ကျဲ့မင်ခုန် မျက်လုံးဖွင့်ပြီ
Vol. 85 Ch. 1187
အခန်း (၁၁၈၇) ကျဲ့မင်ခုန် မျက်လုံးဖွင့်ပြီ
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ထိုတစ်နေ့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ကျဲ့မင်ခုန်၏ နှလုံးသား နက်နဲရာတွင် ထာဝရရေးထိုးထားခဲ့လေသည်။
အတိတ်မြင်ကွင်းများကို ပြန်လည်သတိရလေတိုင်း ကျဲ့မင်ခုန်၏နှလုံးသား လောင်ကျွမ်းသွားသည့်ပမာ ခံစားရသည်။ လောင်ကျွမ်းပြီးသားလျှင်တော့ နှလုံးသားက အေးစက်သေဆုံးသွားပေလိမ့်မည်။
သို့သော် ယနေ့မှာတော့ သူမနှလုံးသားထဲတောက်လောင်နေသည့်မီးတောက်က ပိုမိုပြင်းထန်စွာ လောင်မြိုက်လို့နေသည်။
ယခု သူမက ငရဲကိုးထပ်တွင်ရှိနေလေရာ သူမ၏ ပြင်းထန်သော စိတ်ဓာတ်အတက်အကျများက အနီးပတ်ဝန်းကျင်ရှိ နတ်ဆိုးချီစွမ်းအားများအပေါ် သက်ရောက်မျုရှိသွားသည်။ ထို့ကြောင့် နတ်ဆိုးချီစွမ်းအားများက သူမပတ်ဝန်းကျင်တွင် စုရုံးလာလေသည်။
လူတစ်ယောက်၏ စိတ်နှလုံးထဲ၌ မကောင်းသောအကြံအစည်များ အားကောင်းနေလျှင် မကောင်းသောရောင်ဝါများထွက်ပေါ်လာပြီး နောက်ဆုံးတွင် အတွေးတစ်ချက်တည်းဖြင့် မိစ္ဆာလမ်းသို့ ကျရောက်သွားနိုင်သည်။
ယခု ကျဲ့မင်ခုန်၏ ခန္ဓာကိုယ်တစ်ခုလုံး အဆုံးမရှိသည့် နတ်ဆိုးချီစွမ်းအားများဖြင့် ပြည့်နက်ပူလောင်နေပုံရသည့်တိုင် သူမစိတ်နှလုံးအတွင်းပိုင်း၌ အေးစက်ငြိမ်သက်လျှက် ရှိသည်။
သူမ ဤနေ့ရက်အတွက် ပြင်ဆင်ထားခဲ့ရပြီး အချိန်ကြာမြင့်စွာလည်း စောင့်မျှော်နေခဲ့ရသည်။
ယနေ့ သူမ လုံးဝ ရှုံးနိမ့်၍ မဖြစ်ပေ။ အထူးသဖြင့် သူမကိုယ်တိုင်၏အမှားကြောင့် ရှုံးနိမ့်၍ မဖြစ်ပေ။
ယခု ငရဲကိုးထပ်မှ နတ်ဆိုးချီစွမ်းအားများက သူမအတွက် လမ်းဖွင့်ပေးနေသည်။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အစွဲအလန်းနှင့် ရူးသွပ်မှုများက သူမနှလုံးသားထဲတွင် အေးခဲလျှက် ရှိသည်။
ဘာပဲဖြစ်ဖြစ်...
