လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ကျွန်မက အရူးတစ်ယောက်ပါ
Vol. 85 Ch. 1186
အခန်း (၁၁၈၆) လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ကျွန်မက အရူးတစ်ယောက်ပါ
ရုတ်တရက် ဗလာနယ်ထဲတွင် နှင်းလွှာအတားအဆီးတစ်ခု ဖြန့်ကျက်သွားပြီး မိုးမြေတစ်ခွင်ကို ဖုံးအုပ်သွားပြီး ငရဲကိုးထပ်နှင့် အေးစိမ့်စမ်းချောင်းနယ်မြေ ဆုံစည်းရာနေရာ ချိတ်ပိတ်ခံလိုက်ရသည်။
သို့သော် အေးစိမ့်စမ်းချောင်းတွင် ဖြစ်ပွားနေသော နတ်ဆိုးများတိုက်ပွဲမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအား လှိုင်းလုံးများ၏ ထိုးနှက်ခံရမှုကြောင့် ထိုအရံအတားက အားနည်းသွားသည်။
သို့ပေသိ ချိတ်ပိတ်ထားသောစည်းတံဆိပ်က အချိန်တိုအတွင်း ကျိုးပျက်သွားနိုင်မည် မဟုတ်ပေ။
ဒါကိုမြင်တော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့နှစ်ယောက်လုံး တုန်လှုပ်သွားသလို ဒေါသလည်း ထွက်သွားကြသည်။
သူတို့ အေးစိမ့်စမ်းချောင်းနယ်မြေ အခြားဘက်ခြမ်းမှ ထွက်ခွာသွားလိုလျှင် သူတို့အနေဖြင့် နတ်ဆိုးများတိုက်ပွဲအတွင်း ဝင်ရောက်ဖြတ်သန်းရပေမည်။
ဤနေရာတွင် တိုက်ခိုက်နေသည့် မဟာနတ်ဆိုးများမှာ တည်ငြမ်ပြီး ဆင်ခြင်တုံတရားရှိသူများ မဟုတ်ကြပေ။ အားလုံးက စိတ်ကြွရူးသွပ်ပြီး သွေးဆာနေကြသူများ ဖြစ်ကြသည်။
ထို့နောက် နတ်ဆိုးများက ရေခဲမြစ်ကိုတိုက်ခိုက်ရန် ကြိုးစားနေကြသလို ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့ကိုလည်း ခြွင်းချက်မရှိ အလွတ်မပေးခဲ့ကြပေ။
“ငါက အထက်ဘုံကမ္ဘာ ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ်က ချန်ရွှမ်ကျုန်းပဲ ၊ ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာမှာကို တားဆီးဖို့အတွက် ဒီနေရာမှာ ရှိနေတာ”
“အခုဖြစ်တာတွေက ငါ့တပည့် ကျဲ့မင်ခုန်ကြောင့်ပဲ ၊ မင်းတို့နှစ်ယောက် ဒီနေရာက အမြန်ထွက်သွားပြီး သူ့ကိုရှာပါ ၊ ဒါဆို မင်းတို့တွေ ဒီဘေးအန္တရယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်လိမ့်မယ်”
နက္ခတ်ဧကရာဇ်က နှစ်ပေါင်းများစွာ ခြေရာမကျန် ပျောက်ကွယ်သွားသည်ဖြစ်ရာ နောက်ပိုင်းမျိုးဆက် ကျင့်ကြံသူများအနေဖြင့် သူ၏နာမည် ‘ချန်ရွှမ်ကျုန်း’ ဆိုသည်နှင့် ရင်းနှီးခြင်း မရှိကြတော့ပေ။
သို့သော် ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့ကတော့ ထိုအမည်ကို ကောင်းစွာသိရှိကြသည်။
သူတို့က စန့်ချင်အဆက်အနွယ်ကျင့်ကြံသူများဖြစ်သော်လည်း ရေစင်ထက်ယံအရှင်သခင် ‘ချန်ရွှမ်ကျုန်း’ ကို သိရှိကြသည် အမှန်ပင်။
