← Chapters

ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီး

Vol. 61 Ch. 805

ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီး

Vol. 61 Ch. 805

အလိပ်လိပ်ထနေသော မြေပြင်သည် ရုတ်ခြည်းဆိုသလို ငြိမ်သက်သွား၏။

မြေကြီးထဲ စိုက်ဝင်နေသော တော်ဝင်မုခ်ဝနတ်ဓားမက မြေပြင်ကို တောက်လျှောက်ခွဲလျက် အနောက်အရပ်ဆီသို့ ရွေ့လျားသွားသည်။ ကောင်းကင်နတ်မင်းတျန်းရှုက ဓားမ၏လက်ကိုင်ကို ဆုပ်ကိုင်လျက် တည်ငြိမ်အောင် ထိန်းလိုက်သည်။ သို့သော် မြေကြီးအောက်ရှိ စွမ်းအားက အတိုင်းထက်အလွန် ပြင်းထန်အားကောင်းလွန်းသောကြောင့် သူလည်း ဓားနှင့်အတူ အနောက်အရပ်သို့ လိုက်ပါသွားရတော့သည်။

တော်ဝင်မုခ်ဝနတ်ဓားမသည် အလွန်တရာ ထက်၏။ ၎င်း တောင်တစ်လုံးကို ဖြတ်သွားသည်အခါ တောင်ကြီးမှာ နှစ်ခြမ်းကွဲလျက် ကျန်ရစ်ခဲ့သည်။

လယ်သမားက အခြေအနေကို မြင်လျှင် မာန်သွင်းအော်ဟစ်လိုက်သည်။ သူက မြေကြီးပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သဖြင့် မြေပြင်မှာ အပိုင်းပိုင်းပြိုကွဲသွားသကဲ့သို့ အက်ကွဲကြောင်းများ ဖြာထသွားသည်။

ထိုအခါ တျန်းရှုလည်း တော်ဝင်မုခ်ဝနတ်ဓားမကို ဆွဲထုတ်နိုင်လိုက်သည်။ သူ ဓားမကို ဆွဲထုတ်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က ဆိတ်‌ခေါင်းနတ်ဘုရားအသွင် ပြောင်းသွားသည်။ သူ့ခေါင်း၌ ဆိတ်ချိုကြီးများ ပေါက်လာပြီး သူက ဓားမကို အောက်သို့ ဝင့်ခုတ်လိုက်ပြန်၏။

သူက ဓားမကို ဝင်လိုက်စဉ်တွင် ခွန်အားအပြည့် ထည့်လိုက်ထားသဖြင့် တစ်ချက်သာ ခုတ်လိုက်သော်လည်း မရေမတွက်နိုင်သော ဓားမရောင်များကား မြေကြီးထဲသို့ ထိုးဖောက်သွားတော့သည်။

သူ၏ဓားမသိုင်းသည် အလွန်တရာ အနုစိတ်ပြီး ခိုင်ဧကရာဇ်ခေတ်တုန်းက ဓားမလမ်းစဉ်၌ အထူးချွန်ဆုံး ဖြစ်ခဲ့၏။ မဟုတ်လျှင် ခိုင်ဧကရာဇ်က သူ့ကို တော်ဝင်မုခ်ဝနတ်ဓားမ အပ်နှင်းလျက် မြေအောက်ဘုံအရှင်သခင်၏ ချိုအား သွားခုတ်ခိုင်းခဲ့မည် မဟုတ်ပေ။

ဓားမ အောက်သို့ ခုတ်ချလိုက်သည့်အခါ မြေပြင်မှာ အဆက်မပြတ် အက်ကွဲကြေမွကုန်ပြီး ဟိုမှသည် ပြေးလွှားနေသော ဓားရောင်များအား မြင်ရနိုင်၏။ ဓားမရောင်များအကြား၌ လှုပ်ယမ်းနေသော အမြစ်ကြီးများလည်း ရှိနေပြီး ဖောင်းကြွနေသည့် မြေပြင်လှိုင်းတို့က အနောက်အရပ်ဆီသို့ လျင်မြန်စွာ လိမ့်ဆင်းသွားသည်။ မကြာမီ အဝေးရှိ တောင်တန်းများမှာ လှိုင်းလုံးများသဖွယ် လှုပ်ရမ်းသွားကာ ရွေ့လျားကုန်ကြသည်။

မြေပြင်ပေါ်တွင် သွေးအိုင်များ အိုင်ထွန်းနေပြီး နေရောင်များ ကွန့်မြူးတောက်ပနေသည်။

တျန်းရှု ဓားမကို ပြန်ဆွဲထုတ်ပြီး ပခုံးပေါ် တင်လိုက်သည်။ သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ “သူ့ကို ရှင်းရှင်းကြီးကို ထိသွားတာပါ... ဘာလို့ တော်ဝင်မုခ်ဝနတ်ဓားမက သူ့အသက်ကို မနုတ်နိုင်ခဲ့တာလဲ”

