သူတော်စင်ဘုရင်၏ ကောင်းမှုကုသိုလ်
Vol. 61 Ch. 803
“ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာက ကျန်တဲ့ကောင်းကင်ရတနာခြောက်ခုနဲ့ ဆက်သွယ်ပြီး ကောင်းကင်ရတနာအားလုံးရဲ့ စွမ်းအားကို ခန္ဓာကိုယ်ထဲမှာ စုဝေးပေးနိုင်တယ်”
ချင်မူ ခပ်အုပ်အုပ် တစ်ချက် အော်လိုက်သည့်အခါ သူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာများ အသက်ဝင်သွားသည်။ ကောင်းကင်ရတနာတို့၏ ပုံသဏ္ဍာန်များသည် သူ၏ကျောနောက်၌ ဖွဲ့တည်လာ၏။
အားလုံး အလျင်အမြန် လှမ်းကြည့်လိုက်ကြပြီး ကောင်းကင်ထက်မှ စီးကျနေသော ကောင်းကင်နတ်မြစ်ကို မြင်လိုက်ကြရသည်။ မြစ်က သစ်ပင်သန္ဓေဆီသို့ စီးဆင်းသွားပြီးနောက် ကောင်းကင်ရတနာတစ်ခုပြီး တစ်ခု ဖြတ်သန်းကာ အဆုံးမရှိသော သံသရာစက်ဝန်းတစ်ခုကို ဖန်တီးနေသည်။
“ပြီးတော့ အရေးကြီးဆုံးအချက်က ကောင်းကင်နတ်မြစ်က ကောင်းကင်နန်းဆောင်တွေနဲ့ ဆက်သွယ်နေတာပဲ... ကောင်းကင်နန်းဆောင်တွေရဲ့ စွမ်းအားကို ကောင်းကင်ရတနာတွေနဲ့ စွမ်းအားနဲ့လည်း ပေါင်းစည်းပေးထားတယ်... အခုကစပြီး ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖွင့်လိုက်တဲ့ ကောင်းကင်ရတနာတွေဟာ ကောင်းကင်နန်းဆောင်တွေနဲ့ သဟဇာတဖြစ်နေလိမ့်မယ်... နတ်ဘုရားတွေအနေနဲ့ ကောင်းကင်ရတနာတွေရဲ့ စွမ်းအားကို စေစားတဲ့အခါ ပိုလို့တောင် အဆင်ပြေလာလိမ့်မယ်... ဒါက နတ်ဘုရားတွေအတွက် အကျိုးအမြတ်တွေပဲ”
ချင်မူသည် ကောင်းကင်နန်းဆောင်အဆင့်အထိ မကျင့်ကြံရသေးသောကြောင့် အလွန်မြင့်မားသောနေရာရှိ ကောင်းကင်နန်းဆောင်နှင့် သူ၏ကောင်းကင်နတ်မြစ် ဆက်သွယ်နေသည်ကို ရေးရေးမျှသာ ပြနိုင်သည်။
“ဒါပေမဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက အကျိုးအမြတ်အများဆုံး ဖြစ်နေသေးတယ်”
ချင်မူ သူ့အားထုတ်မှု၏ အသီးအပွင့်များအား အားလုံးဆီသို့ ဆက်လက်ပြသနေပြီး ချီစွမ်းအင်ကို လှုပ်ရှားရင်း ကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်နေသည်။ သူ့လက်ထဲတွင် ကောင်းကင်နတ်သိုင်းတို့၏ အသက်ဝင်နှုန်းက အလွန်မြန်နေသဖြင့် သူတို့မှာ သူ ဘာလုပ်နေမှန်း လိုက်မမှီတော့ပေ။
ကောင်းကင်ရတနာအားလုံး တစ်သားတည်း ဖြစ်နေသည့်အတွက် ကောင်းကင်ရတနာအားလုံး၏ စွမ်းအားသည်လည်း တစ်ပြိုင်တည်းဆိုသလို ထွက်ပေါ်လာနိုင်၏။ ထို့အပြင် သူ၏မူလဝိညာဉ်မှာလည်း မယှဉ်သာအောင် သန်မအားကောင်းနေသည်။ မူလကောင်းကင်ရတနာ ကျင့်စဉ်စနစ်တုန်းကထက် များစွာ သန်မာအားကောင်းလာခဲ့သည်။
“ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ရဲ့ ကောင်းကင်ရတနာအားလုံး ဆက်သွယ်သွားရင် သူတို့ရဲ့ မှော်စွမ်းအင်တွေ နှစ်ဆတိုးပွားလာတဲ့အတွက် ချီစွမ်းအင် လှုပ်ရှားတဲ့အချိန်က တစ်ဝက်လျော့သွားရင် လျော့၊ မလျော့ရင် တိုတောင်းသွားတယ်.... ကောင်းကင်နတ်သိုင်းရဲ့ အသက်ဝင်နှုန်းက ပိုပြီး မြန်လာမယ်... မူလဝိညာဉ်လည်း ပိုပြီး သန်မာအားကောင်းလာမယ်”
