ကောင်းကင်နတ်မြစ် နဂါးဘုရင်
Vol. 61 Ch. 806
“ကောင်းကင်နတ်အရှင်မူက တယ် မောက်မာတာပဲ”
ကောင်းကင်နတ်ဧကရာဇ်၏ အသိစိတ်အလျဉ်က လှိုင်းများ ထနေပြီး ပြောနေ၏။ “ငါ မောင်မင်းကို ကောင်းကင်နတ်အရှင်မူဘွဲ့ အပ်နှင်းခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ ... ဒါပေမဲ့ မောင်မင်းက ငါ့ရဲ့ တော်ဝင်အမိန်စာတမ်းကို ဖွင့်မကြည့်ဘဲ နေနိုင်ခဲ့တယ်... မောင်မင်းရဲ့ သည်းခံနိုင်စွမ်းက အင်မတန် ဩချလောက်ပါပေတယ်...
“ယန်ချီလင်းနဲ့ တွေ့ပြီးပြီမလား... သူ ငါ့ကို သတင်းပို့တယ်... ငါ အမှန်တကယ် အံ့အားသင့်သွားပေမယ့် အင်မတန်လည်း ကျေနပ်မိတယ်... မောင်မင်းက ငါ သဘောကျတဲ့လူ ပီသပါပေတယ်.... မောင်မင်း ပေါ်လာခဲ့တာက ငါ့ကို အများကြီး နားလည်သွားအောင် လုပ်ပေးခဲ့တယ်”
“ညွှံ့ “
မိစ္ဆာဝက်မှာ ထိတ်လန့်သွားပြီး တောအုပ်ထဲသို့ ကပျာကယာ ပြေးဝင်သွားတော့သည်။
“ညွှံ့ ဟုတ်လား”
ကောင်းကင်နတ်ဧကရာဇ်၏ အသိစိတ်အလျဉ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်မူ ငါ့ကို ဒီစကားပဲ ပြောချင်တာလား... ငါကတော့ မောင်မင်း ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေပေးခဲ့လို့ လေးစားလိုက်ရတာ.... ငါ မောင်မင်းကို ကောင်းကင်နတ်အရှင်ဘွဲ့ အပ်နှင်းခဲ့တဲ့ အကြောင်းရင်းက မောင်မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေက နဂါးဟန်ခေတ်ထက် အဆင့်မြင့်ပြီး ကောင်းကင်နတ်သိုင်းခေတ်တစ်ခေတ်ကို ဖွင့်လှစ်ပေးခဲ့တာကြောင့်ပဲ... လက်ရှိကောင်းကင်နတ်အရှင်မူကလည်း ကောင်းကင်နတ်အရှင်အဖြစ် သတ်မှတ်လို့ရပါသေးတယ်.... မောင်မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေမှာ ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေ ကိန်းဝပ်နေသေးတယ်မဟုတ်ပေလား....
