← Chapters

ကောင်းကင်နတ်မြစ်၏ တစ္ဆေသင်္ဘော

Vol. 61 Ch. 807

ကောင်းကင်နတ်မြစ်၏ တစ္ဆေသင်္ဘော

Vol. 61 Ch. 807

“ကောင်းကင်နတ်မြစ် နဂါးဘုရင်ဟုတ်လား”

‌နဂါးထိန်းဧကရာဇ် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ “ကောင်းကင်နတ်မြစ် နဂါးဘုရင်ရဲ့ အကျိုးခံစားခွင့်တွေက ဘာလဲ”

ချင်မူ ဖြေလိုက်၏။ “အရင်အတိုင်းပဲ... ဒါပေမဲ့ ကောင်းကင်နတ်မြစ်ထဲက ရေအောက်ရတနာတွေကတော့ ခင်ဗျားနဲ့ မဆိုင်ဘူး”

နဂါးထိန်းဧကရာဇ်က အရိပ်အခြည်ကြည့်ကာ မေးသည်။ “အဲဒီကောင်းကင်နတ်မြစ်က ဘယ်လောက်ကျယ်ပြီး ဘယ်လောက်ရှည်လဲ... သခင်ကြီး၊ ငါ မင်းကို မယုံတာတော့ မဟုတ်ပါဘူး... နတ်ဘုရားပိုင်ရှီနဲ့ သူ့ရဲ့ နှစ်တစ်ရာတောင်ကိုပဲ ဥပမာကြည့်လေ... ငါ့နဂါးခန္ဓာကိုယ်က အတော်လေးကြီးတော့ သာမန် သုံး၊ လေး၊ ငါးမိုင်လောက် ရှည်တဲ့ မြစ်ဆို မဆန့်ဘူး”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်မြစ်က ကျယ်တာပေါ့ဗျာ... လက်ရှိမာန်ဟုန်မြစ်ထက် မသေးဘူး... ရေသတ္တဝါတွေလည်း အများကြီးဆိုတော့ အစာအတွက် စိတ်ပူစရာကိုမလိုတာ”

နဂါးထိန်းဧကရာဇ် ဝမ်းသာသွားသော်လည်း စိတ်ထဲတွင် ခိုးလုခုလု ဖြစ်နေသေးသည်။ “ငါ ကောင်းကင်နတ်မြစ် နဂါးဘုရင်ဖြစ်လာရင် အကောင်းဆုံးပေါ့ကွာ... ဒါပေမဲ့ မင်း ငါ့ကို နားလည်ပါးရိုက်လုပ်မှာ ကြောက်တယ်.... နတ်ဘုရားပိုင်ရှီနဲ့ သူ့ရဲ့နှစ်တစ်ရာတောင်...”

ချင်မူ မှုန်ကုန်သွားသည်။ “လုပ်မှာလား မလုပ်ဘူးလား”

“လုပ်မယ် လုပ်မယ်”

နဂါးထိန်းဧကရာဇ် ကမန်းကတန်း ဆုံးဖြတ်ချက်ချပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဒီမှာ နေပြီး နတ်ဘုရားတစ်ပိုင်းတွေ နေ့တိုင်း အနိုင်ကျင့်တာ ခံနေမယ့်အစား ကောင်းကင်နတ်မြစ် နဂါးဘုရင်ပဲ လုပ်တော့မှာပေါ့... အနည်းဆုံးတော့ အဲဒီမှာ နဂါးဘုရင် ဖြစ်နေသေးတယ်.... ဒါပေမဲ့ သခင်ကြီး၊ ငါတို့ မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ကို ဘယ်လို ဖျက်ကြမလဲ”

“မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို ဖျက်စရာမလိုဘူး... မြေအောက်ဘုံအရှင်‌လေး ပဋိညာဉ် ရေးထိုးလိုက်ဖို့ပဲ လိုတယ်”

ချင်မူက သူ့ကို ပဋိညာဉ်ရေးထိုးနည်း သင်ပေးလိုက်ပြီး နဂါးထိန်းဧကရာဇ်ကလည်း ပြောသည့်အတိုင်း လုပ်သည်။ ပဋိညာဉ် ရေးထိုးပြီးသည်နှင့် ချင်မူသည် သူ့ကို အဖက်မလုပ်တော့ဘဲ လူသားဧကရာဇ်ချီကန်း၊ လူသားဧကရာဇ်ရီရှန်းတို့ကို သတ္တမကောင်းကင်ရတနာ တည်ဆောက်နိုင်အောင် ကောင်းကင်နတ်မြစ်၏ စွမ်းအားကို စတင်သုံးသပ်ဆင်ခြင်ခိုင်းနေ၏။

