← Chapters

ဒီလိုလုပ်လို့ ဆရာ ကျွန်မကိုမုန်းမယ်ဆိုရင်တောင်မှ

Vol. 85 Ch. 1185

ဒီလိုလုပ်လို့ ဆရာ ကျွန်မကိုမုန်းမယ်ဆိုရင်တောင်မှ

Vol. 85 Ch. 1185

အခန်း (၁၁၈၅) ဒီလိုလုပ်လို့ ဆရာ ကျွန်မကိုမုန်းမယ်ဆိုရင်တောင်မှ

ထိုစကားကို သူမဖွင့်ပြောပြီးသည်နှင့်တပြိုင်နက် ကျဲ့မင်ခုန်မှာ နောင်တရသလို ခံစားလိုက်ရပြီး မြေပြင်အက်ကွဲကြောင်းတစ်ခုရှာဖွေကာ ပြေးပုန်းချင်စိတ်ပေါက်သွားမိသည်။

အဘယ်ကြောင့်ဆိုသော် သူမစကားကိုကြားသည်နှင့် တည်ငြိမ်သော ချန်ရွှမ်ကျုန်း၏မျက်နှာထက်တွင် အံ့အားသင့်သည့်အမူအရာကို တွေ့လိုက်ရသောကြောင့်ပင်။

ဆရာဖြစ်သူ၏အကြည့်ကို ရင်ဆိုင်ရသည့်အခါ သူမ အလိုလိုနေရင်း ခေါင်းငုံ့လိုက်မိသည်။ သို့သော် ထိုသို့ပြုလုပ်လိုက်မိသည်က ပိုပြီးမှားယွင်းသွားခဲ့သည်။

ယနေ့ သူမပြောချင်သည့်စကားကို ပြောပြီးပြီဖြစ်လေရာ ပြောပြီးသားစကားကို မည်သို့ပြန်လည်ရုတ်သိမ်းနိုင်ပါမည်နည်း။

သို့သော် သူမက ပင်ကိုယ်စရိုက် စိတ်ဓာတ်ပြတ်သားသူဖြစ်လေရာ စိတ်မသက်မသာခံစားရသည့်တိုင် ခေါင်းပြန်မော့ပြီး ဆရာဖြစ်သူကို လှမ်းကြည့်လိုက်၏။

ချန်ရွှမ်ကျုန်းက သူမကိုကြည့်နေခြင်းမရှိတော့ဘဲ အဝေးတစ်နေရာသို့ ငေးကြည့်နေကြောင်း တွေ့လိုက်ရသည်။

သူက တည်ငြိမ်စွာဖြင့်...

“ငယ်ငယ်လေးကတည်းက လီလီကို လက်ဆောင်ပေးတာက အလေ့အထ ဖြစ်နေပြီ ၊ မင်းက ဘယ်တုန်းက ဒါမျိုးတွေကို အရေးစိုက်ဖူးလို့လဲ ၊ အခုမှ ဘာလို့ ရုတ်တရက် ကလေးဆန်လာရတာလဲ”

ကျဲ့မင်ခုန်က စကားပြောရန် ပါးစပ်ကိုဟလိုက်သော်လည်း သူမ ဘာမှမပြောနိုင်ခင် ချန်ရွှမ်ကျုန်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။

“သွားတော့...”

“......... ဟုတ်ကဲ့ပါ ဆရာ...”

ကျဲ့မင်ခုန် တိုးတိတ်စွာဆိုရင်း နှင်းမှုံခန်းမအတွင်းမှ ထွက်ခွာလာခဲ့သည်။

ခန်းမထဲမှထွက်ခွာလာပြီးနောက် သူမ၏စိတ်က ပိုပြီး ကြည်လင်ငြိမ်သက်နေသလို ခံစားရသည်။ ရှက်ရွံ့ခြင်းကိုခံစားနေရသည့်တိုင် ပျော်ရွှင်၍လည်းနေပြန်သည်။