ယနေ့ သူမ အောင်မြင်ရမည်။
ထိုအချိန် နှင်းဖြူအရံအတားထက်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး ရွှေရောင်နှင့်သွေးနီရောင်ပေါင်းစပ်ထားသည့် အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာသည်။
သို့သော် မိန်းမပျိုဧကရာဇ်က တည်ငြိမ်အေးဆေးနေဆဲပင်။
ထို့နောက် မှေးမှိန်သည့်ဓားအလင်းတန်းနှင့် ရွှေရောင်နှင့်သွေးနီရောင်အလင်းတန်းများက မိန်းမပျိုဧကရာဇ်ရှေ့သို့ ရောက်ရှိလာကြပြီး ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့၏ပုံရိပ်များ ထွက်ပေါ်လာသည်။
သူတို့မျက်နှာများက တည်ကြည်လေးနက်နေပြီး ပတ်ပတ်လည်တွင် နတ်ဆိုးချီစွမ်းအားများတောက်ပလောင်ကျွမ်းလျှက် အလင်းစွမ်းအင်ထုကြီးဖြင့် ဝန်းရံနေသော မိန်းမပျိုဧကရာဇ်အား စူးစိုက်ကြည့်နေကြသည်။
အလင်းစွမ်းအင်ထုကြီးထဲတွင် များပြားလှစွာသော စည်းတံဆိပ်များရှိနေပြီး တစ်ခုနှင့်တစ်ခု အဆက်မပြတ် ရောယှက်နေကြသည်။
ထိုအလင်းစွမ်းအင်ထုကြီးထဲမှ အချို့သောအလင်းတန်းများက ငရဲကိုးထပ်အပြင်ဘက် ဗလာနယ်အာကာသထဲသို့ ဝင်ရောက်သွားကြသည်။
ထိုအလင်းတန်းများ၏အကူအညီဖြင့် လေထုထဲတွင်လည်ပတ်နေသည့် အဖြူရောင်းစည်းတံဆိပ်က ပိုမိုလျှင်မြန်စွာ လည်ပတ်လာသည်။
ဟုန်တိဧကရာဇ်က...
“မင်းက တမင်သက်သက် အချိန်ဆွဲချင်လို့ ငါတိုဆီက ရှေးဟောင်းကြယ်စင်ရေခဲသံမဏိကို ခိုးသွားတာလား”
ပြောပြီးသည်နှင့် ဧကရာဇ် (၂)ပါးက စကားများရင်းအချိန်မဖြုန်းတော့ဘဲ ကျဲ့မင်ခုန်ကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။
သူတို့က တိုက်ပင်စရာပင်မလို အချိတ်အဆက်မိစွာ ပူးပေါင်းတိုက်ခိုက်ကြသည်ပင်။
ဟုန်တိဧကရာဇ်က ကျဲ့မင်ခုန်၏အစီအစဉ်တွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းဖြစ်သည့် အလင်းစွမ်းအင်ထုကြီးအား ဝင်ရောက်တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းပင် ငြိမ်သက်ဧကရာဇ်က မိန်းမပျိုဧကရာဇ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ထုံးတမ်းအစီအရင်ပြုလုပ်နေခြင်းအား တားဆီးလိုက်သည်။
မိန်းမပျိုဧကရာဇ်က မျက်လုံးများမှေးမှိတ်ထားဆဲ ဖြစ်ပြီး ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ထိုအချိန် ငြိမ်သက်ဧကရာဇ်က သူ၏လက်ဖဝါးနှစ်ဖက်လုံး အသုံးပြုပြီး သူမအား ရိုက်ချလိုက်သည်။
နတ်ဆိုးချီစွမ်းအားများ ပြည့်နက်နေသည့် ငရဲကိုးထပ်ဗလာနယ်ထဲတွင် အက်ကြောင်းတစ်ခု ဖြတ်တောက်ခံလိုက်ရသည်။
တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မြေ ၊ ရေ ၊ လေ ၊ မီး ဖြစ်စဉ် (၄)ရပ်က ဗလာနယ်အတွင်း ပျံ့နှံ့သွားပြီး နဂါး (၄)ကောင်နှင့် ကျား (၄)ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထို နဂါးနှင့်ကျားများအားလုံးက အဆုံးမရှိကြီးမားကြပြီး ဗလာနယ်ထဲတွင် ပြည့်နက်နေကြကာ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရောင်ဝါများ ထွက်ပေါ်နေသည်။
ငြိမ်သက်ဧကရာဇ် သူ၏လက်ဖဝါးများကို ပြန်လည်ပေါင်းစည်းလိုက်သည့်အခါ နဂါးနှင့်ကျားများက မိန်းမပျိုဧကရာဇ်ထံသို့ ဝင်ရောက်သွားပြီး လှည့်ပတ်နေကြသည်။
မိန်းမပျိုဧကရာဇ်က တည်ငြိမ်စွာဖြင့်ပင် သူ၏လက်ဖဝါးကို ဓားသွားပမာအသုံးပြုပြီး သူမကို လှည့်ပတ်နေကြသော နဂါးနှင့် ကျားများကို ခုတ်ပိုင်းချရန် လက်ဖဝါးကို ပင့်မြှောက်လိုက်သည်။
သွယ်လျသောလက်ဖဝါးက အလံနှင့်တူသော်လည်း အလံမဟုတ်သလို ပုဆိန်နှင့်တူသော်လည်း ပုဆိန် မဟုတ်ပေ။
သူမ၏တိုက်ခိုက်မှုက ပြင်းထန်လွန်းသဖြင့် ဗလာနယ်ထဲမှ ပရမ်းပတာအခြေအနေများသည်ပင် ပျက်သုဉ်းသွားကာ မူလကမ္ဘာနှင့် ဖြစ်စဉ် (၄)ရပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ထင်မှတ်ရ၏။
သူမလက်ဖဝါးမှ ထွက်ပေါ်လာသည့် အလင်းရောင်က ကမ္ဘာဦးကာလက အမှောင်ခွင်းသည့်အလင်းရောင်ပမာဖြစ်ပြီး အဆုံးမရှိရေစင်များပမာ စီးဆင်းထွက်ပေါ်လာသည်။
ရေဆိုသည်က လောက၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ရေတွင် အဆုံးမရှိသော အသက်ဓာတ်စွမ်းအားများနှင့် နွေးထွေးမှုများပါရှိသည်ဟု ထင်မှတ်ရသော်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် အေးစက်မှုက ပုန်းကွယ်နေခဲ့သည်။
အဆုံးမရှိသည့်ရေစင်က မိုးနှင့်မြေကို ထိုးခွင်းပစ်သည့်ဓားသွားပမာဖြစ်ပြီး သူမက ထပ်မံတိုက်ခိုက်ရန် လက်ဝါးစောင်းကို ဓားသွားပမာ အသုံးပြုလိုက်ပြန်သည်။
သို့သော် ယခုတစ်ကြိမ်မှာတော့ ငြိမ်သက်ဧကရာဇ်ကသူမကို ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိတော့ပေ။
သူက မိန်းမပျိုဧကရာဇ်၏ တိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် လေစွမ်းအားကျားနှင့် တိမ်တိုက်နဂါးတို့ကို ဖြန့်ကျက်လိုက်ပြီး ထပ်မံတိုက်ခိုက်ရန် အလယ်ဗဟိုသို့ တစ်ဖန်ပြန်လည် စုရုံးလာကြသည်။
သို့ပေသိ ငြိမ်သက်ဧကရာဇ် မည်သို့ပင် ကြိုးစားစေကာမူ မိန်းမပျိုဧကရာဇ်၏ လက်ဝါးစောင်းရိုက်ချက်ကို နှေးကွေးသွားစေရန် မတတ်နိုင်ခဲ့ပေ။
သူတို့နှစ်ယောက် ပထမဆုံးတိုက်ခိုက်မှုစတင်ချိန်မှာပင် နှစ်ယောက်လုံးက ခံစစ်ကိုစွန့်လွှတ်ခဲ့ကြပြီး တိုက်စစ်ဆင်ရန်သာ ပြင်ဆင်ခဲ့ကြသည်။