ချင်မူက ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်လွှတ်၍ အလေးအနက် ပြောသည်။ “ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် သေခြင်းရှင်ခြင်းအဆင့်အထိ ရောက်လာပြီး အတားအဆီးနံရံကို ချိုးဖျက်လိုက်တာနဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာဆီ ရောက်လိမ့်မယ်... ဒီအဆင့်ကို ရောက်တာနဲ့ ကောင်းကင်ရတနာခုနစ်ခုဟာ တစ်သားတည်း ဖြစ်သွားပြီး ... ကောင်းကင်တံတားကနေတစ်ဆင့် တောင်ကောင်းကင်မုခ်ဝအပြင်မှာ ရပ်နေတဲ့ အတုအယောင်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပြီ”
စံအိမ်ထဲတွင် လူအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသော်လည်း နှလုံးခုန်သံများက တဒိန်းဒိန်း ဒုန်းစိုင်းနေကြသည်။
ချင်မူ တီထွင်လိုက်သော ဤကောင်းကင်နတ်မြစ် ကောင်းကင်ရတနာသည် ကောင်းကင်တံတား ကောင်းကင်ရတနာထက် အဆပေါင်းများစွာ သာသွားခဲ့ချေပြီ။
ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာမှတစ်ဆင့် အနာဂတ်အတွက် မျှော်လင့်ချက်၊ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် စည်ကားတိုးနေသော ခေတ်တစ်ခေတ်ကို သူတို့ မြင်ရသည်။
ဧကရာဇ်ယန်ဖုန်းက အက်ကွဲနေသောအသံဖြင့် ပြောသည်။ “ဝန်မင်းချင်၊ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာက ဒီလောက် ပြီးပြည့်စုံလွန်းနေတော့ ဖွင့်ရ မခက်ဘူးလား... လက်ရှိလူသားခန္ဓာထဲမှာ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ မရှိဘူး.... ကျိုးနေတဲ့ ကောင်းကင်တံတားပဲ ရှိတယ်... ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာက ဖွင့်ရခက်မယ်ဆိုရင် ပြည်သူပြည်သားတွေအတွက် သိပ်အသုံးဝင်မှာ မဟုတ်ပေဘူး”
ချင်မူ ပြုံးလိုက်၏။ “ကျွန်တော်တို့ ကောင်းကင်နတ်မြစ်ဆီ သွားပြီး ကောင်းကင်နတ်မြစ်ရဲ့ စွမ်းအားကို ငှားနိုင်ရင် ဖွင့်ဖို့ မခက်တော့ဘူး... ဘယ်လိုဖွင့်ရမလဲ ဆိုတဲ့ နည်းလမ်းကိုတော့ ကျွန်တော် သေချာစိစစ်ပြီးရင် အရှင်မင်းကြီးကနေတစ်ဆင့် ဖြန့်ဝေပေးခိုင်းပါ့မယ်”
ဧကရာဇ်ယန်ဖုန်း အူကြောင်ကြောင် ဖြစ်သွားသည်။ “ကောင်းကင်နတ်မြစ် ဟုတ်လား... ကောင်းကင်နတ်မြစ်က ဘယ်မှာတုန်း”
“အဲဒီမြစ်က မာန်ဟုန်မြစ်အပြင် တခြားမဟုတ်ဘူး... မာန်ဟုန်မြစ်က နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်မြစ် ဖြစ်ခဲ့ဖူးတယ်... ဒီနေရာမှာ ဘယ်လိုလုပ်ပြီး မာန်ဟုန်မြစ် ဖြစ်လာတာလဲတော့ ကျွန်တော်လည်း မသိဘူး”
