ဆန်းကြယ်သောသေမင်း
Vol. 91 Ch. 1270
ကြောက်ရွံ့မှုက မီးခိုးရောင်ဆံပင်နှင့်လူ၏မျက်နှာပေါ်တွင် သိသာထင်ရှားနေလေသည်။ သူ့ဒုတိယညီ၏ခွန်အားကို သူက ကောင်းကောင်းသိသည်။ သို့သော် ထိုလူငယ်က သူ့အား တစ်ချက်တည်း သတ်ဖြတ်ခဲ့သည်။ ဤအကောင်၏ခွန်အားက အလွန်အမင်းကြောက်စရာကောင်းပြီး သူ မယှဉ်နိုင်သည့်တစ်ယောက်ဖြစ်သည်မှာ သေချာမှန်း သိသာသည်။
“ပြေးတော့…”
သူ့ဒုတိယညီ၏ခန္ဓာကိုယ်နှင့် ပတ်သက်၍ ဂရုမစိုက်တော့ဘဲ ထိုလူက လျှို့ဝှက်ပညာရပ်တစ်ခုကို ချက်ချင်းထုတ်ဖော်သည်၊ သူ့အရှိန်က အဆအနည်းငယ်ပိုမြန်သွားပြီး သူက လျင်မြန်စွာ ထွက်ပြေးလိုက်သည်။
ထန်ရှုက ရယ်ကာ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ့ခါးအား စွမ်းအင်စီးကြောင်းတစ်ခုက နောက်သို့ ချိတ်ဆွဲသွားသည်ကို မီးခိုးရောင်ဆံပင်နှင့်လူက ခံစားမိသည်။ သူက ဘယ်လောက်ပင် ကြိုးစားသော်လည်း မချိုးဖြတ်နိုင်ခဲ့ပေ။
“လှောင်အိမ်ထိန်းချုပ်ခြင်း…”
ထန်ရှုက သူ့လက်ချောင်းကို လှုပ်ရှားကာ အစီအရင်ပုံစံကို ချက်ချင်းရေးဆွဲလိုက်သည်။ လျှပ်တစ်ပြက်အတွင်း အစီအရင်တစ်ခုက မီးခိုးရောင်ဆံပင်လူနှင့်လူသုံးယောက်ရှိသည့်တစ်ကီလိုမီတာဧရိယာကို အပြည့်အဝဖုံးလွှမ်းသွားသည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “မင်းတို့က ဒီအစီအရင်ကို ဘယ်တော့မှ ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့အသက်ရှင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ငါ့တပည့်ကို သတ်ဖြတ်ဖို့ပဲ။ ဒါပေမယ့် မင်းတို့က သူ့ကို မသတ်နိုင်ရင် မင်းတို့က အသတ်ခံရလိမ့်မယ်”
ထန်ရှု၏စကားကို ကြားပြီးနောက် လူလေးယောက်က သူတို့၏ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ထန်အာလန်အား တိုက်ခိုက်လိုက်ကြသည်။ သူတို့၏အရှိန်က အလွန်မြန်ပြီး ထုတ်ဖော်သောစွမ်းအားက အလွန်အားကောင်းသည်။ သူတို့၏ပူးပေါင်းမှု၊ မီတာတစ်ထောင်သာရှိသည့်ဧရိယာအကန့်အသတ်တို့ကြောင့် သူ့ကို အကြိမ်အနည်းငယ် သတ်ဖြတ်သွားနိုင်သည့် တိုက်ပွဲတစ်ခုအား ထန်အာလန်က နောက်ဆုံးတွင် ရင်ဆိုင်လာရသည်။
အစက ထန်အာလန်က အဆက်မပြတ်သာ ရှောင်နေခဲ့ပြီး ဝိုင်းရံတိုက်ခိုက်မှုရစ်သမ်နှင့် တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာခဲ့သည်။ သူ့စိတ်က ပိုမြန်ဆန်စွာ တွက်ချက်လာနိုင်ခဲ့ပြီး သူက စတင်ပြန်တိုက်ခိုက်ခဲ့သည်။ သူ၏တန်ပြိုင်တိုက်ခိုက်မှုစွမ်းအားက အစပိုင်းတွင် မသိသာသော်လည်း ၎င်းက ဆက်လက်တိုးလာသည်။ ဆယ်မိနှစ်အတွင်း သူက တိုက်ပွဲရစ်သမ်နှင့် အပြည့်အဝလိုက်လျောညီထွေဖြစ်လာပြီး လူလေးယောက်အား စတင်ဖိနှိပ်လာ၏။
