← Chapters

မိန်းမပျိုဧကရာဇ်ကိုတွေ့တာနဲ့အမြန်ပြေးပေတော့

Vol. 85 Ch. 1188

မိန်းမပျိုဧကရာဇ်ကိုတွေ့တာနဲ့အမြန်ပြေးပေတော့

Vol. 85 Ch. 1188

အခန်း (၁၁၈၈) မိန်းမပျိုဧကရာဇ်ကိုတွေ့တာနဲ့အမြန်ပြေးပေတော့

ပရမ်းပတာအခြေအနေများနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နက်နေသော ငရဲကိုးထပ်တွင် နတ်ဆိုးချီစွမ်းအားများအားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။

ယခု ဗလာနယ်ထဲတွင် လေနှင့် ဆီးနှင်းများသာ ဖုံးလွှမ်းလျှက် ရှိသည်။

ကျဲ့မင်ခုန်က သူမကိုယ်သူမ ဗဟိုပြုထားပြီး သူမမြင်ကွင်းထဲဝင်လာသမျှ အရာအားလုံးကို သတ်ဖြတ်ပစ်ရန် လေနှင့်ဆီးနှင်းများကို ဓားသွားများအဖြစ် ထိန်းချုပ်ထားသည်။

ကောင်းကင်ထက်မှ ကျဆင်းလာသည့်ရေခဲမိုးများအားလုံးက ဓားမုန်တိုင်းများသာ ဖြစ်သည်။

ရေခဲမိုးမှ အသွင်ပြောင်းသွားသော ချွန်ထက်သောဓားသွားများက ဟုန်တိဧကရာဇ်၏ ဓားအလင်းတန်းကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ဓားသွားများ၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် ဟုန်တိဧကရာဇ်ဓားအလင်းတန်းက တုန်ခါနေပြီး ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

သို့ပေသိ ဟုန်တိဧကရာဇ်က စွမ်းအားကုန်အသုံးပြုကာ သူ၏ဓားအလင်းတန်းကို အလင်းစွမ်းအင်ထုကြီးဆီသို့ အလွန်နီးကပ်စွာ ထိုးစိုက်ချလိုက်သည်။

သို့ရာတွင် ဆီးနှင်းဓားသွားများက ဟုန်တိဧကရာဇ်ထံသို့ တဟုန်ထိုး ဝင်ရောက်လာသည်။

ဟုန်တိဧကရာဇ် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထက်မှ အနက်ရောင်ဓားချီစွမ်းအားများ လျှင်မြန်စွာမြင့်တက်လာပြီး ဆီးနှင်းဓားသွားများကို ကာကွယ်ထားလိုက်သည်။

အနက်ရောင်ဓားချီစွမ်းအားများက ပိုက်ကွန်တစ်ခုပမာသိပ်သည်းသွားပြီး ပိုးအိမ်ကြီးတစ်ခုပမာ လေနှင့်ဆီးနှင်းများအားလုံးကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် ရေခဲနှင့် ဆီးနှင်းဓားသွားများက အနက်ရောင်ပိုးအိမ်ကြီးကို ထိုးစိုက်မိသဖြင့် အပေါက်များဖြစ်ကုန်သည်ကို တွေ့မြင်နိုင်သည်။

ဟုန်တိဧကရာဇ်၏အနက်ရောင်ဓားသွားနှင့် မိန်းမပျိုဧကရာဇ်၏ အဖြူရောင်ဓားသွားတို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ရက်စက်ကြမ်းတမ်းသည့်ဓားဝိညာဉ်ကို ထုတ်ဖော်ကာ ထိပ်တိုက် ရင်ဆိုင်နေကြသည်။

ဟုန်တိဧကရာဇ်၏ဓားဝိညာဉ်က အနက်ရောင်ဓားအလင်းတန်းထဲတွင် သွေးနီရောင်ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး ဗလာနယ်ကို ဖြတ်သန်းသွားသည်။

ထိုသွေးနီရောင်ဓားအလင်းတန်းက ပိုးအိမ်ကိုထိုးခွင်းပြီး အချိန်နှင့်နေရာကို ဖြတ်တောက်ကာ သက်ရှိသတ္တဝါများအားလုံးကို သုတ်သင်ပစ်တော့မည့်အလား မုန်တိုင်းနှင့်ဆီးနှင်များကို ထိုးခွင်းပြေးထွက်လာသည်။