“ငါက သူပုန်တွေ၊ သစ္စာဖောက်တွေကို တစ်ခါတည်း အမြစ်ဖြုတ်နိုင်မယ့် အခွင့်အရေးတစ်ခုကို စောင့်နေတာ... မောင်မင်းက ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းပေးခဲ့တဲ့သူ မှန်တယ်မလား... အမိကမ္ဘာမြေကလည်း မင်း အသက်သွင်းပေးတာ လိုချင်လို့ မင်းကို ရှာနေတယ်မလား”
မိစ္ဆာဝက်မှာ စိတ်ထဲတွင် အသံကို ခါမထုတ်နိုင်သောကြောင့် ပျာတီးပျာတာဖြင့် တောင်ပြေးမြောက်ပြေး ဖြစ်နေတော့သည်။
မကြာခင် မိစ္ဆာဝက်သည် သူ့အသိုက်ကို တွေ့သွားပြီး ဝက်ပေါက်လေးများနှင့် ဝက်မများ အသိုက်ထဲ၌ ရှိနေကြသည်။ ထိုအချိန် အသံက ထပ်ထွက်လာပြန်သည်။ “.... မောင်မင်း ငါ့ဆီက ထွက်ပြေးလို့ရတယ်... ဒါပေမဲ့ ငါ့ကို အသက်သွင်းပေးဖို့ မောင်မင်းကို လိုအပ်နေတယ်... ငါက ယွမ်တုထဲမှာ သေခဲ့ရတာ၊ အဲဒါကြောင့် ငါ့ယန်ဝိညာဉ်သုံးခုက ယွမ်တုထဲမှာ ပြန့်ကြဲနေတယ်... မောင်မင်း ငါ့ကို အသက်ပြန်သွင်းပေးဖို့ ခက်မှာမဟုတ်ဘူး”
“ညွှံ့ ညွှံ့ ညွှံ့ ညွှံ့”
“ကောင်းကင်နတ်အရှင်မူ ၊ မောင်မင်း အကြောက်တရားကို နားမလည်သေးဘူးပဲ... တကယ့်အကြောက်တရားက ဘာလဲ မောင်မင်းသိအောင် ပြရသေးတာပေါ့”
....
“အကြောက်တရားကို ခံစားရလား.... မောက်မာနေတုန်းလား”
“ညွှံ့ ညွှံ့....”
“မောင်မင်းက ငါ့ကို ဖိအားပေးနေတာပဲ... ငါနဲ့ ပူးပေါင်းရင် မောင်မင်းကို အဆင့်အမြင့်ဆုံး ရာထူး ခန့်အပ်ပြီး စည်းစိမ်ချမ်းသာအပြည့်နဲ့ တစ်ယောက်တည်းသော ကောင်းကင်နတ်အရှင်အဖြစ် ထားပေးမလို့... ဒါပေမဲ့ မောင်မင်းက မောက်မာပြီး ဘဝင်မြင့်နေတယ်... မင်း နောင်တရစေရမယ်...”
“ညွှံ့”
....
ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် ထိုင်ပြီး လူသားဧကရာဇ်များအား ကောင်းကင်နတ်မြစ်၏ စွမ်းအားကို မည်သို့အာရုံခံရကြောင်း ဆက်လက်ရှင်းပြနေသည်။ လူသားဧကရာဇ်ချီကန်းနှင့် လူသားဧကရာဇ်ရီရှန်းမှာ လေလျော့နေသော အိတ်ကြီးများလို အသက်မဲ့စွာ ထိုင်ရင်း ဆေးသောက်နေကြသည်။
ကျန်လူသားဧကရာဇ်များသည် တိတ်တိတ်ကလေး တိုင်ပင်ပြီး သူတို့နှစ်ယောက်ကို သစ္စာဖောက်ခဲ့ကြ၏။ သူတို့က ပထမလူသားဧကရာဇ်ကို သွားရှာကာ သူတို့နှစ်ယောက်၏ ကောင်းကင်တံတား ကောင်းကင်ရတနာများအား ဖျက်စီးစေခဲ့လေသည်။
