တစ်မျိုးနွယ်လုံး ဂါဝရပြုဖို့ သွားရောက်ခြင်း
Vol. 84 Ch. 1165
မိုးတိမ်ဂုရုကြီးကား ခန္ဓာနှင့်တကွ ဝိညာဉ်ပါ ဖျက်စီးခံခဲ့ရလေပြီ။
သူ သေသွားသောအခါ မဟူရာချပ်ဝတ်အရိပ်များက မန်ဟို့ကို ဂါဝရပြုပြီးနောက် ဝဲထဲသို့ ပြန်ဝင်သွားသော အလင်းတန်းများအသွင် ပြောင်းသွားကြသည်။ ဝဲသည် အချိန်အတော်ကြာကတည်းက လည်ခြင်းမရှိတော့၍ ယခုတွင် တွင်းနက်ကြီးနှင့်တူနေ၏။ အရိပ်လေးခု အထဲ၌ ပျောက်ကွယ်သွားလျှင် တွင်းနက်ဝဲလည်း ပျောက်သွားသည်။
ထိုအခါ ကြယ်တာရာကောင်းကင်ထဲရှိ လှိုင်းဂယက်များလည်း မှေးမှိန်ပြိုကွဲသွားပြီး ဟင်းလင်းပြင်လည်း တုန်ခါနေခြင်း ရပ်တန့်သွားသည်။ တာအိုသို့တက်လှမ်းခြင်းနှင့်အတူ လိုက်ပါခဲ့သော ဖိအားလည်း ပျောက်ကွယ်သွားခဲ့ကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
သို့သော် .... မိုးတိမ်ဈေးကတော့ နာမည်အသစ်တွင်ခဲ့လေပြီ။ ၎င်းက ဖန်မျိုးနွယ်စု၏ အမာခံနယ်မြေအသစ် ဖြစ်လာခဲ့သည်။
ဖန်ရှုတောက်မှာ အသက်ဝဝရှူရင်း သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေသော အံ့ဩထိတ်လန့်မှုကို ဖုံးကွယ်လိုက်သည်။ သူသည် မန်ဟို့ကို တခဏ လေးလေးနက်နက် ကြည့်၍ လက်ဝှေ့ယမ်းကာ ဂြိုဟ်သိမ်ကွင်းပြင်ပတ်ပတ်လည်ရှိ အကာအကွယ်ကို ဖယ်ရှားလိုက်၏။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများလည်း ပြန်ဖွင့်လာခဲ့၍ ကြောက်လန့်နေသောကျင့်ကြံသူများမှာ ထွက်ခွာသွားကြတော့သည်။
သူတို့က ထွက်သွားကြစဉ် မန်ဟို့ကို ကြောက်ကြောက်လန့်လန့် လှမ်းကြည့်ကြည့်သွားကြသည်။ သူတို့အတွက် မန်ဟိုကား အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ စီနီယာမျိုးဆက်မှ အစွမ်းထက်ပညာရှင်တစ်ဦးသဖွယ် ဖြစ်နေချေပြီ။ သူက သူတို့လုံးဝမယှဉ်နိုင်သော အင်အားကြီးမားသည့်လူတစ်ယောက်ဖြစ်နေခဲ့ပြီ။။
မန်ဟို့ကို အတိုက်အခံလုပ်ခဲ့မိသော မိုးတိမ်ဂုရုကြီး၏ မရှုမလှနိဂုံးနှင့် အစုလိုက်အပြုံလိုက်ကွပ်မျက်ပစ်သည့် သတင်းက ထိုကျင့်ကြံသူများမှတစ်ဆင့် နဝမတောင်ပင်လယ်တစ်ခွင် ပျံ့နှံ့စပြုလာတော့သည်။
ထိုသတင်းကြောင့် မန်ဟို့နာမည်သည် ဟိုးလေးကျော်လာပြန်ရာ ဂိုဏ်းနှင့်မျိုးနွယ်စုအားလုံး တုန်လှုပ်သွားကြပြီး မန်ဟိုကား ဂျူနီယာမျိုးဆက်အဖြစ် သတ်မှတ်၍မရတော့သော လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြ၏။ သူက တစ်ဝက်တစ်ပျက်တာအိုပညာရှင်များနှင့် တစ်ဆင့်တည်းဖြစ်လောက်သည်၊ သို့မဟုတ် ထို့ထက်ပင် မြင့်မားလောက်သေးသည်။