သူပြောချင်သည့်စကားကို ပြောလိုက်ရသော်လည်း အနည်းငယ် စိတ်မသက်မသာ ခံစားနေရဆဲပင်။

သူမပြောလိုက်သည့် စကားလုံးများနောက်ကွယ်မှ အဓိပ္ပါယ်ကို ဆရာဖြစ်သူ ခံစားနားလည်နိုင်မည်ဟု ကျဲ့မင်ခုန် ယုံကြည်သည်။

သို့သော် ဆရာဖြစ်သူက လီလီ၏အချစ်ကို ငြင်းဆန်ရုံသာမက သူမ၏အချစ်ကိုလည်း ငြင်းဆန်ခဲ့သည်။

သို့ရာတွင် သူမစိတ်ထဲတွင် အတွေးတစ်ခုက တဝဲလည်လည်ထင်ကျန်ရစ်နေလေသည်။ ထိုအတွေးက သိပ်ပြီးမရှင်းလင်းသော်လည်း သူမနှလုံးသားအတွက် မျှော်လင့်ချက်အနည်းငယ် ပေးစွမ်းသည်။

နောက်ပိုင်းမှာတော့ ထူးဆန်းသည့်သားရဲသတ္တဝါလေး ‘ဖေးဖေး’ ကို ကျဲ့မင်ခုန်က ချူးလီလီထံ သွားရောက်ပေးအပ်ခဲ့သည်။ လီလီက ထိုသတ္တဝါလေးကို ‘ဖင်းဖင်း’ အမည်ပေးခဲ့လေသည်။

ကျဲ့မင်ခုန်က ထို ဖေးဖေးသတ္တဝါလေးကို ပေးလိုက်တော့ ချူးလီလီက အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည်။

အဘယ်ကြောင့်ဆိုသော အရင် ချန်ရွှမ်ကျုန်းကိုယ်တိုင် သူမကို မွေးနေ့လက်ဆောင် ပေးနေကျဖြစ်ပြီး ယနေ့တော့ ကျဲ့မင်ခုန်မှတစ်ဆင့် ကိုယ်စားပေးခိုင်းလိုက်သောကြောင့် ဖြစ်၏။

သူမက ဖေးဖေးသတ္တဝါလေးကို အလွန်သဘောကျသလို ဆရာဖြစ်သူ ချန်ရွှမ်ကျုန်းသည်လည်း သူမအတွက် အကောင်းဆုံးရှာဖွေပြင်ဆင်ထားသော လက်ဆောင်လေးဖြစ်ကြောင်း သဘောပေါက်သည်။

သို့သော် လက်ဆောင်ကို ဆရာဖြစ်သူကိုယ်တိုင်လာမပေးခြင်းက ယခင်နှစ်များနှင့် အတော်လေး ကွဲပြားသည်။

ချူးလီလီက ငတုံးမဟုတ်ပေ။

ဤနှစ်အတွင်း သူမ၏ခံစားချက်ကို ဆရာဖြစ်သူသိရှိစေရင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့သည်။ ယခု မွေးနေ့လက်ဆောင် ကိုယ်တိုင်လာမပေးခြင်းမှာ ဆရာဖြစ်သူ၏အဖြေ ဖြစ်၏။

သို့သော် မိန်းမပျိုလေးက လက်မလျှော့ခဲ့ပေ။

“ထက်မြက်တဲ့မိန်းကလေးတွေက ယောကျ်ားလေးတွေနဲ့ပတ်သက်ရမှာကြောက်တယ် ၊ အဲဒီလိုပဲ သူရဲကောင်းဆန်တဲ့ယောကျ်ားကောင်းတွေဟာလည်း မိန်းကလေးတွေနဲ့ ပတ်သက်ရမှာ ကြောက်ကြတယ်”