ပထမလူသားဧကရာဇ်မှာ သိုင်းပညာကောင်းကင်ဆရာသခင်ထက် ညင်သာပါသော်လည်း သူတို့နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရသွားကြသေးသည်။ သူတို့မှာ ချင်မူ မဟုတ်သည့်အတွက် ကောင်းကင်တံတာ ဖျက်စီးခံလိုက်ရသည့်အခါ ချီစွမ်းအင်များလည်း ထိခိုက်သွားခဲ့၏။
ကံကောင်းစွာနှင့် ချင်မူက အနားတွင် ရှိနေ၍ အလိုရှိသည့်အချိန်တိုင်း ဆေးကုပေးနိုင်လေသည်။
နဂါးချီလင်သည် မြန်သော်လည်း မာန်ဟုန်မြစ်သို့ ရောက်ရန် လအနည်းငယ် ကြာလိုက်သေး၏။ ချင်မူက အရှေ့ရှိ တောင်အမြင့်ကြီးတစ်လုံးဆီသို့ ကြည့်လိုက်ပြီး တောင်ထိပ်အထိ မိုင်သုံးထောင်ခန့် မြင့်မားကြောင်း မြင်လိုက်ရသည်။ တောင်ထိပ်သည် တိမ်ပင်လယ်အထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး တိမ်များမှာ တောင်ကြီး၏ခါးလည်၌ ရစ်သိုင်းနေကြလေသည်။ မိုးကြိုးတိမ်အလွှာသည်လည်း ခါးလည်တွင် ရှိနေ၏။
တောင်တစ်လုံးတည်းတွင် ဖြူဆွတ်နေသော ဆီးနှင်းများ၊ အလျှံတညီးညီးတောက်လောင်နေသော နေ၊ စီးကျလာသည့် မြစ်ရေတံခွန်များ၊ အိုင်ထွန်းသော ကန်များ၊ ပင်လယ်များဖြင့် ရာသီလေးမျိုး ရှိနေသည်။
အပေါ်သို့ မော့ကြည့်လိုက်လျှင် ဤတောင်ကြီးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်အတုကို ထိုးဖောက်၍ ကောင်းကင်ကြီးကို ထမ်းထားကြောင်း မြင်လိုက်ရသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်မှာ ကောင်းကင်အတုဖြစ်သည်။ ကောင်းကင်သည် နတ်ဘုရားများ ဖန်တီးထားသော ဝင်္ကပါတစ်ခုသာ ဖြစ်ကာ မိုင်တစ်ရာမြင့်၍ ကိုက်တစ်ထောင် ထူ၏။ နေ၊ လနှင့် ကြယ်များကလည်း ဝင်္ကပါအတွင်းထဲက ဝင်္ကပါများသာ ဖြစ်သည်။
ဤတောင်ကြီးက အလွန်မြင့်မားလှသောကြောင့် ရလဒ်အနေဖြင့် ဝင်္ကပါနေ၊ လနှင့် ကြယ်များ ဤနေရာအပေါ်မှ လှည့်ပတ်သည့်အခါ တွန့်လိမ်ကွေးကောက်သွားစေပြီး ထူးဆန်းလာတော့သည်။
အထူးသဖြင့် နေလုံးကြီး ဤနေရာသို့ ရွေ့လျားလာသည့်အချိန်တွင် ပုံပျက်နေသော ကောင်းကင်ကြောင့် ဆွဲဆန့်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ချင်မူ ကောင်းကင်ထဲရှိ ဆန့်ဆန့်ကြီး ဖြစ်နေသော နေကြီးကို ကြည့်၍ မျက်မှောင်ကြုတ်မိသည်။ သူက အကြည့်ပြန်ရုတ်ကာ သက်ပြင်းချလိုက်သည်။ “အစစ်နဲ့ တူအောင်တောင် မလုပ်တော့ပါလား... ကောင်းကင်အတုကို ထိန်းသိမ်းနေတဲ့ နတ်ဘုရားတွေ ရေသာခိုနေကြပြီပဲ... အရင်တုန်းကတော့ နေနဲ့လရဲ့ လှည့်ပတ်မှုကို အကောင်းဆုံး ထိန်းသိမ်းကြပေမယ့် အခုတော့ ဂရုကို မစိုက်ကြတော့ဘူး”
သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ၌ ပေါ်လာသော တောင်ကြီးများ၊ မြစ်ကြီးများကို ကြည့်ကာ သက်ပြင်းချနေသည်။ ယခင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပထဝီအနေအထားနှင့် ရင်းနှီးခဲ့သော်လည်း ယခုတွင် အရာအားလုံး အစိမ်းသက်သက် ဖြစ်နေတော့၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အပိုင်းပိုင်း ကွဲထွက်သွားသည့်အတွက် နယ်မြေများသည် မြင့်မားလှသော တောင်ကြီးများအကြားတွင် ပြန့်ကြဲနေကြလေသည်။ ထို့အပြင် အန္တရာယ်အငွေ့အသက်များ ပြည့်နေသည့် ရှေးဟောင်းမြို့ပျက်များစွာကိုလည်း တွေ့မြင်ရ၏။ ထိုနေရာများတွင် ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးများ ပုန်းအောင်းနေဟန်တူသည်။
တောင်ကြီးများတွင် ဂူများလည်း ရှိပြီး ခမ်းနားသော နန်းဆောင်များကိုလည်း အဆင့်အဆင့် တည်ဆောက်ထားကြ၏။ တချို့နေရာများ၌ ဧရာမကြီးမားသော အဆောက်အဦများပင် ရှိနေသည်။
သူတို့ နွံတောကြီးများနှင့် မြစ်ကြီးများဘေးမှ ဖြတ်သွားသည့်အခါ မည်သည့်နေရာကမှန်းမသိ ဘွားခနဲ ထွက်လာတတ်သော အင်မတန် သန်မာအားကောင်းသည့် နတ်ဘုရားတစ်ပိုင်းများကိုပင် တွေ့မြင်ရသည်။ နတ်ဘုရားတစ်ပိုင်းတို့၏ အရှိန်အဝါများကြောင်း ကောင်းကင်မှာ ပုံပျက်ရှုံ့တွနေပြီး လက်ဖျားခါလောက်အောင် လှပသော ပုံရိပ်အသွင်များ ပေါ်လာတတ်၏။ နတ်ဘုရားတစ်ပိုင်းတချို့က ရေကို ထိန်းချုပ်သည်၊ တချို့က မီးထိန်းချုပ်သည်၊ သို့သော် မလှူပ်ရှားကြဘဲ အဝေးမှသာ စောင့်ကြည့်နေကြသည်။
ပထမလူသားဧကရာဇ်က သူတို့နောက်မှ လိုက်လာပြီး ယခုလို အခြေအနေမျိုးနှင့် ကြုံရတိုင်း သူ့နောက်တွင် ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာတတ်ကာ သူ၏မူလဝိညာဉ်က ကျောက်စိမ်းမြို့တော်၏ မြို့မျှော်စင်ထက်၌ ရပ်နေတတ်သည်။
ထိုအခါ နတ်ဘုရားတစ်ပိုင်းများ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြ၏။
လဝက်ကြာသော် ချင်မူတို့ ပါ့ကျိုးမြို့သို့ ရောက်လာကြသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စီးပွားရေး တိုးတက်လာစဉ်တုန်းက ပါ့ကျိုးမြို့သည် နယ်မြေချဲ့ထားသဖြင့် အလွန်တရာကျယ်ဝန်း၏။ သို့သော် ကမ္ဘာဦးဘုံ၏ မြင်ကွင်းများကို ကြည့်ပြီးနောက်တွင် ချင်မူမှာ ပါ့ကျိုးမြို့က သေးငယ်လွန်းသည်ဟု ခံစားရသည်။ လက်ရှိထာဝရငြိမ်းချမ်းရေးအင်ပါယာထဲတွင် ပါ့ကျိုးမြို့သည် သမုဒ္ဒရာထဲ ကျောက်ခဲလေးတစ်ခဲပမာ မပြောပလောက်တော့ပေ။