ဤကိစ္စတစ်ရပ်လုံးအပေါ် ဖန်မျိုးနွယ်စု၏သဘောထားက အကြောင်းစုံ ရှင်းပြခဲ့သည်။ တစ်ယောက်ယောက်သာ မန်ဟို့ကို ရိုင်းပျရဲလျှင် ... ဖန်မျိုးနွယ်စုတစ်စုလုံးသည် ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း အကုန်လုံး သိသွားကြလေပြီ။
မိုးတိမ်ဈေး၏ တပည့်များဖြစ်ခဲ့သော ပန်းခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူများမှာတော့ အညံ့ခဲ့ကြပြီး ကတုန်ကယင် ရပ်နေကြသည်။ သစ္စာစောင့်သိစေနိုင်မည့်နည်းလမ်းများစွာ ပိုင်ဆိုင်ထားသည့် ဖန်မျိုးနွယ်စုက သူတို့ကို လက်ခံလိုက်လေသည်။
လူအုပ်ကြီး အလျှိုလျှိုထွက်ခွာသွားကြ၍ မကြာမီ ဂြိုဟ်သိမ်ကွင်းပြင်တွင် ဖန်မျိုးနွယ်များသာ ကျန်ရစ်ခဲ့သည်။ စုစုပေါင်း ရာဂဏန်းမျှရှိသော မျိုးနွယ်ဝင်များသည် ရိုသေလေးစားမှုအပြည့်ဖြင့် မန်ဟို့ကို ကြည့်နေကြ၏။
ဤလူကား ... သူတို့၏အိမ်ရှေ့မင်းသားပင်။
သူတို့၏အိမ်ရှေ့မင်းသားသည် တစ်ဝက်တစ်ပျက်တာအိုပညာရှင်များဖြင့် တိုက်ခိုက်နိုင်သည်သာမက သတ်ပင် သတ်ပစ်နိုင်သည်။ ထိုကဲ့သို့ ကျင့်ကြံအဆင့်၊ အဆင့်အတန်းမျိုးကား မျိုးနွယ်စုတစ်စုလုံးအား အားမာန်တက်ကြွသွားစေရန် လုံလောက်ပေသည်။
အရေးအကြီးဆုံးမှာတော့ ဖန်မျိုးနွယ်ကျင့်ကြံသူအားလုံး၏ ကိုယ်ထဲရှိ တာအိုသစ်စေ့ပင်။ ထိုသစ်စေ့ကြောင့် သူတို့သည် မန်ဟို့ကို သဘာဝအလျောက် ပို၍ပင် လေးစားမိကြ၏။
ယင်းသည် ပြင်းထန်သော မသိစိတ်ဖြစ်၍ မန်ဟို တစ်ဝက်တစ်ပျက်တာအိုပညာရှင်တစ်ယောက်ကို သုတ်သင်လိုက်သည့် ခမ်းနားကြီးကျယ်သောမြင်ကွင်းကို မျက်မြင်တွေ့ရပြီးနောက် ပေါက်ကွဲထွက်လာခဲ့ရာ သူတို့၏မျက်ဝန်းများတွင် မန်ဟို့အား အရူးအမူးကြည်ညိုလေးစားမှုတို့ဖြင့် ပြည့်သျှမ်းသွားစေသည်။
အကြီးအကဲများမှာတော့ တုန်လှုပ်ကုန်ကြသည်။ အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့က မိုးတိမ်ဈေးဟောင်းကို ဝေ့ကြည့်လိုက်ကြ၏။ ဤနေရာမှာ နေရာအကျယ်အဝန်းနှင့် ရာဇဝင်ကြောင့်... အလားအလာကောင်းသော ရွှေတွင်းကြီးဖြစ်၍ ၎င်းကို ဦးစီးဖို့ တာဝန်ပေးအပ်ခံရမည့် မည်သည့်မျိုးနွယ်ဝင်မဆို ပြောမပြနိုင်အောင် များပြားသော အကျိုးအမြတ်များကို ခံစားရမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မဟာအကြီးအကဲဖန်သုံ့တျန်းက လက်ရှိအရေးကြီးနေသည့် ဈေးကိစ္စကို ဖော်ပြရင်း စကားစလိုက်သည်။ "ဟိုအာ" သူက ခေါ်သည်။ “မျိုးနွယ်စုထဲက ဘယ်သူက ဒီဈေးကို ဦးစီးဖို့ အသင့်တော်ဆုံးဖြစ်မယ်ထင်လဲ”