နဂါးထိန်းဧကရာဇ်၏ ခေါင်းကြီးက မာန်ဟုန်မြစ်ထဲမှ ပြူထွက်လျက် အတန်ကြာသည်အထိ စောင့်နေသည်။ ကောင်းကင်နတ်မြစ် မည်သည့်နေရာ ရှိကြောင်း ပြောမည့်အစား ဟိုဟိုသည်သည် ပြေးလွှားရင်း အလုပ်များနေသော ချင်မူ့ကို ကြည့်ရင်း နဂါးထိန်းဧကရာဇ်က အပြုံးလေးဖြင့် စိတ်ရှည်လက်ရှည် မေးလိုက်သည်။ “သခင်ကြီး၊ ကောင်းကင်နတ်မြစ်က ဘယ်မှာလဲ”

ချင်မူကား သူ့ကို အရေးမစိုက်။ သို့သော် နဂါးချီလင်မှာ မကြည့်ရက်တော့သဖြင့် ပြောလိုက်သည်။ “နဂါးထိန်းဧကရာဇ်၊ မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ်ပဲ... ခင်ဗျား ကောင်းကင်နတ်မြစ်ထဲမှာ အခု နေ,နေတာ”

နဂါးထိန်းဧကရာဇ်မှာ မှင်သက်သွားပြီး နားမလည်သေးပေ။

နဂါးချီလင် ‌ခေါင်းယမ်းကာ ပြောလိုက်သည်။ “ခင်ဗျားဗျာ နဂါးထိန်းကျမ်းစာရဲ့ တီထွင်သူ ဖြစ်ပြီး လူသားတွေနဲ့ ပတ်သက်လာရင် ဘာမှကို မသိပါလား... မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ်လို့ ခေါ်တယ်... ဂိုဏ်းသခင်က မာန်ဟုန်မြစ် ကောင်းကင်နတ်မြစ်အဖြစ် ပြောင်းလဲသွားတာ မြင်တော့ ခင်ဗျားနဲ့ စာချုပ်ချုပ်ခဲ့တဲ့အတွက် သူအများကြီး နစ်နာသွားတယ်လို့ ခံစားရတယ်လေ... ရေအောက်ရတနာတွေက ခင်ဗျားအပိုင် ဖြစ်သွားမှာမဟုတ်လား... ဒါ့အပြင် နဂါးနန်းဆောင်တွေ၊ နဂါးစံအိမ်တွေလည်း တစ်ပုံကြီးရှိတယ်.... နတ်ဘုရားတစ်ပိုင်းတွေလည်း ရေထဲမှာ နေ,နေကြတယ်... ဂိုဏ်းသခင်ခမျာ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို ပြန်ရုတ်သိမ်းမရလို့ တစ်နှစ်ကျော်လောက် ခေါင်းကိုက်နေခဲ့ရတာ”

နဂါးထိန်းဧကရာဇ် ငေးကြောင်သွားကာ မည်သည်ကိုမှ မစဉ်းစားနိုင်တော့ပေ။

ဘေးရှိ ရေချီလင်မှာလည်း စိတ်မကောင်းသော အမူအရာဖြင့် ပြောသည်။ “ညီလေးပိရဲ့ သခင်က သိပ်ကောက်ကျစ်လွန်း.... ဘွာတေး ဉာဏ်ကောင်းလွန်းတယ် ပြောရမလား... သူ ခင်ဗျားနဲ့ ပဋိညာဉ်မပယ်ဖျက်ခဲ့တဲ့ အကြောင်းရင်းက မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ်ဖြစ်နေလို့ ပယ်ဖျက်စရာ မလိုလို့ပဲ.... မြေအောက်ဘုံအရှင်လေး ပဋိညာဉ်ကတော့ ရေအောက်ထဲက ရတနာတွေကို ပြန်သိမ်းဖို့ပဲ ဟီးဟီး.... မြေအောက်ဘုံအရှင်လေးက တကယ် ရက်စက်တယ်နော်...”