သို့သော် ထိုခဏတွင် သူ့အရှေ့သို့ရောက်ရှိလာသော ရေခဲပြာရောင် မျက်ဝန်းတစ်စုံကို ရင်ဆိုင်လိုက်ရသည်။

ကျဲ့မင်ခုန်က ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် လက်ဝါးစောင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

အေးစက်သည့်ဓားအလင်းရောင်တောက်ပသွားပြီး လေထုထဲတွင် သွေးစက်များလွင့်စင်ထွက်သွားကာ ဟုန်တိဧကရာဇ်ထံမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာသည်။

သွေးနီရောင်ဓားအလင်းတန်းအဖြစ်ပြောင်းလဲထားသော သူ၏ညာဘက်လက်အား ကျဲ့မင်ခုန်က တံဆောင်ဆစ်မှ ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်၏။

သူမက ဟုန်တိဧကရာဇ်၏လက်ကို ခုတ်ပိုင်းပြီးသည်နှင့် သူမ၏ရေခဲဓားကိုပင့်မြှောက်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

ထိုအချိန် ငြိမ်သက်ဧကရာဇ်က သူ့အားဖုံးလွှမ်းနေသော ရေခဲနှင့် ဆီးနှင်းများကို ထိုးခွင်းကာ ဟုန်တိဧကရာဇ်ထံဝင်ရောက်လာသည့် ရေခဲဓားအား တားဆီးရန် ရှေ့သို့တိုးလာသည်။

အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော နဂါးကျားရွှေရောင်သံချပ်ကာက ငြိမ်သက်ဧကရာဇ်၏တန်ခိုးစွမ်းအားကို မြှင့်တင်ပေးပြီး သူ့ကို ပိုမိုအားကောင်းလာစေသည်။

သို့သော် ထိုရတနာပစ္စည်းက သံချပ်ကာတစ်ခုဖြစ်သောကြောင့် တိုက်စစ်ထက် ခံစစ်တွင် ပိုပြီးအသုံးဝင်သည်။

သို့ရာတွင် ကျဲ့မင်ခုန်၏ဓားချက် ထိမှန်ခံရသည်နှင့် ညည်းတွားသံတစ်ချက်ထွက်ပေါ်လာပြီး သံချပ်ကာအင်္ကျီထက်မှ နဂါးနှင့်ကျား ပုံရိပ်များ အလင်းရောင်မှိန်ဖျော့သွားကြသည်။

ရေခဲနှင့်ဆီးနှင်းများကြားတွင် ငြိမ်သက်ဧကရာဇ်၏ နဂါးကျားရွှေရောင်သံချပ်ကာမှာ အေးခဲသွားတော့သည်။

“သိပ်ကောင်းတယ်... ကျဲ့မင်ခုန်...”

အကျပ်အတည်းထဲတွင် အားမာန်ကိုပိုမိုပြသဟန်ဖြင့် ငြိမ်သက်ဧကရာဇ် ကြုံးဝါးအော်ဟစ်လိုက်သည်။

သူ့မျက်လုံးများက ငြိမ်သက်နေပြီး လက်နှစ်ဖက်ကိုရှေ့သို့ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ပင့်တင်လိုက်သကဲ့သို့ အထက်သို့မြှောက်တင်လိုက်သည်။

ထိုအခါ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး နဂါးနှင့်ကျား ပုံရိပ်ယောင်များက အစစ်အမှန်သို့ပြောင်းလဲသွားပြီး ရောယှက်လှည့်ပတ်လျှက် ရှိသည်။

အလင်းရောင်မှိန်ဖျော့သွားသော နဂါးနှင့်ကျားရွှေရောင်သံချပ်ကာမှ အလင်းတန်းများ ပြန်လည်ထွက်ပေါ်လာပြီး ခံစစ်ကိုစွန့်လွှတ်ကာ တိုက်စစ်သို့ ပြောင်းလဲလိုက်သည်။

နဂါးနှင့်ကျားများ ရောယှက်လှည့်ပတ်သွားပြီးနောက် ငြိမ်သက်ဧကရာဇ်၏လက်ထဲတွင် ကြီးမားသော ကျောက်စိမ်းကျိုင်းတံတစ်ခု ထွက်ပေါ်လာသည်။