သူ့စကားက … မန်ဟို့တွင် လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံး ရှိကြောင်း ကျန်အကြီးအကဲများအား သက်သေပြလိုက်လေပြီ။
မန်ဟိုက မိုးတိမ်ဂုရုကြီး ပျောက်ကွယ်သွားခဲ့သော နေရာကို ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း လှည့်လာပြီး ဖန်ရှုတောက်နှင့် မဟာအကြီးအကဲ ဖန်သုံ့တျန်းအား လက်ယှက်အရိုအသေပေးသည်။
“ဘိုးဘိုးကြီး၊ မဟာအကြီးအကဲ။ ဖန်ရွှီက ဒီဈေးကို ဦးစီးဖို့ အသင့်တော်ဆုံးဖြစ်မယ် ထင်ပါတယ်” သူက အပြုံးတစ်စဖြင့် ပြောသည်။ “မျိုးနွယ်စုထဲမှာ သူ့အတွက် အခွင့်အလမ်းတွေက အကန့်အသတ်ရှိတယ်မဟုတ်လား။ ဒီနေရာက သူ ရင့်ကျက်လာဖို့အတွက် အကောင်းဆုံးနေရာတစ်နေရာ ဖြစ်ပါလိမ့်မယ်” ဤဈေးကို နာမည်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကတည်းက ဖန်ရွှီကို သူ စဉ်းစားထားခဲ့ပြီးဖြစ်သည်။ ဤနေရာ မည်မျှတန်သလဲ ထည့်တွက်လျှင် တခြားသူထက် ဖန်ရွှီ့ကို ပေးလိုက်သည်က ပိုကောင်းလိမ့်မည်။
“ဖန်ရွှီက တော်တဲ့ကလေးတစ်ယောက်ပဲ” ဖန်ရှုတောက်က နူးညံ့ကြင်နာစွာ ပြုံးရင်း ချီးကျူးသည်။ “ဒါဆိုလည်း သူ့ ပေးလိုက်ကြစို့” သူ့အတွက် ဤနေရာမှာ ဈေးလေးတစ်ဈေးမျှသာ ဖြစ်သည့်အတွက် မန်ဟို့ကို ငြင်းဖို့ စိတ်ပင်ကူးမနေပေ။ မန်ဟို့အဆင့်အတန်းကို တွေးမိတိုင်း သူ့မှာ ရင်တုန်သွားရသည်မဟုတ်ပါလော။
သို့သော် မန်ဟိုက သူ့အဆင့်အတန်းကို မျိုးနွယ်စုတွင် လူသိထင်ရှားကြေညာဖို့ စိတ်ဝင်စားပုံမရပေ။ ဤသတင်းသာ ပြန့်သွားခဲ့ပါက နဝမတောင်ပင်လယ်တစ်ခုလုံး အုံးအုံးကျွက်ကျွက်ထ ပွက်လောရိုက်သွားလိမ့်မည်။ အမှန်တွင် ၎င်းက တောင်ပင်လယ်လောကတစ်ခုလုံးရှိ အင်အားမျှခြေအပေါ်ပါ လွှမ်းမိုးမှုရှိနိုင်သည်။
ဖန်ရှုတောက်သည် လောကပါလမျိုးနွယ်စုများအကြောင်း အနည်းအကျဉ်းနားလည်သော်လည်း သိပ်များများစားစားတော့ မဟုတ်ပေ။ သူ့အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မန်ဟိုနှင့် တိုင်ပင်ဖို့ လိုအပ်ပြီး ဖန်မျိုးနွယ်စု မြန်မြန်ဆန်ဆန် အင်အားကြီးမားလာကာ စစ်မှန်သောလောကပါလမျိုးနွယ်စုတစ်စုဖြစ်အောင် ဦးဆောင်လမ်းပြဖို့ အကောင်းဆုံးဖြစ်မည့် နည်းလမ်းကိုလည်း ဆုံးဖြတ်ရမည်။ ဖန်ရှုတောက်သည် ထိုအကြောင်းကို တွေးမိသောအခါ မန်ဟို့ကို ပို၍ပင် အလေးထားဆက်ဆံတော့၏။
