ထွက်ခွာသွားခြင်း
Vol. 91 Ch. 1281
ကျုံးလင်က ငိုတာကို ရပ်ကာ ပြောလိုက်သည် “သခင်က ငါတို့ရဲ့အသက်တွေကို အရင် ကယ်ခဲ့တယ်။ သခင်က ငါတို့တွေ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်လာရတဲ့အကြောင်းရင်းပဲ။ သခင်က ငါတို့ကို ကာကွယ်ပေးခဲ့တယ်၊ ဒါကြောင့် အင်မော်တယ်ကမ္ဘာမှာ ငါတို့က ငြိမ်ချမ်းစွာနဲ့ နှစ်ထောင်ချီ နေနိုင်ခဲ့တယ်။ ဒါပေမယ့် သခင်ပျောက်ကွယ်သွားပြီးနောက် သခင်ရဲ့အင်မော်တယ်နန်းတော်က ဖျက်ဆီးခံလိုက်ရပြီး အခြွေအရံများစွာက အသတ်ခံရတယ်။ သခင်ကို သစ္စာရှိတဲ့သူတွေအားလုံးက အသတ်ခံရတယ် ဒါမှမဟုတ် ဝေလနက်ကြယ်ပိုင်နက်ကို ကျွန်တွေအဖြစ် ပို့ခံရတယ်၊ ညတိုင်းညတိုင်း ရက်စက်တဲ့နှိပ်စက်မှုတွေကို ခံခဲ့ရတယ်။ ငါတို့ကိုးယောက်က ဒဏ်ရာအပြင်းအထန်ရပြီး ကြာပန်းကမ္ဘာမှာ အချိန်အကြာကြီး ပုန်းနေခဲ့ရတယ်။ နောက်တော့ တားမြစ်အင်မော်တယ်ချိတ်ပိတ်ကို သုံးပြီး ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုထဲကို ဝင်ရောက်ခဲ့တယ်။ လမ်းကြောင်းခြောက်ခုရဲ့တရားဝင်စစ်တပ်ကို ဖြတ်ကျော်ပြီး အချိန်ကြေးမုံကို ပြောင်းပြန်လုပ်ပြီးနောက် သခင်နဲ့အတူ ဒီကမ္ဘာမှာ ပြန်မွေးဖွားခဲ့တယ်။ ငါတို့အတွက် ကံကောင်းတာက အဖွားက ငါတို့ကို ကယ်ဆယ်ခဲ့ပြီး လမ်းကြောင်းခြောက်ခုရဲ့တရားဝင်စစ်တပ်ရဲ့လိုက်ဖမ်းမှုမှ လွတ်မြောက်ဖို့ ငါတို့ကို အစီအရင်ထဲမှာ ဝှက်ထားပေးခဲ့တယ်”
ထန်ရှုက ကျူးလုံ၏ပခုံးကို ငြင်သာစွာ ပုတ်ကာ မေးလိုက်သည် “မင်းပြောခဲ့တဲ့အဲဒီအဖွားက ဘယ်သူလဲ”
ကျူးလုံက ပြော၏ “သူမက…”
ဝှစ်…
ပုံရိပ်တစ်ခုက ရွေ့လျားလာပြီး ကောင်းကင်ကို ဖြတ်ကာ လူတိုင်း၏အရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ သို့သော် အရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက်၊ အထူးသဖြင့် သူမမျက်လုံးများက ထန်ရှုအပေါ် ကျရောက်သွားပြီးနောက် ပိတ်ဝတ်စုံနှင့်အဖွားအို၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူမက မထိန်းချုပ်နိုင်လောက်အောင် တုန်လှုပ်သွားခဲ့သည်။
“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်လား”သူမ၏အသံက မယုံကြည်နိုင်သောလေသံကို သယ်ဆောင်လာသည်။
“အဘွား”
