← Chapters

တာအိုသို့ မဝင်ရောက်နိုင်တော့ခြင်း

Vol. 84 Ch. 1163

တာအိုသို့ မဝင်ရောက်နိုင်တော့ခြင်း

Vol. 84 Ch. 1163

ဖြစ်ပွားနေသောအရာရာတိုင်းကို မမှိတ်မသုန် စိုက်ကြည့်နေသည့် မန်ဟို၏မျက်ဝန်းထဲတွင် အာရုံစူးစိုက်မှုတို့ ပြည့်နေသည်။ တာအိုလျှောက်လှမ်းခြင်းလမ်းသည် ရှေးဟောင်းနယ်ပယ်မှ တာအိုနယ်ပယ်သို့ တက်လှမ်းရာတွင် အတိမ်းအစောင်းမခံသောအဆင့်တစ်ဆင့် ဖြစ်၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသည့်တိုင် မန်ဟိုသည် လူတစ်ယောက် တာအိုအဆင့်သို့ လျှောက်လှမ်းသွားသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးသေးပေ။

မိုးတိမ်ဂုရုကြီးသည် ရန်မစသင့်သူကို ရန်စခဲ့မိ၍ ဤလမ်းကို စိန်ခေါ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ ယင်းက သူ့အတွက် ဤအခြေအနေမှ အသက်ရှင်လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။

မိုးနှင့်မြေမှာ ထစ်ချုန်းအော်မြည်နေပြီး ကြယ်တာရာကောင်းကင်သည် တုန်ခါလှုပ်ရမ်းလျက် ရှိ၏။ မိုးတိမ်ဈေးထဲရှိ ပန်းခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူအများစုမှာ အညံ့ခံဖို့ ရွေးချယ်ခဲ့လေသည်။ အညံ့မခံသူများမှာတော့ ဖန်မျိုးနွယ်စု၏ အပြတ်ရှင်းခြင်းခံခဲ့ကြရသည်။ ယခုတွင် မိုးတိမ်ဈေးကား ဖန်မျိုးနွယ်ဈေး အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

မိုးတိမ်ဂုရုကြီးတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ ယခု သူသည် ဝဲထဲသို့ အမြန်ဆုံး ဝင်ရောက်နေ၏။ သို့သော် သူ အနားရောက်သွားသည်နှင့် မရေမတွက်နိုင်သောမိုးကြိုးတန်းများက စုဝေးလာပြီး သူ့ထံ ပြေးဝင်လာကြသည်။

၎င်းကား အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။ မိုးကြိုးများပစ်ချလိုက်သဖြင့် အံ့မခန်းလိလိမိုးထစ်ချုန်းသံများသည် ပဲ့တင်ထပ်သွားခဲ့၏။ အကယ်၍ သင်သာ အမြင်စူးရှလျှင် ထိုမိုးကြိုးတန်းများအတွင်း၌ လူပုံသဏ္ဌာန်ကောက်ကြောင်းများကို မြင်ရလိမ့်မည်။

၎င်းတို့ကို ရှင်းလင်းပြတ်သွားစွာ မမြင်ရသော်လည်း တန်ခိုးကြီးမားကြောင်း သိသာသည်.... ၎င်းတို့ကို မြင်လိုက်လျှင်ချင်း မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားခဲ့၏။

ဒုန်းးးးးးးးးးး။ မိုးတိမ်ဂုရုကြီးမှာ ပါးစပ်မှသွေးများပန်းထွက်လျက် တသိမ့်သိမ့်တုန်သွားသည်။ သို့သော် သူသည် လက်ရှိအချိန်တွင် ထူးခြားဆန်းပြားသောအခြေအနေတစ်ခုသို့ ရောက်ရှိနေ၏။ သဘာဝနိယာမများနှင့် အနှစ်သာရများက သူ့ကို ရစ်သိုင်းလှည့်ပတ်နေကာ သူက မာန်သွင်းဟိန်းဟောက်ရင်း မိုးကြိုးများကို ပြေးဝင်တိုက်၍ ဝဲထဲ ဝင်ဖို့ ကြိုးစားနေသည်။

