ဆရာ့လောက်တပည့်ကိုနားလည်သူမရှိ
Vol. 85 Ch. 1189
အခန်း (၁၁၈၉) ဆရာ့လောက်တပည့်ကိုနားလည်သူမရှိ
“ဆရာက ရေပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုး ပြန်လည်မွေးဖွားလာမှာကို တားဆီးနေတာ ၊ ငါမျှားခေါ်လိုက်တဲ့ နတ်ဆိုးတွေက သူ့ကို ထိခိုက်အောင်မလုပ်နိုင်ပေမယ့် အနှောက်အယှက်တော့ ပေးမှာပဲ”
မိန်းမပျိုဧကရာဇ်မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်တောက်ပသွားပြီး သူမ တွေးလိုက်သည်။
“ဒါဆို ငါလုပ်နေတဲ့ ထုံးတမ်းအစီအရင်ကို သူ ဘယ်လိုလုပ် အာရုံစိုက်မိနိုင်မှာလဲ”
ခဏမျှ စဉ်းစားပြီးနောက် သူမ ရုတ်တရက် တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။
“ရန်ကျောက်ကဲ...”
ထိုအချိန် အေးစိမ့်စမ်းချောင်းနယ်မြေထက်ရှိ အဆုံးမရှိသော ရေခဲလွင်ပြင်ပေါ်တွင် မဟာနတ်ဆိုးများ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြေးလွှားလျှက် ရှိသည်။
သို့သော် ရေခဲမြစ်က အဆက်မပြတ် ကျယ်ပြန့်လာပြီး လေနှင့် ဆီးနှင်းများက သူတို့အားလုံးကို ပိတ်ဆို့ထားလိုက်သည်။
နက္ခတ်ဧကရာဇ်က ရေခဲပင်လယ်အတွင်းမှ အေးစက်သော ရေခဲတိုင်လုံးကြီးထဲတါင် ရှိနေသည်။ သူ၏နဖူးထက်မှ အနာရွတ်က အက်ကွဲသွားပြီး ရေခဲပြာရောင်နတ်ဆိုးချီများထွက်ပေါ်လာကာ နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။
သို့တိုင် သူ၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏မျက်ဝန်းများက အလွန်ကြည်လင်ရှင်းလင်းနေသည်။
ရေခဲသမုဒ္ဒရာ၏ အခြားဘက်ရှိ လေထုထဲတွင် ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် သွေးနီရောင်အလင်းတန်းတစ်ခု လှည့်ပတ်လျှက် ရှိသည်။
အစကတော့ ရန်ကျောက်ကဲက ဤ အေးစိမ့်စမ်းချောင်းနယ်မြေမှထွက်ခွာပြီး ငရဲကိုးထပ်သို့သွားရန် စီစဉ်ထားသည်။
သို့သော် သူ ထွက်ခွာခါနီးတွင် အသံတစ်သံက နားထဲသို့ ဝင်ရောက်လာသည်။
“ကျောက်ကဲ... မသွားနဲ့ဦး ၊ ဒီမှာပဲနေဦး”
အသံပို့လွှတ်စနစ်ဖြင့် ထိုစကားဆိုလာသူက အံ့သြစရာကောင်းစွာပင် နက္ခတ်ဧကရာဇ် ဖြစ်နေခဲ့သည်။
နက္ခတ်ဧကရာဇ်က ဤ အေးစိမ့်စမ်းချောင်းနယ်မြေ၏ အရှင်သခင် ဖြစ်သည်။
မိန်းမပျိုဧကရာဇ်က အလွန်တရာတန်ခိုးစွမ်းအားမြင့်မားနေပြီး နက္ခတ်ဧကရာဇ်ကတော့ ဤနေရာတွင် ပိတ်မိနေသည့်တိုင် သူ့အနေဖြင့် ရန်ကျောက်ကဲကို ရေခဲလွင်ပြင်မှ မပြန်သေးဘဲ တိတ်တဆိတ် ပုန်းအောင်းနေရန်အတွက် စကားပြောဆိုရန် မခက်ခဲသေးပေ။
ထို့ကြောင့် နက္ခတ်ဧကရာဇ်၏စကားအတိုင်း ရန်ကျောက်ကဲက ရေခဲမြစ်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး သူနှင့် နက္ခတ်ဧကရာဇ်တို့က မိန်းမပျိုဧကရာဇ် ထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့သည်။
မကြာမီ ဤနေရာအားတိုက်ခိုက်ရန် ငရဲကိုးထပ်မှ နတ်ဆိုးများ ရောက်ရှိလာကြပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဧကရာဇ် (၂)ပါးလည်း မှားယွင်းရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက လေးစားဟန်ဖြင့်...