“ဒါ မကြာခင်ပြီးတော့မှာလား၊ ဟမ်”
ဤအခိုက်အတန့်ကို မြင်ပြီးနောက် ထန်ရှုက အလွန်ကျေနပ်သွားသည်။
“သေလိုက်စမ်း…”
ထန်အာလန်ထိန်းချုပ်ထားသည့်အင်မော်တယ်ဓားက ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ၎င်းက လူလေးယောက်၏အရှေ့တွင် နေတစ်စင်းပမာ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ချက်ချင်းလျှင်ပင် လူလေးယောက်၏မျက်ခုံးများက ကျုံ့သွားပြီး ဓားရောင်ခြည်တန်းများက သူတို့မျက်လုံးများအား ပစ်ခတ်လိုက်သည်ကိုသာာ ကြည့်နေရသည်။ မည်မျှပင် ကြိုးစားသော်လည်း သူတို့ထဲကတစ်ယောက်မှ တိုက်ခိုက်မှုအား မရှောင်တိမ်းနိုင်ခဲ့ပေ။
ဝှစ်…ဝှစ်…ဝှစ်…
ခန္ဓာကိုယ်လေးခုက ခေါင်းပြတ်လေးခုနှင့်အတူ လဲကျသွားသည်။
ထိုလေးယောက်ကို ခေါင်းဖြတ်ပြီးနောက် ထန်အာလန်က သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်သည်၊ အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို ထုတ်လွှတ်ကာ သူ့အဝတ်အစားအားလုံးနီးပါးဖုံးလွှမ်းနေသည့်သွေးကို ခါချလိုက်သည်။ ထို့နောက် ရေအင်မော်တယ်နည်းစနစ်တစ်ခုကို ထုတ်ဖော်ကာ သူ့ခန္ဓာကိုယ်အား ဆေးကြောသန့်စင်လိုက်ပြီး သိုလှောင်လက်စွပ်မှ အဝတ်အစားထုတ်ကာ ဝတ်ဆင်လိုက်သည်။
“ဆရာသခင်…”
ထန်အာလန်က ထန်ရှုအရှေ့သို့ ပြေးလာသည်။ ဤအချိန်တွင် သူ့အပြုံးက တောက်ပနေလေသည်။
“မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က လျင်မြန်စွာ တိုးတက်လာတာပဲ။ တိုက်ပွဲထဲမှာ အခြေအနေကို လိုက်ပြီး လုပ်ဆောင်နိုင်တဲ့မင်းရဲ့စွမ်းရည်က ပြောင်မြောက်တယ်”ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် လုံလောက်ဖို့ထက် အများကြီး လိုအပ်နေတုန်းပဲ၊ ဒါကြောင့် နောက်ရက်အနည်းငယ်အတွင်းမှာ ငါ မင်းကို အခြားနေရာတွေဆီ ခေါ်သွားမယ်။ မင်းရဲ့နောက်မစ်ရှင်ကို မလုပ်ဆောင်ခင် ဒီလိုတိုက်ပွဲတွေကို ဖြတ်သန်းရလိမ့်မယ်”
“အာ။ ငါ့အတွက် မစ်ရှင်တွေ အသင့်ရှိတာလား၊ ဆရာသခင်”ထန်အာလန်က သိချင်စွာ မေး၏။
“ငါ မင်းကို ပေးမယ့် တာဝန်က အလွန်ခက်ခဲမယ်ဆိုတာ မင်းမျှော်လင့်ထားနိုင်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “ဒီတာဝန်က မင်းပခုံးပေါ်မှာ လူသောင်းချီရဲ့သေခြင်းရှင်ခြင်းကို ထမ်းပိုးထားတာပဲ။ ဒါကြောင့် လက်ရှိအချိန်မှာ မင်းတိုးတက်ဖို့ အလိုအပ်ဆုံးအရာက မင်းရဲ့တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ စစ်မြေပြင်ပေါ်က သေခြင်းရှင်ခြင်းပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်းပဲ။ မှတ်ထားပါ။ ဒါက မင်းထမ်းဆောင်ရမည့်တာဝန်လို့ သတ်မှတ်ထားပေမယ့် မင်းအတွက် ရွှေရောင်အခွင့်အလမ်းတစ်ခုလဲ ဖြစ်တယ်။ အဲဒါကို မိမိရရဆုပ်ကိုင်ပြီး မင်းရဲ့လုပ်ဆောင်ချက်အပေါ် ငါ ကျေနပ်အောင် လုပ်ပါ”