မြို့ထဲတွင် နတ်ဘုရားနှစ်ပါးက နာရီမျှော်စင်များတွင် ရပ်နေကြသည်။ တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာတွင် ရပ်လျက် ကောင်းကင်အလင်းတန်းများအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ကာ နတ်ဘုရားတစ်ပိုင်းများ ကျူးကျော်မလာအောင် စောင့်ရှောက်နေကြ၏။
ချင်မူ မော့ကြည့်လိုက်ပြီး နတ်ဘုရားတစ်ပါးက နယ်စားဝေ့မှန်း တွေ့လိုက်ရ၍ နှုတ်ဆက်လိုက်သည်။
နယ်စားဝေ့က နာရီမျှော်စင်အပေါ်တွင် ရပ်နေသော်လည်း မူလဝိညာဉ်ဖြင့် ဆင်းလာကာ နှုတ်ဆက်သည်။ သူက အသံကို နှိမ့်၍ မေးလေသည်။ “ဂိုဏ်းသခင် မြို့တော်က လာတာလား... မြို့တော်အခြေအနေ ဘယ်လိုရှိလဲ”
“မြို့တော်က အဆင်ပြေပါတယ်”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “ကောင်းကင်နတ်မင်းဝေ့က မြို့တော်သတင်း မသိဘူးလား... ဧကရာဇ်အတိုင်ပင်ခံ နေရာရွှေ့ပြောင်းမုခ်ဝတွေ တည်ဆောက်ထားတယ် မဟုတ်ဘူးလား”
နယ်စားဝေ့က သက်ပြင်းချကာ ပြောသည်။ “ဒီနေရာရွှေ့ပြောင်းမုခ်ဝက ဆေးစွမ်းအင်ကျောက်တုံး အများကြီး သုံးစွဲတယ်လေ... အရေးကြီးတဲ့ အခြေအနေမှမဟုတ်ရင် ဘယ်သူက သုံးရက်ပါ့မလဲ... အခု ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေတော့ နန်းစိုက်မြို့တော်ဆီ လူလွှတ်စုံစမ်းရင်လည်း သတင်းလေးတစ်ခုအတွက် တစ်နှစ်၊ နှစ်နှစ်လောက် အသွားအပြန် ကြာမှာ... နတ်ဘုရားတွေလည်း ထွက်သွားလို့ မရတော့ မြို့တော်ရဲ့ သတင်း ဒီကို မရောက်တော့ဘူး... ဒီနှစ်နှစ်အတွင်း ကောင်းကင်နတ်သိုင်းပညာရှင်တွေက အပြင်မှာ တကွဲတပြားဖြစ်နေတဲ့ လူတွေကို လိုက်ရှာပြီး ပါ့ကျိုးမှာ စောင့်ရှောက်ပေးနေရတယ်... ဒဏ်ရာရထားတဲ့လူတွေလည်း ရှိတော့ သတင်းရဖို့အတွက်နဲ့ လူအင်အား အလျော့မခံနိုင်ဘူး”
ချင်မူ မျက်မှောင်ကြုတ်သွားပြီး မြို့ထဲရှိ လူများဆီသို့ ကြည့်လိုက်သည်။ အားလုံး၏ အဝတ်အစားများ စုတ်ပြဲနေပြီး ပိန်ချုံးနေကြလေသည်။
“ငါတို့ မြို့အပြင်မှာ လယ်တွေ စိုက်ထားတယ်... ဒီကာလကို ကျော်ဖြတ်နိုင်သရွေ့ ရိက္ခာမလောက်လို့ လူတွေအများကြီး မသေလောက်ပါဘူး”