“မင်း မြေအောက်ဘုံအရှင်သခင်ကို ခုတ်ခဲ့တုန်းက သူ့အသက်ကို နုတ်နိုင်ခဲ့လို့လား”

သူ့အနောက်မှ လယ်သမား၏အသံ ထွက်လာသည်။ “လာ မြို့တော်ကို ပြန်စို့”

တျန်းရှုလည်း လှည့်၍ သူနှင့်အတူ မြို့တော်ဆီသို့ ပြန်လိုက်သည်။

မြို့တော်၏ စံအိမ်ထဲတွင်

တိရီယွဲ့နှင့် စာပေသမားက အမိကမ္ဘာမြေ၏ ကောင်းချီးကို အတူတူ ဖယ်ရှားလိုက်ကြသည်။ သို့သော် ချင်မူမှာလည်း မူးဝေယိုင်ထိုးနေကာ နံရံကို မှီ၍ တဝေါ့ဝေါ့ အန်နေရသည်။ တခဏကြာမှ ပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ့မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေ၏။

ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။ “ငါတို့ အမိကမ္ဘာမြေရဲ့ ကောင်းချီးကိုပဲ ဖျက်စီးရသေးတယ် ချင်မူ အခုလို ဒုက္ခခံနေရပြီ... ကောင်းကင်နတ်အရှင်ယွီမှာက ကောင်းချီးအများကြီး ရှိတဲ့အပြင် သူ့သိုင်းအဆင့်က ဝိညာဉ်သန္ဓေသားအဆင့်ပဲ ရှိသေးတာ... သူ ဘယ်လိုတောင့်ခံနိုင်မလဲ”

ချင်မူမှာ တစ်လောကလုံး ချာချာလည်နေသလို ခံစားနေရသေးလေသည်။

တန်ခိုးရှင်သစ်ခုတ်သမား ကမ္ဘာမြေမှုန်တာအိုသစ်သီးကို ဆွဲထုတ်ခဲ့စဉ်တုန်းက သူ သိပ်မခံစားခဲ့ရခြင်းမှာ သစ်သီးသည် သူ၏ဝိညာဉ်နှင့် ချိတ်ဆက်နေခြင်းကြောင့် ဖြစ်၏။ တန်ခိုးရှင်သစ်ခုတ်သမားက သူ့ဝိညာဉ်ကို ယိုတုဆီသို့ ရိုက်ထုတ်ခဲ့ကာ သူနှင့်သစ်သီးအကြား ချိတ်ဆက်နေမှုကို ဖြတ်တောက်နိုင်ခဲ့သည်။

သို့ရာတွင် အမိကမ္ဘာမြေ၏ ကောင်းချီးကတော့ မတူ။ ဤကောင်းချီးသည် ပို၍ ရှုပ်ထွေးပြီး ကမ္ဘာမြေ၏ စွမ်းအားကို အဆက်မပြတ် စုပ်ယူရင်း နဂိုအတိုင်း ပြန်ဖြစ်နိုင်၏။ ထို့အပြင် သူ၏ရုပ်ခန္ဓာနှင့်လည်း ချိတ်ဆက်နေသောကြောင့် ချင်မူ သေလျှင်ပင် ကောင်းချီးက ဆက်လက်တည်ရှိနေလိမ့်မည်။

စာပေသမားနှင့် တိရီယွဲ့ သုံးသွားသော နည်းလမ်းမှာ အမိကမ္ဘာမြေ၏ ကောင်းချီးကို ဖွဲ့တည်ပေးထားသော သင်္ကေတအမှတ်အသားတစ်ခုချင်းစီကို ဖျက်စီးပစ်သည့် အကြမ်းဆုံးနည်းလမ်း ဖြစ်ပေသည်။

ဤရက်များအတွင်း သူတို့သည် သင်္ကေတအမှတ်အသားအလုံးစုံကို နားလည်ခဲ့ပြီး အဖြေများ ထုတ်နိုင်ခဲ့ကြ၏။ သူတို့ ဖြေရှင်းနေကြစဉ် တုန်ခါမှုများက ချင်မူ့ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို အမြဲတစေ ဝင်တိုက်နေသဖြင့် သူ့အား အလွန်မအီမသာ ဖြစ်စေခဲ့သည်။

“ကောင်းကင်နတ်အရှင်ယွီ တောင့်မခံနိုင်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းယမ်းပြီး ပြောလိုက်သည်။ “ငါတို့ ဒီကောင်းချီးတွေကို ဖယ်ရှားမယ်ဆိုရင် သူ့ရဲ့ မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ကာကွယ်ပေးဖို့ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေ လိုအပ်တယ်... ရှေးဟောင်းနတ်ဘုရားတွေ တိုက်ခိုက်လာမှာကိုလည်း သတိထားဖို့ လိုသေးတယ်...