နဂါးထိန်းဧကရာဇ်မှာ ငေးကြောင်လျက်ပင်။

ချင်မူက လူသားဧကရာဇ်နှစ်ယောက်၏ တိုးတက်မှုများကို စောင့်ကြည့်နေပြီး ကောင်းကင်နတ်မြစ်၏ စွမ်းအားကို အာရုံခံနိုင်သည်လား အကဲခတ်နေသည်။ ဤအချက်က အရေးကြီးဆုံး ဖြစ်၏။

လူသားဧကရာဇ်အားလုံးသည် ပါရမီရှင်များ ဖြစ်ကြ၏။ နှစ်ကာလ ရာချီတိုင်အောင် တစ်လောကလုံးတွင် ထိပ်တန်း၌ ရပ်တည်ခဲ့သော အဆင့်မြင့်သိုင်းပညာရှင်များဆိုလည်း မမှားပေ။ သူတို့သာ ကောင်းကင်နတ်မြစ်၏ စွမ်းအားကို အာရုံမရလျှင် ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် ပို၍ပင် ခက်ခဲလိမ့်မည်။

ကံကောင်းစွာနှင့် လူသားဧကရာဇ်ချီကန်းနှင့် လူသားဧကရာဇ်ရီရှန်းက ကောင်းကင်နတ်မြစ်၏ စွမ်းအားကို မြန်မြန်ဆန်ဆန် အာရုံရသွားကြသဖြင့် ချင်မူ စိတ်သက်သာရာရသွား၏။

“ဆရာကြီးတို့က ကောင်းကင်နတ်မြစ်ရဲ့ စွမ်းအားကို အာရုံရပြီဆိုတော့ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို အနှေးနဲ့အမြန် ဖွင့်နိုင်မှာပဲ.... ဒါပေမဲ့ ကျန်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေအတွက်တော့ ဒီအဆင့်အထိ ကျင့်ကြံဖို့ ခက်နေသေးတယ်.... ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်တဲ့သူ အများကြီး ရှိမှာမဟုတ်ဘူး”

ချင်မူ တွက်ချက်ကြည့်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်ရှိ ပညာရေးအဆင့်အတန်းအရ အခြေခံ ခိုင်မာပြီး ပါရမီ မြင့်မားသော ‌ကောင်းကင်နတ်သိုင်းပညာရှင် သောင်းဂဏန်းမျှ ရှိလိမ့်မည်။

သောင်းဂဏန်း အရေအတွက်မှာ များလှသည်ဟု ထင်ရသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူဦးရေနှင့် ယှဉ်လျှင် နည်းလွန်းသေး၏။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာဖြင့် ကောင်းကင်တံတားကောင်းကင်ရတနာကို အစားထိုးလိုလျှင် နှစ်ပေါင်းရာဂဏန်းမှ ထောင်ဂဏန်းအထိ ကြာလောက်သည်။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လှစ်ထားသော အဆင့်မြင့်သိုင်းပညာရှင်များသည် သားသမီးများ မွေးဖွားရန် လိုအပ်၏။ ထိုအခါ မွေးဖွားလာသည့် မျိုးဆက်များတွင် ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ပွင့်ပြီး ဖြစ်လိမ့်မည်။

ထို့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်စနစ်ကိုလည်း မြှင့်တင်ရမည်။ ယခင်ကျင့်စဉ်များသည် ကောင်းကင်တံတား ကောင်းကင်ရတနာအတိုင်း ကျင့်ကြံရခြင်း ဖြစ်သည့်အတွက် ယနေ့မှစ၍ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအတွက် သင့်တော်မည့် ကျင့်စဉ်၊ လမ်းစဉ်များကို လျှောက်လှမ်းရလိမ့်မည်။

‘ကျင့်စဉ်တွေကို ပြောင်းလဲပစ်တာက လုပ်ငန်းစဉ်ကြီးတစ်ရပ်ပဲ’

ချင်မူ သက်ပြင်းချနေမိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကျင့်စဉ်များ ပေါများလွန်း၏။ ဤကျင့်စဉ်အားလုံးကို ပြောင်းလဲပစ်ရန် ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်သော ပါရမီရှင်များစွာ လိုအပ်ပေသည်။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာက ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပေါင်းစည်းပေးထား၏။ ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် ကောင်းကင်နန်းဆောင်များအကြောင်း များစွာမသိကြသော်လည်း ကောင်းကင်နန်းဆောင်အဆင့် နတ်ဘုရားများကတော့ ကူညီပေးနိုင်သေးသည်။