“မိန်းမပျိုဧကရာဇ်ကို ဧကရာဇ်မင်းလောက် ဘယ်သူမှ နားမလည်နိုင်ဘူပဲ ၊ အားလုံးက ဧကရာဇ်မင်း ခန့်မှန်းတဲ့အတိုင်း ဖြစ်လာပြီ...”
နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...
“မင်ခုန် ဒီလောက်ရူးမိုက်လိမ့်မယ်လို့ ထင်မထားမိဘူး”
အမှန်တော့ ကျဲ့မင်ခုန် ဤနေရာသို့ရောက်ရှိလာကတည်းက ရည်ရွယ်ချက်တစ်ခုခုရှိရမည်ဖြစ်ကြောင်း နက္ခတ်ဧကရာဇ် သိရှိခဲ့သည်။
တစ်ချိန်တည်းမှာပင်...
နက္ခတ်ဧကရာဇ်၏မျက်ဝန်းများက နတ်ဆိုးချီစွမ်းအားများဖြင့်ပြည့်နက်နေသော ငရဲကိုးထပ်ကိုဖြတ်ကျော်ကာ မိန်းမပျိုဧကရာဇ်နှင့် အကြည့်ချင်း ဆုံသွားသည်။
နှစ်ယောက်သား ရှုပ်ထွေးသော အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ခဏမျှ တိတ်ဆိတ်နေပြီးမှ မိန်းမပျိုဧကရာဇ်က...
“ဆရာ... ဒီတပည့်က ခွင့်လွှတ်ပေးဖို့ တောင်းပန်မှာမဟုတ်ပါဘူး ၊ ပြီးတော့ ရန်ကျောက်ကဲကိုလည်း အပြစ်မတင်ပါဘူး”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ကျွန်မ ဒီအလုပ်ကို ပြီးအောင်လုပ်ရလိမ့်မယ်”
ထို့နောက် သူမက ပြတ်သားသောမျက်ဝန်းများဖြင့် အလင်းဒြပ်ထုကြီးကိုလှည့်ကြည့်လိုက်ပြီး ပြင်းထန်စွာ ရိုက်နှက်ချလိုက်သည်။
ထိုအခါ အလင်းစက်ဝန်းကြီးက ပိုမိုကျယ်ပြန့်လာပြီး အတွင်းမှ ဖဲကြိုးများကဲ့သို့ အလင်းတန်းများ ဆန့်တန်းထွက်ပေါ်လာကြသည်။
တစ်ဆက်တည်း အခြားဘက်တွင်ရှိသော အဖြူရောင်စည်းတံဆိပ်က ပိုမိုတောက်ပလာပြီး သွေးနီရောင်စီးကြောင်းများကို ဖိနှိပ်ထားလိုက်သည်။
နက္ခတ်ဧကရာဇ်၏နဖူးထက်မှ ရေခဲပြာရောင်တောက်ပနေသည့် အနာရွတ်က စတင်ပျံ့လွင့်လာသည်။
ထို့နောက် ရေခဲပြာရောင်အလင်းတန်းက အဖြူရောင်စည်းတံဆိပ်မျက်နှာပြင်ထက် တဖြည်းဖြည်းပေါ်လာသည်။
ရန်ကျောက်ကဲက တင်ပျဉ်ခွေထိုင်နေရင်း တွေးလိုက်သည်။
“မြေကမ္ဘာငြိမ်သက်ဧကရာဇ်နဲ့ ဟုန်တိဧကရာဇ်တို့ ပူးပေါင်းတိုက်ခိုက်တာတောင် မိန်းမပျိုဧကရာဇ်ကို အနိုင်မယူနိုင်ဘူးပဲ”
“မိန်းမပျိုဧကရာဇ်က ထုံးတမ်းအစီအရင်ကို ပိုပြီးအားကောင်းအောင်တောင် လုပ်လိုက်သေးတယ်ဆိုတော့ ... ဆိုလိုတာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဧကရာဇ်နှစ်ပါးက သူ့ကို စိတ်ပျံ့လွင့်အောင်မလုပ်နိုင်ဘူးဆိုတဲ့ သဘောပဲ”
“ပြီးတော့ ငါသိသလောက် ငြိမ်သက်ဧကရာဇ်မှာ အမတမှော်ဝင်ပစ္စည်းတစ်ခုလည်း ရှိနေတယ်”
တွေးရင်း ရန်ကျောက်ကဲ မချိပြုံးပြုံးလိုက်မိသည်။
“ဒီနေရာမှာ စကားတစ်ခွန်းက အသင့်တော်ဆုံးပဲ...”