သို့သော် လောလောဆယ်တွင် သူတို့က မဟာနတ်ဆိုးကြီးများနှင့်တိုက်ခိုက်နေပြီး သူတို့ပြန်ဆုတ်ရမည့်လမ်းကြောင်းသည်လည်း ချိတ်ပိတ်ခံထားရသည်။ ဤနေရာမှ ထွက်ခွာသွားရန်မှာ နက္ခတ်ဧကရာဇ်ပြောသလို လွယ်ကူသည် မဟုတ်ပေ။
ပြီးတော့ ရေခဲမြစ်ထဲမှထွက်လာသောအသံက မည်သူ့အသံဖြစ်ကြောင်း သူတို့မသိနိုင်ပေ။ ထိုသူက ရန်သူလား မိတ်ဆွေလား မခွဲခြားနိုင်လေရာ လောလောဆယ်တွင် သူတို့အနေဖြင့် မည်သူ့ကိုမှ မျက်စိမှိတ်ယုံကြည်၍ မဖြစ်နိုင်ပေ။
အထူးသဖြင့် ရေခဲမြစ်အောက်ဘက်တွင် နတ်ဆိုးချီစွမ်းအားများ ပေါက်ဖွားလာကြောင်း သူတို့ အာရုံခံမိသည်။
ထို့ကြောင့် သူတို့အနေဖြင့် အခြေအနေကို ပေါ့ပေါ့တန်တန် သဘောမထားနိုင်ဘဲ နတ်ဆိုးတစ်ပါးက သူတို့ကိုလှည့်စားရန်ကြိုးစားမည်ကို စိုးရိမ်မိကြသည်။
တိုက်ပွဲက သုံးဖက်တိုက်ခိုက်နေသကဲ့သို့ဖြစ်နေလေရာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးက လုံးဝ ထိန်းချုပ်မရသည့် အနေအထား ဖြစ်သည်။
အေးစိမ့်စမ်းချောင်းနယ်မြေအပြင်ဘက် ငရဲကိုးထပ်နယ်မြေထဲတွင်တော့ မိန်းမပျိုဧကရာဇ်က မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှေးမှိတ်ထားဆဲ ဖြစ်သည်။
သူမက ခံစားချက်ကင်းမဲ့ပြီး အေးစက်သောမျက်နှာထားဖြင့် နှင်းဖြူရောင်ကောင်းကင်အလင်းစည်းတံဆိပ်အား မျက်နှာမူထားသည်။
သူမ၏လက်များထက်မှ စည်းတံဆိပ်က အဆက်မပြတ် ပြောင်းလဲနေပြီး ထုံးတမ်းအစီအရင်က တဖြည်းဖြည်း ပုံပေါ်လာသည်။
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကနှစ်ယောက် ရောက်လာတာကောင်းတယ် ၊ အခု သုံးဘက်တိုက်ခိုက်နေတယ်ဆိုတော့ ဆရာ့အတွက်ဖိအား လျော့နည်းသွားမှာပဲ ၊ ပြီးတော့ ရေပလ္လင်နတ်ဆိုးရဲ့ ကျူးကျော်မျုကိုဖယ်ရှားဖို့ သူ့အတွက် အချိန်အလုံအလောက် ရနိုင်လိမ့်မယ်”
ကျဲ့မင်ခုန် ရေရွတ်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
ထိုအချိန် မဟာနတ်ဆိုးများနှင့် ဧကရာဇ် (၂)ယောက်ကြားတိုက်ပွဲကြောင့် ချန်ရွှမ်ကျုန်း အာရုံပျံ့လွင့်သွားမည် ဖြစ်သည်။
ယခုအချိန်ထိတော့ သူမ မျှော်လင့်ထားသည့်အတိုင်း အရာအရာက ချောမွေ့နေဆဲပင်။
နက္ခတ်ဧကရာဇ် ဤပုံစံအတိုင်းနေထိုင်နေသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူမသာ တစ်ခုခု မလုပ်ဘူးဆိုလျှင် အဆုံးမရှိသည့်အချိန်တစ်လျှောက်လုံး အခြေအနေက ပြောင်းလဲသွားတော့မည် မဟုတ်ပေ။