‘လာမယ့် နှစ်တွေမှာ... တစ်လောကလုံးကို တုန်လှုပ်သွားစေမယ့် ဆရာသခင်တွေ မွေးဖွားလာလိမ့်မယ်’

ကောင်းကင်သည် တစတစ မှောင်မိုက်လာပြီး ချင်မူ၏ မျက်ဝန်းများက အမှောင်ထုထဲ၌ တောက်ပနေသည်။ သူ့မျက်ဝန်းများက မြစ်ရေပြင်ဆီသို့ ကြည့်ရင်း တဖြည်းဖြည်း လေးနက်လာ၏။ ‘ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘယ်လောက် ခံမှာလဲ... အချိန်က ငါတို့ကို စောင့်မနေဘူး...’

ထိုစဉ် မြစ်ထဲမှ အလင်းရောင်များ ဖြာထွက်လာကာ တောက်ပသည်ထက် တောက်ပလာသည်။ ရေအောက်၌ နေထွက်လာသည့်အလားပင် ထင်ရ၏။

နဂါးထိန်းဧကရာဇ်မှာ ကပျာကယာ အပေါ်ပျံတက်၍ နဂါးခေါင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်းလိုက်သည်။ သူက ရေအောက်၌ တောက်ပနေသော အလင်းရောင်ဆီသို့ အထိတ်တလန့် ကြည့်လိုက်၏။

ချင်မူ သူ့ကို လှမ်းခေါ်ကာ မေးလိုက်သည်။ “မာန်ဟုန်မြစ်ထဲက ဘာကြီးလဲ”

“တစ္ဆေသင်္ဘောကြီး”

နဂါးထိန်းဧကရာဇ်၏ ကိုယ်ပေါ်ရှိ အကြေးခွံများ ထောင်သွားသည်။ သူ့ပါးစပ်မှလည်း အမြုပ်များ ထွက်လာ၏။ “တစ္ဆေသင်္ဘောကြီး... တစ္ဆေသင်္ဘောကြီး ပြန်ပေါ်လာပြီ”

ချင်မူ မှင်သက်သွားပြီး လှမ်းမေးလိုက်၏။ “တစ္ဆေသင်္ဘောဟုတ်လား”

အားလုံး မာန်ဟုန်မြစ်ကမ်းဘေးသို့ ပျံသန်းပြီး ငုံ့ကြည့်လိုက်သည့်အခါမှ ရှေးဟောင်း သင်္ဘောကြီးတစ်စင်း ရေအောက်မှ ဖြည်းဖြည်းချင်း‌ မြောက်တက်လာသည်ကို မြင်လိုက်ရသည်။ အနက်ရောင်အခိုးအငွေ့များက သံကြိုးများသဖွယ် သင်္ဘောကြီးကို ရစ်သိုင်းခြုံလွှမ်းထား၏။

ဤသင်္ဘောသည် ဧရာမကြီးမားလွန်း၍ နေသင်္ဘောနှင့် လသင်္ဘောနှင့်ပင် ယှဉ်နိုင်၏။ ၎င်းက ရေထဲတွင် ဖြည်းညှင်းစွာ ရွက်လွှင့်နေပြီး ဖြာထွက်နေသော အလင်းရောင်များက သင်္ဘောအပေါ်ရှိ မီးအိမ်များမှ ဖြစ်ဟန်တူသည်။

သင်္ဘောတစ်စင်းလုံး ရေအောက်၌ နစ်မြုပ်နေသည့်တိုင် မီးအိမ်များက မငြိမ်းပေ။ အားလုံး တအံ့တဩ စုပ်သပ်မိကြသည်။

သင်္ဘောကြီး နဂါးနန်းဆောင်တစ်ခုကို ဖြတ်ကျော်လာသည့်အခါ အလင်းရောင်များက နန်းဆောင်အပေါ်သို့ ဖြာကျလာသည်။ နန်းဆောင်ထဲရှိ နတ်ဘုရားတစ်ပိုင်းများ ထွက်လာပြီး ထူးဆန်းသော သင်္ဘောကြီးအား မော့ကြည့်နေကြသည်ကို ချင်မူတို့ မြင်တွေ့လိုက်ရသည်။