နယ်စားဝေ့က ပြောသည်။ “ဒါပေမဲ့ ဒီရက်ပိုင်း နတ်ဘုရားတစ်ပိုင်းတွေ ထွက်လာပြီး ယဇ်ပူဇော်ဖို့ ပြောတယ်”
ချင်မူ မှုတ်ကုပ်သွား၏။ “ယဇ်ပူဇော်ရမယ် ... ဘယ်သူ့ကိုလဲ”
“နတ်ဘုရားတစ်ပိုင်းတွေကို”
နယ်စားဝေ့က ဆက်ရှင်းပြသည်။ “မပူဇော်ရင် ကပ်ဘေးတွေ စေလွှတ်မယ်တဲ့... နတ်ဘုရားတစ်ပိုင်းတွေကြားက အင်အားကြီးတဲ့ကောင်တွေက တောင်ပေါ်မှာ နတ်ဘုရားတိုင်းပြည် တည်ဆောက်ထားတယ်... သူတို့က ယဇ်ပူဇော်ပြီး သူတို့ဆီမှာ အညံ့ခံဖို့ ပြောထားတယ်”
ချင်မူ ပြောလိုက်သည်။ “ဧကရာဇ်မှာ လောလောဆယ် လူအင်အား၊ ငွေအင်အား မရှိလို့သာပေါ့ ... မဟုတ်ရင် အချိန်ဆွဲလို့ ရသေးတယ်... ကောင်းကင်နတ်မင်းဝေ့ သူတို့ကို လတ်တလောတော့ ယဇ်ပူဇော်ထားလိုက်ပါ... ဧကရာဇ်ရဲ့ အင်အား ဒီကို ရောက်မှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ကြတာပေါ့”
“ယဇ်ပူဇော်ရမှာက အပျိုစင် ယောက်ျားလေး၊ မိန်းကလေးတွေပဲ” နယ်စားဝေ့က ရုတ်တရက် ပြောသည်။
ချင်မူ စကားထပ်မပြောမိတော့ပေ။
တခဏကြာသော် သူက ဘူးအသေးလေးတစ်ဘူး ထုတ်၍ နယ်စားဝေ့အား သုံးပုံသုံးနည်း သင်ပေးသည်။ “ဒါက ချိမင်ခေတ်ရဲ့ နတ်ဘုရားစီရင်ရာဓားမပဲ... ကောင်းကင်နတ်မင်း ဒီဓားမ အားကိုးနဲ့ အချိန်တစ်ခုလောက် ဆွဲထားနိုင်လိမ့်မယ်... ဒီဓားမက ဓားအိမ်ကနေ ထွက်လာတာနဲ့ သွေးသောက်တယ်... အသုံးပြုတဲ့အခါ သေသေချာချာ ဂရုစိုက်ပါ”
သူတို့ ပါ့ကျိုးမြို့မှ ထွက်လာကြသည်။
ချင်မူမှာ ပါ့ကျိုးမြို့ဘက် ပြန်လှည့်ကြည့်ကာ သက်ပြင်းချမိသည်။
သူ့တွင် နတ်ဘုရားစီရင်ရာဓားမတစ်လက်သာ ရှိသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မြို့ပေါင်းများစွာ ရှိသေးသည်။ နတ်ဘုရားစီရင်ရာဓားမဖြင့် ပါ့ကျိုးကို ကာကွယ်နိုင်သော်ငြား ကျန်မြို့များကို မကာကွယ်နိုင်ပေ။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းသင့်လဲ” ချင်မူ အတွေးထဲ နစ်မျောသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများလည်း အဖြေကို စဉ်းစားကြသော်လည်း အဖြေထွက်လာခြင်းမရှိ။ လက်ရှိအချိန်တွင် အမိကမ္ဘာမြေသည် မလှုပ်ရှားမရသေးဘဲ နတ်ဘုရားတစ်ပိုင်းများသာ ဗိုလ်ကျနေခြင်းဖြစ်သည်။ သူတို့နှင့်တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ အန္တရာယ်ထဲ ကျရောက်သွားစေရန် လုံလောက်နေ၏။