ရှေးခေတ်အချိန် နတ်ဘုရားများအုပ်စိုသည့်ခေတ်ကာလတွင် စန့်ချင်အဆက်အနွယ်တည်ထောင်သူ လင်ပေါင်ထျန်းကျွင်း၏ တပည့်ရင်း သူတော်စင်မ ‘ကျင်းလင်’သည် ထို နဂါးကျားကျောက်စိမ်းကျိုင်းတံကိုကိုင်ဆောင်ကာ ကမ္ဘာတစ်ခွင် ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်ခဲ့ဖူးသည်။

သူတော်စင်မ ‘ကျင်းလင်’ ၏ အဆက်အနွယ်များက အလွန်ရှားပါးပြီး ငြိမ်သက်ဧကရာဇ်က ထိုအဆက်အနွယ်များထဲမှတစ်ယောက် ဖြစ်သည်။

အထက်ဘုံကမ္ဘာ ကျူတောပင်လယ်ဒေသတွင် တာ့ရွှမ်မင်းဆက်အုပ်စိုးစဉ်က အသုံးပြုခဲ့သော “မီးငါးသွယ် ရတနာခုနစ်သွယ်” သိုင်းပညာမှာ ဤ စန့်ချင်အဆက်အနွယ်သိုင်းပညာကို အတုယူထားခြင်း ဖြစ်သည်။

သို့သော် အဆင့်နိမ့်ပုံတူကူးခြင်းတစ်ခုမျှသာပင်။

ယခု ငြိမ်သက်ဧကရာဇ်က သူ၏ အစစ်အမှန်သိုင်းဝိညာဉ်နှင့် အမတချီစွမ်းအားကိုအသုံးပြုကာ စန့်ချင်အဆက်အနွယ်၏ ထင်ရှားသောရတနာတစ်ပါးဖြစ်သည့် ကျောက်စိမ်းကျိုင်းတံကို သန့်စင်လိုက်သည်။

သူ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး အောက်သို့ ခုတ်ပိုင်းချလိုက်သည်နှင့် နဂါးကျားကျောက်စိမ်းကျိုင်းတံက လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားကို ပြသလိုက်သည်။

ထိုအချိန် ဟုန်တိဧကရာဇ်၏မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်နေသည်။ သူက ညာဘက်လက်ကို ဆုံးရှုံးသွားသည်ကို အရေးမစိုက်ဘဲ ဘယ်ဘက်လက်၏ လက်ညှိုးလက်ခလယ်အသုံးပြုကာ ဓားသိုင်းထုတ်ဖော်လိုက်သည်။

ထို့နောက် သူက ကျဲ့မင်ခုန်အား အခြားတစ်ဖက်မှ ဓားအလင်းတန်းဖြင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။

ကျဲ့မင်ခုန်က မိုးနှင့်မြေတွင် မားမားမတ်မတ်ရပ်တည်နေပြီး ဧကရာဇ် (၂)ပါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိပေ။

သူမက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်အသာယှက်လိုက်ပြီးနောက် ရှေ့သို့ဆန့်တန်းကာ ဝှေ့ယမ်းလိုက်သည်။

သူ၏ဘယ်ဘက်လက်မှ ရေခဲဓားက ခန့်မှန်းမရနိုင်သော နှင်းမုန်တိုင်းတစ်ခုပမာ လှုပ်ရှားသွားလေရာ ဟုန်တိဧကရာဇ်မှာ သူ၏ဓားကွက်ဖြင့် ပြင်းထန်စွာ ထိုးနှက်နိုင်ခြင်း မရှိတော့ပေ။

ရုတ်တရက်ပင် ဆီးနှင်းမုန်တိုင်းများအလယ်တွင် ရေခဲဓားများ ထွက်ပေါ်လာသည်ဖြစ်ရာ ဟုန်တိဧကရာဇ် စိုးရွံသလို ခံစားလိုက်ရသည်။

သူက ချက်ချင်းပင် အရေးကြီးသောခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန် ဓားအလင်းတန်းအဖြစ်ပြောင်းလဲကာ ရှောင်တိမ်းလိုက်သော်လည်း ဒဏ်ရာရသွားပြီး သွေးများလွင့်စင်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် မိန်းမပျိုဧကရာဇ်၏ညာဘက်လက်မှ ရေခဲဓားက ငြိမ်သက်ဧကရာဇ် အမတချီစွမ်းအားဖြင့် ဖန်ဆင်းထားသော ကျောက်စိမ်းကျိုင်းတံကို ခုတ်ပိုင်းချလိုက်သည်။