ကျူးလုံတို့ကိုးယောက်က အနည်းငယ်ခေါင်းမော့လိုက်ကြသည်။ သူတို့က ဝတ်စုံနှင့်အဖွားအိုထက် အနည်းဆုံးဆယ်ဆအသက်ပိုကြီးသော်လည်း သူတို့က သူမကို ရိုသေလေးစားစွာ ခေါ်လိုက်ကြသည်။
ထန်ရှု၏အကြည့်ကလည်း အဘွားအိုပေါ်တွင် ကျရောက်သွားသည်။ သူက သူမကို အနည်းငယ်ခေါင်းညိတ်ပြကာ ပြောလိုက်သည် “တာအိုရောင်းရင်းနဲ့တွေ့ရတဲ့အတွက် ထန်ရှုက ဝမ်းသာပါတယ်။ တရုတ်က အားကောင်းတဲ့စွမ်းအားရှင်တစ်ယောက်ကို ငါ အာရုံခံမိတာ ကြာပြီ၊ ဒါကြောင့် သင်နဲ့ တွေ့နိုင်တာ ကံကောင်းတယ်လို့ ငါ ခံစားရတယ်။ ဒါကြောင့် ငါ့ရဲ့နောက်လိုက်ကိုးယောက်ကို ကယ်ထားပေးတဲ့အတွက် သင့်ကို ကျေးဇူးတင်ပါတယ်”
အဘွားအိုက သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏ခံစားချက်များကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြော၏ “သူတို့က ငါနဲ့ တွေ့တာ ကံကြမ္မာအလိုရပဲ။ သူတို့ကို ကယ်ဆယ်တာက မတော်တဆကိစ္စတစ်ခုမျှပဲ၊ ဒါကြောင့် တာအိုရောင်းရင်းအနေနဲ့ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါပေမယ့် လက်ရှိသင်နဲ့လွန်ခဲ့တဲ့သုံးနှစ်ကသင်နဲ့ကွာခြားချက်က နေ့နဲ့ညလိုဖြစ်နေမယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး။ ဒီနေရာမှာ ဒီလောက်များတဲ့ကျင့်ကြံသူတွေကို တွေ့ရမယ်လို့လဲ ငါ မမျှော်လင့်ထားခဲ့ဘူး”
“ဒါက လူတိုင်းက ပြောင်းလဲနိုင်တယ်ဆိုတဲ့စကားလိုပေါ့လေ”ထန်ရှုက အနည်းငယ်ပြုံးကာ ပြောလိုက်သည် “သုံးနှစ်ရှိပြီ၊ တစ်ယောက်ယောက်က မတိုးတက်နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ ဒီနေရာက ငါတို့အတွက် အနာဂတ်မှာ ငါတို့က ဒီကမ္ဘာရဲ့အစိတ်အပိုင်းမဟုတ်တော့ဘူး”
“တာအိုမိတ်ဆွေ၊ ငါ မမှားရင် သင်က အင်မော်တယ်ကမ္ဘာကို သွားဖို့ နည်းလမ်းအချို့ကို ကျွမ်းကျင်ပြီးပြီမဟုတ်လား”အဘွားအိုက ပြုံးလျက် ပြောလိုက်သည် “ငါ သင်နဲ့အတူ လိုက်သွားလို့ရနိုင်မလားဆိုတာ မေးပါရစေ”
“အပွင့်လင်းဆုံးပြောရရင် ငါတို့က တကယ်ကို အင်မော်တယ်ကမ္ဘာကို ထွက်သွားတော့မှာ”ထန်ရှုက ပြောသည် “ဒါပေမယ့် သင့်ကို ခေါ်သွားလို့မရဘူး…ဘာလို့ဆိုတော့ ငါတို့က အဲနေရာကို ရောက်တာနဲ့ အသက်ရှင်ဖို့အခွင့်အရေးက ပါးပါးလေးပဲ ရှိလို့ပဲ။ ဒါပေမယ့် အကြီးအကဲရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်အရ အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့က သိပ်ကြာတော့မှာမဟုတ်ဘူးလို့ ငါ ထင်တယ်”