ထိုသို့ဝင်ခြင်းက တာအိုနယ်ပယ်သို့ တက်လှမ်းရာ၌ ပထမဆုံးပြီးမြောက်ရမည့် တာဝန်ဖြစ်ကြောင်း သူ သိသည်။ အဆိုပါတာဝန်ပြီးလျှင် ပို၍ပင် အန္တရာယ်များလာနိုင်သော်လည်း .... ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ခြင်းက သူ့ကို ဒုတိယတစ်လှမ်းကို လှမ်းနိုင်စေလိမ့်မည်။

“ငါ တာအိုထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ရင် တာအိုနယ်ပယ်စွမ်းအားသုံးပြီး ဒီနေရာ ထွက်ပြေးမယ်။ ပြီးရင် ကျီမျိုးနွယ်စုထဲ ဝင်မယ်။ ငါနဲ့ဖန်မျိုးနွယ်စုကြားက ဒီရန်ကြွေးဟာ ကမ္ဘာတည်သရွေ့ မကြေစေရဘူး

“ငါ မအောင်မြင်ရင်တော့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီမှာနေပြီး ဖန်မျိုးနွယ်တွေကို သတ်နိုင်သမျှ သတ်ပစ်ရမယ်။ သူတို့ကို ငါနဲ့အတူ ငရဲခေါ်သွားမယ်” မိုးတိမ်ဂုရုကြီး၏အစီအစဉ်ကား အထက်ပါအတိုင်းဖြစ်သည်။ လောလောဆယ်တွင် သူသည် ဘာကြောင့် ယခုလိုဖြစ်လာခဲ့ရသလဲ စဉ်းစားမနေတော့သည့်အပြင် သူ့လုပ်ရပ်များကြောင့်သာ ဤအကျိုးဆက်များပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်ကိုလည်း ထည့်တွက်မနေတော့ပေ။

သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။

မန်ဟို့ကို သတ်မည်။

သူ၏အမျက်အမုန်းအားလုံးက မန်ဟို့ကိုသာ ပစ်မှတ်ထားပြီး သူ တာအိုသို့ တက်လှမ်းနိုင်သည်ဖြစ်စေ၊ မတက်လှမ်းနိုင်သည်မဖြစ်စေ ... သူ၏အဓိကဆန္ဒက သူ မသေခင် မန်ဟို့ကို သေရွာသို့ ပို့ပေးရန်သာ။

သူက ဟိန်းဟောက်ရင်း ဝဲထဲ ပြေးဝင်သွားသည်။ တဒုန်းဒုန်း မြည်ဟည်းနေပြီး မိုးကြိုးများ ပစ်ချနေ၏။ သူ၏အရှိန်မှာ တစတစ လျော့ကျလာခဲ့လေပြီ။

မန်ဟိုကတော့ အဖြစ်အပျက်ကို လေးလေးနက်နက် စောင့်ကြည့်လေ့လာရင်း အဝေးတွင် အေးအေးလူလူ ရပ်နေသည်။

ဖန်ရှုတောက်လည်း ဟင်းလင်းပြင်ထက်ရှိ ဝဲကို အာရုံစိုက်ရင်း သူ့ဘေးတွင် ရပ်နေသည်။

“မိုးတိမ်ဂုရုကြီးက တာအိုထဲ ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာကြာပြီ” သူက မိုးတိမ်ဂုရုကြီး ဝဲအနား ချဉ်းကပ်သွားနေသည်ကို ကြည့်ရင်း အေးစက်စက် ပြော၏။ “အဲဒီပထမခြေလှမ်းကို မလှမ်းရဲခဲ့တာပဲ ရှိတာ။ ဒါကြောင့် သူက သူ့အခြေအနေကို အကာအကွယ်လို အသုံးချနေခဲ့တာပဲ... ငါ သူ့ကို ပထမခြေလှမ်း လှမ်းနိုင်အောင် ကူညီပေးနေတယ်လို့ မင်း ထင်ရင် ထင်မှာပေါ့။ တကယ်တော့ တာအိုနယ်ပယ်ကို ဝင်ရောက်တဲ့အခါ ပြစ်ဒဏ်ကိုးမျိုးကို ရင်ဆိုင်ရတယ်။ အခုဟာက ပထမဆုံးပြစ်ဒဏ်၊ မိုးကြိုးပြစ်ဒဏ်ပဲ ရှိသေးတာ”