ထိုစကားက ချူးလီလီက ကျဲ့မင်ခုန်ကို ပြောသောစကား ဖြစ်သည်။

ကျဲ့မင်ခုန် မချိပြုံးသာ ပြုံးလိုက်မိသည်။

သူမသည်လည်း ဆရာဖြစ်သူအပေါ် မေတ္တာသက်ဝင်နေခြင်းမရှိခဲ့လျှင် ဤအချစ်ကိုစွန့်လွှတ်လိုက်ပါရန် ချူးလီလီကို သူမ အကြံပေးမမိမည် ဖြစ်သည်။

သို့သော် ယခုတော့ သူမအနေဖြင့် ချူးလီလီကိုတားဆီးရန် သတ္တိမရှိပေ။

သူမက ချူးလီလီကို တားဆီးမည်လည်းမဟုတ်သလို ကူညီမည်လည်း မဟုတ်ပေ။

ကျဲ့မင်ခုန်စိတ်ထဲတွေးနေမိသည်မှာ သူမ ‘လက်ဆောင်ပေးပါ’ ဟု ဖွင့်ဟတောင်းဆိုလိုက်စဉ်က ဆရာဖြစ်သူ၏ တုံ့ပြန်မှု ဖြစ်သည်။

ဆရာဖြစ်သူ၏မျက်ဝန်းများကို မကြည့်ဝံ့ဘဲ အလိုလိုနေရင်း ခေါင်းငုံ့လိုက်မိသည့်အတွက် အတော်လေး နောင်တရနေမိသည်။

နောက်ဆုံး သူမ သတ္တိမွေးကာ ဆရာဖြစ်သူကို ခေါင်းမော့ကြည့်လိုက်တော့ ချန်ရွှမ်ကျုန်းက အဝေးဆီသို့ အကြည့်လွှဲသွားပြီ ဖြစ်သည်။

ဤအမူအရာက ထူးဆန်းပြီး ပုံမှန်မဟုတ်ဟု ကျဲ့မင်ခုန် ခံစားရသည်။

ချန်ရွှမ်ကျုန်းက သူမနှင့်အတူ ရှိနေစဉ်အခါတိုင်း အမြဲတမ်း ပုံမှန်မဟုတ်သလို သူမ ခံစားရသည်ပင်။ ဆရာဖြစ်သူ၏ ပုံစံက ချူးလီလီနှင့်အတူရှိနေလျှင် ထိုသို့သောပုံစံမျိုး မဟုတ်ခဲ့ပေ။

ထိုအတွေးက ကျဲ့မင်ခုန်အတွက် မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ ဤသည်က သူမ စိတ်ကူးယဉ်ပြီး ထင်ချင်ရာထင်နေခြင်း ဖြစ်မည်ကိုလည်း ကြောက်ရွံ့မိပြန်သည်။

ထိုသို့ဖြင့် ချစ်ခြင်းမေတ္တာ ၊ အနိုင်အရှုံးနှင့် စိုးရိမ်ပူပန်မှုများကြားတွင် ကျောက်စိမ်းကောင်းကင်တောင်ထွတ်ရှိ နေ့ရက်များသည်လည်း တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့ရက်သို့ ရောက်မလာခင်အထိ ဖြစ်လေသည်.......။

“ဝုန်း....”

ရေခဲမြစ်အထက်ပိုင်းဗလာနယ်လေထုအေးခဲသွားပြီး မိန်းမပျိုဧကရာဇ်၏ခြေဖဝါးအောက်မှ ရေခဲလွှာတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာသည်။

ထိုနေ့ရက်အကြောင်းတွေးမိတိုင်း မိန်းမပျိုဧကရာဇ် ဤသို့ပင် ပေါက်ကွဲထွက်စမြဲ ဖြစ်သည်။

သူမက အဝေးတစ်နေရာမှ ရေခဲတောင်ကြီးအား မှေးမှိတ်ထားသောမျက်ဝန်းများဖြင့်ပင် တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။ တိတ်ဆိတ်မှုက သေမင်းအရိပ်လွှမ်းမိုးနေသည့်အလား ထင်မှတ်ရသည်။

ရေခဲတောင်အောက်မှာတော့ နက္ခတ်ဧကရာဇ်က တိတ်ဆိတ်ငြိမ်သက်လျှက် ရှိနေဆဲပင်။

ခဏအကြာမှာတော့ မိန်းမပျိုဧကရာဇ်က ရေခဲတောင်ကြီးကို ဦးညွှတ်ဂါရဝပြုရင်း...