ရက်အနည်းငယ်ကြာသော် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီသို့ ရောက်လာကြပြီး တက္ကသိုလ်၏ ပတ်ပတ်လည်တွင် မြို့များစွာ ရှိနေသည်။ တက္ကသိုလ်ကျောင်းသားများက လူများစွာကို ဤနေရာသို့ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်၏။
ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်က အခြေအနေဟန်နေသေးသည်။ ဆေးဆရာသည် နတ်ဘုရားတစ်ပိုင်းကို အဆိပ်ခပ်သတ်ပြီး လောလောဆယ်တွင် ထိုနတ်ဘုရားတစ်ပိုင်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံအား လေ့လာနေလေသည်။
ထိုနတ်ဘုရားတစ်ပိုင်းက အလွန်သန်မာအားကောင်းလှသဖြင့် သေဆုံးသွားသည့်အချိန် အရှိန်အဝါ ကျန်နေသေးပြီး သူ၏ရုပ်ခန္ဓာကလည်း တောင်ကြီးတစ်လုံးသဖွယ် ကြီးမားလှ၏။
“မာဟာ မာဟာ မာဟာ” ရေနဂါးအုပ်က အသည်းအသန် အော်ဟစ်ရင်း အမြီးများ၊ ခေါင်းများ ယမ်းကာ နတ်ဘုရားတစ်ပိုင်း၏ အသားကို စားရန် စောင့်နေကြသည်။
“ဒါက အဆိပ်ရှိတယ်ကွ” ကျောင်းသားများက သူတို့ကို မောင်းထုတ်နေသည်။
“မူအာ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို စိတ်မပူနဲ့... ပတ်ဝန်းကျင်က နတ်ဘုရားတစ်ပိုင်းအားလုံးနီးပါး အသတ်ခံထားရပြီးပြီ.... ထွက်မလာသေးတဲ့ကောင်တွေပဲ ကျန်တာ”
ဆေးဆရာက လက်ရှိ သွေးများကို သုတ်၍ ပြောလိုက်သည်။ “ငါတို့ ဆေးခင်းတွေ စိုက်ထားတာမလို့ ဆေးပင်တွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူး... နေရာရွှေ့ပြောင်းဝင်္ကပါကလည်း မြို့တော်နဲ့ လှမ်းဆက်သွယ်နိုင်တယ်... ငါတို့နေရာရွှေ့ပြောင်းမုခ်ဝကနေလည်း ကျန်တဲ့တက္ကသိုလ်တွေဆီ ဆက်သွယ်ပြီး အချင်းချင်း ဖေးမလို့ရတယ်... စိတ်မပူကြနဲ့... မင်း မာန်ဟုန်မြစ်ဆီ သွားမှာမဟုတ်လား.. နေရာရွှေ့ပြောင်းဝင်္ကပါ သုံးမလား”
“မလိုပါဘူး ဘိုးဘိုး... ဆေးစွမ်းအင်ကျောက်တုံး ကုန်နေဦးမယ်”
ချင်မူ သူ့ကို နှုတ်ဆက်၍ လူသားဧကရာဇ်များနှင့်အတူ ခရီးဆက်သည်။
ခြောက်ရက်၊ ခုနစ်ရက်ခန့် ကြာသော် လီကျိုးစီရင်စုရှိ မာန်ဟုန်မြစ်တက္ကသိုလ်သို့ သူတို့ ရောက်လာကြကာ ယုယွမ်ချူးယွီနှင့် စုယွင်ချင်းကို ဝင်နှုတ်ဆက်လိုက်သည်။ ပြီးသည့်အခါမှ ချင်မူက မာန်ဟုန်မြစ်ကမ်းဘေးသို့ သွားပြီး တစ်ဖက်ကမ်းထံ ကြည့်လိုက်သည်။ မြစ်ရေပြင်မှာ မိုင်တစ်ထောင် ကျယ်ဝန်းနေချေပြီ။ တောင်ကြီးများက တောအုပ်ကြီးများသဖွယ် ထူမတ်နေကြပြီး အလွန်တရာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေ၏။