မကျေမနပ်ဖြစ်သောအကြည့်တစ်ခုက အဖွားအို၏မျက်လုံးများထဲတွင် လက်သွားသည်၊ သို့သော် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒီလိုဆိုမှတော့ ငါ မတိုက်တွန်းတော့ပါဘူး”
“ကောင်းပါပြီ၊ တာအိုမိတ်ဆွေက ငါ့ရဲ့နောက်လိုက်ကိုးယောက်ကို ကာကွယ်ပေးခဲ့တယ်၊ ဒါကြောင့် ထန်ရှုက သင့်အပေါ် အကြွေးတစ်ခုတင်ထားတယ်လို့ ပြောနိုင်တယ်”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ကျေးဇူးပြုပြီး တာအိုရောင်းရင်းမှာ ငါကူညီပေးနိုင်တဲ့ဆန္ဒတစ်ခုခုရှိသလားဆိုတာ ပြောပြပါ”
ဤသည်ကို ကြားပြီးနောက် အဖွားအိုက ခဏစဉ်းစားကာ ပြောလိုက်သည် “ဒါဆို အဲဒီလူအိုကြီးနှစ်ယောက်ကို သတ်ပစ်ဖို့ ကူညီပေးပါ။ သူတို့က ဒီနေရာကို မကြာခင် ရောက်လာလိမ့်မယ်လို့ ငါ ထင်တယ်”
“ကောင်းပါပြီ…”ထန်ရှုက သဘောတူလိုက်သည်။
တစ်မိနစ်ကြာပြီးနောက် လူအိုကြီးနှစ်ယောက်က မတူညီသောဉီးတည်ဘက်နှစ်ခုမှ လျင်မြန်စွာ ရွေ့လျားလာသည်။ သို့သော် သူတို့က မရောက်ခင် သူတို့၏ရယ်သံက ရောက်ရှိနေပြီဖြစ်၏။ “ကမ္ဘာ့ဖြစ်စဉ်…တစ်ယောက်ယောက်က ကပ်ဘေးဖြတ်ကျော်နေတာလား။ ငါတို့လဲ ဝင်ဆင်နွှဲကြရအောင်…အင်မော်တယ်ကမ္ဘာကို အတူတူ သွားကြတာပေါ့၊ မိတ်ဆွေ…ဟားဟားဟား…”
“ဟမ်၊ အဲဒီတရုတ်,ကုန်းမအိုကြီး။ သူမက ငါတို့ထက် ခြေတစ်လှမ်းမြန်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမက ငါတို့ကို အင်မော်တယ်ကမ္ဘာကို ခေါ်သွားရင် ပိုကောင်းမယ်။ ဒါပေမယ့် သူမက ငြင်းပယ်ရင်တော့ သူမရဲ့တက်လှမ်းမှုကို ဖျက်ဆီးကြတာပေါ့..”
သူတို့အသံများက ပျောက်ကွယ်သွားလျှင်ချင်း လူအိုကြီးနှစ်ယောက်က ကျွန်းပေါ်တွင် ထွက်ပေါ်လာသည်။ သို့သော် အရှေ့ရှိမြင်ကွင်းကို မြင်သည့်အခိုက်တွင် သူတို့၏ပြုံးနေသောမျက်နှာများက ချက်ချင်းအေးခဲသွား၏။ သူတို့၏ခန္ဓာကိုယ်ပေါ်သို့ သတ်ဖြတ်ခြင်းအရှိန်အဝါများ ကျဆင်းလာသည်ကို သူတို့က အာရုံခံနိုင်သည်။
ကျွမ်းကျင်သူတွေ…ဒီနေရာမှာရှိတဲ့လူတိုင်းက ကျွမ်းကျင်သူတွေပဲ။ ပြီးတော့ သူတို့က နှစ်သိန်းရှိတယ်။
လူအိုကြီးနှစ်ယောက်က အကြည့်များဖလှယ်လိုက်ကြပြီး ငိုချင်မတတ်ဖြစ်သွားသည်။ သူတို့၏ခွန်အားက အားကောင်းသော်လည်း ယခုလိုမြင်ကွင်းကြောင့် သူတို့က တုန်လှုပ်နေရတုန်းပင်။
