ထာဝရခေါင်းဆောင်ကြီး
Vol. 84 Ch. 1164
အော်ဟစ်ကြိမ်းဝါးပြီးနောက် မိုးတိမ်ဂုရုကြီးသည် မန်ဟို့ထံ လျှောက်လာ၏။ သူ အနားမကပ်နိုင်ခင် ဖန်ရှုတောက်က အေးစက်စက် နှာမှုတ်၍ လှုပ်ရှားဖို့ပြင်သည်။ သို့သော် မန်ဟိုက သူ့လမ်းကို လှမ်းတားလိုက်သည်။
“ဟိုအာ ၊ မင်း...” ဖန်ရှုတောက်သည် မန်ဟို့ကို လှည့်ကြည့်လိုက်ကာ ဝဲကို မော့ကြည့်နေသော မန်ဟို့မျက်ဝန်းထဲ၌ ထူးဆန်းသောအရိပ်အယောင်ရှိနေသည်ကို သတိထားမိလိုက်၏။
ဝဲသည် မိုးတိမ်ဂုရုကြီးကို စိတ်မဝင်စားတော့သကဲ့သို့ နှေးလာ၏။ လက်နက်ကိုးခုလည်း အထဲပြန်ဝင်သွားခဲ့ပြီဖြစ်ရာ ဝဲမှာ ပြိုကွဲလွင့်ပျယ်စပြုလာလေပြီ။
သို့သော် ... မဟူရာချပ်ဝတ်အရိပ်လေးခုက ဝဲကို မေ့လျော့သွားခဲ့ကြသည့်အလား အပြင်တွင် ရပ်နေကြဆဲဖြစ်သည်။ သူတို့အားလုံးသည် မန်ဟို့ကို အလွန်စိတ်ဝင်တစား ကြည့်နေကြ၏။
မန်ဟို့နှလုံးသားမှာ ဒုန်းဆိုင်းခုန်နေသည်။ သူ့တွင် မိုးတိမ်ဂုရုကြီးကို အဖက်လုပ်ရန် အချိန်မရှိပေ။ မဟူရာချပ်ဝတ်အရိပ်လေးခု၏မြင်နေရခြင်းက သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးကို ဆူပွက်လာစေပြီး မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ဗြောင်းဆန်လာစေခဲ့သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား ထိုအရိပ်လေးခုနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေလေသည်။
၎င်းက မမြင်ရသောဆက်သွယ်မှုတစ်ခုဖြစ်သော်လည်း မန်ဟိုသည် ၎င်းတို့၏တွေဝေနေမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရ၏။
သူက အသက်ဝဝရှူကာ ပြောလိုက်သည်။ “လာကြ...” စကားလုံး သူ့ပါးစပ်မှ ထွက်သွားသည်နှင့် မဟူရာချပ်ဝတ်အရိပ်များက သူ့ဆီ ရွေ့လျားလာကြသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။
ထိုအမြန်နှုန်းက မိုးထိုးနေသောအသတ်အဖြတ်အငွေ့များဖြင့် မိုးတိမ်ဂုရုကြီး၏အမြန်နှုန်းထက် အဆများစွာမြင့်မားသည်။ သူ အနားပင် မကပ်နိုင်သေးခင် မဟူရာချပ်ဝတ်အရိပ်လေးခုက မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာခဲ့ပြီဖြစ်သည်။