“နားလည်ပါပြီ…”ထန်အာလန်က ခေါင်းညိတ်လိုက်သည်၊ သူ့အမူအရာက အလွန်အမင်း ပြတ်သားနေလေသည်။
****
နောက်ရက်များတွင် ထန်ရှုက ထန်အာလန်ကို ခေါ်ကာ အာရှတိုင်းပြည်အမျိုးမျိုးဆီသို့ သွားခဲ့သည်။ မဟာထန်အင်ပါယာ၏သတင်းကွန်ရက်မှတစ်ဆင့် ဆိုးသွမ်းသောကျင့်ကြံသူများသိမ်းပိုက်ထားသည့်အခြားနေရာငါးခုကို သူက ရှာတွေ့ခဲ့သည်။ တိုက်ပွဲဆက်တိုက်တွေ့ကြုံပြီးနောက် ထန်အာလန်၏မြန်ဆန်သောပြောင်းမှုက ထန်ရှုကိုပင် အတော်လေးအံ့အားသင့်စေသည်။
ဤရက်အနည်းငယ်အတွင်း ထန်အာလန်ထံ ပေးထားသည့် ကျောက်စိမ်းအဆောင်က သူ့အား သေစေနိုင်သောဒဏ်ရာများမှ နှစ်ကြိမ် ကာကွယ်ပေးခဲ့သည်။ ၎င်းပေါ်တွင် အက်ရာအနည်းငယ်ရှိသော်လည်း ထန်အာလန်၏ခါးတွင် ချိတ်ဆွဲထားလျက်ရှိနေတုန်းပင်။
တောင်ချိုင့်ဝှမ်းတစ်ခုတွင်။
ထန်အာလန်က အလောင်းပုံတစ်ခုပေါ်တွင် ရပ်နေသည်။ ခန္ဓာကိုယ်များအား ပတ်ဝန်းကျင်ရှိ နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သူက မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်သည်၊ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်ဆန္ဒအနည်းငယ် ရှိနေသေးသည်။ ထို့နောက် သူက ခေါင်းမော့ကာ ထန်ရှုထံ လျှောက်လာပြီး မေးလိုက်၏ “ငါတို့နောက်ထပ် ဘယ်သွားမှာလဲ၊ ဆရာသခင်”
“ဒါက လုံလောက်ပြီ။ ငါတို့ အခုပြန်တော့မယ်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
ထန်အာလန်က အနည်းငယ်စဉ်းစားလိုက်ပြီး သူ့အမူအရာက ဖြေလျော့သွားသည်။ သူ့မျက်လုံးများထဲရှိသတ်ဖြတ်ခြင်းဆန္ဒက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သူ့ကိုယ်သူအား မှော်မန္တန်တစ်ခုနှင့် ဆေးကြောပြီးနောက် အဝတ်အစားလဲလိုက်ကာ သန့်စင်ဒဏ်ရာပျောက်ဆေးတစ်လုံးယူထုတ်ကာ ပြောလိုက်သည် “ဒီရက်တွေမှာ ဆက်တိုက်တိုက်ခိုက်ပြီးနောက် ငါက စစ်မြေပြင်နဲ့ အပြည့်အဝနေသားကျလာပါပြီ။ ငါ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံတိုးတက်လာတာအပြင် အခုမှ ငါ သဘောပေါက်လာတယ်၊ ငါက ရွှေတောင်ကြီးတစ်ခုရှိပေမယ့် အဲဒီရွှေတောင်ကို အသုံးချပြီး စားစရာတွေ ဝယ်ဖို့ မသိတာကြောင့် အစားအစာအလုံအလောက်မရရှိနိုင်ခဲ့ဘူး”