“ဆရာ ခွင့်လွှတ်ပေးပါ”

နက္ခတ်ဧကရာဇ်၏အသံ ထွက်ပေါ်လာသည်။

“ဒီနေ့ မင်းစိတ်တွေ အရမ်းမငြိမ်မသက် ဖြစ်နေတယ် မဟုတ်လား”

သူက ဆက်ပြောသည်။

“ရှင်းထန်ရဲ့မြေးကို လိုက်ပို့တာအပြင် တခြား ဘာအထူးကိစ္စ ရှိသေးလို့လဲ”

မိန်းမပျိုဧကရာဇ်က...

“အဲဒီနေ့အကြောင်းတွေးမိတိုင်း တပည့်စိတ်တွေ မတည်ငြိမ်နိုင်ဘူး”

နက္ခတ်ဧကရာဇ် တိတ်ဆိတ်သွားပြန်သည်။

“ဆရာ... တပည့်နှုတ်ဆက်ခဲ့ပါတယ်”

မိန်းမပျိုဧကရာဇ်က ထပ်ပြီးဦးညွှတ်ဂါရဝပြုလိုက်သည်။

“’ရန်’ အိမ်တော်ကသားအဖကိုကူညီဖို့ တပည့်အတတ်နိုင်ဆုံးကြိုးစားမှာပါ...”

နက္ခတ်ဧကရာဇ်က အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“သွားတော့... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

မိန်းမပျိုဧကရာဇ် ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားသည်။

တိတ်ဆိတ်ငြိမ်သက်နေသည့် ရေခဲလွင်ပြင်သည် တစ်ဖန်ပြန်လည် ငြိမ်သက်သွားသည်။

ရေခဲလွင်ပြင်နှင့် ဝေးကွာသောတစ်နေရာသို့ ရောက်သည့်အခါ မိန်းမပျိုဧကရာဇ်က အနောက်သို့ လည်ပြန်လှည့်ကြည့်ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူမ မျက်နှာထက်တွင် စိတ်ရှုတ်ထွေးမှုများ ထွက်ပေါ်လာပြီး ချီတုံချတုံ စဉ်းစားရခက်နေဟန် ရှိသည်။

“ဆရာ... ဒီလိုလုပ်လို့ ဆရာ ကျွန်မကို မုန်းမယ်ဆိုရင်တောင်မှ....”

မိန်းမပျိုဧကရာဇ်၏မျက်နှာက ပြန်လည်တည်ငြိမ်သွားပြီး လှည့်ထွက်သွားကာ လမ်းအတိုင်း လျှောက်လှမ်းထွက်ခွာသွားသည်။

သူမ အေးစိမ့်စမ်းချောင်းအတွင်းမှ ငရဲကိုးထပ်ဆီသို့ ထွက်ခွာသွားချိန် လမ်းတွင် ရေခဲပုံဆောင်ခဲတစ်ခုကို ချေမွှပစ်လိုက်သည်။

ရေခဲပုံဆောင်ခဲက ရေခဲမှုံများအဖြစ် ပြောင်းလဲသွားပြီး ဘာမှမဟုတ်သလို လေထုထဲ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

သို့သော်...

ခဏအကြာတွင် အဝေးဆီမှ နတ်ဆိုးချီစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် အလွန်ကြောက်စရာကောင်းသော စွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။ အစစ်အမှန်နတ်ဘုရားအဆင့်နှင့်ညီမျှသော တစ်ယောက်ထက်မကသည့် နတ်ဆိုးများ ချဉ်းကပ်လာခြင်း ဖြစ်သည်။

ထိုနတ်ဆိုးများက ခဏမျှရပ်နားပြီးနောက် ငရဲကိုးထပ်မှ ထွက်ခွာလာကာ နက္ခတ်ဧကရာဇ်နေထိုင်ရာ အေးစိမ့်စမ်းချောင်းနယ်မြေသို့ ဝင်ရောက်လာကြသည်။