ဤအဖြစ်အပျက်က မိုးတိမ်ဂုရုကြီးကို မှင်သက်သွားစေသည်။ သူ့တွင် သက်တမ်းနှစ်တစ်ရာသာ ကျန်ခဲ့ကောင်း ကျန်ခဲ့မည်၊ ကမ္ဘာပေါ်တွင် သူ့ကို မှင်သက်စေနိုင်သည့်အရာမရှိဟု ယုံကြည်သေး၏။ သို့သော် ဤအခိုက်အတန့်တွင် သူ့မှာ ရင်တုန်လာတော့သည်။
“ဒါက ... “
သူတစ်ယောက်သာ အံ့အားသင့်နေခြင်းမဟုတ်။ ဖန်ရှုတောက်လည်း ပင့်သက်ရှိုက်လိုက်ရပြီး သူ့မျက်ဝန်းများတွင် မယုံနိုင်ဖြစ်နေမှုက အတိုင်းသားပေါ်လွင်နေသည်။ ဖန်မျိုးနွယ်များအပါအဝင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးလည်း ကြက်သေသေသွားကြ၏။
ဤမဟူရာချပ်ဝတ်အရိပ်လေးခုက ..... တာအိုသို့ ဝင်ရောက်တက်လှမ်းရာ၌ တတိယပြစ်ဒဏ်ဖြစ်နေသည်ကို ထည့်တွက်လျှင် သူတို့ မည်ကဲ့သို့ မမှင်သက်ဘဲ နေတော့မည်နည်း။
ယခုတွင် ထိုတတိယပြစ်ဒဏ်သည် ပျောက်ကွယ်သွားမည့်အစား မန်ဟို့စကားကို အမိန့်သဖွယ် နာခံနေသည်။ ထိုမြင်ကွင်းက လူတိုင်းလူတိုင်းအား ချာချာလည်သွားစေတော့သည်။
“အဲဒါ လှည့်ကွက်ပဲ” မိုးတိမ်ဂုရုကြီးက မန်ဟို့ထံ ဆက်လက်ပြေးဝင်လာရင်း အော်သည်။ “မင်းက တောင်ပင်လယ်စစ်သူကြီးတွေကို ဘယ်လိုနည်းနဲ့မှ မထိန်း.....” သို့သော် သူ့မှာ စကားပင်မဆုံးခင် သရဲသဘတ်ကြီးကို မြင်လိုက်ရသကဲ့သို့ တဆတ်ဆတ် တုန်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ...... ကြောက်မက်ဖွယ်အရိပ်လေးခုသည် မန်ဟို့ရှေ့မှောက်၌ ဒူးထောက်လိုက်ကြသည်ကို သူ့မျက်စိနှစ်လုံးဖြင့် မြင်တွေ့လိုက်ရ၍ပင်။
၎င်းတို့က မုဆိုးဒူးထောက်၍ ညာလက်များကို လေပေါ် မြှောက်ထားကြသည်။ ယင်းကား .... ရှေးဟောင်းအင်မော်တယ်လောကတွင် ပြသသော အရိုအသေဆုံးအလေးပြုမှုဖြစ်သည်။ ထိုကဲ့သို့အလေးပြုမှုပုံစံကို အသုံးပြုသော မည်သူမဆိုသည် သူတို့၏စိတ်နှလုံးထဲမှ အရင်းခံသည့် လေးစားရိုသေမှုကို ကြီးမြတ်သူတစ်ယောက်အား ပြသ၍ နှိမ့်ချကျိုးနွံနေကြောင်း သက်သေပြနေခြင်းဖြစ်၏။
အံ့ဩခြင်းလှိုင်းလုံးကြီးများက ဖန်ရှုတောက်၏စိတ်ကို တဝုန်းဝုန်း ဆောင့်တိုက်လိုက်သည်။ သူ့မှာ မြင်နေရသောအရာကို ယုံကိုမယုံနိုင်ဖြစ်နေသည်။ အမှန်တွင် သူသည် မျိုးနွယ်စု၏သမိုင်းနှင့်ပတ်သက်၍ အနည်းအကျဉ်းဖတ်ရှုထားသည့်အပြင် ‘လောကပါလ’ ဆိုသော စကားလုံးကိုလည်း သိထားလေသည်။