“ကောင်းကင်နတ်အရှင်ယွီရဲ့ တာဝန်က ကြီးလေးလွန်းတော့ သူ အသက်ပြန်ရှင်လာတဲ့ကိစ္စက သူ့ကို ကောင်းချီးပေးခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတွေအတွက် လျှို့ဝှက်ချက် ဖြစ်နေမှာမဟုတ်ဘူး... ငါတို့ ကောင်းချီးတွေကို ဖျက်စီးချင်ရင် မြန်မြန်လုပ်ဖို့ လိုတယ်... ရှေးဟောင်းနတ်ဘုရားတွေ မတုံ့ပြန်နိုင်ခင် ဒီကောင်းချီးတွေကို မြန်မြန်ဖယ်ရှားပစ်ရမှာ”

စာပေသမား ခေါင်းယမ်းလိုက်၏။ “ငါက ဗဟုသုတမနှံ့စပ်လို့ သူ့ခေါင်းနောက်က ကောင်းချီးအကုန် မဖယ်ရှားပေးနိုင်ဘူး”

တိရီယွဲ့လည်း ခေါင်းယမ်းသည်။ “ဒီကောင်းချီးတွေက ကျယ်ပြောလွန်းတယ်... အရပ်မျက်နှာနတ်မင်းလေးပါးနဲ့ ကောင်းကင်နယ်စားမင်းရဲ့ ‌ကောင်းချီးတွေကို ငါ အလွယ်တကူ ဖယ်ရှားပေးနိုင်ပေမယ့် ငါ နားမလည်တဲ့ ကောင်းချီးတချို့လည်း ရှိသေးတယ်”

သိကြား၊ လယ်သမားနှင့် တံငါသည်တို့လည်း ခေါင်းယမ်းလိုက်ကြသည်။

သစ်ခုတ်သမားက ပြောသည်။ “ဒါဖြင့် ငါ ငါ့တပည့်လေးနဲ့အတူ ဖြေရှင်းမယ်... မင်းတို့တွေက ရှေးဟောင်းနတ်ဘုရားတွေ မတိုက်ခိုက်နိုင်အောင် ငါတို့ကို ကာကွယ်ပေးကြ... ပိုင်ကွေ့၊ လာဦး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ခေါ်သံကြား၍ ရောက်လာ၏။ “ဆရာ”

သစ်ခုတ်သမားက ပြောသည်။ “ငါတို့နှစ်ယောက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခေါင်းနောက်က ကောင်းချီးတွေကို အတူတူ ဖယ်ရှားရမယ်... မင်း ယုံကြည်ချက်ရှိလား”

ဧကရာဇ်အတိုင်ပင်ခံ တခဏ စဉ်းစားလိုက်၏။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကောင်းချီးကတော့ အနည်းငယ် ခက်လိမ့်မယ်... ရှုပ်ထွေးပြီး မဟာတာအိုမျိုးစုံ ပါနေတာမလို့ အချိန်တချို့တော့ ယူရလိမ့်မယ် ဆရာ... ကျွန်တော့်အတွက်လည်း ဒီလို ဆန်းကြယ်တဲ့ မဟာတာအိုကို ပထမဆုံး မြင်ဖူးတာပါ... ဒါပေမဲ့ ဆရာနဲ့ အတူလုပ်ရမယ်ဆိုရင် ယုံကြည်ချက် ကိုးဆယ်ရာခိုင်နှုန်း ရှိပါတယ်”

သစ်ခုတ်သမားက ပြောလိုက်သည်။ “ငါ ပိုင်ကွေနဲ့ အတူလုပ်မယ်... ပထမကောင်းကင်နတ်မင်းတို့က ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ရှေးဟောင်းနတ်ဘုရားတွေ မတိုက်ခိုက်နိုင်အောင် ကာကွယ်ပေး”

အားလုံး သဘောတူ ခေါင်းညိတ်ကြသည်။

တိရီယွဲ့က ကောင်းကင်နတ်မင်းယွီကို လှမ်းခေါ်ပြီး မှော်စွမ်းအင်ဖြင့် သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်အား ကာကွယ်သည်။ သူမက အသာအယာ ခေါင်းညိတ်ပြ၏။

သစ်ခုတ်သမားက ပြောသည်။ “ပိုင်ကွေ့၊ ဘယ်ရှေးဟောင်းနတ်ဘုရားရဲ့ ကောင်းချီးကို ငါတို့အရင်ဆုံး ချိုးဖျက်သင့်တယ် ထင်လဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဖြေလိုက်သည်။ “အမိကမ္ဘာမြေက သေပြီးသား ဖြစ်တဲ့အပြင် စောစောကလည်း ရှုံးနိမ့်ပြီး ထွက်ပြေးသွားတော့ သူ့ကောင်းချီးက အလွယ်ဆုံး ဖြစ်လိမ့်မယ်... ပြီးရင် ကျွန်တော်တို့ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ကောင်းချီးတွေဆီ ဆက်သွားမယ်... သူတို့နှစ်ယောက်လုံးက ဒုတိယအစ်ကိုနဲ့ သိတယ်ဆို‌တော့ ကျွန်တော်တို့ကို တားမှာမဟုတ်သလို, တခြားရှေးဟောင်းနတ်ဘုရားတွေကိုလည်း သတိပေးမှာမဟုတ်ဘူး... ပြီးတာနဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကောင်းချီးကို ဖျက်စီးမယ်... ဒုတိယအစ်ကို ပြောပုံအရ ကောင်းကင်နတ်ဧကရာဇ်ကလည်း သေပြီးသားဆိုတော့ သူ့ကောင်းချီးကို ချိုးဖျက်ဖို့က ခက်လောက်ပေမယ့် သူ ထွက်လာရဲမှာမဟုတ်ဘူး... ဒါပြီးရင် ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမ၊ နတ်မင်းလေးပါးနဲ့ ကျန်တဲ့နတ်ဘုရားတွေဆီ ဆက်သွားနိုင်မယ်”

