။ အဲဒီအစား ဆက်ပြီးမတိုက်ခိုက်နိုင်တော့တဲ့ အေမီကိုလစ်လျူရှုပြီး ကောင်းကင်ပေါ်ကို ပျံတက်ကာ ကြောင်ပြီးကြည့်နေမိတဲ့ လီဆာနောက်ကိုစလိုက်တယ်။ လီဆာလည်း ထိတ်လန့်သွားပြီးတော့ ကျားဖြူကိုခုခံဖို့ လုပ်ရတော့တာပေါ့။
....
“ငါသာ ဒီထက်ပိုပြီး စွမ်းအားကြီးခဲ့ရင် မမလေးကို ကူညီပေးနိုင်မှာပဲ။”
အေမီက နေညိုပြီဖြစ်တဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ လက်ရှိမက်ဒါနာက သူ့ထက်စွမ်းအားကြီးလွန်းတဲ့အတွက် အေမီအနေနဲ့ ထိထိရောက်ရောက် ဘာမှမလုပ်နိုင်ပါဘူး။ အစောကြီးကတည်းက မက်ဒါနာတစ်ခုခုလွဲနေမှန်းသိပေမဲ့ သတိပေးရုံအပြင် သူဘာမှမလုပ်နိုင်ခဲ့ဘူး။
ဝုတ်... ဝုတ်....
မက်ဒါနာကြောင့်ဖြစ်လာတဲ့ မြေတွင်းချိုင့်ထဲမှာ လဲနေရင်းကနေ အေမီက ခွေးဟောင်သံကြားရာကို ကြည့်လိုက်တော့ တိုက်ပွဲထဲဝင်မပါမိအောင် ရှောင်နေတဲ့စေဘာစတိန်းဖြစ်နေတာကို တွေ့လိုက်ရတယ်။
“နင်လည်း သခင်မလေးကို မကူညီနိုင်လို့ စိတ်ညစ်နေတာလား။” အေမီက မေးလိုက်တော့ ခေါင်းသုံးလုံးခွေးကြီးက ခေါင်းညိတ်ပြတယ်။ အဲဒီနောက်တော့ သူ့ရဲ့လက်နက်သေတ္တာအကန့်ကိုဖွင့်လိုက်ပြီး ယာမီရဲ့နှလုံးသားကို အေမီမြင်အောင်ပြလိုက်တယ်။
“နင်က ငါ့ကိုဒါသုံးပြီး မမလေးကို တားစေချင်တာလား။”
အေမီက အကောင်းအတိုင်းကျန်နေသေးတဲ့လက်နဲ့ ယာမီရဲ့နှလုံးကိုကောက်ယူလိုက်တယ်။ အဲဒီနောက်တော့ သူ့မျက်လုံးကိုမှိတ်ပြီး ဂြိုဟ်ပတ်လမ်းထဲက ဂြိုဟ်တုဂိုင်ယာကို လှမ်းဆက်သွယ်ပါတယ်။
....
[အမိန့်ကိုလက်ခံရရှိ၊ စစ်ကူပို့ပေးရန် စတင်လုပ်ဆောင်။]
ဂိုင်ယာရဲ့အစိတ်အပိုင်းတွေ စတင်လည်ပတ်လာပြီး တံခါးပေါက်တစ်ခုကို ဖွင့်ပေးလိုက်တယ်။ အဲဒီအပေါက်ထဲမှာတော့ စစ်နတ်သမီးစက်ရုပ်တွေပါတဲ့ အခေါင်းလိုတစ်ခါသုံးယာဥ်ပျံတွေရှိနေပြီး ဂြိုဟ်တုက ယာဥ်ပျံငယ်နှစ်စင်းကို ဘရာဇီးနိုင်ငံရှိရာဆီကို ပစ်လွှတ်လိုက်တော့တယ်။
....