ခဏအကြာတွင် အဝေးတစ်နေရာ လေထုထဲမှ အလင်းတန်း (၂)ခု ထွက်ပေါ်လာသည်။

အလင်းတန်းတစ်ခုက မှေးမှိန်သည့်ဓားအလင်းတန်းတစ်ခုဖြစ်ပြီး အခြားတစ်ခုကတော့ ရွှေရောင်နှင့်သွေးနီရောင်ပေါင်းစပ်ထားသည့် အလင်းတန်းတစ်ခု ဖြစ်သည်။

ထိုသူ (၂)ယော်ကမှာလည်း ငရဲကိုးထပ်နက်ရှိုင်းရာမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း သူတို့က နတ်ဆိုးများ မဟုတ်ကြပေ။

ရွှေရောင်နှင့်သွေးနီရောင်အလင်းတန်းက တောက်ပမှုရပ်တန့်သွားပြီး နဂါးကျားပုံစံပါရှိသော တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်အသွင် ပေါ်လာသည်။

မြေကမ္ဘာငြိမ်သက်ဧကရာဇ်မှလွဲပြီး အခြားသူ မဟုတ်ပေ။

သူက အစောပိုင်းက မိန်းမပျိုဧကရာဇ်နှင့် တိုက်ခိုက်ခဲ့သည့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအားရှင် ဖြစ်သည်။

ထို့နောက် မှိန်ဖျော့သည့်ဓားအလင်းတန်း ရပ်တန့်သွားပြီး အသက် (၃၀)ခန့် လူငယ်တစ်ယောက် ပေါ်လာသည်။

ထိုသူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ နောက်ထပ်စန့်ချင်အဆက်အနွယ်တစ်ယောက် ဖြစ်သည်။

သူက ချင်းဖိန်တောင် ၊ ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူမှ ‘ဟုန်တိဧကရာဇ်’ ဖြစ်၏။ သူ့ကို စစ်မှန်ဧကရာဇ်ဟုလည်း‌ ခေါ်ကြသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ရန်ကျောက်ကဲနှင့် လက်ရည်စမ်းခဲ့သော မြောက်ပိုင်းလေပြင်းသခင် ‘ဝန်တိုက်ဟုန်’ မှာ ဟုန်တိဧကရာဇ်၏တပည့် ဖြစ်သည်။

“စောစောက ကျဲ့မင်ခုန် ဒီမှာ ရှိနေတယ် ၊ ဒါပေမဲ့ သူက အေစိမ့်စမ်းချောင်းနယ်မြေကိုဖြတ်ပြီး ဗလာနယ်ထဲကိုထွက်သွားတယ်ထင်တယ် ၊ ကြည့်ရတာ အထက်ဘုံကမ္ဘာကို ပြန်သွားပြီလား မသိဘူး”

ပြောပြီးသည်နှင့် ငြိမ်သက်ဧကရာဇ်က လက်တစ်ဖက်ဆန့်ထုတ်ပြီး လက်ချောင်းများကို ဖြန့်ကားလိုက်ရာ ရေနဂါးတစ်ကောင်က ငရဲကိုးထပ်မှ နတ်ဆိုးချီများအလယ် ပျံသန်းထွက်ခွာသွားသည်။

ပတ်ဝန်းကျင်အခြေအနေများကို လေ့လာစုံစမ်းပြီးနောက် ရေခဲနဂါးက ငြိမ်သက်ဧကရာဇ်လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး သူ့အလိုလိုကျုံ့ဝင်သွားကာ ရေခဲမြူမှုံများအဖြစ် ပြောင်းလဲသွားသည်။

ဟုန်တိဧကရာဇ်က မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း...