ယုယွမ်ချူးယွင်က ပြောသည်။ “ငါနဲ့ ပါမောက္ခစု ဒီသင်္ဘောကို ခဏခဏ မြင်ဖူးတယ်... မြင်လိုက်ရတိုင်းလည်း ညအချိန်ပဲ.... ဒါပေမဲ့ အချိန်မရတာနဲ့ သွားမကြည့်ခဲ့ကြဘူး... မာန်ဟုန်မြစ် ကျယ်သွားကတည်းက နတ်ဘုရားတစ်ပိုင်းတွေ ‌ပေါ်လာတော့ လီကျိုးပြည်နယ်သားတွေအတွက် နေရာပျောက်ကုန်တယ်... အသက်အန္တရာယ်တွေလည်း စိုးရိမ်နေကြရတယ်... ငါလည်း ပြည်ထဲရေးကိစ္စတွေကို ကိုင်တွ‌ယ်ဖြေရှင်းရင်း မအားလပ်ဘူး ဖြစ်နေတာ”

နဂါးထိန်းဧကရာဇ်သည် ကြောက်လန့်နေဟန်တူပြီး တုန်ရီနေသောအသံဖြင့် ပြော၏။ “ပြည်နယ်အကြီးအကဲက စစ်ဆေးဖို့ အချိန်မရပေမယ့် ကျုပ်က ဒီမှာ‌ နေတာဆိုတော့ ဒီတစ္ဆေသင်္ဘောနဲ့ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ပြီးပြီ... မာန်ဟုန်မြစ် ကျယ်လာပြီးတော့ ဒီသင်္ဘော ထပ်ပေါ်လာပေမယ့် ကျုပ်လည်း အနားမကပ်ရဲခဲ့ဘူး

“ဒါပေမဲ့ မြစ်ထဲက နတ်ဘုရားတစ်ပိုင်းတွေတော့ သွားစုံစမ်းကြတယ်... သူတို့က ကျုပ်တို့ထက် အများကြီး သန်မာအားကောင်းပေမယ့် သင်္ဘောပေါ် တက်ပြီးသွားကတည်းက တစ်ယောက်မှကို ပြန်ပေါ်မလာတော့တာပဲ... ကျုပ်ကြားတာတော့ သူတို့အားလုံး သင်္ဘော‌ပေါ်မှာ အရိုးဖြူတွေ ဖြစ်ကုန်ပြီတဲ့လေ... သခင်ကြီး၊ မာန်ဟုန်မြစ် ကောင်းကင်နတ်မြစ်အဖြစ် ပြောင်းလဲသွားပြီးနောက်ပိုင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေ ပေါ်လာတယ်... အဲဒါကြောင့် ကောင်းကင်နတ်မြစ် နဂါးဘုရင်ကိစ္စ....”

ချင်မူ ရေအောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ရေအောက်တွင် လွင့်မျောသော ရှေးဟောင်းစစ်သင်္ဘောကြီးကို တွေ့မြင်ရသည်။ သင်္ဘောအပေါ်တွင် စစ်သည်တော်များ စောင့်ကြပ်နေကြသကဲ့သို့ တရိပ်ရိပ် သွားလာနေကြသော အရိပ်များကို မြင်ရသည်။ သို့သော် မျက်နှာများကိုတော့ မတွေ့ရပေ။

‘ကောင်းကင်နတ်မြစ်က မဟာမြို့ပျက်နဲ့ ချိတ်ဆက်နေတယ်... သမိုင်းကြောင်းကလည်း အင်မတန် ရှေးကျတယ်... ဒီမှာ မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီးပဲ’

ချင်မူ သင်္ဘောကြီးကို သွားမကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤတစ္ဆေသင်္ဘောကြီးသည် ကောင်းကင်နတ်မြစ်အတွင်းရှိ ဆန်းကြယ်သောအရာများအနက်မှ တစ်ခုသာ ဖြစ်သည်မဟုတ်ပါ၏လော။ သူ့အသက်သူ စွန့်စားစရာမလိုပေ။

ဤအချိန်တွင် အလံရွက်က မြစ်ရေပြင်ကို ခွဲလျက် ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။ စုတ်ပြဲနေသော အလံမှ ရေများ စီးကျနေပြီး တွန်းထိုးနေသည့် လေအဝှေ့ကြောင့် အလံမှာ တဖျတ်ဖျတ် လှုပ်ခါနေ၏။

ကောင်းကင်ထက်တွင် လမင်းကြီးမှာ နွမ်း‌ခြောက်နေသော ပန်းတစ်ပွင့်သဖွယ် သနားစရာကောင်းနေသော်လည်း လရောင်တို့ ဖြာကျနေဆဲ ဖြစ်သည်။