“အထက်ဘုံကမ္ဘာက အစစ်အမှန်နတ်ဘုရားတွေကို အပိုင်းနှစ်ပိုင်းခွဲလို့ရတယ် ၊ တစ်ပိုင်းက မိန်းမပျိုဧကရာဇ် ၊ ကျန်တဲ့တစ်ပိုင်းကတော့ ကျန်တဲ့ အုပ်စိုးရှင် (၄)ယောက်ပဲ”
ရန်ကျောက်ကဲ အတွေးလွန်ရင်း ခေါင်းခါယမ်းမိသော်လည်း သူ၏လက်မှ လှုပ်ရှားမှုများကတော့ နှေးကွေးခြင်း မရှိပေ။
သူက လက်တစ်ဖက်ကို သူ၏ရင်ဘတ်ရှေ့တွင်ထားပြီး စည်းတံဆိပ်တစ်ခု ပြုလုပ်ကာ အခြားလက်တစ်ဖက်က ကောင်းကင်ထက်သို့ ညွှန်ပြလိုက်သည်။
“ဧကရာဇ်မင်း ၊ ကျွန်တော် ဒီနည်းလမ်းကို အခုမှ ပထမဆုံး စသုံးကြည့်တာပဲ ၊ ကျွန်တော့်ရဲ့ ဖြေရှင်းချက်က မိန်းမပျိုဧကရာဇ် နှစ်ပေါင်းများစွာ စီစဉ်ထားတဲ့အစီအမံတွေကို မထိုးဖောက်နိုင်မှာ စိုးရွံ့မိပါတယ်”
ရန်ကျောက်ကဲက လေးလံသည့်အသံဖြင့် ဆိုသည်။
“ဒါကြောင့် အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားသင့်ပါတယ် ဧကရာဇ်မင်း”
ထိုစကားကြားတော့ နက္ခတ်ဧကရာဇ်က မျက်လုံးများကို အသာမှေးမှိတ်လိုက်ရင်း...
“ကိစ္စမရှိဘူး... ဒီထက်ပိုဆိုးမလာနိုင်တော့ဘူး”
နက္ခတ်ဧကရာဇ် မျက်လုံးများမှေးမှိတ်လိုက်သည့်အခါ သူ၏နဖူးထက်မှ နတ်ဆိုးသင်္ကေတအမာရွတ်က တဖြည်းဖြည်း ပြန်ပိတ်စပြုလာသည်။
အမာရွတ်ထဲမှ ရေခဲပြာရောင်အလင်းတန်းများက ရုန်းကန်လှုပ်ရှားနေသည့်အလား တုန်ခါနေသည်။
ရန်ကျောက်ကဲက လေထုထဲတွင်ရှိနေသော အဖြူရောင်စည်းတံဆိပ်နှင့် တောက်ပနေသော ရေခဲပြာရောင်အလင်းတန်းကို ခေါင်းမော့ကြည့်လိုက်သည်။
လောလောဆယ် နက္ခတ်ဧကရာဇ် ရင်ဆိုင်နေရသည့်အခက်အခဲမှာ ရေပလ္လင်ကိုပိုင်ဆိုင်သော မဟာနတ်ဆိုးပြန်လည်မွေးဖွားမည်ကို ဖိနှိပ်ထားရသည့်အပြင် ၊ တစ်ချိန်တည်းတွင် မိန်းမပျိုဧကရာဇ်၏ ထုံးတမ်းအစီအရင် သက်ရောက်မျုကိုလည်း ပိတ်ဆို့ရန် ကြိုးစားနေရခြင်း ဖြစ်၏။
မိန်းမပျိုဧကရာဇ်ကို တားဆီးရန် အလွန်အကျွံအားထုတ်လိုက်ပါက ရေပလ္လင်နတ်ဆိုးကို ဖိနှိပ်ထားရန် ထိန်းချုပ်မှု ဆုံးရှုံးသွားနိုင်သည်။
ထိုသို့ဖြစ်သွားခဲ့လျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်ရှိနေသော ချူးလီလီအနေဖြင့် မည်သည့်ပြဿနာမှ မရှိနိုင်သော်လည်း နက္ခတ်ဧကရာဇ် မိစ္ဆာလမ်းကြောင်းအတွင်းကျရောက်ပြီး အပြည့်အဝ မဟာနတ်ဆိုးတစ်ပါး ဖြစ်လာပေလိမ့်မည်။
နက္ခတ်ဧကရာဇ်က ချူးလီလီအတွက် နတ်ဆိုးတစ်ယောက်ဖြစ်လာရန် ဆန္ဒရှိပြီးသားဖြစ်သဖြင့် ပြဿနာမရှိပေ။ သို့သော် တကယ့်ပြဿနာမှာ နက္ခတ်ဧကရာဇ်သာ မဟာနတ်ဆိုးတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့လျှင် မည်သူမှ သူ့ကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်သော ရေပလ္လင်ကိုပိုင်ဆိုင်သည့် မဟာနတ်ဆိုး ဤကမ္ဘာတွင် ထွက်ပေါ်လာမည် ဖြစ်သည်။