ချင်မူက ထွေထွေထူးထူး ရှင်းပြမနေတော့ဘဲ ဆက်ပြောသည်။ “မာန်ဟုန်မြစ်ဆီ သွားပြီး မာန်ဟုန်မြစ်ရဲ့ စွမ်းအားကို နားလည်ရင် အဲဒီစွမ်းအားနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွဲ့တည်နိုင်လိမ့်မယ်... မြို့တော်ကနေတောင် မာန်ဟုန်မြစ်ရဲ့ စွမ်းအားကို ခံစားနေရသေးတယ်ဆိုတော့ မာန်ဟုန်မြစ်ကမ်းဘေးမှာဆို ပိုလို့တောင် အားကောင်းလိမ့်မယ်... နားလည်အောင် လုပ်ဖို့လည်း အများကြီး လွယ်ကူမယ်... ကျွန်တော်က ကောင်းကင်နတ်မြစ်ကို တည်ဆောက်ဖို့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ငှားယူခဲ့တာ... ဒီနည်းလမ်းကတော့ ခက်လွန်းတယ်... တော်တော်များများ လိုက်လုပ်နိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ မာန်ဟုန်မြစ်ကို နားလည်အောင် လုပ်ပြီး မာန်ဟုန်မြစ်စွမ်းအားကို ငှားယူလိုက်ရင်တော့ အများကြီး လွယ်ကူရိုးရှင်းသွားလိမ့်မယ်”
ဧကရာဇ်ယန်ဖုန်းမှာ ပို၍ပင် ကြောင်သွား၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မာန်ဟုန်မြစ်... နဂါးထိန်းဧကရာဇ် နေ,နေတဲ့ မာန်ဟုန်မြစ်လား”
သူ ဤအချက်ကို ပြောလိုက်သည့်အခါ ချင်မူ့မျက်နှာသည် မီးသွေးတုံကဲ့သို့ မည်းခြစ်သွားတော့၏။ “ဟုတ်တယ် အဲဒီမာန်ဟုန်မြစ်ပဲ”
ချင်မူသည် မာန်ဟုန်မြစ်နဂါးဘုရင်ဘွဲ့ကို နဂါးထိန်းဧကရာဇ်ဆီသို့ ပေးအပ်ခဲ့ပြီး မာန်ဟုန်မြစ်၏ ရေလမ်းဆက်သွယ်ရေးနှင့် မြစ်ရေထိန်းလုပ်ငန်းများကို လုပ်ဆောင်ပေးရန် မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ပင် ရေးထိုးခဲ့သေး၏။ နဂါးထိန်းဧကရာဇ်အနေဖြင့် မာန်ဟုန်မြစ်ဆီသို့ ပူဇော်ပသမှုများကို အကျိုးခံစားနိုင်ပြီး မြစ်သတ္တဝါများကိုလည်း အုပ်စိုးနိုင်ခဲ့သည်။
“ကောင်းကင်နတ်သိုင်းပညာရှင်ရဲ့ ခန္ဓာကိုယ်ထဲက ကျိုးနေတဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖယ်ရှားဖို့ကိစ္စကတော့ ပိုလို့တောင် လွယ်သေးတယ်”
ချင်မူက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ “သိုင်းပညာကောင်းကင်ဆရာသခင်က ကောင်းကင်တံတား ကောင်းကင်ရတနာကို အလွယ်တကူ ဖျက်စီးပေးနိုင်တယ်ဆိုတော့ မမကြီးတိရီယွဲ့၊ ကောင်းကင်ဆရာသခင် ကျစ်ရှီ၊ ဗုဒ္ဓ၊ ပထမဘိုးဘေးကြီး၊ ယမမင်း၊ ဆရာဦးလေး တံငါသည်တို့လည်း အဲဒီလို လုပ်နိုင်မှာပါ”
ရွာလူကြီးက ခေါင်းယမ်းကာ ဝင်ပြော၏။ “မူအာ၊ မင်းက လုပ်ရဲတယ်... မင့်ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်တယ်... မင့်အတွက် ကောင်းကင်တံတား ဖျက်စီးခံလိုက်ရလို့ ဘာမှမဖြစ်ပေမယ့် ကျန်တဲ့လူတွေအတွက်တော့ လွယ်ကူမှာမဟုတ်ဘူး... မသေရင်တောင် အရေခွံစုတ်ခံလိုက်ရလိမ့်မယ်... မင်းအနေနဲ့ မင်းလောက် မသန်မာတဲ့လူတစ်ယောက် ရှာပြီး စမ်းသပ်ကြည့်ဖို့ လိုတယ်” သူက ထိုသို့ပြောပြီးနောက် လူသားဧကရာဇ် ချီကန်းဆီသို့ လှမ်းကြည့်သည်။