ငြိမ်သက်ဧကရာဇ်က ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူ၏ဝတ်ရုံထက်တွင်ရှိနေသော နဂါးနှင့်ကျား ပုံရိပ်များ၏မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။ ထိုခဏတွင် ရွှေရောင်နှင့် သွေးနီရောင် အလင်းတန်းနှစ်ခု တောက်ပလာကာ မှောင်မိုက်နေသည့် ငရဲကိုးထပ်တစ်ခွင်လုံးအား တောက်ပသွားစေသည်။
နဂါးနှင့်ကျားများ၏ ဟိန်းဟောက်သံများကြား အလင်းတန်းနှစ်ခုက တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး ငြိမ်သက်ဧကရာဇ်၏ခန္ဓာကိုယ်ထက်တွင် တောက်ပသော သံချပ်ကာတစ်ခု ဖြစ်ပေါ်လာသည်။
ထိုသံချပ်ကာဝတ်ဆင်လိုက်သည်နှင့် နဂါးနှင့်ကျားများ၏ရောင်ဝါလွှမ်းမိုးမှုများဖြင့် ငြိမ်သက်ဧကရာဇ်၏ အသွင်အပြင်မှာ သွေးနီရောင်မုန်တိုင်းနှင့် ရွှေရောင်တိမ်တိုက်များအတွင်းမှာ ကောင်းကင်ဘုံ နတ်စစ်သူကြီးတစ်ယောက်ပမာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ရုပ်သွင်က ရုတ်တရက် ကြီးမားလာပြီး မိုးနှင့်မြေကြားတွင် ဧရာမအသွင်သဏ္ဌန်ကြီးတစ်ခု ဖြစ်လာသည်။
ယနေ့မတိုင်ခင်က သူနှင့် မိန်းမပျိုဧကရာဇ် တစ်ကြိမ်ထက်မက တိုက်ခိုက်ဖူးသော်လည်း ယခုကဲ့သို့ တစ်ခါမှ အနီးကပ် မတိုက်ခိုက်ခဲ့ဖူးပေ။
မည်သို့ပင်ဆိုစေကာမူ မိန်းမပျိုဧကရာဇ်က မျက်လုံးများကို မှေးမှိတ်ထားဆဲဖြစ်သည့်အတွက် သူမ တန်ခိုးစွမ်းအားအစစ်အမှန်ကို ပြသခြင်းမရှိသေးကြောင်း ငြိမ်သက်ဧကရာဇ် သိရှိထားသည်။
ပြီးတော့ သူက မိန်းမပျိုဧကရာဇ်၏ တန်ခိုးစွမ်းအားကိုလေးစားအားကျသလို ကြောက်ရွံ့ခြင်းလည်း ဖြစ်မိသည်။
သို့တိုင် မိန်းမပျိုဧကရာဇ် ခိုးယူသွားသည့် ရှေးဟောင်းကြယ်စင်ရေခဲသံမဏိကို ပြန်လည်ရယူရန်အတွက် သတ္တိရှိနေရသည့်အကြောင်းရင်းမှာ သူနှင့်အတူ ဟုန်တိဧကရာဇ်လည်းရှိနေသလို သူ့ကိုယ်ပိုင်အစွမ်းအစကြောင့်လည်း ဖြစ်သည်။
မိန်းမပျိုဧကရာဇ်က မျက်လုံးများမှေးမှိတ်ထားပြီး တံခါးပိတ်ကျင့်ကြံခြင်းမှ မထွက်ခွာသေးသည့်တိုင် သူမမျက်လုံးဖွင့်လာပါက ရင်ဆိုင်ရန်အတွက် ငြိမ်သက်ဧကရာဇ်တွင်လည်း အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သည့် နဂါးကျားရွှေရောင်သံချပ်ကာ ပိုင်ဆိုင်ထားသည်။
ယခု အမတမှော်ဝင်ပစ္စည်းဖြစ်သော သံချပ်ကာကို ဝတ်ဆင်လိုက်သည်နှင့် ငြိမ်သက်ဧကရာဇ်၏တန်ခိုးစွမ်းအားက နှစ်ဆတိုးသွားသည်။
သူက လက်နှစ်ဖက်ယှက်လိုက်ရာ မိန်းမပျိုဧကရာဇ်ကိုတိုက်ခိုက်နေသော နဂါးနှင့်ကျားများက အသွင်အပြင် ပိုမိုကြီးမားလာပြီး စွမ်းအာလည်း ပို၍ပြင်းထန်လာသည်။