“ဟိုအာ သွားစို့” သူက အားရဝမ်းသာစွာ ရယ်ရင်း ပြောသည်။ “မင်း အရှေ့အောင်ပွဲဂြိုဟ်ကို မရောက်တာ ကြာပြီ။ မင်းရဲ့ကျင့်ကြံအဆင့်နဲ့ အတိုက်အခိုက်စွမ်းရည်ကို ဘိုးဘိုးကြီး စမ်းသပ်ရဦးမယ်”
မန်ဟိုက လေးလေးစားစား လက်ယှက်၍ ဖန်ရှုတောက်ကို ကြည့်ကာ ဆိုသည်။ “အရှေ့အောင်ပွဲဂြိုဟ်ကို ပြန်ဖို့ မလောပါနဲ့ဦး ဘိုးဘိုးကြီး။ ကျွန်တော် အဖေနဲ့အမေကို ဂါဝရပြုဖို့ တောင်ကောင်းကင်ဂြိုဟ်ဆီ ပြန်မလို့ပါ”
ဖန်ရှုတောက်က အံ့ဩသွားပြီး မန်ဟို့ကို လေးလေးနက်နက် ကြည့်သည်။ နောက်ဆုံးတွင် သူက ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။
“တကယ်ပဲ မင်းကတော့ ဖန်မျိုးနွယ်စုရဲ့ ချီလင်နဂါးလို့ ခေါ်ထိုက်ပါပေတယ်။ ပြိုင်ဘက်ကင်း ၊ အနှိုင်းမဲ့ရုံတင်မကဘူး သားလိမ္မာလေးတစ်ယောက်လည်း ဖြစ်နေပါလား။ သိပ်ကောင်းတယ်။ ငါ တော်တော်နမော်နမဲ့နိုင်တာပဲ။ ဟုတ်တာပေါ့ အရင်ဆုံး တောင်ကောင်းကင်ဂြိုဟ်ဆီ သွားသင့်တာ
“မင်းအဖေက ဖန်မျိုးနွယ်စုရဲ့ ချီလင်သားတော်ကို မွေးပေးခဲ့တဲ့အပြင် တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်ဖို့တောင် သွားပေးခဲ့တယ်။ မျိုးနွယ်စုအတွက် သူရဲ့တာဝန်မှာ အခက်အခဲပေါင်းများစွာ ပါဝင်ခဲ့တယ်။ တကယ်တော့ ငါတို့ဖန်မျိုးနွယ်စုအနေနဲ့ ... သူ့ကို ပြန်ကြည့်ရှုပေးရမှာ
“ကဲ အခု ဒီနေရာမှာ ငါ အမိန့်တော်ထုတ်ပြန်တယ်။ ဖန်ရှုံ့ဖုန်းဟာ မျိုးနွယ်စုခေါင်းဆောင်အသစ်ပဲ။ ရှုံ့ဖုန်း တောင်ကောင်းကင်ဂြိုဟ်မှာပဲ နေရရ၊ မနေရရ မျိုးနွယ်စုရဲ့ ကျင့်ကြံသူအားလုံး သူ့ကို ဂါဝရပြုသင့်တယ်
“ရှုံ့ဖုန်း ရှေးဟောင်းနယ်ပယ်ကနေ တာအိုနယ်ပယ် တက်လှမ်းနိုင်အောင် ငါကိုယ်တိုင် ဓမ္မအစောင့်အဖြစ် ကူညီပေးမယ်” ဖန်ရှုတောက်က အင်္ကျီလက်စကို ခါကာ တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်သည်။
“သုံ့တျန်း မျိုးနွယ်စုကို အမိန့်ပို့လိုက်။ အဆင့် ၅ အင်မော်တယ်အဆင့်နဲ့ အဲဒီထက်မြင့်တဲ့ မျိုးနွယ်ဝင်တိုင်း တောင်ကောင်းကင်ဂြိုဟ်ဆီ သွားဖို့ ချက်ချင်း ပြင်ဆင်ကြရမယ်။ မျိုးနွယ်စုခေါင်းဆောင်ဘွဲ့ ချီးမြှင့်မယ့်ကိစ္စကို မျက်မြေသက်သေတည်ဖို့ အကြီးအကဲတွေလည်း တစ်ယောက်မကျန် သွားရမယ်
“နဝမတောင်ပင်လယ်က ဂိုဏ်းအားလုံး၊ မျိုးနွယ်စုအားလုံး ဖန်ရှုံ့ဖုန်းဟာ ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ်ဆိုတာ သိစေရမယ်။ နဝမတောင်ပင်လယ်တစ်ခုလုံး သူ့ကို လေးစားရမယ်”