သို့သော် ထိုကိစ္စ၌ သူ မရှင်းသော အခန်းကဏ္ဍများစွာ ရှိသေးသည်။ မကြာသေးမီတုန်းက သူ၏ကျင့်ကြံခြင်းအခြေခံပင် အလွန်အရေးပါသောသွေးဆက်အပြောင်းအလဲများ၏ သက်ရောက်ခြင်းခံခဲ့ရလေသည်။ တာအိုသစ်စေ့တစ်စေ့က သူ့ကိုယ်ထဲ၌ ဆိုင်းမဆင့်ဗုံမဆင့် ပေါ်လာခဲ့ရာ သူနှင့် ဖန်ယန်ရှီတို့နှစ်ယောက်သား စုံစမ်းမှုများ ပြုလုပ်ခဲ့ရသည်။ သူတို့သည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ကိုယ်ပွားဆီသို့ပင် အခစားဝင်ရောက်ခဲ့ပြီး ထိုနေရာမှ အဖြေရခဲ့၏။
“မျိုးနွယ်စုရဲ့ သွေးက ပြောင်းလဲသွားခဲ့ပြီ။ ခေါင်းဆောင်ကြီးရဲ့ စိတ်ဆန္ဒ ပေါ်ထွန်းလာခဲ့ပြီ။ သူက တာအိုရဲ့အရင်းအမြစ်၊ ဖန်မျိုးနွယ်စုရဲ့ ထာဝရခေါင်းဆောင်ကြီးပဲ” ယင်းက ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ကိုယ်ပွားမှ ပြောခဲ့သောအရာပင်။ ထိုအချိန်က ဖန်ရှုတောက်မှာ ဆိုလိုရင်းကို သိပ်နားမလည်ခဲ့ပေ။ သို့သော် မန်ဟို့ကို မြင်လိုက်သည်နှင့် သူ့နှလုံးသားသည် အမြုတေအထိ တုန်လှုပ်သွားခဲ့ရ၏။ မန်ဟိုနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ထိတ်လန့်ဖွယ်ကောင်းနေသည်၊ ဖန်ရှုတောက်ကို ရိုသေလေးစားစိတ်၊ ရှိခိုးလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာစေသော အရှိန်အဝါတစ်ခု သူ့တွင် ရှိနေသည်။
မန်ဟိုကား ဖန်မျိုးနွယ်ဝင်တိုင်း၏ သေခြင်းရှင်ခြင်းကို ခြယ်လှယ်နိုင်သလို .... သူတို့သွေးထဲရှိ တာအိုသစ်စေ့များကိုလည်း ထိန်းချုပ်နိုင်နေလေပြီ။
ဖန်ရှုတောက်အတွက် ပို၍ အံ့အားသင့်စရာကောင်းသည်က မန်ဟိုသည် သာမန်မျိုးနွယ်ဝင်မဟုတ်တော့ခြင်းပင်။ သူက တောက်ပနေသောမီးအလင်းရောင်ပမာ ဖြစ်ပြီး ဖန်ရှုတောက်မှာ သူ့အနားကပ်သွားသည်နှင့်အမျှ သူ့သွေးများ ဆူပွက်လာသည်ကို ခံစားနေရသည်။ ထိုမျှသာမက ရှိခိုးလိုစိတ်သည်လည်း ပို၍ပင်ပြင်းထန်လာသည်။
ထိုအခိုက်အတန့်တွင် သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ကိုယ်ပွား ပြောခဲ့သည့်အရာကို ပြန်တွေးမိခဲ့၏။