လူသားဧကရာဇ်ချီကန်း ကြက်သီးတဖြန်းဖြန်း ထသွား၏။ “စုမူကျဲ ငါက မင်းရဲ့ဆရာနော်... မင်းရဲ့ ဆရာအရင်းခေါက်ခေါက်ကြီးကွ..... မင့်ရဲ့ ဆရာ့ဆရာ ရီရှန်းရဲ့ ခန္ဓာကိုယ်က ပိုသန်မာတယ်... သူ့ကို စမ်းသပ်ချည်”
လူသားဧကရာဇ်ရီရှန်း ဒေါပွသွားသည်။ “ငါ နားကန်းနေတယ်ထင်လား”
ချင်မူက တွက်ချက်ကြည့်ပြီး ပြောသည်။ “ဆရာကြီးတို့နဲ့ ဘိုးဘေးကြီးတို့ကို စမ်းသပ်ခံအဖြစ် သုံးမယ့်အကြံက မဆိုးဘူး.... ကျွန်တော့်အောက် အားမနည်းကြတော့ သေတော့ မသေလောက်ပါဘူး”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တစ်ယောက်တည်း ရေရွတ်နေ၏။ “ကောင်းကင်နန်းဆောင်အဆင့်အထိ ကျင့်ကြံထားပြီးတဲ့ နတ်ဘုရားတွေလည်း ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးပြီး ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ပြန်ဖွဲ့တည်လို့ ရမလား”
အားလုံး ရင်ထဲ တင်းကြပ်သွားကြသည်။ ဧကရာဇ်အတိုင်ပင်ခံက အဓိကအချက်ကို မေးလိုက်ခြင်း ဖြစ်ပေသည်။
လက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နတ်ဘုရား အယောက်နှစ်ရာ၊ သုံးရာ ရှိသည်။ သစ်ခုတ်သမားနှင့် ကျန်ရှိသူများက ခိုင်ဧကရာဇ်ခေတ်မှ နတ်ဘုရားများ ဖြစ်ကြ၏။ သူတို့၏ မူလဝိညာဉ်များက ကောင်းကင်တံတားကို ဖြတ်သန်းကာ ကောင်းကင်နန်းဆောင်များဆီသို့ ဝင်ရောက်ပြီးချေပြီ။
ချင်မူ တီထွင်ခဲ့သော ကောင်းကင်နတ်မြစ်၏ အကျိုးအမြတ်များအရ နောင်တစ်ချိန်တွင် ကောင်းကင်တံတား ကောင်းကင်ရတနာ သေချာပေါက် ကွယ်ပျောက်သွားလိမ့်မည်။ သူတို့အားလုံး နတ်ဘုရားဟောင်းကြီးများဟု အခေါ်ခံကြရလိမ့်မည်။
နတ်ဘုရားဟောင်းတို့၏ သိုင်းစွမ်းအားက နတ်ဘုရားအသစ်များအောက် နိမ့်ကျနေမည်မှာ ပထမအချက်။ ဒုတိယအချက်က သူတို့ဆီမှ မွေးဖွားလာသော မျိုးဆက်များသည်လည်း သူတို့၏ ကောင်းကင်ရတနာများကို အမွေခက်ခံရမည် ဖြစ်ရာ နတ်ဘုရားအသစ်တို့၏ မျိုးဆက်များ သို့မဟုတ် ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွင့်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ မျိုးဆက်များအောက် နိမ့်ကျသွားလိမ့်မည်။
သူတို့၏မျိုးဆက်များအနေဖြင့်လည်း ကောင်းကင်တံတားကို ဖျက်စီး၍ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွင့်ရန် ကြိုးစားနိုင်ပါသော်လည်း လူတိုင်း အောင်မြင်နိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် ခေတ်ရေစီးကြောင်းထဲ၌ တိမ်ကောပျောက်ကွယ်သွားကြလိမ့်မည်။
“ကောင်းကင်တံတား ကောင်းကင်ရတနာ ဖျက်စီးခံလိုက်ရင် ကောင်းကင်နန်းဆောင်တွေရဲ့ စွမ်းအားလည်း ပျက်စီးသွားမှာလား”
ချင်မူ ဤကိစ္စနှင့်ပတ်သက်ပြီး သိပ်နားမလည်ပေ။ “ကောင်းကင်တံတား ကောင်းကင်ရတနာ ပျက်စီးသွားတာက ဘယ်လိုသက်ရောက်မှုမျိုးတွေ ဖြစ်လာနိုင်လို့လဲ... ကျွန်တော် သိပ်မရှင်းဘူး...”