မိုးတိမ်ဂုရုကြီးသည် သွေးတို့စီးကျလျက်ရှိပြီး သူ့အရှိန်အဝါလည်း အားနည်းလာနေသည်။ သို့သော် သူကား သေအံ့မူးမူးဖြစ်လျှင်တောင်မှ စွမ်းအားတန်ခိုးများဖြင့် ပြည့်နှက်နေဦးမည့်အလားပင်။ သူက ဟိန်းဟောက်လိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့ပတ်ပတ်လည်တွင် မြူခိုးတိမ်လွှာများ ဖြစ်ပေါ်လာပြီး မိုးရေအဖြစ် ရွာကျလိုက်၊ တိမ်ခိုးတိမ်ငွေ့များဖြစ်လိုက် တစ်လှည့်စီ ပြောင်းလဲနေသည်။ ထိုအရာများကား .... သူ၏အနှစ်သာရများ ဖြစ်ပေ၏။

မည်သည့်အနှစ်သာရများလဲ ဆိုသည်ကိုတော့ မည်သူမှ မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အစပျိုးဖြစ်စဉ်တွင်သာ ရှိသေး၍ပင်။ သို့ရာတွင် မိုးတိမ်ဂုရုကြီးသာ ဝဲထဲ ဝင်ပြီးနောက် လမ်းဆုံးအထိ လျှောက်နိုင်လျှင် သူ၏အနှစ်သာရများသည် အပြည့်အဝ ပုံစံဖြစ်ပေါ်လာလိမ့်မည်။

လူတစ်ယောက် ထိုလမ်းပေါ်တွင် မည်မျှဝေးဝေး လျှောက်နိုင်မည်လဲ၊ မည်သည့်အဆင့်တွင် နောက်ဆုံးအဆုံးသတ်မည်လဲ .... ယင်းတို့သည် ထိုလူ ပိုင်ဆိုင်ထားသော အနှစ်သာရအရေအတွက်ပေါ် မူတည်သည်။ မှန်သည်၊ ဝေးဝေးလျှောက်လေလေ၊ မအောင်မြင်နိုင်ချေ များလေလေပင်။

ဂျလိန်းးးးးး၊ သွေးများ မိုးတိမ်ဂုရုကြီး၏ပါးစပ်မှ ပန်းထွက်သွားသည်။ အမှားမခံသောခြေအနေတွင် သူက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် သူ့နဖူးပေါ် ဖိချလိုက်သည်။ ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံသည် ပေါ်ထွက်လာပြီး သူကား မီတာဒါဇင်များစွာ မြင့်မားသည့်တိုင်အောင် ကြီးမားလာခဲ့လေပြီ။ ထို့နောက် သူက ဝဲဆီသို့ တဟုန်ထိုး ပြေးတက်သွားသည်။ ပို၍များပြားသော မိုးကြိုးများ ပစ်ချကြ၍ ... ၎င်းတို့ကို သူ့ကို ထိမှန်သည့်အခါ သူ့အရွယ်အစားမှာ ကျုံ့စပြုလာသည်။ မကြာမီ သူကား ဝဲထံမှ မီတာသုံးဆယ်ခန့်သာ ကွာဝေးတော့ပြီး မူလအရွယ်သို့လည်း ပြန်ကျုံ့သွားခဲ့လေပြီ။

သူ့မျက်လုံးများက ရူးမိုက်မှုဖြင့် တောက်ပနေသည်။ သူသည် အသားကုန်ဟိန်းဟောက်ရင်း မည်သည့်အရာမှ မထိမ်ချန်ထားဘဲ အစွမ်းကုန်ထုတ်လိုက်၏။ သို့သော် သူ ဝဲထဲ ဝင်လိုက်သောအခိုက်တွင် မြူလေတစ်ချက်က အတွင်းမှ ခပ်ပြင်းပြင်း ရွေ့လျားသည်။ ၎င်းက မိုးတိမ်ဂုရုကြီးကို တွန်းထုတ်လိုက်သော မှိန်းတစ်ချောင်း အသွင်းပြောင်းသွားသည်။ မှိန်းသည် သူ့ကို ထိရုံသာ ထိခဲ့သော်လည်း သူ့မှာ သွေးပျက်စွာအော်ဟစ်ရင်း လိမ့်ထွက်သွားရလေ၏။