“မက်ဒါနာက ရက်စက်တဲ့လူတစ်ယောက်မဟုတ်မှန်းသမီးသိပြီးသား။ အခုလိုဖြစ်သွားတာလည်း သမီးအပြစ်ပါပဲ။ သမီးသာ အခုလိုတစ်ဇောက်ကန်းထွက်မပြေးခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။”
လီဆာလည်း အေမီပြောတာကိုကြားတယ်။ မက်ဒါနာက သူ့အတွက် ရေဂင်ကိုတိုက်ခိုက်ပေးခဲ့ရင်းကနေအခုလိုအခြေအနေကိုရောက်သွားတာ။
“ဒါတွေအကုန်လုံး ငါ့အမှားတွေ၊ ငါ့အမှားတွေ။” လီဆာက လက်ဖျံနှစ်ဖက်ကို ပူးကပ်လိုက်တယ်။ ကျားဖြူစစ်သည်က သူ့ရှေ့ကိုရောက်လာပြီဖြစ်ပြီးတော့ လက်သီးနဲ့ထိုးချလိုက်တယ်။ လီဆာရဲ့လက်ဖျံနဲ့ ကျားဖြူရဲ့လက်သီးထိမိပြီးတဲ့နောက် လီဆာက မြေပေါ်ကိုပြုတ်ကျသွားတယ်။
“အား...” လီဆာရဲ့ဆိုးယုတ်မှုအငွေ့အသက်တွေကြောင့် အပြီးသတ်ပြန်မကောင်းသေးတဲ့ ဒဏ်ရာတွေက အဲဒီလက်သီးချက်ကြောင့် ပြန်ပွင့်ကုန်ပြီး သွေးတွေစီးကျလာတယ်။
“နင့်ရဲ့နှလုံးသားကိုပေးစမ်း...” ကျားဖြူစစ်သည်က ဒဏ္ဍာရီလာဓားကို ဆွဲကိုင်ပြီးတော့ လီဆာရဲ့ရင်ဘတ်ကိုထိုးနှက်လိုက်တယ်။ လီဆာက ရှောင်လိုက်တာကြောင့် ရင်ဘတ်ကိုမထိတော့ပေမဲ့ ဘယ်ဘက်နံဘေးကို ရှသွားပြီး နံကြားကနေ သွေးတွေစီးကျလာခဲ့ပါပြီ။
“တကယ်ပဲ မက်ဒါနာက ငါ့ရဲ့နှလုံးသွေးကြောကိုရမှ ဒီတိုက်ပွဲကိုရပ်မှာလား။”
လီဆာရဲ့နားထင်ကနေ ဇောချွေးတွေစီးကျလာပါပြီ။အခုအခြေအနေက သူကိုင်တွယ်နိုင်တာထက် ကျော်လွန်နေတယ်။ ရေဂင်ဆီမှာ ချုပ်နှောင်ခံရတဲ့အချိန်က သိပ်ကိုကြာညောင်းခဲ့တဲ့အတွက် ဆိုးယုတ်ခြင်းစွမ်းအင်တွေက လီဆာရဲ့အရိုးထဲအထိ သက်ရောက်နေတာပါ။ သူ့အနေနဲ့ နဂါးပုံစံအပြည့်ကိုပြန်ပြောင်းဖို့ မဖြစ်နိုင်သေးဘူး။ လက်ရှိသူ့ခန္ဓာကိုယ်အခြေအနေက ရေဂင်ဖမ်းတာခံရခါစအချိန်ကထက် အနည်းငယ်ပိုကောင်းနေရုံပဲ ရှိသေးတာပါ။
“ဒါပေမဲ့ ငါ့နှလုံးသွေးကြောကို ရသွားတာတောင်မှ သူဆက်ပြီး တဇောက်ထိုးလုပ်နေရင် ဘယ်လိုလုပ်မလဲ။”
လီဆာအနေနဲ့ သူ့နှလုံးသွေးကြောပေးလိုက်လို့ မက်ဒါနာပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်ဆိုရင် ချက်ချင်းပေးလိုက်မှာပါ။ ဒါပေမဲ့ အဲဒီလိုဖြစ်နိုင်ခြေက သိပ်ကိုနည်းတယ်။ ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာတောင်မှ ဆက်ပြီးအဆင်ခြင်မဲ့ သောင်းကျန်းနေဦးမယ်ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အန္တရာယ်များပါတယ်။
“သေစမ်း၊ ကြည့်ရတာ ငါ့မှာဆက်ပြီးခုခံနေရုံအပြင် တခြားရွေးချယ်စရာမရှိဘူးထင်တယ်။” လီဆာက စိတ်ပျက်ပျက်နဲ့ ရေရွတ်လိုက်မိတယ်။
....