“ဒါက မာန်ဟုန်မြစ်ရဲ့ အကျယ်ဆုံးနေရာ မဟုတ်သေးဘူး... မာန်ဟုန်မြစ်ရဲ့ အကျယ်ဆုံးနေရာက မိုင်ငါးထောင်လောက် ရှိတယ်”
ယုယွမ်ချူးယွီက ကောင်းကင်နန်းဆောင်အဆင့်အထိ ကျင့်ကြံထားပြီးဖြစ်ပြီး ချင်မူ့ကို ပြောသည်။ “မာန်ဟုန်မြစ်မှာ နတ်ဘုရားတစ်ပိုင်းတွေ လာနေကြလို့ နဂါးဘုရင်စံအိမ်တွေမျိုးစုံ ရှိနေတယ်... နဂါးထိန်းဧကရာဇ်လည်း တလောတုန်းက ဒဏ်ရာခဲ့သေးတယ်... ကြည့်ရတာ နတ်ဘုရားတစ်ပိုင်း ရိုက်တာခံခဲ့ရတဲ့ပုံပဲ... သူက ဒီမှာ အကူအညီလာတောင်းတာနဲ့ စုယွင်ချင်းလည်း သူ့ကို ဆေးကုပေးလိုက်ရသေးတယ်”
ချင်မူ မှင်သက်သွားသည်။ “နဂါးထိန်းဧကရာဇ်လည်း ဒုက္ခရောက်နေတယ်လား... ဟိုဖက်ကမ်းက တောင်က နှစ်တစ်ရာတောင်လား”
သူက တစ်ဖက်ကမ်းသို့ လက်ညှိုးထိုးပြလိုက်ပြီး မိုင်တစ်ထောင်အကွာမှပင် ရှင်းလင်းပြတ်သားစွာ မြင်ရသော တောင်အမြင့်ကြီးတစ်လုံး ရှိနေသည်။
“မဟုတ်ဘူး”
ယုယွမ်ချူးယွီက ပြောသည်။ “နှစ်တစ်ရာတောင်က တိကျန်းစီရင်စုဘေးမှာ... အရင်တုန်းက တောင်ပို့လေးဆိုပေမယ့် အခုတော့ ရုတ်တရက်ကြီး မြင့်တက်သွားပြီး တောင်ပေါ်မှာ နတ်ဘုရားတစ်ပိုင်းတွေ မင်းမူနေတယ်... ပိုင်ရှီက သူတို့ကို တိုက်ခိုက်ပြီး တိကျန်းစီရင်စုကို ကာကွယ်ပေးနေတယ်”
ချင်မူ ခေါင်းကုတ်ကာ ပြောလိုက်သည်။ “ပိုင်ရှီလည်း ဒုက္ခခံခဲ့ရတာပေါ့... ကျွန်တော် ရက်ပိုင်းလောက်နေရင် အဲဒီတောင်ကို နှိမ်နင်းပြီး နှစ်တစ်ရာတောင်လို့ နာမည်ပေးလိုက်မယ်... ပိုင်ရှီကိုလည်း တောင်နတ်မင်းအဖြစ် ခန့်အပ်လိုက်မယ်”
ဤအခိုက်အတန့်တွင် မာန်ဟုန်မြစ်ပြင်ထက်၌ လှိုင်းလုံးများ ထကြွလာကာ နဂါးထိန်းဧကရာဇ်၏ ခေါင်းအကြီးကြီးက မြစ်ပြင်ကို ခွဲလျက် ထွက်လာ၏။ သူက ချင်မူ့ကို မြင်လျှင် မျက်ရည်များဖြင့် ပြောလေသည်။ “ဂိုဏ်းသခင်ချင်၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့... ငါ နဂါးဘုရင် မလုပ်ချင်တော့ဘူး... မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ပြောင်းချုပ်လို့ရမလားကွာ”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းပြီလေ... ခင်ဗျားကို ကောင်းကင်နတ်မြစ် နဂါးဘုရင်အဖြစ် ပြောင်းပေးလိုက်ရင် ဘယ်လိုလဲ”