တန်ခိုးရှင်သစ်ခုတ်သမားက မေးသည်။ “ရှေးဟောင်းနတ်ဘုရားတွေ ငါတို့ကို ဝင်တားလောက်လား”

ဧကရာဇ်အတိုင်ပင်ခံ ခေါင်းယမ်းလိုက်သည်။ “အဓိကက ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနဲ့ နတ်မင်းလေးပါးရဲ့ ကောင်းချီးတွေပါ... ဒီရှေးဟောင်းနတ်ဘုရားခြောက်ယောက်ရဲ့ ‌ကောင်းချီးကို မြန်မြန် ချိုးဖျက်ရင် ပြင်ပကောင်းကင်နတ်ဘုံအတွက် တုံ့ပြန်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး... ကျန်တဲ့ ရှေးဟောင်းနတ်ဘုရားတွေကတော့ ပြဿနာမရှိလို့ အလွယ်တကူ ဖျက်စီးနိုင်ပါတယ်.. နတ်ဘုရားတွေ ကျွန်တော်တို့တည်နေရာကို သိသွားပြီး ဆင်းမလာနိုင်‌အောင် မြန်ဖို့ပဲ လိုတာ”

တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်လုံးများ တောက်ပသည်ထက် တောက်ပလာသည်။ သူက ပြုံး၍ ပြောလေသည်။ “ငါ့မှာ တပည့်သုံးယောက် ရှိတယ်... မင်းတစ်ယောက်ပဲ ငါ့ရဲ့ ပညာအစစ်အမှန်တွေကို ရခဲ့တယ်”

ချင်မူက နှာခေါင်းရှုံ့၍ မကျေမနပ် ဖြစ်နေသည်။ “ဘာပညာအစစ်အမှန်လဲ... ဆရာက ညီလေးကို သင်ပေးနေတုန်းက ကျွန်တော့်ကိုလည်း သင်ပေးဖို့ နေနေသာ နားထောင်ခွင့်တောင် မပေးခဲ့ဘူးလေ... ပညာအစစ်အမှန်တွေက ဘယ်နားက ရောက်လာတာလဲ”

သစ်ခုတ်သမားက သူ့ကို အဖက်မလုပ်ဘဲ ကောင်းကင်နတ်အရှင်ယွီဆီသို့ လျှောက်သွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဓားဆွဲထုတ်လိုက်သည့်အချိန် သစ်ခုတ်သမားက ပုဆိန်ဆွဲထုတ်သည်။ ဓားသည် လျှပ်စီးလို ရွေ့လျားသွားပြီး ပုဆိန်က လေလို လှုပ်ရှားနေသည်။ လှုပ်ရှားမှုတိုင်းက အလွန်သေသပ်လှသဖြင့် အားလုံး တလေးတစား ချီးကျူးမိကြ၏။

“ကျန်းပိုင်ကွေ့က သစ်ခုတ်သမားနဲ့ သိပ်တူတယ်နော်”

လယ်သမားက ကြည့်နေရင်း စာပေသမားဆီသို့ ကပ်ပြောသည်။ “ဒါပေမဲ့ သူ့ပါရမီက သစ်ခုတ်သမားထက် မြင့်တယ်... သိုင်းအဆင့်က သစ်ခုတ်သမားလောက်နီးနီး ရှိနေပြီ”

စာပေသမားလည်း အသာအယာ ခေါင်းညိတ်လိုက်၏။ “ကောင်းကင်ဆရာသခင်ကြီးက အာရုံစိုက်တဲ့နေရာတွေ များလွန်းတော့ ရလဒ်အနေနဲ့ သူ့သိုင်းအဆင့်က နှောင့်နှေးသွားတာပေါ့... သူ့ချီစွမ်းအင်ကလည်း သူများတွေ အားမကောင်းဘူး... ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုကို သူကိုယ်တိုင် တွန်းတင်ပေးရင်း ကျင့်ကြံအားထုတ်တာမှာ အာရုံမစိုက်နိုင်ဘူး ဖြစ်ခဲ့တယ်... အခြားတစ်ဖက်မှာတော့ ကျန်းပိုင်ကွေ့က သူ့ဆီက သင်ယူပြီးတော့ နတ်ဘုရားလို အမြန်နှုန်းနဲ့ တိုးတက်လာနေသေးတယ်... သူက သာမန်တော့ မဟုတ်ဘူး”