သို့သော် သူမက အမြဲတမ်း ထိုသို့ဖြစ်နေစေရန် ဆန္ဒမရှိပေ။ ထို့ကြောင့် အရာအားလုံးကို ပြောင်းလဲပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိ သူမလုပ်နေသည့်အလုပ်ထက် ပိုပြီးအရေးကြီးသည့်ကိစ္စ မည်သည့်အရာမှ မရှိပေ။ ပြီးတော့ ဖြစ်လာသမျှအတွက် ပေးဆပ်ရန်လည်း သူမ အသင့်ပြင်ထားပြီး ဖြစ်သည်။
သူမ မျက်နှာက အလွန်တည်ငြိမ်နေပြီး သူမလက်ထဲမှစည်းတံဆိပ်များကို အတူတကွ ပေါင်းစည်းလိုက်သည်။
ထိုအခါ သူမ အရှေ့ရှိ ထုံးတမ်းအစီအရင်က အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ငရဲကိုးထပ်တစ်ခွင် ပျံ့နှံ့သွားသည်။
ထိုခဏတွင် အေးစိမ့်စမ်းချောင်းနယ်မြေမှ ကြီးမားသော ရေခဲလွင်ပြင်နှင့် ရေခဲမြစ်မှာ ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။
ငြိမ်သက်ဧကရာဇ် ၊ ဟုန်တိဧကရာဇ်တို့နှင့် တိုက်ခိုက်နေသော မဟာနတ်ဆိုးများသည်ပင် သူတို့ရှေ့မှ ကမ္ဘာလောကကြီး၏ အပြောင်းအလဲများကို သတိထားရင်း ရုတ်ချည်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
တစက္ကန့်မျှအကြာတွင်...
ရေခဲမြစ်မှ အဖြူရောင်အလင်းတန်းများ ဖြာထွက်လာပြီး ထိုအလင်းတန်းများက ငရဲကိုးထပ်ဖြတ်ကျော်ကာ ဗလာနယ်ထဲသို့ပျံ့နှံ့သွားပြီး ကြီးမားသော စည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
စည်းတံဆိပ်လှည့်ပတ်သွားသည်နှင့် သိမ်မွေ့သည့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းမှတစ်ဆင့် အရံအတားရောင်ဝါတစ်ခု ထုတ်လွှတ်လိုက်သည်။
ရေခဲမြစ်အတွင်းမှ ရှည်လျားသည့် သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာပြီး....
“မင်ခုန်... မင်း ဘာလုပ်လိုက်တာလဲ...”
တစ်ချိန်တည်းမှာပင် လူတိုင်း၏နားထဲတွင် ထင်ယောင်ထင်မှား အသံတစ်သံကိုပါ ကြားလိုက်ရသည်။
ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့သည်ပင် ထိုအသံက မည်သည့်အသံဖြစ်ကြောင်း နားမလည်နိုင်ခဲ့ကြပေ။ သို့သော် သူတို့က ဗဟုသုတကြွယ်ဝသူများဖြစ်လေရာ ချက်ချင်း သဘောပေါက်သွားကြသည်။
“မဟာနတ်ဆိုးတစ်ပါးရဲ့ သိစိတ်ဝိညာဉ်ပဲ...”
ထိုသို့တွေးလိုက်မိစဉ်မှာပင်...
အချင်းချင်းတိုက်ခိုက်နေသည့်နတ်ဆိုးများ ၊ သူတို့ကို တိုက်ခိုက်နေသည့်နတ်ဆိုးများအားလုံးမှာ ဆက်လက်မတိုက်ခိုက်ကြတော့ဘဲ ရေခဲမြစ်ဆီသို့ ပြေးလွှားထွက်ခွာသွားကြသည်။
ထိုနတ်ဆိုးများက ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်ကိုပင် အရေးမစိုက်တော့ဘဲ ချန်ထားခဲ့ကြသည်။
ဒါကိုမြင်တော့ ဧကရာဇ် (၂)ပါးလုံး မျက်ခုံးများတွန့်ချိုးလိုက်ကြပြီး...