ထန်ရှုက ကူယန်အာဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည် “သူမက မထွက်သွားခင် လမ်းကြုံအနေနဲ့ ကျီချီမိန်က ကိစ္စအများကြီးကို ဖြေရှင်းခဲ့တယ်။ ငါတို့လဲ ထွက်သွားတော့မှာဆိုတော့ ဒီကောင်လေးနှစ်ယောက်ကို မင်း ဖြေရှင်းလိုက်ပါ”
ကောင်လေးနှစ်ယောက်လား။
နာမည်ခေါ်ခြင်းက လူအိုကြီးနှစ်ယောက်၏မျက်လုံးများက ပြူးထွက်သွားစေသည်။
ရုတ်တရက် ကျူးလုံက ရှေ့သို့ အနည်းငယ်တိုးကာ ပြောလိုက်သည် “ကျေးဇူးပြုပြီး ငါတို့ကို လုပ်ခွင့်ပြုပါ၊ သခင်။ ငါတို့က မှတ်ဉာဏ်တွေ ရပြီးခါစပဲ ရှိတယ်၊ ငါတို့က အနည်းငယ်လေ့ကျင့်ခန်းလုပ်ချင်တယ်”
ထန်ရှုနှင့်ကူးယန်အာက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် ထန်ရှုက ချက်ချင်းခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်၏ “ကောင်းပါပြီ၊ မင်းက လေ့ကျင့်ခန်းလုပ်ချင်မှတော့ သူတို့က မင်းအတွက်ပဲ။ ယန်အာ၊ သူတို့ကို ဓားပေးလိုက်ပါ”
ကူယန်အာက ခပ်ဖျော့ဖျော့ပြုံးကာ သူတို့ထံ ဓားကိုးလက်ပစ်ပေးလျက် ပြောလိုက်၏ “အမကိုးယောက်၊ ငါ ကလေးဘဝတည်းက အမတို့အားလုံးကို ငါ့ကို ဂရုစိုက်ခဲ့တယ်။ ကံကြမ္မာက ငါတို့ကို အတူခေါ်လာတဲ့အတွက် ငါ တကယ်ဝမ်းသာတယ်။ ဒီအင်မော်တယ်ဓားကိုးလက်စလုံးက အနာအဆာပေမယ့် အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တာနဲ့ ယန်အာက သင်တို့ကို အကောင်းဆုံးအင်မော်တယ်ဓားတစ်လက်စီ ပေးပါ့မယ်။ ကျေးဇူးပြုပြီး လက်ရှိအချိန်မှာ ဒီဓားတွေကိုပဲ အသုံးပြုပါ…”
“ကျေးဇူးတင်ပါတယ်၊ ယန်အာလေး”
အမျိုးသမီးကိုးယောက်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူတို့တစ်ယောက်ချင်းစီက အင်မော်တယ်ဓားကို လက်ခံပြီးနောက် သူတို့၏သွေးအဆီအနှစ်ကို ထုတ်ကာ အင်မော်တယ်ဓားကိုးလက်ကို သန့်စင်လိုက်ပြီး ဓားဝင်္ကပါတစ်ခုကို ချက်ချင်းဖွဲ့စည်းလိုက်သည်။
ဓားဝင်္ကပါက သူတို့ကို ထန်ရှုက သင်ကြားပေးခဲ့ခြင်းပင်။ နှစ်ထောင်ချီလေ့ကျင့်ပြီးနောက် လက်ရှိတွင် သူတို့၏စွမ်းအားက လျော့ကျလာသော်လည်း သူတို့က နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်သည်။
“ကျေးဇူးပြုပြီး ငါတို့ကို မတိုက်ခိုက်ပါနဲ့။ ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ မရှိပါဘူး”