“အစားထိုးမှုလုပ်ငန်းစဥ်၊ အောင်မြင်။” အေမီက အသစ်တပ်ပြီးတဲ့ လက်အသစ်တစ်ဖက်နဲ့ ခြေအသစ်ကို ပြန်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ ဂိုင်ယာကနေပို့လိုက်တဲ့ စက်ရုပ်နှစ်ရုပ်က ရောက်လာပြီဖြစ်ပြီးတော့ တစ်ရုပ်က သူ့ရဲ့ခြေလက်တွေကိုစတေးကာ တခြားတစ်ရုပ်ကတော့ အေမီကိုပြန်ပြင်ဆင်ပေးပါတယ်။ သာမန်စစ်နတ်သမီးရုပ်တွေမှာက အရေပြားတုမပါတဲ့အတွက် အေမီရဲ့အစားထိုးထားတဲ့အပိုင်းတွေက ဇက်သတ္တုရောင်တောက်တဲ့စက်ပစ္စည်းအပိုင်းအစတွေဖြစ်နေပေမဲ့ အေမီက ဂရုမစိုက်ပါဘူး။
“မမလေးကို ပြန်ခေါ်လာဖို့ အချိန်တန်ပြီ။” အေမီက လက်ထဲမှာ ယာမီရဲ့နှလုံးကိုကိုင်ထားရင်း စေဘာစတိန်းကို ကြည့်လိုက်တယ်။ စေဘာစတိန်းကတော့ သူ့ရဲ့စွမ်းအင်ဗဟိုချက်ကို ဖွင့်လှစ်ပြသတယ်။ အေမီက ယာမီရဲ့နှလုံးသားကို စွမ်းအင်ဗဟိုချက်ထဲထည့်ကာ တပ်ဆင်လိုက်တယ်။ ယာမီရဲ့နှလုံးသားက ဓာတ်ပေါင်းဖိုငယ်ထဲ နစ်မြုပ်သွားပြီး ဓာတ်ပေါင်းဖိုရဲ့ဗဟိုချက်အဖြစ် စခုန်တယ်။
အာဝူး....
စေဘာစတိန်းရဲ့ခေါင်းသုံးလုံးက တစ်ပြိုင်တည်းအူလိုက်တယ်။ သူတို့မျက်လုံးတွေက ခရမ်းရောင်ဖြစ်သွားပြီး ကြီးမားတဲ့ဆိုးယုတ်ခြင်းစွမ်းအင်လှိုင်းတွေက ပတ်ဝန်းကျင်ကို ပြန့်နှံလာပါတော့တယ်။
“စေဘာစတိန်း၊ ပေါင်းစပ်ကြမယ်။” အေမီကတော့ ဓားနှစ်လက်ကိုဆုပ်ကိုင်ပြီး ထရပ်လိုက်တယ်။ ခွေးနက်ကြီးကတော့ ခေါင်းညှိတ်ပြီး အေမီအပေါ်ကို ခုန်တက်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အေမီနဲ့စေဘာစတိန်းက ပေါင်းစပ်သွားတယ်။
[Booster Form: Anubis]