လယ်သမားက ရုတ်တရက် ပြောသည်။ “ဘာမှမဖြစ်ဘူး... ငါ့မှာ ကောင်းကင်တံတားတောင် မရှိဘူး”
အားလုံး သူ့ကို ကြည့်၍ လယ်သမားက ပြောလေသည်။ “ကောင်းကင်တံတား မရှိရင် ကျန်တဲ့ ကောင်းကင်ရတနာတွေအနေနဲ့ အင်မတန် လေးလံတဲ့ ဖိအားကို ခံစားရတယ်... ဒါမဲ့ သိပ်အလေးကြီးမဟုတ်ပါဘူး”
ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ဆရာဦးလေးရဲ့ ရုပ်ခန္ဓာက သူများတွေထက် အများကြီး တောင့်တင်းလို့ တောင့်ခံနိုင်တာပါ... ဒါပေမဲ့ လူတိုင်းမှာ ဆရာဦးလေးရဲ့ ရုပ်ခန္ဓာ ရှိတာမဟုတ်ဘူး... တစ်ခုခုမဖြစ်အောင် ကောင်းကင်တံတား မဖျက်စီးခင် တောင်ကောင်းကင်မုခ်ဝကို ပိတ်ထားသင့်တယ် ထင်တယ်... ကျွန်တော် တောင်ကောင်းကင်မုခ်ဝကို ပိတ်ဖို နည်းလမ်း ဖန်တီးပေးမယ်... တောင်ကောင်းကင်မုခ်ဝကို ပိတ်တာက သိပ်အပန်းမကြီးဘူး”
ချင်မူ ဆက်ပြောလိုက်သည်။ “ကျွန်တော် ရှုရှန်းဟွာနဲ့ ကောင်းကင်ရတနာတွေကို တစ်သားတည်းဖြစ်အောင် သုတေသနလုပ်ပြီး နှစ်ယောက်လုံး အတော်လေး အကျိုးအမြတ်ရခဲ့ကြသေးတယ်... ရှုရှန်းဟွာ ဖန်တီးထားတဲ့ သစ်ပင်သန္ဓေ ကောင်းကင်တံတားကလည်း ကောင်းကင်ရတနာကို ပိုမိုခိုင်ခံအောင် လုပ်ပေးနိုင်တယ်... သစ်ပင်သန္ဓေကျင့်ကြံသူတွေရဲ့ ကျင့်စဉ်စွမ်းအင်ကလည်း သစ်ပင်သန္ဓေ ကောင်းကင်တံတား မရှိတဲ့လူတွေထက် ပိုအားကောင်းလိမ့်မယ်... ဒါပေမဲ့ သစ်ပင်သန္ဓေ ကောင်းကင်တံတားအတွက် သင်္ချာစွမ်းရည်မြင့်မားဖို့ လိုလို့သာ အတော်များများ မကျင့်ကြံနိုင်တာ”
အားလုံး ချီးကျူးလိုက်ကြ၏။ “ရှုရှန်းဟွာက တကယ့် ပြိုင်ဘက်ကင်း ပါရမီရှင်ပါပဲ”
“သစ်ပင်သန္ဓေ ကောင်းကင်ရတနာကျင့်စဉ်ကို နန်းတွင်းကောလိပ်နဲ့ စာသင်ကျောင်းအားလုံးဆီ ပို့ပေးလိုက်... ကျင့်ကြံနိုင်တဲ့သူ ကျင့်ကြံလိမ့်မယ်”
ဧကရာဇ်ယန်ဖုန်းက ပြောသည်။ “မကျင့်ကြံနိုင်ရင် အတင်းအကြပ် ဖိအားပေးစရာ မလိုဘူး”
ချင်မူ ခေါင်းညိတ်၍ တခဏ တွန့်ဆုတ်နေသည်။ “အားလုံး... အခု ကျွန်တော့်ရဲ့ ကောင်းကင်ရတနာကို တစ်ချက်လောက် ကြည့်ပေးပါဦး”
သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်အခါ နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာများအောက်တွင် ရောင်ပြန်ပုံရိပ်များ ပေါ်လာသည်။ မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများ ပေါ်လွင်လာပြီး သစ်ပင်သန္ဓေတစ်ပင်၊ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာတို့ ရှိနေသည်။ ပြောင်းပြန်စီးဆင်းနေပြီး နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာများနှင့် ဆက်သွယ်သွားသော ကောင်းကင်နတ်မြစ်တစ်စင်းကိုလည်း မြင်ရ၏။