ထို့နောက်ရှေးမနှောင်းမှာပင် မန်ဟိုက အကြီးအကဲကိုယ်ထဲရှိ တာအိုသစ်စေ့ကို ဖယ်ရှားခဲ့ရာ ဖန်ရှုတောက်၏သံသယများ အလျှင်းပျောက်ကွယ်သွားခဲ့သည် .... မန်ဟိုက ဖန်မျိုးနွယ်စုတွင် ဖြစ်ပွားခဲ့သော အပြောင်းအလဲအားလုံး၏ အကြောင်းရင်းဖြစ်ကြောင်း သူ သေချာသွားခဲ့သည်။ မန်ဟိုက ပထမမျိုးဆက်ခေါင်းဆောင်ကြီး ညွှန်းဆိုခဲ့သော ... သွေးဆက်ထဲရှိ တာအို၏အရင်းအမြစ်၊ ဖန်မျိုးနွယ်စု၏ ထာဝရခေါင်းဆောင်ကြီးပင်။
ထိုအရာများနှင့်တင် ထိတ်လန့်ဖွယ်ကောင်းနေခဲ့ပြီ။ သို့သော် ပို၍ပင် တုန်လှုပ်စရာကောင်းသည်ကား ယခုလေးတင် မဟူရာချပ်ဝတ်အရိပ်များနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့်အရာပင်။ ဖန်ရှုတောက်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့မျက်လုံးများကား ထူးဆန်းစွာ တောက်ပနေ၏။
ဟိုအာက တောင်ပင်လယ်စစ်သူကြီးများကို သူ့အရှေ့တွင် ဒူးထောက်အောင် စေခိုင်းနိုင်သည်... သူတို့ကို ထိန်းချုပ်နိုင်သည် ....... ထိုအဓိပ္ပါယ်က ယခုမှစ၍ ဖန်မျိုးနွယ်ဝင်တစ်ယောက် တာအိုအဆင့် တက်လှမ်းတိုင်း တတိယပြစ်ဒဏ်သည် ကျော်ဖြတ်ဖို့ အလွန်လွယ်ကူသွားမည်ဟု ဆိုလို၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများနှင့် ဖန်မျိုးနွယ်အားလုံး သူတို့အရှေ့တွင် ဖြစ်ပွားနေသောမြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြသည်။ ထိုမြင်ကွင်းအား သူတို့ တစ်သက်မေ့တော့မည်မဟုတ်ပေ။
“ဟိုအာ... မင်း မင်း သူတို့ကို ထိန်းချုပ်နိုင်တယ်လား" ဖန်ရှုတောက်က မသေချာဖြစ်နေသောအသံဖြင့် မေးသည်။
“သူ့ကို သတ်လိုက်” မန်ဟိုလည်း သူကိုယ်တိုင် အဖြေကို သိချင်နေသဖြင့် ရုတ်တရက် ခိုင်းစေလိုက်သည်။ သူက မျက်လုံးများလင်းလက်နေလျက် မိုးတိမ်ဂုရုကြီးကို လက်ညှိုးထိုးလိုက်သည်။
မန်ဟို့အပြုအမူက မိုးတိမ်ဂုရုကြီး၏ ခေါင်းပန်းကြီးသွားစေပြီး သူ့မှာ ကပျာကယာ ဆုတ်သွားတော့သည်။ သူ့တွင် သက်တမ်းနှစ်တစ်ရာသာ ရှိကောင်းရှိလိမ့်မည်၊ ရူးကောင်းလည်း ရူးနေလိမ့်မည်၊ သို့သော် အမှန်တကယ် သေချင်သည်ဟု မဆိုလိုပေ။
ဤအခိုက်အတန့်တွင် သေရခြင်းနှင့် နှစ်တစ်ရာကြာမှ သေရခြင်းကား …. အလွန်ကွဲပြားသောကိစ္စနှစ်ရပ် ဖြစ်သည်။ တတ်နိုင်သမျှကြာကြာ နေထိုင်လိုသည့်အတွက် မန်ဟို၏ခိုင်းစေမှုကြောင့် မဟူရာချပ်ဝတ်အရိပ်များ ထလာသည် မြင်သောအခါ၊ ၎င်းတို့၏အသတ်အဖြတ်အရှိန်အဝါများကို ခံစားရသောအခါ၊ ၎င်းတို့ သူ့ဆီ လာသောအခါ မိုးတိမ်ဂုရုကြီးမှာ ... ကြောက်စိတ်တို့ ဖြစ်ပေါ်လာခဲ့လေပြီ။