လူအိုကြီးနှစ်ယောက်၏မျက်နှာများက အပြင်းအထန်ပြောင်းလဲသွားပြီး သူတို့ထဲမှတစ်ယောက်က ကမန်းကတန်းအော်လိုက်၏။
အမျိုးသမီးကိုးယောက်က မကြားပုံရသည်။ သတ်ဖြတ်ခြင်းတိုက်ကွက်ကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းလျှင်ပင် လူအိုကြီးနှစ်ယောက်ကို ဖုံးလွှမ်းသွားကာ သူတို့၏အသွေးကို ဖျက်ဆီးပြီး သူတို့၏စိတ်ဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်း ပြန့်ကျဲသွားစေခဲ့သည်။
“ကျေးဇူးပြုပြီး အခု သွားလို့ရပါပြီ၊ တာအိုမိတ်ဆွေ”ထန်ရှုက အဘွားအိုကို ကြည့်ကာ ပြောလိုက်သည်။
အဖွားအိုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ယခု သူမနှင့် ရာစုနှစ်ချီတိုက်ခိုက်ခဲ့သည့်ရန်သူနှစ်ယောက်က အသတ်ခံလိုက်ရသည်။ သူမက ကျူးလုံတို့ကိုးယောက်အဖွဲ့ကို တစ်ချက်ကြည့်ပြီး အနည်းငယ်ခေါင်းညိတ်ပြကာ တရုတ်ပြည်မသို့ ပျံသန်းသွားခဲ့သည်။
သူမမြှောက်တောင်မြှောက်ပေးခဲ့သည့်ကလေးကိုးယောက်က မှတ်ဉာဏ်များချိတ်ပိတ်ခံရထားသည့်အင်မော်တယ်များဖြစ်လိမ့်မည်ဟု သူမက နည်းနည်းလေးတောင် မမျှော်လင့်ထားပေ။
ဒါ အဆင်ပြေပါတယ်…အခု ငါ သူတို့ကို စိုးရိမ်စရာမလိုဘဲ သွားခွင့်ပေးနိုင်ပြီပေါ့။
နှလုံးသားထဲတွင် သက်သာရာရသောခံစားချက်တစ်ခုနှင့်အတူ အသက်ရှုချိန်အနည်းငယ်အတွင်း အဖွားအိုက တောင်တရုတ်ပင်လယ်အထက်ကောင်းကင်မှ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်တွင်။
ကပ်ဘေးတိမ်တိုက်များ ထွက်ပေါ်လာပြီး လျှပ်စီးမိုးကြိုးများက ကောင်းကင်မှ ကျဆင်းလာသည်။ ကူယန်အာ၏အရှိန်အဝါက အဆက်မပြတ်မြင့်တက်လာပြီး သူမခန္ဓာကိုယ်ပေါ်ရှိ ချိတ်ပိတ်ကို ဖြေလိုက်သည်။ သူမ၏နတ်ဘုရားအာရုံက ကမ္ဘာမြေတစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီး ကျန်ရှိသည့်ဆယ့်နှစ်ရာသီကျောက်စိမ်းအရုပ်များကို အလွယ်တကူရှာတွေ့ခဲ့ကာ သူတို့ကို လျှပ်တစ်ပြက်အတွင်း စုဆောင်းလိုက်သည်။
တစ်ချိန်တည်းတွင် ကမ္ဘာတစ်ဝှမ်းရှိ စက်ဆုပ်ဖွယ်ရာများကို ပြုလုပ်နေသည့် ဆိုးသွမ်းသောသူများစွာကို သူမ၏နတ်ဘုရားအာရုံက ချက်ချင်းသုတ်သင်လိုက်သည်။ ဤအခိုက်အတန့်က ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်တစ်ခုလုံးအတွက် အငြိမ်းအေးဆုံးအချိန်ဖြစ်လာခဲ့သည်။