လေမုန်တိုင်းများက ကျားများနောက်မှ လိုက်ပါလာပြီး တိမ်တိုက်များက နဂါးများနောက်မှ လိုက်ပါလာသည်။
သွေးနီရောင်မုန်တိုင်း၏ သက်ရောက်မှုအောက်တွင် မြေ ၊ ရေ ၊ လေ ၊ မီးတို့မှ အသွင်ပြောင်းသွားသော ကျား (၄)ကောင်က ကျိုးပျက်ခြင်းမရှိဘဲ စူးရှဟွာ ဟိန်းဟောက်လိုက်ကြသည်။
ထိုအချိန် ရွှေရောင်တိမ်တိုက်များထက်မှ နဂါး (၄)ကောင်သည်လည်း ကြောက်မက်ဖွယ်ရာအသွင်အပြင်ကို ပြသလျှက် ရှိသည်။
ထိုခဏတွင် မိန်းမပျိုဧကရာဇ်က သူမ၏ ဓားသွားပမာ လက်ဝါးစောင်းဖြင့် ငြိမ်သက်ဧကရာဇ်၏ သွေးနီရောင်မုန်တိုင်းနှင့် ရွှေရောင်တိမ်တိုက်များကို ခုတ်ပိုင်းချလိုက်သည်။
အမတမှော်ဝင်ပစ္စည်းဖြစ်သော နဂါးကျားရွှေရောင်သံချပ်ကာဝတ်ဆင်ထားသည့် ငြိမ်သက်ဧကရာဇ်က သူမ၏တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ ခံယူလိုက်သည်။
သူက လက်သီးနှစ်ဖက်လုံးအား ဝှေ့ယမ်းပြီး မိန်းမပျိုဧကရာဇ်ထံ ထိုးစိုက်ချလိုက်ရာ ကျာ (၄)ကောင်နှင့် နဂါး (၄)ကောင်က အရှိန်အဟုန်ဖြင့် မိန်းမပျိုဧကရာဇ်ထံသို့ ဝင်ရောက်သွားသည်။
မိန်းမပျိုဧကရာဇ်၏ ပုံရိပ်က လေထုထဲရှိ တိမ်များနှင့် လေမုန်တိုင်းများအလယ်တွင် လှုပ်ခါယမ်းနေသည့်ပမာ ဖြစ်သည်။
အခြားဘက်မှာတော့ ဟုန်တိဧကရာဇ်က အစစ်အမှန်နတ်ဘုရား (၂)ယောက်၏တိုက်ပွဲကို လျစ်လျူရှုပြီး အလင်းစွမ်းအင်ထုကြီးအား ဓားဖြင့်ထိုးစိုက်ချလိုက်သည်။
သို့သော် ထိုခဏတွင် သူ့စိတ်ထဲ သတိပေးသံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ချက်ချင်းပင် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။
ထိုအချိန်...
မည်သည့်ထူးဆန်းမှုကိုမှ အာရုံမခံစားမိသည့်တိုင် ငြိမ်သက်ဧကရာဇ်က သူ့အရှေ့တွင် မျှော်လင့်မထားသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။
မိန်းမပျိုဧကရာဇ် ပြုံးလိုက်ခြင်း ဖြစ်သည်။
မုန်တိုင်းနှင့်တိမ်တိုက်များ ၊ ကျားနှင့်နဂါးများ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံနေရည့်တိုင် သူမက ရုတ်တရက် ပြုံးလိုက်လေသည်။
ယခု ဖြစ်လာသည်များက သူမမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည့်ပမာ ပြုံးလိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမြဲတမ်းမှေးမှိတ်ထားသော သူမ၏မျက်လုံးများ အသာအယာ ပွင့်ဟသွားခဲ့သည်။
“သူက အထက်ဘုံကမ္ဘာက အုပ်စိုးရှင် (၅)ပါးထဲမှာ တန်ခိုးစွမ်းအားအမြင့်မားဆုံး ‘ကျဲ့မင်ခုန်’ ပဲ ၊ အခု သူ မျက်လုံးဖွင့်လိုက်ပြီ...”