သူ ချုပ်ထားခဲ့သမျှ မန်ဟို့အပေါ် ကြောက်စိတ်၊ လန့်စိတ်တို့အားလုံး နောက်ဆုံးတော့ အလုံးအရင်းဖြင့် ပေါက်ကွဲထွက်လာတော့သည်။
“သူ.... သူက ဘယ်သူလဲ။ ဖန်မျိုးနွယ်စုတစ်စုလုံးကို စုရုံးနိုင်တယ်။ ဖန်ရှုတောက်ကို ခယအောင် လုပ်နိုင်တယ်။ ပြီးတော့ တတိယပြစ်ဒဏ် တောင်ပင်လယ်စစ်သူကြီးတွေကို ထိန်းချုပ်နိုင်နေတယ်”
နောက်ဆုံးအချက်က မိုးတိမ်ဂုရုကြီးစဉ်းစားရသရွေ့ အရေးအကြီးဆုံးဖြစ်သည်။ သူသည် မန်ဟို သူ မကျော်လွှားနိုင်ခဲ့သော တာအိုပြစ်ဒဏ်ကို ထိန်းချုပ်နိုင်ကြောင်း မြင်လျှင် သူ့ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ သိထားခဲ့သမျှအရာအားလုံး မှားယွင်းနေခဲ့သယောင်ပင်။
သူ ဆုတ်လိုက်သည့်အချိန်မှာပင် မဟူရာချပ်ဝတ်အရိပ်များက အနားရောက်လာသည်။ မိုးဝေဟင်ကို တုန်ခါစေ၍ ကမ္ဘာမြေကို ကြေမွစေနိုင်သော လူသတ်ငွေ့များသည် ၎င်းတို့ထံမှ အလိပ်လိုက်အလိပ်လိုက် လိမ့်ထွက်လာ၏။ လူသတ်ငွေ့များမှာ အငွေ့အသက်မျှသာ ဖြစ်သော်လည်း အရောင်အဝါများ ပြိုးပြက်လာပြီး ကြယ်တာရာကောင်းကင်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်။ မိုးတိမ်ဂုရုကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ချက်ချင်း ငါးနှစ်၊ ခြောက်နှစ် အိုသွားခဲ့လေပြီ။
ဖန်ရှုတောက်က ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ရောင် ပေါ်လာခဲ့၏။ “ဒဏ္ဍာရီတွေအရ တောင်ပင်လယ်စစ်သည်တွေဟာ ပါရာဂွန်တွေကို အလုပ်ကျွေးပြုပြီး ရှေးဟောင်းစစ်ပွဲတွေမှာ အပြင်သူတွေကို သုတ်သင်ခဲ့တဲ့ ကျင့်ကြသူတွေပဲ။ ကြည့်ရတာ သူတို့က သေခြင်းစိတ်ဆန္ဒကို ခြယ်လှယ်စိုးမိုးနိုင်တဲ့အထိ သတ်ဖြတ်စိတ်တွေကို တည်ဆောက်ထားခဲ့ပုံရတယ်။ ဒဏ္ဍာရီတွေက တကယ်မှန်နေခဲ့တာပဲ”
တစ်ဝက်တစ်ပျက်တာအိုပညာရှင်များသည် လက်ဖျားခါလောက်အောင် အစွမ်းထက်၍ ပုံမှန်အခြေအနေသာဆိုလျှင် ဘယ်တော့မှ လျှော့တွက်ခံရမည်မဟုတ်ပေ။ သို့သော် တောင်ပင်လယ်စစ်သူကြီးများကို တိုက်ခိုက်ရသည့်အခါ .... ၎င်းက မတူညီသောကိစ္စတစ်ရပ် ဖြစ်လာသည်။