“ရေခဲမြစ်ထဲမှာ အရမ်းအစွမ်းထက်တဲ့ မဟာနတ်ဆိုးကြီးတစ်ပါး ရှိနေတာပဲ ၊ သူက နတ်ဆိုးတွေကို ရေခဲမြစ်ကိုတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာ ဖြစ်ရမယ်”
“ဒါဆို ဒီနှစ်ပိုင်းတစ်လျှောက် အထက်ဘုံကမ္ဘာက နက္ခတ်ဧကရာဇ်က ရေပလ္လင်နတ်ဆိုးကို နှိမ်နင်းနေတယ်ဆိုတာ တကယ်အမှန်ပဲပေါ့”
သူတို့က ရေခဲမြစ်ကိုတိုက်ခိုက်ရန်ပြေးလွှားထွက်ခွာသွားကြသော နတ်ဆိုးများကို တားဆီးရန် ကြံရွယ်မိကြသော်လည်း ဤသည်က ထောင်ချောက်တစ်ခုဖြစ်မည်ကိုလည်း စိုးရိမ်နေကြသည်။
ထို့နောက် သူတို့က အဝေးတစ်နေရာလေထုထဲတွင်ရှိနေသည့် အဖြူရောင်အလင်းစည်းတံဆိပ်ကို စူးစိုက်ကြည့်လိုက်ကြသည်။
ငြိမ်သက်ဧကရာဇ်က...
“အဲဒီစည်းတံဆိပ်.... အဲဒါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဦးတည်နေတာပဲ...”
ဟုတ်တိဧကရာဇ်က...
“မဟုတ်ဘူး... အဲဒါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လူတစ်ယောက်ဆီကို ဦးတည်နေတာ...”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် မိန်းမပျိုဧကရာဇ်နှင့်ပတ်သက်နေသူ တစ်ယောက်သာရှိသည်။
ချူးလီလီ....။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဧကရာဇ် (၂)ပါးလုံး စည်းတံဆိပ်ကိုကြည့်ရင်း တုန်လှုပ်သွားကြသည်။
ယခု ဖြစ်ပျက်နေသည့် အကြောင်းအရာ အပြည့်အစုံကို သူတို့ နားမလည်နိုင်ကြသေးသော်လည်း ထို စည်းတံဆိပ်ပြောင်းလဲမှုက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် ကောင်းသည့်အချက်မဟုတ်ကြောင်း သိရှိနားလည်ထားဆဲပင်။
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ငရဲကိုးထပ်သို့သွားရာလမ်းအား ပိတ်ဆို့ထားသော နှင်းဖြူရောင်အရံအတားကို တိုက်ခိုက်လိုက်ကြသည်။
သူတို့ရှေ့မှ ရေခဲမြစ်က အန္တရယ်ရှိပုံပေါ်သော်လည်း ထိုရေခဲမြစ်ထဲတွင် နက္ခတ်ဧကရာဇ် အမှန်တကယ်ရှိသည်ဆိုပါက ခဏတာ တောင့်ခံထားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့အနေဖြင့် စည်းတံဆိပ်ကိုတားဆီးလိုသည်ဆိုပါက အရံအတားအပြင်ဘက်ရှိ မိန်းမပျိုဧကရာဇ်ကို ရှာဖွေခြင်းက ပိုမိုထိရောက်ပေမည်။
မိန်းမပျိုဧကရာဇ်လုပ်နေသည့်အလုပ်က မည်သို့သောအလုပ်ပင်ဖြစ်ပါစေ ဧကရာဇ်နှစ်ပါးက တားဆီးရန် ဆုံးဖြတ်လိုက်သည်။
နတ်ဆိုးများက သူတို့သွားမည့်လမ်းကို တားဆီးတိုက်ခိုက်ခြင်း မရှိတော့လျှင် အစစ်အမှန်နတ်ဘုရား (၂)ပါးအနေဖြင့် သူတို့၏ တန်ခိုးစွမ်းအားကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်ရာ သူတို့သွားရာလမ်းကို တားဆီးထားသော အရံအတားသည်လည်း အားပျော့သွားနိုင်ပေမည်။