“မလုပ်နဲ့” သူ လိမ့်ထွက်သွားစဉ် မရေမတွက်နိုင်သောမိုးကြိုးများက သူ့ကို လွှမ်းခြုံရင်း ကျဆင်းလာသည်။

ဖန်ရှုတောက်က ခေါင်းခါလိုက်သည်။ “ဒုတိယပြစ်ဒဏ် ၊ လက်နက်ပြစ်ဒဏ် လာနေပြီ။ ဒီလူမိုးတိမ်ရဲ့ ... တာအိုနှလုံးသားက မတည်ငြိမ်ဘူး။ သူ့အနှစ်သာရတွေက မစုစည်းနေတဲ့အပြင် သူ့စိတ်စွမ်းအားဟာလည်း ယိမ်းယိုင်နေတယ်။ သူ့အနေနဲ့ လက်နက်ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်မယ် မထင်ဘူး” မြူမှိန်းက သူ့နောက် လိုက်လာသဖြင့် မိုးတိမ်ဂုရုကြီးမှာ စူးစူးဝါးဝါး အော်လိုက်သည်။ ကောင်းကင်ဘုံများ တုန်ရီသွားပြီး မိုးတိမ်ဂုရုကြီးသည် စိတ်ပျက်လက်ပျက် ပြန်တိုက်ခိုက်ရင်း ခါးခါးသီးသီး ရယ်တော့သည်။ တစ်ချိန်တည်းမှာပင် ဝဲထဲမှာ မြူများ စီးမျောထွက်လာခဲ့လေပြီ။

ဤတစ်ခေါက်တွင် မြူများသည် ... ဓားမော့၊ လှံ၊ ဓားရှည်၊ အသွားနှစ်ဖက်လှံရှည်၊ အသွားတစ်ဖက်ပုဆိန်၊ ချိတ်နှင့် ခရင်းခွ စသည့်  လက်နက်ချွန်ရှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်းတို့က ပေါ်လာလျှင်ချင်း မှိန်းနှင့်အတူပူးပေါင်းကား အလင်းတန်းကိုးတန်းထဲမှ မိုးတိမ်ဂုရုကြီးဆီသို့ ပြေးဝင်သွားသည်။

ဤအခိုက်အတန့်တွင် စောင့်ကြည့်နေကြသော ကျင့်ကြံသူအားလုံး ပြိုင်တူကောက်ချက်ချလိုက်ကြသည်။ မိုးတိမ်ဂုရုကြီးကား ... အောင်မြင်တော့မည်မဟုတ်ပေ။

“ငါ ဒါကို လက်မခံနိုင်ဘူး” သူက အသည်းအသန်ပြန်တိုက်ခိုက်ရင်း ခေါင်းမာမာ အော်သည်။ သူ့မှာ ပါးစပ်သွေးများစီးကျနေသည့်တိုင် နောက်မဆုတ်ဘဲ တင်းခံနေသည်။ ဒဏ်ရာတစ်ချက်ရတိုင်း သူ့ကို ရစ်သိုင်းဝန်းရံနေသော သဘာဝနိယာမနှင့်အနှစ်သာရအခိုးအငွေ့တချို့သည် သူ့ကိုယ်ထဲ ဝင်ရောက်ကာ သူ့ကို ကုစားပေးကြ၏။ သို့သော် ... ကုစားခြင်းက သူ၏သဘာဝနိယာမနှင့်အနှစ်သာရအင်အားကို လျော့နည်းသွားစေရာ ၎င်းတို့မှာ ပို၍အားနည်းလာပြီး လွင့်စင်ပြိုကွဲစပြုလာ၏။

၎င်းတို့ တစ်စက်မှ မကျန်တော့လျှင်တော့ ... တာအိုနယ်ပယ် တက်လှမ်းမည့် သူ၏အားထုတ်မှုကား ကျရှုံးခဲ့ပြီဟု ဆိုလိုမည်။

“တတိယပြစ်ဒဏ် လာနေပြီ....” ဖန်ရှုတောက်က ဝဲကို လှမ်းကြည့်ရင်း ပြောသည်။

သူ စကားပြောလိုက်သည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို ကြောက်မက်ဖွယ် ထစ်ချုန်းသံများ ဝဲထဲမှ ထွက်လာသည်ကို ကြားလိုက်ရပြီး အရိပ်လေးခုပေါ်လာသည်။