“မင်းက မင်းရဲ့အလားအလာကို နှိုးဆော်ခဲ့ပြီပဲ။ မင်းရဲ့ပြောင်းလဲမှုက ရက်အနည်းငယ်အတွင်း ပြီးပြည့်စုံသွားပြီဆိုတာ ငါ ပြောနိုင်တယ်”ထန်ရှုက ပြုံးပြကာ ပြောလိုက်သည် “အရာအားလုံးစဉ်းစားကြည့်ရင်း မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ၊ ဒါက အနာဂတ်မှာ မင်းအတွက် အကျိုးရှိစေလိမ့်မယ်။ ဒါပေမယ့် မမောက်မာပါနဲ့၊ သွေးနားထင်မရောက်ပါနဲ့။ ကာကွယ်ရေးအဆောင်သာမရှိရင် မင်းက အကြိမ်အနည်းငယ်သေသွားနိုင်တယ်ဆိုတာကို မင်း ကောင်းကောင်းသိမှာပါ။ ဒါကြောင့် ရန်သူတွေက ဘယ်သူတွေပဲဖြစ်ဖြစ် သူတို့ကို ပေါ့ပေါ့ဆဆမဆက်ဆံဖို့ မင်း အမြဲတမ်း မှတ်ထားပါ”
“ငါ နားလည်ပါပြီ၊ ဆရာသခင်”ထန်အာလန်က ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။
ဤဆယ်ရက်အတွင်း အာရှဒေသတစ်လျှောက် ဂိုဏ်းအဖွဲ့အားလုံးက တုန်လှုပ်နေကြသည်။ ဆန်းကြယ်သောလူသတ်သမားတစ်ယောက်ထွက်ပေါ်လာခြင်းက သတင်းပျံ့နှံ့နေလေသည်။ ဤလူက အလွန်အားကောင်းသောခွန်အားရှိသည်။
ထို့ပြင် တိုက်ခိုက်ခံခဲ့ရသည့်အဖွဲ့များ၏သနားစရာကောင်းသောအနေအထားက အဖွဲ့အားလုံး၏ခေါင်းဆောင်များထံ သတင်းရောက်သွားခဲ့လေပြီ။ သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် သူတို့အားလုံးက ရေငုံနှုတ်ပိတ်ကာ သိုသိုသိပ်သိပ်နေရန် ဆုံးဖြတ်ခဲ့ကြသည်။ တစ်ယောက်မှ ဤဆန်းကြယ်သောသေမင်း၏သရုပ်မှန်အား စုံစမ်းရန် မကြိုးစားခဲ့ပေ။ သူတို့က ဤလူအား သတ်ဖြတ်လိုသောရည်ရွယ်ချက်မရှိသည်တော့ မဟုတ်၊ သူတို့က သတ္တိမရှိခဲ့ခြင်းပင်။
****
နဂါးကိုးကောင်ကျွန်းပေါ်တွင်။
နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ အဓိကစစ်တပ်လေးခုအား ပိရမစ်၊ ခရူးဆိတ်အသင်း၊ မဟူရာကလပ်နှင့် ဒိုလန်အိမ်တော်တို့ သိမ်းပိုက်ထားသည့် ဒေသလေးခုသို့ အသီးသီး စေလွှတ်လိုက်သည်။
****
လဝက်ကြာပြီးနောက်။
လက်ဗာဂတ်က အမေရိကန်၊ နီဗာဒါတွင် အကြီးမားဆုံးမြို့ဖြစ်ပြီး လောင်းကစားမြို့တော်တစ်ခုအဖြစ် နိုင်ငံတကားတွင် ကျော်ကြားသည်။ ဤနေရာရှိ လောင်းကစားလုပ်ငန်းက ခရီးသွားလုပ်ငန်းအတွက် အဓိကဗဟိုချက်ပင်ဖြစ်သည်။
ဆန်တာအမ်ပီရာဒေါကာစီနို။
လက်ဗာဂတ်ရှိ အကြီးဆုံးနှင့်အခမ်းနားဆုံးကာစီနိုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဧည့်သည်သောင်းကျော်က နေ့တိုင်း လာရောက်ကြသည်။ လူအချို့က ညတွင်းချင်း ချမ်းသာသွားပြီး အချို့က ဆင်းရဲမွဲတေသွားကြသည်။
တတိယထပ်ရှိ VIPခန်းထဲတွင်။