ချင်မူ ထူးဆန်းသော လကြီးဆီသို့ မော့ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူက လရောင်ဖြာကျနေသော နေရာသို့ လှမ်းကြည့်လိုက်ရာ အလံ‌အပေါ်တွင် ‘ယွီလင်’ ဟူသော စာလုံးများကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။

“ဒီသင်္ဘောက ယွီလင်လို့ ခေါ်တာပဲ” [လေဟုန်တောင်ပံ (ယွီ) တောအုပ် (လင်)]

ချင်မူက ပြုံးလိုက်သည်။ “ဒီနာမည်နဲ့ ... ဒီသင်္ဘောက သာမန်တော့ မဟုတ်တန်ဘူး...”

ရုတ်တရက် ချင်မူ ကြက်‌သေသေသွားသည်။ သူက ‘ယွီလင်’ ဟူသည် စာလုံးနှစ်လုံးကို ကပျာကယာ ပြန်ကြည့်လိုက်၏။ ကြည့်လေလေ၊ သူ ဇဝေဇဝါ ဖြစ်လာသည်။

အလံအပေါ်ရှိ စာလုံးနှစ်လုံးက အလွန်ရင်းနှီးနေသည်။ သူက ဆရာတူအစ်ကိုကြီး ဝေစွေ့ဖုန်း၏ အမိန့်ပြားကို အလျင်အမြန် ထုတ်လိုက်သည်။ ၎င်းတွင်လည်း ‘ယွီလင်’ဆိုသော စာလုံးနှစ်လုံး ရှိနေလေသည်။

အလံ၏ စာလုံးများက ချည်ထိုးထားခြင်းဖြစ်သော်လည်း အမိန့်ပြားပေါ်ရှိ စာလုံးများက ရေးထွင်းထားခြင်း ဖြစ်သည်။ သို့သော် လက်ရေးကား အတူတူပင်။

ချင်မူ အလံကို ပြန်ကြည့်ပြီးနောက် အမိန့်ပြားကို ထပ်ကြည့်လိုက်သည်။ သူ့အမူအရာသည် ပို၍ ဇဝေဇဝါ ဖြစ်လာ၏။

“ပထမဘိုးဘေးကြီး၊ ရွာလူကြီး ဒီမှာ နေခဲ့ကြဦး... ကျွန်တော် သင်္ဘောဆီ သွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်”

သူက လေပေါ်သို့ ခုန်တက်ကာ မြစ်ရေကို နင်း၍ တစ္ဆေသင်္ဘောဆီသို့ ပြေးသွားတော့သည်။ “နဂါးထိန်းဧကရာဇ်၊ ခင်ဗျားက ရေထဲမှာ ကျွမ်းတယ်... ကျွန်‌တော့်နောက် လိုက်ခဲ့”

ရွာလူကြီးက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ပထမဘိုးဘေးကြီးထံ ပြောလိုက်သည်။ “ပထမဘိုးဘေးကြီး၊ ဒီမှာ နေပြီး ဒီလူသားဧကရာဇ်တွေကို ကြည့်ထားဦး... သူတို့ ပေါက်ကရတွေ လျှောက်မလုပ်စေနဲ့... ကျွန်တော် အဲဒီခွေးကောင်လေး မူအာနောက် လိုက်သွားဦးမယ်”

ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “ဘာလို့ ငါ့ကို ဆရာ လာလုပ်နေကြတာလဲ....”

နဂါးထိန်းဧကရာဇ်မှာ မလိုက်ချင်၍ အင်တင်တင် ဖြစ်နေသော်လည်း ရွာလူကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သဖြင့် အားတင်းကာ လိုက်သွားရသည်။ “သခင်ကြီး သင်္ဘောပေါ်မှာ သေသွားရင် မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်နဲ့ မြေအောက်ဘုံအရှင်လေးပဋိညာဉ် ပျက်စီးသွားမှာလား”

သူ့အတွေး ဤနေရာအရောက်တွင် သူ၏မြင်ကွင်းမှာ ရုတ်ခြည်း မည်းနက်သွားပြီး သူ့အရှေ့၌ မိစ္ဆာနတ်ဘုရားကြီးတစ်ကောင် ပေါ်လာသည်။

“မလျက်ရဘူး” အမှောင်ထုထဲမှ ခပ်ဩဩအသံတစ်သံ ထွက်လာသည်။ မြေအောက်ဘုံအရှင်သခင်၏အသံ ဖြစ်ဟန်တူ၏။