စစ်သူကြီးများ၏တန်ခိုးအငွေ့အသက်လေးကပင် မိုးတိမ်ဂုရုကြီး၏ သက်တမ်းကို ငါးနှစ်၊ ခြောက်နှစ်ခန့် ယုတ်လျော့သွားစေရန် လုံလောက်သည်။ ထိုအချက်တစ်ချက်တည်းနှင့် သူတို့မည်မျှ ကြောက်စရာကောင်းသလဲ ပေါ်လွင်ရာ မိုးတိမ်ဂုရုကြီးမှာ ကြောက်စိတ်မွှန်သွားတော့သည်။ သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ လက်ချောင်းအား သူ့အရှေ့သို့ ဝှေ့ယမ်းရင်း အနှစ်သာရစွမ်းအားကို ထုတ်ဖော်လိုက်၏။ သူ စတိုက်ရန် ပြင်နေစဉ် မဟူရာချပ်ဝတ်အရိပ်များထဲမှ တစ်ယောက်က ညာလက်ကို မြှောက်၍ ပိုင်းချလိုက်သည်။
ထိုပိုင်းချမှုက ကြယ်တာရာကောင်းကင်ကို ကွဲထွက်တော့မည့်အလား တဂျုန်းဂျန်း မြည်သွားစေသည်။ မိုးတိမ်ဂုရုကြီး၏အကာအကွယ်အားလုံး ပျက်စီးသွားခဲ့လေပြီ။ သူ့ခန္ဓာကိုယ်မှာ တုန်ရီနေပြီး မျက်စိတစ်မှိတ်အတွင်း သူသည် နောက်ထပ်အနှစ်နှစ်ဆယ် အိုမင်းသွား၏။
ဒုတိယမဟူရာချပ်ဝတ်အရိပ်ကလည်း ပိုင်းချလိုက်သဖြင့် မိုးတိမ်ဂုရုကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြန်သည်။ ထို့နောက် တတိယအရိပ်၊ စတုတ္ထအရိပ်ကလည်း လေးကြိမ်မြောက်ပိုင်းချမှုနှင့်အတူ လိုက်ပါလာသည်။
မိုးတိမ်ဂုရုကြီးမှာ ဤတိုက်ကွက်သုံးကွက်ကို မရှောင်နိုင်သလို၊ ပြန်လည်း မတိုက်ခိုက်နိုင်ပေ။ ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားပြီး သူ့ပါးစပ်မှ သွေးများ ထပ်မံပန်းထွက်သွားသည်။ သူ့မှာ ချက်ချင်းပင် နှစ်နှစ်ဆယ်၊ နှစ်လေးဆယ်၊ နှစ်ခြောက်ဆယ်၊ နှစ်ရှစ်ဆယ် အိုမင်းသွားခဲ့လေပြီ။
ဤအခိုက်အတန့်တွင် သူ့၌ သက်တမ်းနှစ်ဒါဇင်မျှသာ ကျန်တော့သည်။ သူကား အိုမင်းရွတ်နေပြီး သေခြင်းအခိုးအငွေ့ တထောင်းထောင်း ထနေ၏။
“တောင်ပင်လယ်စစ်သူကြီးတွေက တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်ကို ဆုံးမနေတယ်တဲ့လား” ဖန်ရှုတောက်သည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် မဟူရာချပ်ဝတ်အရိပ်များကို အကဲခတ်စောင့်ကြည့်၏။ ရှေးခေတ်တုန်းက ပါရာဂွန်များနှင့်အတူ ဤတောင်ပင်လယ်စစ်သူကြီးများစွာ မရေမတွက်နိုင်သော စစ်မြေပြင်များအပေါ်တွင် တိုက်ခိုက်ခဲ့ကြသော ပုံရိပ်များကိုပင် သူ မြင်ယောင်လာမိသည်။