ယခု နက္ခတ်ဧကရာဇ်အတွက် အရေးကြီးဆုံးအချက်မှာ တတ်နိုင်သမျှ တိုက်ပွဲကို ရပ်တန့်ရန် ဖြစ်သည်။
အေးစိမ့်စမ်းချောင်းနယ်မြေတွင် တိုက်ခိုက်နေကြသော မဟာနတ်ဆိုးကြီးများမှာ မိန်းမပျိုဧကရာဇ်၏ လှည့်စားမှုကြောင့် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့က နက္ခတ်ဧကရာဇ်နှင့် ရေပလ္လင်နတ်ဆိုးတို့၏ မတိုးသာမဆုတ်သာအခြေအနေကို သိရှိကြခြင်း မရှိပေ။
သို့သော် ယခုတော့ သူတို့က ထိုကိစ္စကို သတိပြုမိသွားပေပြီ။
သို့ဖြစ်ရာ ပိုမိုစွမ်းအားမြင့်မားသည့် နတ်ဆိုးများ ဤနေရာသို့ရောက်ရှိလာပါ မိန်းမပျိုဧကရာဇ်၏ အစီအစဉ်သာမက ရန်ကျောက်ကဲနှင့် နက္ခတ်ဧကရာဇ်တို့ပါ ဒုက္ခရောက်ရပေမည်။
ထို့ကြောင့် အချိန်မဆွဲဘဲ ဤတိုက်ပွဲ အမြန်ဆုံး ပြီးဆုံးရန် လိုအပ်သည်။
အမှန်တော့ မိန်းမပျိုဧကရာဇ်၏ အစီအမံကြောင့် နက္ခတ်ဧကရာဇ် လွတ်မြောက်သွားလျှင် ရန်ကျောက်ကဲအတွက်လည်း အကောင်းဆုံးရလဒ် ဖြစ်ပေသည်။
သို့သော် မည်သည့်အရာမဆို အပေါ်ယံမျှသာ မကြည့်သင့်ပေ။
ရန်ကျောက်ကဲက ကိုယ့်အကျိုးအမြတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာတွင် အခြားသောအရာများလွှမ်းမိုးခြင်းအား ဘယ်တော့မှ အဖြစ်ခံသူ မဟုတ်ပေ။
နက္ခတ်ဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ကဲ့သို့မဟုတ်သလို ရန်ကျောက်ကဲနှင့်လည်း တူညီသူ မဟုတ်ပေ။
သို့ဖြစ်ရာ ဤသို့သောကိစ္စမျိုးတွင် ရန်ကျောက်ကဲအနေဖြင့် စွန့်စားရမည် ဖြစ်သည်။
တကယ်တော့ ရန်ကျောက်ကဲသည်လည်း ရှီကျွင်းတို့သားအမိကိုကယ်တင်ရန်အတွက် ရည်ရွယ်ထားသော ဤအစီအစဉ်ကို စမ်းသပ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ ယခု ရှားရှားပါးပါး အခွင့်အရေးတစ်ခု ရရှိခြင်းပင်။
စိတ်ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူက လက်ညှိုးကို ကောင်းကင်ထက်သို့ထိုးညွှန်လိုက်ပြီး လေထဲတွင် အင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။
ထို့နောက် အင်းသင်္ကေတက တောက်ပသွားပြီး နက္ခတ်ဧကရာဇ်ထံသို့ ပျံသန်းသွားကာ သူ၏နဖူးထက်သို့ ကျရောက်သွားသည်။
၎င်းအင်းသင်္ကေတက သူ၏ နတ်ဆိုးအင်းသင်္ကေတအမာရွတ်ထက်သို့ ဖိနှိပ်လိုက်သည်ကို နက္ခတ်ဧကရာဇ်က တားဆီးခြင်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း ရွတ်ဆိုလိုက်သည်။
“နတ်ဆိုးက အသင်္ချေသောသက်ရှိများကို အောင်နိုင်တယ်...”