ငရဲကိုးထပ်နယ်မြေထဲတွင်တော့ မိန်းမပျိုဧကရာဇ်က မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ ပိုမိုပါးလွှာလာသည့် နှင်းဖြူရောင်အရံအတားကို ကြည့်ရှုနေသည်။ သို့ပေသိ သူမက မျက်ဝန်းများ မှေးမှိတ်ထားဆဲပင်။
ထိုနှစ်က ချန်ရွှမ်ကျုန်းက ထုံးတမ်းအစီအရင်တစ်ခုပြုလုပ်ပြီး ချူးလီလီ၏ရုပ်ခန္ဓာကို အသုံးပြုကာ ပြန်လည်မွေးဖွားလာမည့် ရေပလ္လင်ကိုပိုင်ဆိုင်သည့်နတ်ဆိုးကို ချန်ရွှမ်ကျုန်းက သူ၏ခန္ဓာကိုယ်ဆီသို့ လွှဲပြောင်းရယူခဲ့သည်။ ထို့နောက် ထိုမဟာနတ်ဆိုး သူ၏ခန္ဓာကိုယ်အား အသုံးပြုကာ ပြန်လည်မွေးဖွားလာမည်ကို ခွင့်မပြုဘဲ အေးစိမ့်စမ်းချောင်းနယ်မြေတွင် ထိုနတ်ဆိုးအား လာရောက်ဖိနှိပ်ထားခဲ့သည်။
ယခု မိန်းမပျိုဧကရာဇ်က ဆရာဖြစ်သူနေရာတွင် အခြားသူတစ်ယောက်နှင့်အစားထိုးရန် စီစဉ်နေသည်။
မဟာနတ်ဆိုးတစ်ယောက် ပြန်လည်မွေးဖွားလာနိုင်မှုက လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် မသက်ဆိုင်ပေ။ ထိုသူ၏ ရုပ်ခန္ဓာက ထိုနတ်ဆိုးနှင့် မွေးရာပါ လိုက်ဖက်ညီနေခြင်းအပေါ် မူတည်သည်။
မဟာနတ်ဆိုးကြီးတစ်ယောက် ပြန်လည်မွေးဖွားလာရန် သင့်တော်သည့် ရုပ်ခန္ဓာဆိုသည်က လူသန်းပေါင်းတစ်ထောင်တွင် တစ်ယောက်မျှသာ ရှိနိုင်သည်။
ထိုသို့သောလူမျိုးက ကျဲ့မင်ခုန်ကိုယ်တိုင်လည်းမဖြစ်နိုင်သလို ၊ ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့သည်လည်း မဖြစ်နိုင်ကြပေ။
သို့သော် လူတစ်ယောက်ကတော့ လုပ်နိုင်သည်။
ထိုပြဿနာကို အစပြုခဲ့သူက ပြန်အဆုံးသတ်ပေးရမည် ဖြစ်သည်။
ရေပလ္လင်နတ်ဆိုးပြန်လည်မွေးဖွားလာရန် အသင့်တော်ဆုံးသူက ချန်ရွှမ်ကျုန်းရုပ်ခန္ဓာမဟုတ်လျှင် ချူးလီလီ၏ရုပ်ခန္ဓာ ဖြစ်သည်။
ယခု ကျဲ့မင်ခုန်က ချူးလီလီကို သူမပိုင်ဆိုင်ခဲ့သည့်အရာအားလုံး ပြန်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
ယခု ချန်ရွှမ်ကျုန်းလက်ခံရယူထားသည့် နတ်ဆိုးအင်းသင်္ကေတမှာ ယခင်က ချူးလီလီ ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ ချန်ရွှမ်ကျုန်းက ချူးလီလီထံမှ လွှဲပြောင်းယူခဲ့သည်ဖြစ်သော်လည်း ရေပလ္လင်နတ်ဆိုးပြန်လည်မွေးဖွားရန် အသင့်တော်ဆုံးရုပ်ခန္ဓာမှာ ချူးလီလီ ဖြစ်နေဆဲပင်။
ဤနှစ်များတစ်လျှောက် ကျဲ့မင်ခုန်က အရာအားလုံးကို စီစဉ်ပြီး ယခုအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။
ချူးလီလီက နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးသည့်တိုင် အသုံးဝင်မည် မဟုတ်ပေ။