မန်ဟိုလည်း ဖြစ်ပျက်နေသောမြင်ကွင်းကို စောင့်ကြည့်နေစဉ် စိတ်နှလုံးတုန်လှုပ်လျက်ရှိ၏။ ရုတ်တရက် မိုးတိမ်ဂုရုကြီးက ခေါင်းနောက်လှန်၍ ခါးခါးသီးသီး အော်ရယ်တော့သည်။
“မန်ဟို မင်း ငါနဲ့ တစ်ယောက်-တစ်ယောက်ချင်း တိုက်ရဲလား။ ငါ ဒီတိုက်ပွဲမှာ သေရရင် အနည်းဆုံးတော့ ငါ နောင်တမရှိဘဲ သေနိုင်တယ်” သူသည် တောင်ပင်လယ်စစ်သူကြီးများကို ကြောက်၏။ မြေကြီးလက်ခတ်မလွဲ သေရတော့မည်ဖြစ်ကြောင်း သိသော်လည်း သူ မသေခင် မန်ဟို့ကို သတ်ချင်လေသည်။
မန်ဟိုက မဟူရာချပ်ဝတ်အရိပ်လေးခုထံမှ အကြည့်လွှဲ၍ မိုးတိမ်ဂုရုကြီးကို ကြည့်ကာ တိုက်ခိုက်လိုစိတ်တို့ ပြင်းပြလာသည်။
“တိုက်ခိုက်ချင်တယ်လား ကောင်းပြီ ဆန္ဒပြည့်စေရမယ်” သူက တဒုန်းဒုန်းမြည်သံများကို ထုတ်လွှတ်ရင်း လျှောက်လာသည်။ ရင်သပ်ရှုမောဖွယ်မိုးပြာရောင်အလင်းသည် ဖြာထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း သူကား မိုးတိမ်ဂုရုကြီး၏အရှေ့တည့်တည့်သို့ ရောက်သွားခဲ့လေပြီ။ အင်မော်တယ်တောင်များ ကျဆင်းလာသည်၊ မဟာပေါက်ကွဲခြင်းအစွမ်းသည် ခရမ်းလတစ်စင်းနှင့်အတူ ပေါ်ထွက်လာ၏။ နဝမတောင်ပေါ်လာပြီး သွေးမိစ္ဆာကြီးက ဟိန်းလိုက်သည်။ ၎င်းတို့အားလုံးက မိုးတိမ်ဂုရုကြီးထံ ရိုက်ခတ်လိုက်သော ဝဲဂယက်ကြီး ဖြစ်သွားခဲ့လေပြီ။
မန်ဟိုသည် လွှမ်းမိုးကြီးစိုးနေသောအရှိန်အဝါဖြင့် တရစပ် တိုက်ခိုက်နေသည်။ သူ့လက်အဝှေ့က နတ်မီးတောက်အဆီအနှစ်ကို မီးတောက်မီးလျှံများ ဖန်ဆင်းစေရင်း ဖြာထွက်သွားစေ၏။ မိုးတိမ်ဂုရုကြီး၏မျက်နှာမှာ ဖြူဖျော့နေပြီး သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ နတ်ဘုရားစွမ်းရည်များစွာ ဆင့်ခေါ်လိုက်သည်။ မျက်တစ်မှိတ်အတွင်း သူနှင့် မန်ဟိုကား တိုက်ကွက်ပေါင်းရာချီ ဖလှယ်ခဲ့ပြီးလေပြီ။
တိုက်ပွဲသည် ဂြိုဟ်သိမ်ကွင်းပြင်ထဲရှိ ဂြိုဟ်သိမ်များအား ကြေမွနေစေရင်း အလွန်တရာခမ်းနားလှ၏။ ဟင်းလင်းပြင်မှာ တုန်ခါနေရပြီး ကြယ်တာရာကောင်းကင်လည်း ထစ်ချုန်းအော်မြည်နေသည်။ တစ်ချိန်တည်းမှာပင် မိုးတိမ်ဂုရုကြီး၏သက်တမ်းသည် ဆက်တိုက်ယုတ်လျော့လာခဲ့၏။
၁၃ နှစ် ၊ ၉ နှစ်၊ ၆ နှစ်၊ ၃ နှစ် ... ၁ နှစ်