ထို့နောက် ရန်ကျောက်ကဲက အနက်ရောင်နတ်ဘုရားရုပ်တုကြီးအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဖဝါးနှင့် ရင်ဘတ်ပေါ်တွင် ‘ဝမ့်’ စကြာ '卍' သင်္ကေတက လှည့်ပတ်နေသည်။
ထိုအချိန် အဖြူရောင်စည်းတံဆိပ်ထက်မှ သွေးနီရောင်စီးကြောင်းများက ပိုမိုထူထပ်လာသည်။
ရေခဲတိုင်လုံးထဲတွင်ရှိနေသော နက္ခတ်ဧကရာဇ်က လက်တစ်အား ရုတ်တရက် ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲတွင် ဓားကျိုးတစ်လက်ပေါ်လာသည်။
ထိုဓားက နှစ်ပေရှည်သောဓားကျိုးတစ်လက်ဖြစ်ပြီး ကျောက်စိမ်းသားပမာ ဖြူစင်လျှက် အေးစက်သောအငွေ့အသက်များ အဆက်မပြတ် ထုတ်လွှတ်နေသည်။
နက္ခတ်ဧကရာဇ်က မျက်လုံးများမှေးမှိတ်ထားပြီး ရေခဲတိုင်လုံးအတွင်းမှပင် ဓားကျိုးကို ဝှေ့ယမ်းလိုက်သည်။
သူ ထိုသို့လုပ်ဆောင်လိုက်သည့်အခါ သူ၏နဖူးထက်မှ နတ်ဆိုးသင်္ကေတအမာရွတ်က ဖိအားများလျော့နည်းသွားပြီး ပုံပျက်သွားဟန်ဖြင့် တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
နက္ခတ်ဧကရာဇ် ချက်ချင်းပင် သတိထားလိုက်ပြီး သူ၏ဓားကို ပြန်ရုတ်သိမ်းလိုက်သည်။
သို့မှသာ သူ၏နဖူးထက်မှ နတ်ဆိုးအမာရွတ်က ပြန်လည်တည်ငြိမ်သွားပြီး တွန့်လိမ်နေခြင်းမရှိတော့သလို ကျယ်ပြန့်သွားခြင်းလည်း မရှိတော့ပေ။
သူ၏ဓားသွား အနည်းငယ်မျှဝှေ့ယမ်းရုံဖြင့် ရေခဲမြစ်နယ်နိမိတ်တွင် ရှိနေကြသော နတ်ဆိုးကြီးများ အသက်ပျောက်ကုန်ကြသည်။
ထိုနတ်ဆိုးများအားလုံးက နတ်ဘုရားအဆင့် ကျင့်ကြံသူများနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သော နတ်ဆိုးလောကမှ တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။
ထိုနတ်ဆိုးများအားလုံး ပူးပေါင်းပြီး ရေခဲမြစ်ကိုတိုက်ခိုက်သည့်အခါ အလွန်တရာ လွှမ်းမိုးနိုင်စွမ်းကြီးမားလွန်းလှသည်။
ယခုတော့ အေးစက်သည့်ဓားအလင်းတန်းက စွမ်းအားအကြီးဆုံးနတ်ဆိုးကိုပင် နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
နတ်ဆိုးများ အမှုန့်ဖြစ်သွားသည့်တိုင် သူတို့က သေဆုံးခြင်း မရှိပေ။
ထိုနတ်ဆိုးများက ရေခဲမြစ်ထဲကျရောက်သွားပြီး အနက်ရောင်သွေးအစုအဝေးကြီးအဖြစ် နက္ခတ်ဧကရာဇ်ထံစီးဆင်းသွားကာ ခဏအကြာတွင် သွေးရေကန်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ထို့နောက် ရန်ကျောက်ကဲမှ အသွင်ပြောင်းထားသော အနက်ရောင်နတ်ဘုရားရုပ်တုကြီးက သွေးရေကန်ထဲသို့ ဖြည်းညင်းစွာ နစ်မြုပ်သွားသည်။
ထိုအချိန် နက္ခတ်ဧကရာဇ်က သူ၏ဓားကျိုးကို ဝှေ့ယမ်းလိုက်ပြန်သည်။
ရလဒ်အနေဖြင့် သွေးရေကန်အတွင်းမှ သွေးနီရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။