အားလုံး ကျွက်ကျွက်ညံသွားကြပြီး အံ့အားသင့်ကုန်ကြသည်။ ဆွေးနွေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ရုတ်တရက် ရွာလူကြီးက အားလုံးကို အထင်သေးသလို ကြည့်ကာ သရော်တော်တော် ပြောလိုက်၏။ “ဒါက လောကသခင်ခန္ဓာဟ”
အဘွားစစ်၊ နားကန်း၊ သားသတ်သမား၊ အဘိုးကြီးမာနှင့် နားကန်းတို့က အကြောင်းသိ၍ ပြုံးနေကြသည်။ “ဒီနောင်တော်၊ အစ်မတော်တို့က ငါတို့ထက် အင်အားကြီးကြပေမယ့် အမြင်မကျယ်ပြန့်ကြဘူး... သူတို့က လောကသခင်ခန္ဓာရဲ့ စွမ်းအားကို ဘယ်သိပါ့မလဲ”
သူတို့ အလွန်ကျေနပ်နေကြ၏။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများသည် ရွာလူကြီး၏ စကားများဖြင့် အယုံသွင်းခံထားရသည်မှာ ကြာပြီဖြစ်သဖြင့် ထူးဆန်းသည်ဟု မမြင်တော့ပေ။
“မင်း ဒါကို ဘယ်လိုကျင့်ကြံထားတာလဲ” စာပေသမားက ရှေ့တက်လာပြီး တအံ့တဩ မေးသည်။
တန်ခိုးရှင်သစ်ခုတ်သမား၊ တိရီယွဲ့၊ သိကြားဗုဒ္ဓနှင့် ကျန်ရှိသူများလည်း ရှေ့တက်လာပြီး စူးစမ်းလေ့လာကာ တအံ့တဩ အော်လိုက်ကြ၏။ “တကယ့် ကောင်းကင်ရတနာတွေဟ ... ရောင်ပြန်ဟပ်နေတာ မဟုတ်ဘူး”
“ကောင်းကင်နတ်မြစ်ကတောင် အစစ်ဖြစ်နေတယ်” ကောင်းကင်ဆရာသခင် တံငါသည်က အံ့အားသင့်စွာ ထအော်သည်။
လယ်သမားလည်း အော်လိုက်၏။ “သေခြင်းရှင်ခြင်းကောင်းကင်ရတနာက အရင်တစ်ခုနဲ့ မတူဘူး”
“ဉာဏ်တိမ်လိုက်ကြတာ” ဒုတိယဘိုးဘေးကြီးက လက်ပိုက်၍ သရော်တော်တော် ပြောသည်။
ကျန်လူသားဧကရာဇ်များလည်း လက်ပိုက်ထားကြပြီး သရော်တော်တော် ပြောကြ၏။ “သူ ရိုက်တာခံခဲ့ရတုန်းက ငါတို့အားလုံး သိခဲ့ကြရတာလေ... ဟုတ်တယ်နော် ပထမဘိုးဘေးကြီး”
ပထမလူသားဧကရာဇ်က မျက်နှာအမူအရာမပြောင်းလဲသွားဘဲ ပြောလိုက်သည်။ “ပေါက်ကရတွေ မပြောနဲ့”
ဒုတိယဘိုးဘေးကြီးက သူ့ကို သတိပေးသည်။ “ဆရာ၊ ဆရာလည်း သူ ရိုက်တာ ခံခဲ့ဖူးတယ်နော်”
ပထမလူသားဧကရာဇ်၏မျက်နှာ မည်းမှောင်သွားတော့သည်။ “မဟုတ်ဘူး...”
“ပေါက်ကရတွေ မပြောနဲ့... လူသားဧကရာဇ်ခန်းမအရှေ့မှာ ရိုက်ခံခဲ့ရတာလေ... ငိုတောင် ငိုခဲ့သေးတာကို”
.....