“မလျက်ပါဘူး ကျုပ်အစာကို ကြည့်ရုံပါဗျာ” ခေါင်းကြီးကြီးမိစ္ဆာကြီးက ကောက်ကျစ်စဉ်းလဲစွာ ပြုံးရင်း အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

နဂါးထိန်းဧကရာဇ်မှာ မြင်ကွင်းပြန်လည်ရှင်းလင်းသွားသည့်အခါ ကြောက်လန့်တုန်ရီသွားသည်။ ‘အဲဒါ မြေအောက်ဘုံအရှင်လေးလား... တခြားအသံက မြေအောက်ဘုံအရှင်သခင်ရဲ့ အသံနဲ့ တူတယ်...ဒါကြီးက တစ္ဆေသင်္ဘောထက်တောင် ကြောက်စရာကောင်းတယ်ဟ”

ချင်မူက ရေပြင်အောက်၌ ရွက်လွှင့်နေသော တစ္ဆေသင်္ဘောနှင့် နီးသထက် နီးလာသည်။ သင်္ဘော၏ အလံများသာ ရေပြင်ထက်၌ ပေါ်နေပြီး မြစ်ပြင်ကို ခွဲနေသော အဖြူရောင်ဓားမကြီးများပမာ ရွေ့လျားနေ၏။

ချင်မူ အဝေး၌ ရပ်လိုက်ကာ ရုတ်တရက် လက်ကို ခါ၍ ရှေ့သို့ ထိုးစိုက်လိုက်သည်။ မြစ်ရေပြင်ထက်တွင် အနီရောင်ဆည်းဆာနေတစ်စင်းသည် မြစ်ထဲ တစ်ဝက်နစ်မြုပ်လျက် တမုဟုတ်ချင်း ဖွဲ့တည်လာ၏။ နီစွေးနေသော ဓားရောင်က မြစ်ရေပြင်တစ်လျှောက် တောက်ပသွားသည်။

“ယုယွမ်မိသားစုရဲ့ ‌နေဝင်ဆည်းဆာဓားသိုင်း”

မြစ်ကမ်းဘေးရှိ ယုယွမ်ချူးယွီက ဝမ်းသာအားရ ပြောနေသည်။ “မောင်လေးချင်က နေဝင်ဆည်းဆာဓားသိုင်းကို မေ့မသွားဘူးပဲ”

နေဝင်ဆည်းဆာဓားသိုင်း တစ္ဆေသင်္ဘော၏အနားသို့ ရောက်သွားသည့်အခါ မှိန်ကျသွားသည်။ တစ္ဆေသင်္ဘောကို ရစ်သိုင်းလွှမ်းခြုံထားသော အနက်ရောင်သံကြိုးများက ၎င်းအား ဖျက်စီးလိုက်၏။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ် ရောက်လာသည်။

“ဘိုးဘိုးရွာလူကြီး၊ ဘာလို့လိုက်လာတာလဲ”

ချင်မူ မှုန်ကုန်ကာ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် နှစ်ယောက်လုံးကို မကာကွယ်ပေးနိုင်ဘူး”

ရွာလူကြီးက ဒေါပွသွားပြီး သူ့ခေါင်းကို နာနာလေး ထုလိုက်သည်။ “ငါတို့ကို ကာကွယ်ပေးမယ်ဟုတ်လား... ငါက မင်းကို ကာကွယ်ပေးဖို့ လာတာကွ... ခွေး‌ကောင်လေး၊ အပြင်‌ရောက်တာဖြင့် နှစ်နည်းနည်းပဲ ရှိသေးတယ် ဘဝင်လေဟပ်နေပြီ”

ချင်မူမှာ သူ့ခေါင်းသူ ပွတ်နေရင်း မြစ်ထဲ လဲကျတော့မလို ဖြစ်သွားသည်။

ရွာလူကြီးက မြစ်ပြင်ထက်ရှိ တစ္ဆေသင်္ဘောဆီသို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်နေ၏။ “သင်္ဘောအပြင်က သံကြိုးတွေက အင်မတန် အားကောင်းတဲ့ အနက်ရောင်အခိုးအငွေ့တွေနဲ့ ဖွဲ့တည်ထားတာပဲ... ငါ့နောက်က လိုက်ခဲ့၊ မဆင်မခြင် ဝင်မသွားနဲ့”