ခွေးနက်ကြီးရဲ့ပင်မခေါင်းက အေမီရဲ့ခေါင်းစောင်းအသစ်ဖြစ်လာပြီး အေမီရဲ့မျက်နှာက အီဂျစ်နတ်ဘုရားမ အနူးဘစ်နဲ့တကယ်တူသွားပြီး အနက်ရောင်ဆံသားရှည်တွေက သူ့ကျောနောက်မှာဖြာကျနေတယ်။ တခြားခေါင်းနှစ်လုံးကတော့ ပခုံးနှစ်ဖက်ပေါ်ကျရောက်သွားပြီး သူတို့ရဲ့စွမ်းအင်အမြောက်တွေက
ကျောဘက်ကိုဦးတည်ထားပြီး ဝတ်စုံအတွက် ဂျက်တွေအဖြစ်တာဝန်ယူမှာပါ။
ကျန်တဲ့ခွေးနက်ကြီးရဲ့အစိတ်အပိုင်းတွေကတော့ အေမီအတွက်ပိုထူးတဲ့ ချပ်ဝတ်တန်ဆာတွေဖြစ်လာတယ်။ စေဘာစတိန်းရဲ့အမြောက်တွေလည်းရှိနေသေးပြီး အေမီရဲ့တောင်ပံတွေကတော့ ဆိုးယုတ်ခြင်းစွမ်းအင်တွေရဲ့လွှမ်းမိုးမှုကြောင့် ခရမ်းရောင်ပြောင်းသွားကြပြီ။
“မမလေးရဲ့ဝတ်စုံကို ငါတို့ဖျက်ဆီးရမယ်။ ဒါက ငါတို့တာဝန်ပဲ။”
အေမီက အသုံးမဝင်တော့တဲ့ ဓားနှစ်လက်ကိုပစ်ချလိုက်တယ်။ အဲဒီအစား သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့အောက်မှာရှိနေတဲ့အရိပ်နက်က ကျယ်ပြန့်လာကာ မြွေနဂါးပုံရိပ်ကြီးထွက်လာတယ်။ နောက်တော့ အဲဒီမြွေနဂါးပုံရိပ်က ပုံသဏ္ဍာန်ထင်ထင်ရှားရှားမရှိတဲ့ လူတစ်ရပ်စာမြင့်တဲ့ သေမင်းကိုင် ကောက်ရိတ်ဓားကောက်ကြီးအဖြစ်ကို ပြောင်းလဲသွားတော့တယ်။
ဝှစ်....
အေမီက အရိပ်တစ်ခုအသွင်ပြောင်းသွားပြီး နေရာမှာတင်ပျောက်သွားတယ်။
....
တစ်ဖက်မှာတော့ ကျားဖြူစစ်သည်က လီဆာကို အသာစီးရနေပြီး မြေပေါ်ကိုကိုင်ပေါက်လိုက်တယ်။ အဲဒီနောက် လီဆာရဲ့ရင်ဘတ်ကို ခြေထောက်နဲ့နင်းပြီး ဒူးကိုကွေးခါးကိုကိုင်းကာ ရင်ဘတ်ကိုဓားနဲ့ထိုးဖောက်ဖို့ ကြိုးစားနေတယ်။
ဝှစ်....