လယ်သမားက ဘေး၌ စိတ်ကောက်နေသော ချင်မူ့ကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “သစ်ခုတ်သမားက ဘာလို့ အဲဒီကလေးချင်မူကို မသင်ပေးခဲ့တာပါလိမ့်.... ဒီကလေးကြည့်ရတာ‌ တော်တော်စိတ်ဆိုးနေတဲ့ ပုံပဲ.... သူ့မျက်နှာက မင့်မြည်းထက်တောင် အရုပ်ဆိုးနေသေးတယ်”

စာပေသမား ခေါင်းယမ်းလိုက်သည်။ “ငါလည်း မသိဘူး... ဒါပေမဲ့ ချင်မူ လေ့လာခဲ့တာတွေက ဟိုစပ်စပ်သည်စပ်စပ်နဲ့.... ဒါပေမဲ့ သူက အကုန်လုံးမှာ ကျွမ်းကျင်တယ်... အထူးသဖြင့် သူ့ဓားသိုင်း... ငါတောင် မခုခံနိုင်ခဲ့ဘူး”

“အစ်ကိုကြီး သူ့ကို ဘာလို့ မသင်ပေးခဲ့တာလဲ ငါ သိတယ်”

တံငါသည်က လမ်းလျှောက်လာပြီး ခပ်တိုးတိုး ပြောသည်။ “ဒီကလေးနဲ့ ငါ အချိန်တစ်ခုအထိ ဆက်ဆံကြည့်ဖူးပြီး သူ့ကို အင်မတန် လေးစားသွားတာနဲ့ အစ်ကိုကြီးကို ဘာလို့မသင်ပေးတာလဲ မေးခဲ့ဖူးတယ်... အဲဒီတုန်းက သူ့အမူအရာက တစ်မျိုးကြီး ဖြစ်သွားပြီး ငါ့ကို ဒီလိုပြောတယ်... သူ့တပည့်သုံးယောက်ထဲမှာ တပည့်ကြီးနဲ့ တပည့်လေးကို ဘာတွေသင်ပေးရမှန်း သိပေမယ့် တပည့်လတ်ကိုတော့ ဘယ်လိုသင်ပေးရမှန်းမကို မသိတော့လို့ သူ့ဘာသာ လေ့လာခိုင်းဖို့ ဆုံးဖြတ်လိုက်တာတဲ့လေ”

စာပေသမားမှာ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူမက လယ်သမားအိုကြီးဆီသို့ မေးလိုက်သည်။ “သူ့သိုင်းတာအိုကလည်း အားမနည်းဘူး... မင်း သူ့ကို သင်ပေးလိုက်တာလား”

လယ်သမားက နှာခေါင်းရှုံ့၍ ခေါင်းယမ်းသည်။ “တစ်ခါမှကို မသင်ပေးဖူးဘူး.... ငါ သစ်ခုတ်သမားကို မြောင်းထဲ ပို့လိုက်တုန်းက အဲဒီကလေးက လာရှာတယ်လေ... ပြီးတော့ မာနကြီးတစ်ခွဲသားနဲ့ သို့နျိုကမ္ဘာက လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ ပြောတယ်... အလဲအလှယ်အနေနဲ့ သစ်ခုတ်သမားကို ပြန်ခေါ်သွားခွင့် ပေးရမယ်တဲ့... ငါလည်း သူ့ကို သို့နျိုနန်းဆောင်တစ်လျှောက် ဖြတ်ကျော်ခိုင်းလိုက်တယ်... သူ အဲဒီအတိုင်း သိုင်းတာအိုကို နားလည်သွားတော့တာပဲ... ငါ ဘာမှကို မသင်ပေးလိုက်ရဘူး... ဒီကလေး တကယ်ကြီး ဖြေရှင်းပေးနိုင်မယ်လို့ ငါ ဘယ်ထင်ပါ့မလဲ...”

စာပေသမား မှင်သက်သွားပြီး မျက်နှာကြီးဆူပုပ်လျက် စိတ်ကောက်နေသော ချင်မူ့ဆီသို့ လှည့်ကြည့်လိုက်သည်။

‘ဒီလိုတပည့်မျိုး ရထားတာ... ဝမ်ထျန်းကဲ ကံကောင်းတာလား ကံဆိုးတာလား’ သူမဘာသာ တွေးလိုက်မိ၏။

တခဏကြာသော် သစ်ခုတ်သမားနှင့် ဧကရာဇ်အတိုင်ပင်ခံက အမိကမ္ဘာမြေ၏ ကောင်းချီးကို ဖျက်စီးပြီးသွားသဖြင့် ကောင်းကင်နယ်စားမင်း၏ ကောင်းချီးဆီ တမုဟုတ်ချင်း လှုပ်ရှာသည်။ နှစ်ယောက်စလုံးကား အလွန်လျင်မြန်ပြီး မြေအောက်ဘုံအရှင်သခင်၏ ကောင်းချီးထံ ရောက်သွားချေပြီ။ ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများမှာ ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။