မိန်းမပျိုဧကရာဇ် မျက်လုံးဖွင့်လာခြင်းအတွက် ပြင်ဆင်ထားပြီးဖြစ်သည့်တိုင် ငြိမ်သက်ဧကရာဇ်အနေဖြင့် ထိုသို့မတွေးဘဲ မနေနိုင်ပေ။
ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် ကျိန်းစပ်သွားသည်။
အဘယ်ကြောင့်ဆိုသော မိန်းမပျိုဧကရာဇ်၏မျက်ဝန်းများမှ ရေခဲပြာရောင်အလင်းတန်းများ ပစ်ခတ်ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
အလင်းရောင်က အလွန်တရာ တောက်ပလွန်းသဖြင့် ငြိမ်သက်ဧကရာဇ်ကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါးသည်ပင် သူမ၏မျက်ဝန်းများကို ရင်ဆိုင်ကြည့်ဝံ့ခြင်း မရှိပေ။
ထိုအလင်းတန်းများကိုကြည့်မိပါက စိတ်ဝိညာဉ်သည်ပင် စူးရှနာကျင်မှု ခံစားရနိုင်သည်။ မီးလောင်ကျွမ်းသည့်ပမာခံစားရပြီး စိတ်အာရုံထုံကြဉ်ကာ သတိလစ်မတတ် ဖြစ်ရသည်။
ထိုခဏအတွင်းမှာပင် ဗလာနယ်တစ်ခုလုံး နှင်းမှုံများ ပြည့်နက်သွားသည်။
သွေးနီရောင်မုန်တိုင်းနှင့် ရွှေရောင်တိမ်တိုက်များမှာ နှင်းမှုံများအလယ်တွင် ရေခဲမြူတိမ်များအဖြစ် အေးခဲသွားသည်။
ဟိန်းဟောက်နေကြသော နဂါးနှင့်ကျားများသည်လည်း ရေခဲပန်းပုရုပ်များအဖြစ် ပြောင်းလဲသွားပြီး ကျဲ့မင်ခုန်၏ ဦးခေါင်းနှင့် အလွန်နီးကပ်သောနေရာတွင် ရပ်တန့်သွားကြသည်။
အဆုံးသတ်မှာတော့ သူမက လက်ဝါးစောင်းကို ဓားသွားပမာအသုံးပြုနေခြင်းရပ်တ်န့်လိုက်ပြီး ရေခဲဓားတစ်လက်ဖန်ဆင်းကာ ရှေ့သို့ထိုးစိုက်ချလိုက်သည်။
စူးရှအေးစက်သောဓားအလင်းတန်း တောက်ပလာပြီး အေးခဲနေသော သွေးနီရောင်မုန်တိုင်းနှင့် ရွှေရောင်တိမ်တိုက်များ စက္ကန့်ပိုင်းအတွင်း ပြိုကျသွားသည်။
အတွေ့အကြုံရှိသော သိုင်းသမားတစ်ယောက်ဖြစ်သည့် ငြိမ်သက်ဧကရာဇ်က သူ၏နဂါးနှင့်ကျားများကို ပြန်လည်ထိန်းချုပ်ရန် လက်တစ်ဖက် ဆန့်တန်းလိုက်သည်။ ယခုတစ်ကြိမ်တွင် သူက ကျဲ့မင်ခုန်ကို တိုက်ခိုက်မည့်အစား သူမ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။
ထိုအချိန် နဂါးနှင့်ကျားတို့၏မျက်လုံးများ တောက်ပနေပြီး ခံစစ်စွမ်းအား အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။
ထို့နောက် ဆီးနှင်းများဖြင့် ဖုံးအုပ်ခံထားရသော ငြိမ်သက်ဧကရာဇ်က စွမ်းအားကုန်သုံး ရုန်းကန်ပြီး နောက်သို့ ခုန်ဆုတ်သွားသည်။
ငြိမ်သက်ဧကရာဇ်ကို အနိုင်ယူပြီးသည့်နောက် ကျဲ့မင်ခုန်က အဆုံးမရှိ တောက်ပနေသော သူမ၏မျက်ဝန်းများ ရေခဲပြာရောင်အလင်းတန်းများဖြင့် ဗလာနယ်ထဲသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။
ထို့နောက် သူ့အကြည့်က ဟုန်တိဧကရာဇ်ထံသို့ ကျရောက်သွား၏။
ဟုန်တိဧကရာဇ်မှာ အလင်းစွမ်းအင်ထုကြီးအနားသို့ ရောက်လုနီးပါးဖြစ်နေပေပြီ။ သို့သော် ကောင်းကင်ထက်မှ ပြင်းထန်သော ရေခဲမိုးများ ရုတ်တရက် ရွာကျလာသည်။
မိုးရေစက်တိုင်းက ဓားသွားများပမာ ဖြစ်ပြီး ကောင်းကင်တစ်ခွင်လုံး လေနှင့်ဆီးနှင်းများ ပြည့်လျှံနေသည်။
ဓားသွားနှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဟုန်တိဧကရာဇ်မှာ သေမင်းတမန်များ ဝိုင်းရံတိုက်ခိုက်သည့်အလား ခံစားလိုက်ရလေတော့၏။