ချွေးသီးချွေးပေါက်များက ဒူချန်ဖန်၏နဖူးပြင်ပေါ်တွင် ထွက်ပေါ်လာသည်။ သူ့အသားအရောင်က ဖြူရော်နေပြီး သူ့အရှေ့ရှိ အသယ်နှစ်ဆယ်အောက်လူငယ်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ လောင်ကစားခုံ၏နှစ်ဖက်နှစ်ခြမ်းတွင် လူဖြစ်တစ်ယောက်နှင့်လူမည်းတစ်ယောက်တို့ကလည်း ပြုံးနေသောလူငယ်အား ကြောက်ရွံ့သောမျက်လုံးများနှင့် ကြည့်လိုက်ကြသည်။
“ပိုက်ဆံအကြွေးတင်တဲ့လူတွေက အတိုးပေးရမယ်ဆိုတာကို မင်းတို့ကောင်တွေ သိလား။ မင်းတို့တစ်ယောက်ချင်းစီက ဒေါ်လာ၄.၈သန်း အကြွေးတင်ထားတယ်။ အဲဒါကို ပေးဖို့အတွက် ပိုက်ဆံမရှိရင် မင်းတို့ရဲ့ရွံစရာကောင်းတဲ့အသက်ကို ဒီနေရာကို ချန်ထားခဲ့ပေါ့”ထန်အာလန်က စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလိုက်သည်၊ တစ်ဖွာရှိုက်ပြီးနောက် သူက ပြုံးလျက် ပြောလိုက်သည်။
“မင်းက လှည့်စားထားတာ ဖြစ်ရမယ်၊ ကောင်စုတ်လေး”
တောင့်တင်းသန်မာသောလူမည်းက ရုတ်ချည်းထရပ်ကာ ထန်အာလန်အား ဒေါသတကြီး စိုက်ကြည့်လျက် အော်ပြောလိုက်သည်။
လူဖြူလည်း နောက်မှ ဒေါသတကြီးအော်ပြော၏ “ဟုတ်တယ်…မင်းက လှည့်စားထားတာပဲ။ မဟုတ်ရင် မင်းမှာ အဲဒီကတ်တွေ ရှိဖို့ မဖြစ်နိုင်ဘူး။ အရှေ့တိုင်းက ကောင်စုတ်လေး၊ ငါ့ရှေ့မှာ လှည့်စားတဲ့ အကျိုးဆက်က ဘယ်လိုလဲဆိုတာ မင်း သိလား”
ထန်အာလန်က မကျေနပ်ဖြစ်ကာ ခေါင်းခါယမ်းလိုက်သည် “မင်းတို့ရဲ့သဘောထားကို ကြည့်ရတာ မင်းတို့နှစ်ယောက်က မပေးချင်ဘူးပဲ၊ ဟမ်။ ငါ အမှတ်ရတာ မှန်ရင် ဒီနေရာမှာ သူတို့ရဲ့အကြွေးကိုမပေးတဲ့သူတွေကို ဒီနေရာရဲ့သူဌေးက ဂရုစိုက်ပေးလိမ့်မယ်။ မင်းတို့က ပြန်ပေးဖို့ တကယ်ပဲ ငြင်းပယ်ပြီး ဒီနေရာမှာ သေဖို့ ရွေးချယ်မှာလား”
လူဖြူက သက်လတ်ပိုင်းလူတစ်ယောက်အား လှည့်ကြည့်ကာ အော်ပြောလိုက်သည် “မန်နေဂျာဖီလစ်၊ မင်းရဲ့ကာဆီနိုဆီကနေ အာမခံချက်တစ်ခု ငါ လိုချင်တယ်။ ဒီကောင်လေးက လှည့်စားနေတာ ဖြစ်ရမယ်။ ငါ သူ့ကို အပြစ်ပေးချင်တယ်…”
လောင်းကစားစားပွဲအနီးနားတွင် ရွှေရောင်မျက်မှန်နှင့်သတ်လတ်ပိုင်းယောကျာ်းက ဖြည်းဖြည်းချင်း ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူက မလှည့်စားခဲ့ဘူး။ ငါတို့ရဲ့ဒီVIPခန်းထဲမှာ ဝန်ထမ်းဆယ့်ခြောက်ယောက်နဲ့အတူ ထောက်လှမ်းရေးကင်မရာဆယ့်ခြောက်ခုရှိတယ်။ ဖဲဝေးသူကတောင် သူ လှည့်စားခဲ့တာကို ရှာမတွေ့ခဲ့ဘူး။ အားလုံးခြုံကြည့်ရင် မင်းတို့နှစ်ကောင်က ဒီနေ့ ရှုံးသွားတယ်၊ ၄.၈ဘီလီယံက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပေမယ့် မင်းတို့ကောင်တွေ ပေးချေရလိမ့်မယ်”