တိရီယွဲ့ပင် မျက်မှောင်ကြုတ်နေသည်။ သူတို့နှစ်ယောက်လုံး ချိုးဖျက်သွားသည့် နှုန်းက မြန်လွန်း၏။ သူမသာဆိုလျှင် ထိုမျှလျင်မြန်စွာ လုပ်နိုင်မည်မဟုတ်ပေ။

ထိုကဲ့သို့ လျင်မြန်နိုင်ရန် လူတစ်ယောက်သည် အင်မတန် ဉာဏ်ကောင်းရမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ တွက်ချက်နိုင်စွမ်းလည်း ရှိရမည်။ ထိုမျှသာမက တစ်ယောက်နှင့်တစ်ယောက် အပေးအယူမျှတစွာ လှုပ်ရှားရမည် ဖြစ်ပြီး အမှားပါ၍ မဖြစ်ပေ။

သစ်ခုတ်သမားနှင့် ဧကရာဇ်အတိုင်ပင်ခံက ကြိုတင်မလေ့ကျင့်ဘဲ တန်းအလုပ်လုပ်ခဲ့သော်လည်း နှစ်ယောက်သား ဟာကွက်တစ်ချက်မှ မရှိသည်အထိ အပေးအယူမျှနေသည်။

များစွာမကြာလိုက်ဘဲ သူတို့နှစ်ယောက် ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးကို စတင်ရင်ဆိုင်ကြသည်။ အခက်ခဲဆုံး ကောင်းချီးဖြစ်သည့်အလျောက် အရှိန်ကျလာ၏။ ဓားချက်တိုင်း၊ ပုဆိန်ချက်တိုင်းမှာ အတိုင်းထက်အလွန် နှေးကွေးပြီး လေးလံနေသယောင် ထင်ရသည်။

နှေးကွေးစွာ လှုပ်ရှားနေကြ၍ ပေါ့သောအရာကို ခက်ခက်ခဲခဲ မြှောက်နေကြရသကဲ့သို့ ဖြစ်နေကြ၏။ ရိုက်ချက်တိုင်းအတွက် အချိန်က ကြာသထက် ကြာလာကာ သူတို့ချွေးများမှာ အငွေ့ပင် ပျံလာတော့သည်။ ချီနှင့်သွေးတို့ကလည်း ပိုမိုအုံကြွလာကြသည်။

နှစ်ရက်ကြာသော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အရေပြားမှ သွေးများ စိမ့်ထွက်လာပြီး သစ်ခုတ်သမား၏ မျက်လုံးများမှာ သွေးမျက်ရည်စီးကြောင်းနှစ်ကြောင်း ကျလာသည်။ သူ့ဆံပင်လည်း အဖြူရောင်ဖြစ်လာ၏။

ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးမှာ အလွန်ခိုင်မာလွန်းသောကြောင့် သူတို့နှစ်ယောက် ဦးနှောက်ကို နောက်ဆုံးအတိုင်းအတာအထိ အသုံးချနေကြရသည်။ ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးအတွင်းရှိ သင်္ကေတအမှတ်အသားများ၏ ဆန်းကြယ်သော သဘောတရားများကို ခွဲခြမ်းစိတ်ဖြာနေရသဖြင့် သူတို့၏ဦးနှောက်များမှာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် အလုပ်လုပ်နေကြရသည်။ နှစ်ယောက်စလုံး နားမလည်သည့်အခါတွင် လှုပ်ရှားနိုင်မည်မဟုတ်ပေ။

နောက်ထပ်နှစ်ရက်ကြာသော် သစ်ခုတ်သမား မောဟိုက်ပင်ပန်းလာသည်။ ဧကရာဇ်အတိုင်ပင်ခံက ငယ်ရွယ်သူပီပီ ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးကို ချိုးဖျက်ရင်း များစွာသုံးသပ်ဆင်ခြင်နိုင်ခဲ့သောကြောင့် သူ၏ချီနှင့်သွေးက ကျမည့်အစား၊ တက်လာသည်။

နောက်ဆုံးတော့ နှစ်ယောက်သား ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးမှ ဖွဲ့တည်နေသော ရောင်ခြည်ကို ဖျက်စီးနိုင်သွား၏။

သစ်ခုတ်သမား၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူက နောက်ဆုတ်သွားသည်။ “ပိုင်ကွေ့၊ ကျန်တဲ့ကောင်းချီးတွေကို မင်းဘာသာမင်း ဆက်လုပ်နိုင်မလား”

“ကြိုးစားကြည့်ပါ့မယ်”

ဧကရာဇ်အတိုင်ပင်ခံက မာန်သွင်းဟိန်းဟောက်ကာ အရှိန်တင်လိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းက ပုံရိပ်များသာ ချန်ရစ်ခဲ့၍ ဤအချိန်တွင် ကောင်းကင်နတ်အရှင်ယွီ၏ ပတ်ပတ်လည်တွင် ဧကရာဇ်အတိုင်ပင်ခံများစွာ ရွေ့လျားနေသည့်အလား မြင်နေရသည်။ ဧကရာဇ်အတိုင်ပင်ခံတိုင်းက မတူညီသော ဓားကွက်များကို ထုတ်ဖော်၍ ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းဆီသို့ ထိုးစိုက်ရင်း တောက်ပလင်းလက်သော အရောင်အဝါများ ဖြာထွက်လာနေစေသည်။