“ရပ်လိုက်တော့...” အေမီက ကျားဖြူနောက်မှာပေါ်လာပြီးပြီးချင်းပဲ ကောက်ရိတ်ဓားကို ယမ်းလိုက်တယ်။ ဓားက ကျားဖြူစစ်သည်ရဲ့ခါးကိုထိမိသွားပြီးနောက် ချက်ချင်းပုံစံပြောင်းသွားတယ်။ ကောက်ရိတ်ဓားက မြွေနဂါးအဖြစ်ကို ပြောင်းသွားတာဖြစ်ပြီး အခြေယိုင်သွားတဲ့ ကျားဖြူကို အမြီးနဲ့ရိုက်ကာ အဝေးကိုပစ်ထုတ်ပစ်လိုက်တယ်။
“အေမီ၊ ဒီပုံစံက...” လီဆာလည်း မက်ဒါနာဖိထားတာကနေ လွတ်လာပြီဖြစ်တဲ့အတွက် ပြန်ထလိုက်ပြီး အေမီကိုမေးတယ်။
“အေး၊ ယာမီရဲ့နှလုံးသားလေ။” အေမီက ပြောရင်းနဲ့လက်ကိုဆန့်ထုတ်လိုက်တယ်။ လေထဲမှာရှိနေတဲ့ မြွေနဂါးက ကောက်ရိတ်ဓားပြန်ဖြစ်သွားပြီး အေမီရဲ့လက်ထဲ ပြန်ရောက်လာတယ်။
“မြွေနဂါးရဲ့စွမ်းအားက မူလပုံသဏ္ဍာန်ဆိုတာမရှိဘူး။ အသုံးပြုသူအပေါ်မှာပဲမူတည်တယ်။ ရေဂင်က အရိပ်လက်ဆိုတော့ ငါက အရိပ်ကောက်ရိတ်ဓားပေါ့။”
အေမီက ကောက်ရိတ်ဓားလက်ထဲပြန်ရောက်ပြီးပြီးချင်းမှာပဲ ဒူးကိုကွေးညွှတ်လိုက်ပြီး လေပေါ်ပျံတက်တယ်။ သူ့လက်မောင်းမှာရှိနေတဲ့ ခွေးခေါင်းနှစ်လုံးကလည်း အလင်းဒြပ်စင်တွေကို အန်ထုတ်ပေးပြီးတော့ ဂျက်အင်ဂျင်တွေအဖြစ်လှုပ်ရှားတယ်။ အေမီရဲ့အမြန်နှုန်းက အသံမြန်နှုန်းရဲ့ခြောက်ဆအထိတက်သွားပြီး လေပေါ်ကနေ ပြန်ပြုတ်ကျမလာသေးတဲ့ ကျားဖြူစစ်သည်ရဲ့မျက်နှာကို ဖြတ်ထိုးလိုက်တယ်။
“နင်က ငါ့မမလေးကို အသုံးချချင်တယ်ပေါ့။ အရင်ဆုံး ငါ့ကိုခွင့်ပြုချက်တောင်းဖို့လိုသေးတယ်။”
ကျားဖြူကတော့ အေမီရဲ့စကားကိုနားမလည်တဲ့အတွက် ခေါင်းကိုစောင်းငဲ့ပြီးကြည့်လိုက်တယ်။ အေမီကတော့ တစ်ဖက်မှာကိုင်ထားတဲ့ ကောက်ရိတ်ဓားနဲ့ကျားဖြူရဲ့ရင်ဘတ်ကို ခုတ်ချလိုက်တယ်။
ဘုန်း.....
ငွေရောင်စစ်သည်ဝတ္ထုက သတ္တုစတချို့ပဲ့ကြွေသွားတယ်။ ငွေရောင်စစ်သည်ဝတ်စုံက နဂိုကတည်းက ပျက်စီးနေပြီးသားဖြစ်တာကြောင့် ကျားဖြူပုံစံကြောင့်သာ ဆက်ပြီးလှုပ်ရှားနေနိုင်သေးတာပါ။ အေမီရဲ့ပြင်းထန်တဲ့ တိုက်ကွက်ကိုခုခံရချိန်မှာတော့ ဘယ်လိုမှတောင့်မခံနိုင်တော့ပါဘူး။
“အေမီ၊ နင်ကများ...” မက်ဒါနာရဲ့ဝတ်စုံထဲကနေပြီး တုံ့ပြန်သံထွက်လာတယ်။ မက်ဒါနာရဲ့လေသံနဲ့တူပေမဲ့ လေသံက အက်ကွဲနေပြီးတော့ ရှတတနိုင်ပါတယ်။ကျားဖြူစစ်သည်က ဒဏ္ဍာရီလာဓားကိုဆုပ်ကိုင်ပြီး အေမီကိုပြန်တိုက်တယ်။ မိုးကြိုးစွမ်းအားတွေက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပေမဲ့ အေမီက ဂရုမစိုက်တော့ပါဘူး။ ကောက်ရိတ်ဓားကို ဝေ့ယမ်းနေရင်းနဲ့ပဲ ဒဏ္ဍာရီလာဓားကို ပြန်အဖြေပေးလိုက်ပါတယ်။
ဘုန်း... ဘုန်း... ဘုန်း....