ချင်မူ နဂါးထိန်းဧကရာဇ်ကို လှမ်းတို့လိုက်၍ နဂါးထိန်းဧကရာဇ်က နဂါးတစ်ကောင်အသွင် ပြောင်းလိုက်သည်။ ချင်မူက နဂါးခေါင်းပေါ်တွင် ထိုင်လိုက်ပြီး နဂါးထိန်းဧကရာဇ်က ရေထဲသို့ ငုပ်လျှိုးလိုက်တော့သည်။

ရွာလူကြီးမှာ နောက်မှ အလျင်အမြန် လိုက်လာပြီး နဂါးခေါင်းဆီသို့ ကပျာကယာ ကူးလာသည်။ သူက လှမ်းအော်၏။ “မူအာ၊ ငါက မင်းတို့ ငါ့နောက်က လိုက်ရအောင် ရောက်လာတာကွ... မင်းတို့နောက်က လိုက်ဖို့မဟုတ်ဘူး.. ဒီခွေးကောင်လေးကတော့၊ သတ္တိတော်တော် ကောင်းလာတာပဲ...”

ရုတ်တရက် သူ့အကြည့်က ချင်မူ့လက်ထံ ရောက်သွားကာ ချင်မူ့လက်ထဲရှိ ကျောက်စိမ်းပြားတစ်ပြား တဖြည်းဖြည်း တောက်ပလာသည်ကို မြင်တွေ့လိုက်ရသည်။ အလင်းရောင်က အနက်ရောင်အခိုးအငွေ့များမှ ဖွဲ့တည်ထားသည့် သံကြိုးများကို မောင်းထုတ်ပေးနေသည်။

“ရှေးဟောင်းကောင်းကင်နတ်ဘုံက ယွီလင်နန်းစောင့်တပ်ဖွဲ့ ဟုတ်နေတာပဲ” [ယွီလင်နန်းစောင့်တပ်ဖွဲ့ - တိုင်းပြည်၏ လေဟုန်တောင်ပံတွေလို အမှုထမ်း၍ တောအုပ်သဖွယ် ကြီးပွားလာစေမည့် အစောင့်တပ်ဖွဲ့ ။ လေဟုန်တောင်ပံ (ယွီ) တောအုပ် (လင်)]

ချင်မူက အသံတိုးလိုက်သည်။ “ဒီဖြစ်ရပ်က မဟုတ်မှ မဟာနေဧကရာဇ် ပြောခဲ့တဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ အချိန်ခရီးသွားဖြစ်ရပ်များလား... ထူးဆန်းတယ်၊ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ စစ်သင်္ဘောက ဘာလို့ ဒီကို ရောက်လာတာလဲ... သူတို့က လွန်ခဲ့တဲ့နှစ်တစ်သန်းက နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့ ဖြစ်သင့်တာ မဟုတ်လား... အစ်ကိုကြီးမှာ ဘယ်လိုလုပ်ပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ အမိန့်ပြား ရှိနေတာလဲ... ဒါဆို အစ်ကိုကြီး ဒီတစ္ဆေသင်္ဘောပေါ်မှာ ရှိနေလောက်မလား...”

သူ ဤနေရာအထိ ပြောအပြီးတွင် ခေါင်းကို နောက်တစ်ချက် အထုခံလိုက်သည်။ ရွာလူကြီးက သူ့ကို စိတ်ဝင်စားနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“မူအာ မင်း ဘာတွေ သိထားတာလဲ”

ရွာလူကြီး၏ တည်ကြည်လေးနက်သော မျက်နှာပေါ်တွင် သိချင်နေသည့်အမူအရာက ဖုံးဖိမရအောင် ပေါ်လွင်နေသည်။ သူက နားရွက်တက်ချိတ်မတတ် ပြုံးရင်း မေးသည်။ “မင့်လက်ထဲက ကျောက်စိမ်းပြားက ဘာလဲ... ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ အချိန်ခရီးသွားဖြစ်ရပ်ကရော ဘာလဲ”

ချင်မူ ဖြေရန် ပြင်လိုက်စဉ် ရေထဲ၌ လှိုင်းများ ဖြာဆင်းလာသည်ကို ခံစားလိုက်ရသည်။ ခွန်ကြီးတစ်ကောင်သည် ရေထဲ၌ ကူးခတ်လာပြီး ၎င်းကျောပေါ်တွင် ထူးဆန်းသော အသွင်သဏ္ဍာန်နှင့် နတ်ဘုရားတစ်ပိုင်းများ ရပ်နေကြ၏။

All Chapters