သူမ၏ ညာလက်မှ တိုက်ခိုက်မှုသည် ဘယ်ဘက်လက်မှ တိုက်ခိုက်မှုကဲ့သို့ ပျော့ပြောင်းမှုမရှိပေ။ ပြိုင်ဘက်ကင်းမှုနှင့် လွှမ်းမိုးနိုင်စွမ်းမြင့်မားမှုများ ပြည့်နက်နေသည်။

ဓားသွားက တိတ်ဆိတ်ငြိမ်သက်နေပြီး ကမ္ဘာမြေကြီးကို မှန်တစ်ချပ်ပမာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားစေမည့်အလား ထင်မှတ်ရသည်။

ထို့နောက် ငြိမ်သက်ဧကရာဇ်လက်ထဲမှ ကျောက်စိမ်းကျောက်ကျိုင်းတံ အက်ကွဲကျိုးပဲ့သွားသည်။

သို့ပေသိ မိန်းမပျိုဧကရာဇ်၏ဓားသွားက ထိုမျှနှင့်ရပ်တန့်မသွားဘဲ ငြိမ်သက်ဧကရာဇ်ကိုပါ ထိမှန်သွားလေရာ နဂါးကျားရွှေရောင်သံချပ်ကာ၏ ခံစစ်စွမ်းအားကို အားနည်းသွားစေပြီး ငြိမ်သက်ဧကရာဇ်၏ခန္ဓာကိုယ်ထက်တွင် ကြောက်မက်ဖွယ်ရာ အမာရွတ်တစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခွင်လုံးသွေးများစွန်းထင်းသွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဧကရာဇ် (၂)ပါးလုံးမှာ နောက်သို့လွင့်စင်ထွက်သွားပြီး လေထုထဲမှ ပြုတ်ကျသွားရသည်။

မိန်းမပျိုဧကရာဇ်တစ်ယောက်တည်းသည်သာ ခြေတစ်လှမ်းပင်မယိမ်းယိုင်ဘဲ ကောင်းကင်ထက်တွင် အားမာန်အပြည့်ဖြင့် ရပ်တည်နေဆဲ ဖြစ်သည်။

ကြီးမားသော အလင်းစွမ်းအားထုကြီးက ငြိမ်သက်စွာ ရွေ့လျားနေပြီး ထိုအထဲမှ တောက်ပသောအလင်းအင်းသင်္ကေတများက မှိန်ဖျော့သည့်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ငရဲကိုးထပ်လေထုထဲသို့ ဖြန့်ကျက်သွားသည်။ သို့သော် ပုံမှန်အတိုင်းပင်ဖြစ်ပြီး မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။

“ကျဲ့မင်ခုန် မျက်လုံးဖွင့်ပြီဆိုတာနဲ့ ၊ ချန်ချန်းဟွာ နတ်ဘုရားအဆင့်တက်သွားပြီဆိုတာနဲ့ ဆက်မတိုက်နဲ့တော့ ၊ မတွန့်ဆုတ်ဘဲ ချက်ချင်းသာပြေးကြ...”

လေထုထဲမှ အဖြူရောင်မိန်းမပျိုပုံရိပ်ကိုကြည့်ရင်း ဟုန်တိဧကရာဇ်နှင့် ငြိမ်သက်ဧကရာဇ်တို့၏မျက်နှာများ ဖြူဖျော့သွားကြသည်။

ချက်ချင်းပင် လွန်ခဲ့သောနှစ်ပေါင်းများစွာက အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့အကြောင်း တိမ်လွှာခွင်းဧကရာဇ်ပြောသည့်အကြောင်းအရာများကို အမှတ်ရလိုက်မိကြသည်။

တစ်ခါတစ်ရံ ကိစ္စရပ်များက ပြောမယုံ ကြုံမှသိ ဆိုသည်မှာ မှန်ကန်ပေသည်။

အမှန်တော့ ငြိမ်သက်ဧကရာဇ်က မိန်းမပျိုဧကရာဇ်၏ တန်ခိုးစွမ်းအားမြင့်မားမှုကို ယနေ့မတိုင်ခင်ကတည်းက သိရှိပြီးသားပင်။