“လူတိုင်း နတ်ဘုရားကောင်းကင်ရတနာတွေနဲ့ မိစ္ဆာကောင်းကင်ရတနာတွေကို ဖွဲ့တည်ပြီး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာနဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်တယ်လို့ ကျွန်တော် ခံစားနေရတယ်... သေခြင်းရှင်ခြင်းကောင်းကင်ရတနာတစ်ခုပဲ မတူမှာ... တစ်ခုက သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖြစ်ပြီး တစ်ခုက ရွှမ်တုကောင်းကင်ရတနာ ဖြစ်လိမ့်မယ်”
ချင်မူ ပြောလိုက်သည်။ “မူလဝိညာဉ်ရဲ့အပေါ်က ကောင်းကင်၊ အောက်က မြေပြင်... အပေါ်က နတ်ဘုရား၊ အောက်က မိစ္ဆာ... ကျွန်တော်တို့က နတ်ဘုရားလည်းမဟုတ်၊ မိစ္ဆာလည်း မဟုတ်တဲ့ လူသားတွေ... ဒါကြောင့် တစ်ခုတည်းကိုပဲ အာရုံစိုက်နေစရာမလိုဘူး... နတ်ဘုရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်နှစ်ခုလုံးနဲ့အတူ လူသားလမ်းစဉ်ကို ဖော်ဆောင်နိုင်မယ်လို့တောင် ကျွန်တော် ခံစားရတယ်... နတ်ဘုရားတွေနဲ့ မိစ္ဆာတွေမှာ ကန့်သတ်ချက်တွေ ရှိပေမယ့် ကျွန်တော်တို့အနေနဲ့ အဲဒီကန့်သတ်ချက်တွေကို ဂရုစိုက်နေစရာမလိုဘူး... အဲဒီစည်းမျဉ်းတွေထဲကနေ ခုန်ထွက်လိုက်ရင် ကျွန်တော်တို့ကမ္ဘာကြီး ပိုပြီးကျယ်ဝန်းလာလောက်တယ်”
အားလုံး သူ့ကို ပတ်၍ ဝိုင်းကြီးပတ်ပတ် လျှောက်နေကြရင်း မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများကို မည်သို့ဖွင့်ရမည်လဲ စဉ်းစားနေကြသည်။
ချင်မူ့စကားက မှန်သော်လည်း ခက်ခဲလွန်းသည်။ ခု ရေတွင်းတူး၊ ခု ရေကြည်သောက်နိုင်သော ကိစ္စ မဟုတ်ပေ။
သစ်ခုတ်သမားက ရုတ်တရက် ထမေးလေသည်။ “မင်း မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာကို ဘယ်လိုဖွင့်ခဲ့တာလဲ”
ချင်မူ ပြောလိုက်၏။ “ကျွန်တော်က ယိုတုသားတော်ဆိုတော့ ဖွင့်နိုင်သွားတာပါ... ဘယ်လိုဖွင့်ရမှန်းတော့ မသိဘူး”
သစ်ခုတ်သမား မျက်မှောင်ကြုတ်သွားပြီး သူ့ကို ဆက်ပတ်နေသည်။ “လူတိုင်းက ယိုတုသားတော်မဟုတ်ဘူး... မင်း လုပ်နိုင်တိုင်း တခြားသူတွေ လုပ်နိုင်တယ် မဆိုလိုဘူး”
အခြားသူများလည်း မှုန်ကုပ်လျက် တွေးနေကြသည်။
ချင်မူမှာ သူတို့ကို ကြည့်ရင်း မူးဝေလာသည်။ သူက အားလုံးကို တွန်း၍ အပြင်ထွက်ရန် ကြိုးစားသော်လည်း အကုန်လုံးက သူ့ကို ဆွဲထားကြသည်။ “မသွားနဲ့... အကုန်လုံး မင်းကို လေ့လာပြီးမှ သွားရမယ်”
ချင်မူ အခက်တွေ့နေတော့သည်။ “ကျွန်တော်က ဆရာကြီးတို့အတွက် ပုစ္ဆာတစ်ပုဒ် ပေးလိုက်ရုံပါပဲဗျာ... ကျွန်တော့်မှာ တခြားလုပ်စရာတွေ ရှိသေးတယ်”
စာပေသမားက ပြောသည်။ “မင်းတစ်ယောက်ပဲ အောင်မြင်ခဲ့တာမလို့ မင်းကိုပဲ ငါတို့ လေ့လာရမှာလေ... မင်း ထွက်သွားရင် ငါတို့က ဘယ်သူ့လေ့လာရမှာလဲ”
ချင်မူမှာ ထိုင်လိုက်ရတော့သည်။
မလှမ်းမကမ်းရှိ ကောင်းကင်နတ်အရှင်ယွီမှာ စိတ်သက်သာရာရသွား၏။ ဤရက်များအတွင်း သူ့မှာ မျက်ခြေမပြတ် စိုက်ကြည့်ခံနေရသည့်အတွက် အတော်လေး အနေရအထိုင်ရ ကြပ်ခဲ့ပြီး ယခုမှသာ သက်ပြင်းချနိုင်တော့သည်။