“ရှေးဟောင်းကြယ်စင်ရေခဲသံမဏိက နှစ်ပေါင်းတစ်ထောင်နေမှ တစ်ခါပေါ်တာ ၊ အဲဒါကို အမတမှော်ဝင်ပစ္စည်းအဖြစ် သန့်စင်နိုင်ရုံတင်မကဘူး.... ပိုပြီးအရေးကြီးတာက ငါတို့ရဲ့ တည်ထောင်သူဆရာဘွားဘွား ဒဏ်ရာကုသတဲ့နေရာမှာ အသုံးပြုလို့ရတယ်”

သူက ဆက်ပြောသည်။

“အဲဒီပစ္စည်းကို ကျဲ့မင်ခုန်က ရုတ်တရက် လုယူသွားတယ် ၊ ဒီတော့ သူ အထက်ဘုံကမ္ဘာကိုမပြန်နိုင်အောင် တားဆီးရမှာပဲ ၊ မဟုတ်ရင် ငါတို့တွေ အဲဒီပစ္စည်းကို ပြန်ယူနိုင်မှာ မဟုတ်တော့ဘူး”

ငြိမ်သက်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“ငါတို့ သွားကြည့်ရအောင်...”

သူတို့ (၂)ယောက် စကားပြောရင်း ငရဲကိုးထပ်နယ်နိမိတ်မှထွက်ခွာလာပြီး‌ နက္ခတ်ဧကရာဇ်ရှိနေသည့် အေးစိမ့်စမ်းချောင်း နယ်မြေတစ်ဖက်ခြမ်းသို့ ခြေချခဲ့ကြသည်။

မည်သူ သိနိုင်ပါမည်နည်း။

သူတို့ ရေခဲလွင်ပြင်သို့ ခြေချမိသည်နှင့် သူတို့ရှေ့တွင်ရှိနေသော အဆုံးမရှိသည့် ရေခဲမြစ်ထက်တွင် သွေးစွန်းတိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရလေသည်။

ထိုခဏတွင် ရေခဲမြစ်အတွင်းမှ နတ်ဆိုးချီစွမ်းအားများဖြင့် ပြည့်လျှံနေသော ကြောက်မက်ဖွယ်ရာ ရေဝဲဂယက်တစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ကို စုပ်ယူမျိုချလုနီးပါး ဖြစ်သွားသည်။

“ဒီနေရာက ထွက်သွားကြပါ...”

ရေခဲမြစ်ထဲမှ အသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့ စိုးရွံစိတ်နှင့် သံသယများဝင်သွားပြီး အခြေအနေ ရှင်းရှင်းလင်းလင်းသိမြင်နိုင်ရန်အတွက် နောက်သို့ပြန်ဆုတ်ရန် ကြံရွယ်လိုက်ကြသည်။

သို့သော် သူတို့ ငရဲကိုးထပ်သို့ ပြန်လည်ဆုန်ခွာမည့်လမ်းကြောင်းကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ငရဲကိုးထပ်မှ ဤနေရာသို့ရောက်လာကြသော အချို့သော မဟာနတ်ဆိုးများက သူတို့ကို ပစ်မှတ်ထားလာကြခြင်း ဖြစ်သည်။

ထို့ပြင် ဤ အေးစိမ့်စမ်းချောင်းနယ်မြေသည်လည်း တိုက်ပွဲအရှုတ်အထွေးများကြား ပိတ်လှောင်ခံလိုက်ရပြီ ဖြစ်သည်။

ထိုအချိန်မှာပင်...

အေးစိမ့်စမ်းချောင်းနယ်မြေအပြင်ဘက်ရှိ ငရဲကိုးထပ်နယ်မြေ လေုထအလယ်တွင် မိန်းမပျိုဧကရာဇ်က ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် မတ်တတ်ရပ်နေသည်။

ထို့နောက် သူမက လက်နှစ်ဖက်ကိုအသုံးပြုပြီး စည်းတံဆိပ်တစ်ခုပြုလုပ်ကာ ထုံးတမ်းအစီအရင်တစ်ခုအား စတင်ထုတ်ဖော်လိုက်လေ၏။

All Chapters