ဤအရိပ်တစ်ခုစီသည် မဟူရာချပ်ဝတ်ကို ဝတ်ဆင်ထားကြ၏။ ၎င်းတို့၏မျက်နှာသွင်ပြင်များအား မမြင်ရသော်လည်း အကုန်လုံးက စောင့်ကြည့်နေသူအားလုံး၏ မျက်နှာများတွင် အံ့ဩမှုတို့ စိုးမိုးသွားစေသော လူသတ်ငွေ့များကို ထုတ်လွှတ်နေသည်။

“တောင်ပင်လယ်စစ်သူကြီးတွေ” ဖန်ရှုတောက်က မျက်လုံးများတွင် လေးစားမှုတို့ တောက်ပနေလျက် ရေရွတ်လိုက်၏။

မန်ဟို အရိပ်လေးခုကို ကြည့်နေစဉ် ရုတ်တရက် သူ့ကိုယ်ထဲရှိ မိစ္ဆာချုပ်နှောင်မှော်အစွမ်းမှာ မွှေနှောက်ဆူပွက်စပြုလာလေသည်။

“ရှင်ခြင်းသေခြင်းမန္တန်” သူက တွေးလိုက်သည်။ သူ ဆက်သွယ်မှုကို သတိထားမိလိုက်သည်နှင့် အရိပ်လေးခုကလည်း သူ့ကို ရုတ်တရက် လှည့်ကြည့်ကြသည်။ ခေါင်းဆောင်းများအထဲရှိ ၎င်းတို့၏ မျက်လုံးများက ရုတ်တရက် ထူးဆန်းစွာ တောက်ပလာလေသည်။

အကြည့်ချင်းဆုံသောအခါ မန်ဟို့စိတ်သည် တုန်လှုပ်သွား၏။ သူ့ကိုယ်တွင် ဆူပွက်နေသည်ကား မိစ္ဆာချုပ်နှောင်မှော်အစွမ်းသာမဟုတ်တော့၊ သူ၏နိဗ္ဗာနသစ်သီးထဲရှိ ပါရာဂွန်သွေးလည်း သက်ရောက်ခံလိုက်ရသည်။

တဖြေးဖြေး သူသည် သူနှင့် ဤအရိပ်လေးခုအကြား၌ ထူးဆန်းသောဆက်သွယ်မှုတစ်ခု ရှိနေကြောင်း သဘောပေါက်သွား၏။

“ငါ ... သူတို့ကို ... ထိန်းချုပ်လို့ ရမယ် ထင်တယ်....” သူက တအံ့တဩ တွေးလိုက်သည်။

“မင်း အခု ဘာပြောလိုက်တာ” ဖန်ရှုတောက်က သူ့ကို မျက်လုံးအပြူးသားနှင့် ကြည့်ရင်း မေးလေသည်။

မန်ဟို စိတ်နှလုံးတုန်လှုပ်နေသည့်အချိန်မှာပင် မိုးတိမ်ဂုရုကြီးက စိတ်ပျက်မှု၊ ရူးမိုက်မှုတို့ ပြည့်နေသော အသံကြီးဖြင့် စူးစူးဝါးဝါး ရယ်တော့သည်။ ယခုတွင် သူလည်း မအောင်မြင်နိုင်တော့ကြောင်း သိခဲ့လေပြီ။ တာအိုသို့ ဝင်ရောက်ခြင်းသည် ခက်ခဲ၏။ ရှေးဟောင်းနယ်ပယ် မဟာစက်ဝန်းအဆင့်ကျင့်ကြံသူတိုင်းအတွက် ၎င်းက မီးအိမ်များကို မီးငြှိမ်းရသောစိန်ခေါ်မှုများထက် အဆများစွာခက်ခဲသော စစ်ဆေးမှုတစ်ခုဖြစ်ပေသည်။

ရှေးဟောင်းနယ်ပယ်သည် မည်သည့်ကျင့်ကြံသူမဆိုအထိ ကြောက်စရာကောင်းသောနေရာတစ်နေရာ ဖြစ်၏။ ထိုနယ်ပယ်သို့ ရောက်ရှိပြီးလျှင် သူတို့မှာ သေရေးရှင်ရေးအခြေအနေတစ်ခုပြီးတစ်ခု ကြုံတွေ့ရသည်။ ထိုကဲ့သို့အခြေအနေမှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာတော့ ... တာအိုနယ်ပယ်သို့ အောင်အောင်မြင်မြင် တက်လှမ်းဝင်ရောက်ဖို့သာ။