“မင်းတို့ကောင်တွေ ကြားလား”ထန်အာလန်က ရယ်လျက် ပြောလိုက်သည် “လောင်ကစားလုပ်တဲ့သူတွေက အရှုံးအတွက် အသင့်ပြင်ထားရမယ်။ မင်းတို့ရှုံးသွားပြီ၊ ဒါကြောင့် မင်းတို့ ပေးရမယ်။ မင်းတို့သိလား၊ ငါက ပိုက်ဆံကို ချစ်တယ်၊ သတ်ဖြတ်ရတာကို ဘယ်တော့မှ သဘောမကျဘူး။ မင်းတို့က ၄.၈ဘီလီယံအသီးသီးပေးပြီးရင် ထွက်သွားနိုင်တယ်။ မဟုတ်လို့ကတော့ မင်းတို့ပဲ သေရုံတင်မက မင်းတို့ရဲ့မိတ်ဆွေတွေနဲ့မိသားစုတွေလဲ ပါဝင်သွားရလိမ့်မယ်”
စိတ်အားငယ်မှုတို့က ဒူချန်ဖန်၏မျက်လုံးများထဲတွင် ပြည့်သွားသည်။ သူက လက်ကိုင်ပဝါယူထုတ်ကာ မျက်နှာပေါ်ရှိ ချွေးများကို သုတ်ပြီးနောက် ခါးသီးစွာ ပြောလိုက်သည် “အကိုလေး၊ ဒီနေ့၊ ငါ့မှာ ပိုက်ဆံအများကြီးမရှိဘူးဆိုတာ ဝန်ခံပါတယ်။ အများဆုံး ဒေါ်လာသန်းသုံးရာနဲ့ပဲ ပါလာတာ။ မင်းက တစ်ယောက်ယောက်ကို သတ်ရမယ်ဆိုရင် ငါ့ကိုပဲ သတ်ပါ၊ ဒါပေမယ့် ငါ့မိသားစုကိုတော့ ဒီကိစ္စကနေ ဖယ်ထုတ်ပေးပါ”
“သူ့ကို သတ်…”
“မင်း သေလိုက်တော့…”
လူဖြူနှင့်လူမည်းတို့က သူတို့၏ခါးမှ ပစ္စတိုအား တစ်ပြိုက်နက်တည်း ထုတ်လိုက်သည်။ သူတို့ခေါ်လာသည့်ကိုယ်ရံတော်ရှစ်ယောက်ကလည်း ထန်အာလန်ထံ သေနတ်ဖြင့် ချိန်ထားလျက် ပစ်ရရန် အသင့်ပြင်ထားလိုက်သည်။
ဘမ်း…ဘမ်း…ဘမ်း…
သေနတ်သံများ ဆက်တိုက်ထွက်ပေါ်ကာ လူဖြူနှင့်လူမည်းတို့က သွေးအိုင်ထဲသို့ တစ်ပြိုင်နက်တည်း ကျသွားကြသည်။ သူတို့၏ကိုယ်ရံတော်ရှစ်ယောက်ကိုလည်း ကာဆီနို၏လုံခြုံရေးဆယ်ယောက်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။
ဒူချန်ဖန်၏ကိုယ်ရံတော်နှစ်ယောက်ကလည်း သူတို့၏ပစ္စတိုကို ဆွဲထုတ်လိုက်သည်၊ သို့သော် သူတို့က ခလုတ်ကို မနှိပ်သေးဘဲ ဒူချန်ဖန်၏တစ်ဖက်တစ်ချက်တွင် ရပ်နေကာ သတိမပြတ်ထားလျက် ဘယ်လိုတိုက်ခိုက်မှုကိုမဆို ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်သည်။
“အကိုလေး…”
ဒူချန်ဖန်၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး နောက်ဆုံးတွင် တရုတ်လို အော်လိုက်သည်။ ထန်အာလန်က တရုတ်လူမျိုးဖြစ်သည်ကို သံသယရှိသောကြောင့် ဘာသာစကားကို အသုံးပြုခြင်းက သူ့အသက်ကို ကယ်တင်နိုင်သည့်နောက်ဆုံးကြိုးမျှင်ဖြစ်နိုင်သည်ဟု သူက ခံစားမိသည်။
ဒါက သူ၏နောက်ဆုံးအလောင်းအစားလည်း ဖြစ်သည်။ သူက မှန်ခဲ့လျှင် သူ၏သနားစရာကောင်းသောအသက်ကို ကယ်တင်နိုင်မည်၊ သို့သော် သူက မှားခဲ့လျှင် ဒီနေ့ ဤနေရာတွင် သူက ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားရပေလိမ့်မည်။