တိရီယွဲ့၊ စာပေသမား၊ လယ်သမားတို့ စိုးရိမ်လာကြသည်။

စောစောက ကောင်းချီးများကို ဖယ်ရှားစဉ်တုန်းက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က သူတို့ကို မတားခဲ့သလို၊ အမိကမ္ဘာမြေနှင့် ကောင်းကင်နတ်ဧကရာဇ်ကလည်း သေဆုံးနေကြသည်။ ယခုမူ ဧကရာဇ်အတိုင်ပင်ခံတစ်ယောက်သာ ရှိတော့သည့်အပြင် ကျန်သည့်ကောင်းချီးများ၏ နတ်ဘုရားများမှာလည်း ကောင်းကောင်း အသက်ရှင်နေနိုင်သေး၏။

ရုတ်တရက် ကောင်းကင်နတ်ဧကရီ၏ ကောင်းချီးသည် ဖောက်ခနဲ ငြိမ်းသေသွားပြီး ရှေးမနှောင်းမှာဘဲ ကောင်းကင်နတ်ဧကရီ၏ ညီမဆီမှ ကောင်းချီးလည်း ပျက်စီးသွားသည်။ ထို့နောက် နတ်မင်းလေးပါး၏ ကောင်းချီးများလည်း မှေးမှိန်သွားကာ ငြိမ်းသေသွားကြသည်။

ဧကရာဇ်အတိုင်ပင်ခံသည် မြန်သထက် မြန်လာသည်။ သူ၏ပုံရိပ်များကလည်း များသထက် များလာသဖြင့် အားလုံး နောက်ဆုတ်ကာ နေရာဖယ်ပေးလိုက်ကြ၏။

ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းက လျော့နည်းလာပြီး ကောင်းချီးများ ပျောက်ကွယ်နေသော အမြန်နှုန်းက မြန်သထက် မြန်လာသည်။ အားလုံး ငေးကြည့်ရင်း တလေးတစား စုပ်သပ်နေမိကြတော့သည်။

“မင်းက မင့်တပည့်လေး အောင်မြင်အောင် ကူညီပေးနေတာလဲ”

စာပေသမားက ခပ်တိုးတိုး ပြောလိုက်၏။ “ပင်ပန်းလွန်းလို့ သွေးအန်ရလောက်တဲ့အထိ မင်း အားမနည်းပါဘူး”

တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်သည်။ “ငါက အိုနေပြီလေ... ပြီးတော့ ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင်ဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဆက်တိုက်ကူညီနေလို့ ဘယ်ဖြစ်ပါ့မလဲ.. ဆရာတစ်ယောက်က သံသယတွေကို ဖြေရှင်းပေးဖို့ စာသင်ရတာ... အခု ငါ သင်ပေးပြီး သံသယတွေကို ဖြေရှင်းပြီးပြီ... အဲဒါမှ ဆရာအစစ်တစ်ယောက်လို့ ခေါ်နိုင်တာပဲ”

စာပေသမားက ချင်မူ့ဆီသို့ မေးငေါ့ပြကာ မေးလေသည်။ “မင်းရဲ့ ဟိုတပည့်ကိုရော... သူ့သံသယတွေ ဖြေရှင်းပေးဖို့ သင်ပေးပြီးပြီလား”

သစ်ခုတ်သမား ခေါင်းကြီးသွားပြီး မည်သို့ပြောရမည်မှန်း မသိတော့ပေ။ “သူ့ကို ဘာသင်ပေးရမလဲ၊ ဘယ်လိုသင်ပေးရမလဲ မသိဘူး... သူက ကောင်းကင်နတ်အရှင်ယွီလိုပဲ... အခြေခံသဘောတရား နားလည်သွားတာနဲ့ သေလောက်အောင် ကြောက်သွားစေနိုင်တဲ့အရာတွေ ဖန်တီးနိုင်တယ်... ငါ သူ့ကို မသင်ပေးရဲဘူး....”

နောက်ဆုံးတွင် ဧကရာဇ်အတိုင်ပင်ခံသည် ကောင်းချီးအားလုံး ဖျက်စီးပြီးသွား၍ ဓားကို ကျောနောက်၌ ပြန်သိမ်းလိုက်သည်။ သူက မျက်လုံးများပိတ်ရင်း ဆန်းကြယ်နက်နဲသော အခြေအနေသို့ ဝင်ရောက်သွားတော့သည်။

ဤတစ်ခေါက် ရှေးဟောင်းနတ်ဘုရားများ၏ ကောင်းချီးများက သူ့ကို အကျိုးအမြတ်များစွာ ရရှိစေခဲ့ကာ ပို၍ပင် နက်ရှိုင်းသော အတွေးအခေါ်၊ အသိအမြင်များ ပိုင်ဆိုင်စေခဲ့သည်။