“မန်ဟို ဒါတွေအားလုံးက မင်းအမှားကြောင့်” မိုးတိမ်ဂုရုကြီးက ဒေါသတကြီး အပြစ်တင်သည်။ သူ၏ခါးသီးနေသောရယ်သံကြီးတွင် ယခင်ထက်ပို၍ ပြင်းထန်သော ရူးမိုက်မှုတို့ ပြည့်နှက်လာပြီး သူ့မျက်လုံးများလည်း နီရဲလာသည်။ ဤအခိုက်အတန့်တွင် သူကား .... တာအိုနယ်ပယ်သို့ မဝင်ရောက်နိုင်တော့သူတိုင်း လုပ်သည့်အရာကို လုပ်လိုက်လေပြီ။

အဆင့်တက်ဖို့ အရူးကြီးလို ဆက်လက်ကြိုးစားမည့်အစား သူက သူ၏သဘာဝနိယာမနှင့် အနှစ်သာရအကြွင်းအကျန်များကို သူ့ကိုယ်ထဲသို့ စုပ်ယူကာ သူ၏အသက်စွမ်းအားကို တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်တွင် တည်ဆောက်လိုက်သည်။

တာအိုသို့ မလျှောက်လှမ်းနိုင်၍ တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူ ဖြစ်လာသူတိုင်းသည် ကျရှုံးပြီးနောက် နိယာမနှင့်အနှစ်သာရ မည်မျှများများ ကျန်ခဲ့သလဲ အပေါ် မူတည်၍ ... သက်တမ်းအား ကန့်သတ်ခံရမည်။

များများရှိလေလေ၊ သက်တမ်းရှည်လေ ဖြစ်မည်။ နည်းလျှင်တော့ ... သူတို့တွင် ကျန်ရှိခဲ့သည့် နှစ်ပမာဏသည် လက်တစ်ဖက်တည်းနှင့် ရေတွက်၍ ရလိမ့်မည်။

ခါးသီးနာကြည်းစွာ အော်ရယ်ရင်း မိုးတိမ်ဂုရုကြီးသည် သူ၏အဆင့်တက်ခြင်းအရှိန်အဝါအား သူ၏သဘာဝနိယာမနှင့်အနှစ်သာရအခိုးအငွေ့များနှင့်အတူ ခန္ဓာကိုယ်ထဲသို့ ပြန်ရုတ်သိမ်းခဲ့လေပြီ။

သူ အရှိန်အဝါကို ပြန်ရုတ်လိုက်သည်နှင့် မြူလက်နက်ကိုးခုသည် တုံ့ခနဲ ရပ်ကာ တိုက်ခိုက်ခြင်းမပြုတော့ပေ။

သဘာဝနိယာမများနှင့်အနှစ်သာရများက သူ့နှင့် တစ်သားတည်း ပြန်ဖြစ်သွားသဖြင့် မိုးတိမ်ဂုရုကြီး၏ခန္ဓာကိုယ်မှ ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။ ထို့နောက် သူ့စွမ်းအားသည် ရှေးဟောင်းနယ်ပယ်၏ မဟာစက်ဝန်းအဆင့်ကို ကျော်ဖြတ်၍ .... တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

သူကား ယခုတွင် တာအိုနယ်ပယ်မှ ခြေလှမ်းတစ်ဝက်သာ ဝေးကွာသည့်တိုင် ဆက်လက်တက်လှမ်းမရှိနိုင်သော့ နယ်ပယ်တစ်ခုတွင် ဖြစ်သည်။ သို့သော် ထိုနယ်ပယ်သည် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်ထက် အဆများစွာ အင်အားကြီးမား၏။ သူ့တွင် သဘာဝနိယာမများနှင့် အနှစ်သာရများ ရှိသေးသည်မဟုတ်လော။

၎င်းတို့က မပြည့်စုံတော့သော်လည်း .... အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်များပင်လျှင် သူ့ကို တိုက်ခိုက်ဖို့ အခက်တွေ့ရမည့်အတိုင်းအတာအထိ တုန်လှုပ်ဖွယ်ကောင်းသေးသည် .... တစ်ဝက်တစ်ပျက်တာအိုပညာရှင်များမှာ မျှော်လင့်ချက်မရှိတော့၍ ရူးသွပ်သွားကြသူများ မဟုတ်ပါလော။