“ဆရာသခင်..”ကူယန်အာက ဆယ့်နှစ်ရာသီကျောက်စိမ်းအရုပ်များကို ထန်ရှုထံ ကမ်းပေးလိုက်သည်။
ထန်ရှုက အနည်းငယ်ပြုံးပြ၏။ ကျယ်လောင်သောရယ်သံနှင့်အတူ သူက သိုလှောင်လက်စွပ်တွင် သိမ်းထားသော ဆယ့်နှစ်ရာသီကျောက်စိမ်းအရုပ်များကို ယူထုတ်လိုက်သည်။ ဆယ့်နှစ်ရာသီကျောက်စိမ်းရုပ်ဆယ့်နှစ်ခုက ဉီးတည်ဘက်တိုင်းသို့ ချက်ချင်း ပျံသန်းသွား၏။ ကြက်သွေးရောင်အလင်းများက ဆယ့်နှစ်ရာသီကျောက်စိမ်းရုပ်အသီးသီးထက်တွင် ပေါက်ကွဲထွက်လာပြီး ကောင်းကင်အမိုးမှ အားကောင်းသောအရှိန်အဝါတစ်ခုက ဆင်းသက်လာသည်။
“ဘယ်သူက ငါ့ရဲ့ကောင်းကင်တာအိုအကျဉ်းထောင်ကို ဖျက်ဆီးရဲတာလဲ”
အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ ဒေါသတကြီးဟိန်းသံတစ်ခုက ထွက်လာပြီး ကီလိုမီတာထောင်ချီရှိသည့်လက်ဝါးတစ်ခုက ကောင်းကင်အမိုးမှ ကျဆင်းလာသည်။
အေးစက်စက်အလင်းတစ်ခုက ကူယန်အာ၏မျက်လုံးများထဲတွင် လက်သွားသည်၊ သူမက အင်မော်တယ်ဓားကို ထိုဧရာမလက်ဝါးထံ ခုတ်ပိုင်းချလိုက်၏။ ကြီးမားသောကီလိုမီတာတစ်ထောင်ကျော်ရှိသည့်ဒဏ်ရာတစ်ခုက ထိုဧရာမရွှေလက်ဝါးပေါ်တွင် ထွက်ပေါ်လာ၏။ သွေးများက လျင်မြန်စွာ ရွာသွန်းကျလာပြီး လျှပ်တစ်ပြက်အတွင်း ထန်ရှုပစ်ထုတ်လိုက်သည့်ပုလင်းထောင်ချီထဲသို့ စုဆောင်းလိုက်သည်။
“ရွှေအင်မော်တယ်တစ်ယောက်လား။ ချီးလိုပဲ…”
ကောင်းကင်အမိုးအထက်ရှိဆန်းကြယ်သောစွမ်းအားရှင်က သူ့လက်ကို ကမန်းကတန်းရုပ်သိမ်းလိုက်သည်၊ ထို့နောက် နောက်ဆုံးတွင် သူ့အရှိန်အဝါက ပျောက်ကွယ်သွားလေတော့၏။
ဤအချိန်တွင် ဆယ်ကီလိုမီတာကျယ်ပြီးကီလိုမီတာတစ်ထောင်ကျော်ရှည်သည့်အပေါက်တစ်ခုက အထက်ကောင်းကင်တွင် ထွက်ပေါ်လာ၏။ ထန်ရှုနှင့်ကူယန်အာက အကြည့်ချင်းဖလှယ်လိုက်သည်၊ ထို့နောက် ကူယန်အာက လက်ဝှေ့ယမ်းလိုက်၏။ လွန်းပြန်ယာဉ်နှင့်တူသောအင်မော်တယ်ပစ္စည်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး မဟာထန်အင်ပါယာ၏ကျွမ်းကျင်သူနှစ်သိန်းကျော်ကို အထဲသို့ ဆွဲခေါ်သွားသည်။
“အခု သွားကြစို့၊ ဆရာသခင်…”ကူယန်အာက ပြောလိုက်သည်။