ကျင့်ကြံသူများဖြစ်ကြသဖြင့် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်များ ရှိကြသော်လည်း ကျဲ့မင်ခုန်အား ရှုံးနိမ့်ခြင်းကိုတော့ အသိအမှတ်ပြု လက်ခံရမည် ဖြစ်သည်။

မည်သည့်လက်နက်မှမပါဘဲ မိန်းမပျိုဧကရာဇ်အား မတိုက်ခိုက်နိုင်ကြောင်း ငြိမ်သက်ဧကရာဇ် သိရှိသည်။ ထို့ကြောင့် သူက ဟုန်တိဧကရာဇ်ကိုခေါ်လာပြီး အမတမှော်ဝင်ပစ္စည်းတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။

ထို့ကြောင့် သူတို့ထံမှ ကျဲ့မင်ခုန် ခိုးယူသွားသည့် ‘ရှေးဟောင်းကြယ်စင်ရေခဲသံမဏိ’ ကို ပြန်လည်ရယူရန် သတ္တိရှိနေခြင်း ဖြစ်၏။

သို့သော် မိန်းမပျိုဧကရာဇ် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါမှာတော့ နှစ်ဘက်ကြား တန်ခိုးစွမ်းအားကွာဟချက် မည်မျှကြီးမားကြောင်း သိရှိခဲ့ရသည်။

သူမက လက်ဗလာဖြင့်ပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဧကရာဇ် (၂)ပါးကို အတူတကွ အနိုင်ယူခဲ့သည်။

ငြိမ်သက်ဧကရာဇ်က အမတမှော်ဝင်ပစ္စည်းဖြစ်သော နဂါးကျားရွှေရောင်သံချပ်ကာကိုပင် ယူဆောင်လာသေးသည်။

အကယ်၍ အမတမှော်ဝင်ပစ္စည်းမရှိဘဲ ဟုန်တိဧကရာဇ်နှင့်သာ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိပါက စက္ကန့်ပိုင်းအတွင်း အသက်ပျောက်သွားနိုင်ပေသည်။

ဧကရာဇ် (၂)ပါးအား ပို၍ကြောက်ရွံ့သွားစေသည်မှာ သူတို့နှစ်ယောက်ကို တိုက်ခိုက်ရာတွင် ကျဲ့မင်ခုန်က တန်ခိုးစွမ်းအားအပြည့် အသုံးမပြုခဲ့ခြင်းပင်။

ယခု မိန်းမပျိုဧကရာဇ်က ဧကရာဇ် (၂)ပါးကို အရေးမစိုက်ဘဲ ငရဲကိုးထပ် လေထုထဲတါင်တည်ရှိနေသည့် အဖြူရောင်စည်းတံဆိပ်အား ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။

သူမက ဧကရာဇ် (၂)ပါးကို အထက်ဆီးမှ ကြည့်နေခြင်း မရှိသည့်တိုင် သူမထံမှ အေးစက်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ရှင်းရှင်းလင်းလင်း ခံစားနေကြရသည်။

ရုတ်တရက်...

ဗလာနယ်ထဲမှ အဖြူရောင်စည်းတံဆိပ် တုန်ခါသွားသည်။

ထို့နောက် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့လျှက်ရှိသော အဖြူရောင်အလင်းတန်းများထက်တွင် သွေးနီရောင်စီးကြောင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

“ဟင်...”

မိန်းမပျိုဧကရာဇ်က စိတ်ရှုတ်ထွေးသွားဟန်ဖြင့် သူမပတ်ဝန်းကျင်မှာ အလင်းစွမ်းအားဒြပ်ထုကြီးကို ကြည့်လိုက်သည်။

အလင်းစွမ်းအားဒြပ်ထုကြီးထဲတွင် စီးဆင်းနေသည့် အင်းသင်္ကေတများက သိသိသာသာတုန်ခါနေပြီး ပြိုကွဲသွားလုနီးပါး ဖြစ်နေသည်။

“ဒါ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လုပ်နေတာမဟုတ်ဘူး... ဒါက...”

မန်းမပျိုဧကရာဇ် ရုတ်တရက် ခေါင်းကိုလှည့်ပြီး ငရဲကိုးထပ်နယ်မြေကိုကျော်လွန်ကာ မိုင်ပေါင်းသန်းနှင့်ချီရှည်လျားသော ရေခဲမြစ်နှင့် ရေခဲလွင်ပြင်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

“ဆရာ...”

All Chapters