ဤအရာက မူလကပင် သူမပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ အမြစ်ပြတ်ခုတ်ထွင်ပစ်ရန် တောမီးလောင်ကျွမ်းသွားသည့်တိုင် မည်သည့်နည်းနှင့်မျှ အကင်းသေနိုင်မည် မဟုတ်ပေ။
နွေဦးလေပြေတိုက်ခတ်လာချိန် ထိုအရာက ပြန်လည်ကြီးထွားလာမည်သာပင်။
သို့သော် နွေဦးလေပြေဆိုသည်က ရှားပါးသည့်အရာတစ်ခုဖြစ်ပြီး ယနေ့တော့ ထိုရှားပါးနွေဦးလေပြေက တိုက်ခတ်လာခဲ့ပြီ ဖြစ်လေ၏။
ကျဲ့မင်ခုန်၏လုပ်ရပ်ကြောင့် ချူးလီလီက ရေပလ္လင်ကိုပိုင်ဆိုင်သည့်နတ်ဆိုး ပြန်လည်ဝင်စားမည့် ရုပ်ခန္ဓာပြန်ဖြစ်လာပြီး သူမ၏နတ်ဆိုးသင်္ကေတက သူမကိုယ်ပေါ်သို့ ပြန်ရောက်သွားစေမည် ဖြစ်သည်။ ဤနည်းအားဖြင့် ချန်ရွှမ်ကျုန်း ဤနေရာတွင်ပိတ်မိနေခြင်းမှ လွတ်မြောက်သွားပေမည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အထက်ဘုံကမ္ဘာမှ ဧကရာဇ် (၃)ပါးနှင့် ကျင့်ကြံခြင်းအဆင့်တူညီသော ရွှမ်ဟွမ်ဧကရီနှင့် နွယ်ပင်ဧကရီတို့ ရှိလေသည်။
နွယ်ပင်ဧကရီဆိုသည်က စန့်ချင်အဆက်အနွယ် တည်ထောင်သူဆရာဘွားဘွားလည်းဖြစ်သလို ရွှမ်ဟွမ်ဧကရီ၏ဆရာလည်း ဖြစ်သည်။
သတင်းများအရ သူတို့နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံနေကြသည်ဆိုသော်လည်း မဟာနတ်ဆိုးကြီးတစ်ပါး ပြန်လည်မွေးဖွားလာမည်ဆိုပါက ဒီအတိုင်း ထိုင်ကြည့်နေကြမည် မဟုတ်ပေ။
ချူးလီလီ နတ်ဆိုးဖြစ်လာမည်လား မသေချာသော်လည်း တကယ်တမ်း သူမသာ နတ်ဆိုးတစ်ယောက်အဖြစ်ပြောင်းလဲသွားလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထိုဧကရီ (၂)ပါး က တားဆီးမည်သာပင်။
ထိုသို့ဆိုလျှင် ရေပလ္လင်နတ်ဆိုးပြန်လည်မွေးဖွားလာလာချင်းမှာပင် ပြင်းထန်သောထိုးနှက်ချက်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခံရမည် ဖြစ်၏။
ရေခဲနတ်ဆိုးအဖြစ် ပြန်လည်မွေးဖွားလာပြီး မကြာခင်မှာပင် သုတ်သင်ခံလိုက်ရသော ချူးဟွမ်နောက်သို့ ချူးလီလီသည်လည်း လိုက်ပါသွားရပေမည်။
ဤနေရာတွင် အကြီးမားဆုံးအတားအဆီးမှာ ရေပလ္လင်ကိုပိုင်ဆိုင်သော မဟာနတ်ဆိုးမဟုတ်ဘဲ ချန်ရွှမ်ကျုန်းကိုယ်တိုင် ဖြစ်လေသည်။
ထို့ကြောင့် ချန်ရွှမ်ကျုန်း အာရုံပြောင်းလဲသွားစေရန်အတွက် သူမက နတ်ဆိုးများနှင့် ဧကရာဇ် (၂)ပါးကို ဤနေရာသို့ရောက်လာစေရန် မျှားခေါ်လိုက်ခြင်း ဖြစ်သည်။
“ဆရာ... ဒီလိုလုပ်လို့ ကျွန်မကို မုန်းသွားမယ်ဆိုရင်တောင်မှ... ကျွန်မ နောင်တမရပါဘူး”
မိန်းမပျိုဧကရာဇ်၏မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်သည်။
“လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ကျွန်မက အရူးတစ်ယောက်ပါပဲ”