ဤသည်မှာ သစ်ခုတ်သမား ကူညီပေးခဲ့သည့် ရလဒ် ဖြစ်သည်။ သစ်ခုတ်သမားက ရှေးဟောင်းနတ်ဘုရားဘုရားတို့၏ သဘာဝ၊ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုနှင့် သစ်ခုတ်သမားကိုယ်တိုင်၏ ဉာဏ်ပညာနှင့်အတူ သူ့အား လမ်းကြောင်းပေးခဲ့သည်။ သစ်ခုတ်သမား နောက်ဆုတ်ပေးသည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် သူ၏ဉာဏ်ရည်ဉာဏ်သွေးများကို ထုတ်ဖော်ခွင့် ရသွားသဖြင့် ဤကဲ့သို့အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားနိုင်ခဲ့၏။

“ဒါက ကျန်းပိုင်‌ကွေ့ရဲ့ ဘဝမှာ အရေးအပါဆုံး အသိအမြင်ပဲ.... ဒီတစ်ခုက သူ့ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးလိမ့်မယ်”

မည်သူမှ သူ့ကို မနှောင့်ယှက်ဘဲ ပြန်သွားကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ နိုးလာသည့်အခါ တစ်လကြာပြီဖြစ်သည်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာတွင် ချင်မူ့အိမ်မှာ ပြောင်းတလင်းခါနေ၏။ အားလုံး ထွက်သွားကြသည်မှာ ကြာပြီဖြစ်ပြီး သူ မော့ကြည့်လိုက်သည့်အချိန်တွင် နန်းစိုက်မြို့တော်တစ်မြို့လုံး အုပ်မိုးထားသော မူလသစ်ပင်ကြီးသစ်ပင် မြင်တွေ့လိုက်ရသည်။

“ချင်မူက လူသားဧကရာဇ်တွေနဲ့ တာအိုသခင်ကို ခေါ်ပြီး မာန်ဟုန်မြစ်ဆီ ထွက်သွားပြီ”

သစ်ပင်အောက်ရှိ ကုန်းစွန်းယန်က သူ့ကို ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံကို စိတ်မပူဖို့ မှာခဲ့ပါတယ်.... ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ တောင်‌ကောင်းကင်မုခ်ဝကို ပိတ်ထားနိုင်မယ့် ကျင့်စဉ်ကို တတ်နိုင်သမျှ မြန်မြန် ပြင်ဆင်ထားပါတဲ့”

ဧကရာဇ်အတိုင်ပင်ခံမှာ တခဏ ငေးကြောင်နေပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မင်း ဘာလို့ သူနဲ့ လိုက်မသွားတာလဲ”

“ကျွန်မက ဒီမှာ အမြစ်ချထားတာနဲ့ အသားကျနေပါပြီ” ထိုမိန်းကလေးက ပြုံးနေလေသည်။

ချင်မူက နဂါးချီလင်၏ကျောပေါ်တွင် ထိုင်နေပြီး လူသားဧကရာဇ်များနှင့်အတူ ခပ်သုတ်သုတ် ခရီးနှင်နေသည်။ တောင်တန်းများ၊ မြစ်ပြင်များကို ဖြတ်ကျော်ရင်း သွားနေကြစဉ် ရုတ်တရက် ချင်မူသည် အနက်ရောင်တောဝက်တစ်ကောင်ကို မြင်လိုက်ရပြီး ဝမ်းသာသွား၏။ သူက အလျင်အမြန် အော်လိုက်သည်။ “အဲဒီ‌မိစ္ဆာဝက်ကို ဖမ်း”

ရေချီလင်လည်း ကမန်းကန်း ပြေးကာ ‌မိစ္ဆာဝက်နောက် လိုက်ဖမ်းသည်။

ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ တော်ဝင်အမိန်စာတမ်းကို ထုတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကောင်းချီးကို ဘယ်လိုဖယ်ရှားရမလဲ တွေးနေတာနဲ့ အတော်ပဲ”

တခဏကြာသော် သူက အူတူတူဖြစ်နေသော မိစ္ဆာဝက်ဘက်သို့ ချိန်လျက် တော်ဝင်အမိန့်စာတမ်းကို ဖွင့်လိုက်သည်။ ထို့နောက် အမိန့်စာတမ်းကို ဘေးသို့ လွှင့်ပစ်ကာ ကျန်သူများနှင့်အတူ ထွက်ခွာသွားတော့သည်။

“‌ကောင်းကင်နတ်အရှင်မူ နောက်ဆုံးတော့ တွေ့ရပြီပေါ့” တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ရှေးကျသော အသိစိတ်အလျဉ်တစ်ခုက တိတ်ဆိတ်စွာ မျောလွင့်လာကာ မိစ္ဆာဝက်၏ စိတ်ထဲတွင် ပေါ်လာသည်။

“ညွှံ့ ညွှံ့” မိစ္ဆာဝက် အလန့်တကြား ထအော်မိ၏။

All Chapters