ထန်ရှုက အနည်းငယ်ပြုံးကာ သူမကို ရှေ့မှ သွားရန် လက်ပြလိုက်သည်၊ ထို့နောက် သူက မြောက်ဘက်သို့ ကြည့်လိုက်သည်။ တရုတ်အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်ဆယ်ယောက်ကျော်က သူ့ဉီးတည်ဘက်သို့ တယ်လီစကုပ်ဖြင့် ကြည့်နေသည်ကို သူက ရှင်းလင်းစွာ မြင်ရ၏။ တစ်ချိန်တည်းတွင် စစ်သုံးမှန်ဘီလူးများကို ကိုင်ထားသည့် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့ကိုလည်း မြင်လိုက်ရသည်။
“အကိုမြောင်၊ အကိုရှောက်။ မင်းတို့နှစ်ယောက်ဂရုစိုက်ပါ။ မင်းတို့မှာ ပြဿနာတစ်ခုခုရှိရင် ပိတ်ဝတ်တာအိုမိတ်ဆွေကို ရှာပါ။ သူမက တရုတ်ရဲ့စစ်မှန်တဲ့ကာကွယ်သူနတ်ဘုရားပဲ။ နောက်ရာစုနှစ်အနည်းငယ်ကြာတဲ့အထိ မင်းတို့က သူမကို ရှာနိုင်သေးတယ်”
“စီနီယာသွမ်မု၊ အတိတ်နဲ့လက်ရှိကို မလျော့ထွေးစေပါနဲ့၊ ပြီးခဲ့တာတွေ ပြီးပါစေတော့။ နောက်ကျရင် အင်မော်တယ်ကမ္ဘာမှာ ခင်ဗျားကို မြင်တွေ့ဖို့ ကျုပ် မျှော်လင့်တယ်။ အဲအချိန်ကျရင် မဟာထန်အင်ပါယာရဲ့အလံတွေက နေရာတိုင်းမှာ ဝှေ့ယမ်းနေမှာပါ”
ထို့နောက် သူက ပြုံးကာ ကြည်လင်သောအသံနှင့် ကျယ်လောင်စွာ အော်လိုက်သည် “မင်းက ဘာစောင့်နေတာလဲ၊ မီးချီလင်။ မင်းရဲ့စွမ်းအားကို မှီခိုပြီး အင်မော်တယ်ကမ္ဘာကို ပြန်မယ်လို့တော့ ငါ့ကို မပြောဘူးမလား”
ဟိန်းသံ…
မိုးကြိုးခြိမ်းသံပမာဟိန်းသံက အဝေးမှ တုံ့ပြန်လာသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း မီးလျှံများလွှမ်းခြုံထားသည့်မီးချီလင်က ထန်ရှုအရှေ့တွင် ထွက်ပေါ်လာ၏။
“ခင်ဗျားရဲ့မီးလျှံကို ရုပ်သိမ်းလိုက်ပါ။ ကျုပ်တို့ ထွက်သွားတော့မယ်”
ထို့သို့ ပြောပြီးနောက် ထန်ရှု၏ပုံရိပ်က လွန်းပြန်ယာဉ်ပုံစံအင်မော်တယ်ပစ္စည်းထဲသို့ ရုတ်တရက် ဝင်သွား၏။ မီးချီလင်၏ခန္ဓာကိုယ်ကို ဝန်းရံထားသည့် မီးလျှံများကလည်း လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး လွန်းပြန်ယာဉ်ပုံစံအင်မော်တယ်ပစ္စည်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
ဝီ…
ကြီးမားသောအရှိန်အဝါတစ်ခုက လွန်းပြန်ယာဉ်ပုံစံအင်မော်တယ်ပစ္စည်းမှ ရုတ်တရက် ဖြာထွက်လာပြီး ကောင်းကင်ရှိ အပေါက်ထဲသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကောင်းကင်အထက်ရှိအက်ကြောင်းက ဖြည်းဖြည်းချင်း ပိတ်သွား၏။ တိမ်ရှင်းလင်းကာ လျှပ်စီးပျောက်ကွယ်ပြီး မိုးခြိမ်းသံများက ကွယ်ပျောက်သွားသည်။ ကမ္ဘာတစ်ခုလုံးက ယခင်အတိုင်း ပြန်ရောက်လာခဲ့၏။