၁၀ လ၊ ၇ လ၊ ၅ လ၊ ၃ လ ... ၁ လ
၂၇ ရက်၊ ၂၀ ရက်၊ ၁၃ ရက်၊ ၆ ရက် ... ၁ ရက်
မန်ဟို့ချီနှင့်သွေးများ ပွက်နေပြီး သူ၏တိုက်ခိုက်လိုစိတ်သည် တဟုန်ထိုးမြင့်မားနေ၏။ သူက ရှေ့တစ်လှမ်းတက်ကာ လက်သီးထိုးချလိုက်သည်။
၎င်းကား အသက်နုတ်လက်သီးပင်၊ နတ်ဆိုးလက်သီးနှင့် နတ်ဘုရားသုတ်သင်လက်သီးက နောက်ဆက်တွဲ လိုက်ပါလာသည်။
“သေလိုက်စမ်း” သူက ဆူဝေနေသောသတ်ဖြတ်လိုစိတ်တို့ဖြင့် ဟိန်းဟောက်လိုက်သည်။
ဤလက်သီးချက်သုံးချက်က မိုးတိမ်ဂုရုကြီးကို မဟူရာချပ်ဝတ်အရိပ်များဆီမှ ခံစားခဲ့ရသည်ထက် အားမနည်းသော အန္တရာယ်ကပ်ဘေးကို ခံစားလိုက်ရစေသည်။ သူက ခေါင်းနောက်လှန်၍ ခါးခါးသီးသီး ဟစ်ကြွေးကာ အစွမ်းကုန်တိုက်ခိုက်လိုက်သည်။ မန်ဟိုက လောကပါလတာအိုအင်မော်တယ်နယ်ပယ် တစ်ပိုင်းအဆင့်ဖြစ်ပြီး မိုးတိမ်ကား သေလုမြောပါးဖြစ်နေသော တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက်ပင်။
သူတို့သည် ကြယ်တံခွန်ကြီးများသဖွယ် တစ်ယောက်ကို တစ်ယောက် ဝင်တိုက်လိုက်ရာ အရောင်အဝါများ လင်းလက်ပြိုးပြက်၍ လေပြင်းတစ်ချက် ဆောင့်ဟပ်သွားစေသည်။
လေဆင်နှာမောင်းကြီးတစ်လုံးက လူတိုင်း၏မြင်ကွင်းကို ပိတ်ကွယ်ရင်း လည်တက်သွားသည်။ သို့သော် ၎င်းရှင်းလင်းသွားသောအခါ မန်ဟိုက နတ်စစ်သည်တော်ကြီးပမာ ကြယ်တရာကောင်းကင်ထဲတွင် ပျံဝဲနေသည်။
သူ့အရှေ့တွင်တော့ မိုးတိမ်ဂုရုကြီးသည် ခံရခက်နေသောမျက်နှာထားဖြင့် မန်ဟို့ကို ကြည့်ရင်း ပါးစပ်မှ သွေးများ စီးကျနေ၏။ သူ နောင်တအကြီးအကျယ် ရနေစဉ် သူ့ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်၍ .... ကြယ်တာရာကောင်းကင်ထဲတွင် မျောလွင့်ပျောက်ကွယ်သွားသော ပြာဘဝရောက်သွားတော့သည်။
ဤအခိုက်အတန့်တွင် မဟူရာချပ်ဝတ်အရိပ်လေးခုက လက်ယှက်၍ မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးကြသည်။
ဖန်ရှုတောက်နှင့် ဖန်မျိုးနွယ်များမှာ ရုတ်တရက် မန်ဟို့ကိုယ်ထဲရှိအရာနှင့် တူညီသောတစ်စုံတစ်ခုသည် သူတို့ကိုယ်ထဲ၌ မိုးပြာရောင်တောက်လာသည်ကို ခံစားလိုက်ကြရ၏။
“ဖန်မျိုးနွယ်စုရဲ့ ထာဝရခေါင်းဆောင်ကြီး....” ဖန်ရှုတောက်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။