သူတို့ သေရမည်ကို သူတို့ကိုယ်တိုင် သိကြသလို၊ လူတိုင်းလည်း သိကြလေသည်။

ခါးခါးသီးသီး ရယ်သံကြီး ပဲ့တင်ထပ်နေစဉ် မိုးတိမ်ဂုရုကြီး၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး သူ့အရှိန်အဝါပြောင်းလဲသွား၏။ သူ၏အသက်စွမ်းအားမှာ မှေးမှိန်အားနည်းလာကာ သူ့အား သေခြင်းအငွေ့အသက်များက ဝန်းရံလိုက်တော့သည်။

သူ၏သက်တမ်းမှာ သဘာဝနိယာမများနှင့် အနှစ်သာရများ၏ စားသုံးခြင်းခံခဲ့ရသည်။ သူသာ နတ်ဘုရားစွမ်းရည်များ မသုံးလျှင်၊ တိုက်ပွဲတွင် မဝင်ပါလျှင် ... အလွန်ဆုံးနှစ်တစ်ရာခန့် နေနိုင်လိမ့်မည်။ ထိုအချိန်ကုန်သွားသောအခါ .... ခန္ဓာနှင့်တကွ စိတ်ဝိညာဉ်ပါ သေဆုံး၍ သူ၏ဖြစ်တည်မှုသည် ကမ္ဘာပေါ်တွင် အစအနပင်မကျန် ပျောက်ကွယ်သွားရလိမ့်မည်။

သေမျိုးများအတွက် နှစ်တစ်ရာသည် တစ်ဘဝစာလုံး ဖြစ်၏။ သို့သော် ကျင့်ကြံသူများအတွက်တော့ နှစ်တစ်ရာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလိမ့်မည်။

မှန်ပါသည်၊ တိုက်ခိုက်လျှင် သူ၏လက်ကျန်အချိန်သည် ပို၍ပင် လျင်မြန်စွာ လျော့နည်းသွားလိမ့်မည်။

“ကန့်သတ်ခံထားတဲ့ သက်တမ်းတဲ့လား ဟားဟားဟား ရန်ငြိုးတွေကို လက်စားချေမယ်။ ပူဆွေးမှုတွေအတွက် လက်တုံ့ပြန်မယ်” မိုးတိမ်ဂုရုကြီးက တဟားဟား ရယ်နေသည်။ ၎င်းသည် ငိုကြွေးမြည်တမ်းနေသည်ထက် ပို၍ အကျည်းတန်သော ရယ်သံကြီး ဖြစ်၏။ သူ့မျက်လုံးများက ပြူးထွက်လာပြီး သူ့ကို ဝန်းရံနေသော သေခြင်းအရှိန်အဝါမှာ ပို၍ပင်သိပ်သည်းလာလေသည်။

အမျက်ဒေါသက သူ့မျက်လုံးများတွင် ပြည့်နှက်နေပြီး သူ၏ စိတ်ဖောက်ပြန်နေသော ရယ်သံကြီးသည် အလင်းရောင်အားလုံးကို မှေးမှိန်သွားစေပြီး ကောင်းကင်ဘုံများကို တုန်ရီလာသော လေမုန်တိုင်းတစ်လုံးအသွင်ပြောင်းသွားခဲ့လေပြီ။ အကန့်အသတ်မဲ့ လှိုင်းများလည်း ဖြာထွက်လာသည်။

မိုးတိမ်ဂုရုကြီး၏တန်ခိုးကား သူ့တစ်ဘဝလုံးတွင် ပိုင်ဆိုင်ခဲ့ဖူးသည်ထက် ကြီးမားနေလေပြီ။

“မန်ဟို” သူက ကောင်းကင်ဘုံကိုပင် မီးလောင်တိုက်သွင်းပစ်နိုင်သော အမုန်းမီးလျှံမျက်လုံးများဖြင့် မန်ဟို့ကို အမဲဖြတ်တော့မည့်အလား လှမ်းကြည့်ရင်း အော်ဟစ်ကြိမ်းဝါးလိုက်လေသည်။

All Chapters