အနူးဘစ်နဲ့ကျားဖြူစစ်သည်ရဲ့ကောင်းကင်ပေါ်က တိုက်ပွဲက သိပ်ကိုပြင်းထန်တယ်။ လီဆာလည်း ကြည့်နေရင်းကနေ ကောင်းကင်ကြီးပြိုကျလာတော့မလို ထင်မိတဲ့အထိပဲ။ အေမီအတွက်ကံကောင်းတာက ကျားဖြူစစ်သည်ဟာ သူ့ရဲ့Magnificent Skill ကိုတစ်ကြိမ်သုံးပြီးပါပြီ။ ပြီးတော့ အဲဒီတစ်ကြိမ်မှာလည်း မက်ဒါနာကိုသတ်မိလုနီးပါးဖြစ်သွားတာကြောင့် မသုံးရဲသလိုသုံးလည်းမသုံးနိုင်သေးပါဘူး။ ဒါကြောင့် အေမီက လုံးဝအသာစီးရထားတယ်။
“ငါ့သခင်မလေးရဲ့ခန္ဓာကိုယ်ကနေ ထွက်သွားလိုက်တော့။” အေမီက ကျားဖြူရဲ့မိုးကြိုးတွေကို ခုခံပြီးတဲ့နောက် ကောက်ရိတ်ဓားကို ဝေ့ယမ်းပြီးလှမ်းပစ်ပါတယ်။ ကောက်ရိတ်ဓားက လေထဲမှာချာလည်လည်ပြီး ကျားဖြူစစ်သည်ရဲ့ပခုံးမှာသွားစိုက်တယ်။ စိုက်ပြီးမကြာခင်မှာပဲ မြွေနဂါးအဖြစ်ပြောင်းသွားပြီး မြွေနဂါးက ကျားဖြူစစ်သည်ရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ကာချပ်ဝတ်ကို လုံးဝဖျက်ဆီးပစ်လိုက်တယ်။
ဘုန်း...
ပျက်စီးနေတဲ့ချပ်ဝတ်နဲ့အတူ မက်ဒါနာက မြေပေါ်ပြုတ်ကျသွားပေမဲ့ ချက်ချင်းထလာတယ်။ ချပ်ဝတ်အပိုင်းအစတိုင်းက သူ့ကိုယ်ပေါ်ကနေ ကွာကျသွားပြီး ဒဏ်ရာတွေနဲ့ လူခန္ဓာကိုယ်ပေါ်လာတယ်။ ပုံမှန်ထက် အိုမင်းနေပြီးသွေးတွေနဲ့ရွဲနေတဲ့ မက်ဒါနာရဲ့ပုံစံကြောင့် အေမီရဲ့စိုးရိမ်စိတ်က ပိုကြီးမားလာတယ်။ အထူးသဖြင့် မက်ဒါနာရဲ့မျက်လုံးတွေထဲမှာ ကျားဖြူရဲ့အရိပ်အယောင်ကို တွေ့နေရသေးတဲ့အချိန်မှာပေါ့။
“ငါက နင့်သခင််မလေးရဲ့စိတ်ကို အပြည့်အဝထိန်းချုပ်ပြီးသွားပြီကွ။ မင်းငါ့ကို မောင်းထုတ်လို့မရတော့ဘူး။ ဟားဟားဟား....”
“ဒါဆိုရင် သခင်မလေးရဲ့စိတ်ထဲအထိဝင်ပြီး ရှင့်ကိုတိုက်ထုတ်ပေးပါ့မယ်။” အေမီကလည်း မက်ဒါနာဘေးမှာဆင်းလိုက်ပြီး မက်ဒါနာရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ နဖူးချင်းထိလိုက်တယ်။ နောက်တော့ အေမီရဲ့သိစိတ်က မက်ဒါနာရဲ့သိစိတ်နဲ့ထိစပ်သွားတော့တယ်။