ဤလူများက ချင်မူ့ကို လဝက်ခန့် လေ့လာကြသည်။ တာအိုသခင်လင်းရွှမ်နှင့် တာအိုရသေ့များက သူ၏ကောင်းကင်ရတနာများအထဲသို့ပင် ဝင်ပြီး အသေးစိတ်တိုင်းတာကာ မှတ်သားခဲ့ကြ၏။
အားလုံး သူ၏ မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများကို ခရေစေ့တွင်းကျ လေ့လာကြပြီး သတိထားမိသည်များကို စာရင်းပြုစု ရေးမှတ်ထားကြသည်။
အဘွားစစ်က ပြောသည်။ “အားလုံးက ယိုတုသားတော်မဟုတ်တော့ ကျွန်မတို့ မိစ္ဆာမျိုးစေ့တစ်စေ့ အရင်ဆုံး ပျိုးထောင်ကြည့်ဖို့ လိုတယ်.... အဲဒီမျိုးစေ့နဲ့ သစ်ပင်သန္ဓေတည် ကောင်းကင်တံတား တည်ဆောက်နိုင်မယ်.... တာအိုနှလုံးသားထဲမှာ မိစ္ဆာမျိုးစေ့စိုက်ပြီး စိတ်နှလုံးမိစ္ဆာ မွေးမြူထားတာမျိုးပေါ့”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “မိစ္ဆာစရိုက် ပြင်းထန်လာရင် မိစ္ဆာလမ်းစဉ် ဝိညာဉ်သန္ဓေသားကို ဖွင့်ပြီး မိစ္ဆာလမ်းစဉ် မူလဝိညာဉ်ကို မွေးဖွားပေးနိုင်လိမ့်မယ်”
“ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနဲ့ ခုနစ်စဉ်ကြယ်တွေက လွယ်ပေမယ့် ရွှမ်တု ကောင်းကင်ရတနာကတော့ ခက်လိမ့်မယ်”
“ဒီအဆင့်ကို ရောက်မှာက တစ်သန်းမှာ တစ်ယောက်ပဲ ရှိလိမ့်မယ်… အခက်အခဲကတော့ ရှိနေသေးတာပဲ... ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာလည်း ကျန်သေးတယ်.... ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွဲ့တည်ပြီးသွားရင် အခက်အခဲက လာဦးမှာ.... အဲဒါက မိစ္ဆာလမ်းစဉ် ကောင်းကင်နန်းဆောင်ကို ဘယ်လိုဖွင့်မလဲ ဆိုတာပဲ...”
“ဒါပေမဲ့ လုပ်နိုင်ရင်တော့ မိစ္ဆာလမ်းစဉ်ရဲ့ တစ္ဆေဘုရင် ဒါမှမဟုတ် သူတော်စင်ဘုရင်အဖြစ် တင်မြှောက်ခံရလိမ့်မယ်”
....
ချင်မူသည် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုသာ ထုတ်လွှတ်ပြီး လဝက်ကြာ လေ့ကျင့်နေလိုက်၏။ အားလုံးမှာ သူ့ကို မြင်လျှင် သက်ပြင်းချမိကြသည်။
ဧကရာဇ်ယန်ဖုန်းက စေတနာဖြင့် သူ့ကို သတိပေးသည်။ “ဝန်မင်း၊ မောင်မင်း ဒါတွေကို ဖြေရှင်းနိုင်ရင် ကမ္ဘာပေါ်က လူတွေအားလုံး မောင်မင်းကို သူတော်စင်ဘုရင်အဖြစ် လေးစားကြလိမ့်မယ်... မရေမတွက်နိုင်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မောင်မင်းကို ကိုးကွယ်ကြလိမ့်မယ်”
ချင်မူ မေးလိုက်သည်။ “သူတော်စင်ဘုရင်ဘွဲ့က ကောင်းကင်နတ်အရှင်ဘွဲ့ထက် မြင့်လား”
ဧကရာဇ်ယန်ဖုန်း ခေါင်းယမ်းတော်မူလိုက်၏။ “မမြင့်ဘူး... ကောင်းကင်နတ်အရှင်ရဲ့ ကောင်းမှုက အကြီးမြတ်ဆုံးပဲ... သူတော်စင်ဘုရင်တောင် သူ့အောက် အနည်းငယ် နိမ့်ကျတယ်... တစ္ဆေဘုရင်ကလည်း ကောင်းမှုကုသိုလ်တွေအတွက် ချီးမြှင့်တဲ့ ဘွဲ့ဆိုပေမယ့် သူတော်စင်ဘုရင်အောက် နိမ့်ကျတယ်”
“ဒါဆိုလည်း လက်ခံမနေတော့ဘူး... အလုပ်ရှုပ်တယ်”
ချင်မူက ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ပဲ ဆက်လုပ်လိုက်တော့မယ်”
ဧကရာဇ်ယန်ဖုန်း နှာခေါင်းရှုံ့လိုက်သော်လည်း အထိန်းတော်ကုန်းကုန်းလေး သူ့ဘေးတွင် မရှိသည့်အတွက် ချမှတ်ထားစရာ စာအုပ်မရှိပေ။ သူက သူ့ဘာသာသူ ကြိမ်းဝါးထားသည်။ ‘ပြန်ရောက်မှ ငါ့စာအုပ်ထဲမှာ မှတ်ထားရမယ်’