ဖန်ရှုတောက်၏ကြေညာချက်က ဖန်မျိုးနွယ်ဝင်အားလုံး၏ စိတ်ထဲတွင် တဂျိန်းဂျိန်း ထစ်ချုန်းသံများ မြည်ဟည်းသွားစေသည်။ အကြီးအကဲများ ပင့်သက်ရှိုက်ကုန်ကြသည်။ ဖန်ရှုံ့ဖုန်း မျိုးနွယ်စုခေါင်းဆောင်အဖြစ် တင်မြှောက်ခံလိုက်ရခြင်းက ကိစ္စကြီးတစ်ရပ်ဖြစ်သည်။ ဖန်ရှုတောက်ပင် ဟန်ပြမျိုးနွယ်စုခေါင်းဆောင်သာ ဖြစ်ခဲ့သည်မဟုတ်လော။
မျိုးနွယ်စုခေါင်းဆောင်တစ်ဦးသည် တစ်မျိုးနွယ်စုလုံး၏ ခေါင်းဆောင်ဖြစ်၏။ ရာထူးအရရော၊ အဆင့်အတန်းအရပါ ကြီးကျယ်မြင့်မားသည်။ နဝမတောင်ပင်လယ်တစ်ခုလုံးတွင် ထိုကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်ကား အတိုင်းထက်အလွန် အရေးပါပေသည်။
ဤလုပ်ရပ်သည် ဖန်ရှုတောက် မန်ဟို့အပေါ် ထားရှိသော သဘောထားကို ပြသခဲ့၏။ ၎င်းက အတိတ်တုန်းက အစိုင်အခဲများကို ဖြေရှင်းလိုက်သော နည်းလမ်း၊ မန်ဟို ယခု မည်မျှအရေးပါကြောင်း ပြသလိုက်သော ပုံစံဖြစ်သည်။
ထို့ပြင် ယင်းသည် ပထမဆုံးလက်ဆောင်သာ ရှိသေးသည်။ ဒုတိယလက်ဆောင်အဖြစ် .... အစွမ်းထက်တာအိုနယ်ပယ်ပညာရှင်များ ဖြစ်ကြသော ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့သည် ဖန်ရှုံ့ဖုန်း တာအိုနယ်ပယ်သို့ တက်လှမ်းနိုင်အောင် ထောက်ပံ့ကူညီပေးမည်။
သူတို့၏အကူအညီနှင့် မျိုးနွယ်စု၏ထောက်ပံ့မှုကို ထည့်တွက်လျှင် ဖန်ရှုံ့ဖုန်းအတွက် တာအိုနယ်ပယ်သို့ ဝင်ရောက်သောအခါ ကြုံတွေ့ရမည့် အန္တရာယ်အား များစွာ လျှော့ချနိုင်မည်။ သို့ထိတိုင် သူ့အနေဖြင့် မအောင်မြင်နိုင်သေးလျှင်တော့ ... ဖန်မျိုးနွယ်စု၏အမှားမဟုတ်တော့ ၊ ဖန်ရှုံ့ဖုန်းကိုယ်တိုင် မှားနေ၍သာ ဖြစ်မည်။
နဝမတောင်ပင်လယ်ရှိ မျိုးနွယ်စုမည်မျှ ယခုလို အထောက်အပံ့အပြည့်အဝပေးနိုင်သည်လဲ ရေတွက်ကြည့်လျှင်တော့ ... လက်တစ်ဖက်တည်းနှင့် ရေတွက်၍ရသည်။
ဤလက်ဆောင်နှစ်ခုသည် မန်ဟိုပင် မှင်သက်သွားမိသည်အထိ မယုံနိုင်စရာ ကောင်းလွန်းသည်။ ထို့ကြောင့် သူသည် ဖန်ရှုတောက်ဘက် လှည့်၍ လက်ယှက်ကာ ခါးကိုင်းအရိုအသေပေးလိုက်၏။
ကျန်တိုက်ရိုက်သွေးဆက်အကြီးအကဲများမှာ လွန်စွာ စိတ်လှုပ်ရှားနေကြပြီး ဖန်ရှုတောက်ကို အရိုအသေပေးပြီးနောက် ဖန်သုံ့တျန်းနှင့်အတူ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲ ပျံသန်းသွားကြသည်။
နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲမဝင်ခင် ဖန်သုံ့တျန်းက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်လှည့်ကြည့်သည်။ သူသည် အတိတ်တုန်းက အမှားများ လုပ်ခဲ့မိကြောင်း သိ၍ သူ၏လက်ရှိလုပ်ဆောင်မှုများက ထိုအမှားကို ဖြန်ဖြေနိုင်ပါစေရန် မျှော်လင့်နေ၏။
ဖန်ရှုတောက်က တဟားဟားရယ်ပြီး မန်ဟို့ကို လှမ်းကြည့်သည်။ "ဟိုအာ” သူက ပြောသည်။ “လောနေစရာမလိုပါဘူးကွ။ လာ လာ မင်းနဲ့ငါ အရင်သွားကြစို့။ ကျန်တဲ့မျိုးနွယ်ဝင်တွေ လူစုပြီးတာနဲ့ ငါတို့အားလုံး ဖန်မျိုးနွယ်စုခေါင်းဆောင်ကို ဂါဝရပြုဖို့ တောင်ကောင်းကင်ဂြိုဟ်ဆီ သွားနိုင်ပြီ”
မန်ဟိုလည်း ဖန်ရှုတောက်နှင့်အတူ နေရာရွှေ့ပြောင်းမုခ်ဝတစ်ခုထဲ ဝင်ရောက်ကာ နှစ်ယောက်သား ပျောက်ကွယ်သွားတော့သည်။
သူတို့ ထွက်သွားကြသည့်တိုင် ဖန်မျိုးနွယ်စုက ဆူညံပွက်လောရိုက်နေဆဲပင်။ မျိုးနွယ်ဝင်များ အရှေ့အောင်ပွဲဂြိုဟ်သို့ ပြန်ရောက်လာပြီးနောက် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး တစ်မျိုးနွယ်လုံး ထလှုပ်ရှားကြတော့၏။
တချို့က ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ကြသော်လည်း ဖန်ရှုတောက်၏အမိန့်ကို မဖီဆန်ရဲကြပေ။ ထိုမျှသာမက ဖန်ယန်ရှီသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ကာ မျိုးနွယ်စု တစ်ပေါင်းတစ်တည်းဖြစ်အောင် သူ့ရာထူးအာဏာကို အသုံးချ၍ ထိန်းချုပ်ကိုင်တွယ်၏။ ဖန်မျိုးနွယ်များ စုရုံးနေရာယူပြီးရန် သိပ်မကြာလိုက်ပေ။ မျိုးနွယ်ဝင်ဆယ်သိန်းကျော်သည် အတန်းလိုက်စီ၍ တောင်ကောင်းကင်ဂြိုဟ်သို့ ဦးတည်နေသည့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲ ဝင်ရောက်သွားကြသည်။
ဖန်မျိုးနွယ်စု ပျာယာခတ်လှုပ်ရှားနေသည့် သတင်းက အရှေ့အောင်ပွဲဂြိုဟ်တစ်ဝန်း ပျံ့နှံ့လာခဲ့၍ ဂိုဏ်အားလုံး၊ မျိုးနွယ်စုအားလုံး လျင်မြန်စွာ သိရှိသွားကြပြီး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြတော့သည်။
ခုနစ်ရက်ကြာသော် နေရာရွှေ့ပြောင်းမုခ်ဝရောင်စဉ်သည် တောင်ကောင်းကင်ဂြိုဟ်၏အပြင်တွင် တောက်ပလာ၏။ ထို့နောက် အလင်းတန်းများ ဖြာထွက်လာကာ ဖန်မျိုးနွယ်ဝင်များ တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ထွက်လာကြသည်။ သူတို့ တောင်ကောင်းကင်ဂြိုဟ်၏အပြင် ကြယ်တာရာကောင်းကင်ထဲတွင် စီတန်းနေရာယူနေကြစဉ် သူတို့၏အရေအတွက်သည် အစနှင့်အဆုံးကိုပင် မမြင်ရတော့သည့်တိုင်အောင် ပြည့်ကြပ်လာကြ၏။
သူတို့အားလုံးကား ဖန်မျိုးနွယ်စု၏ အခမ်းအနားဝတ်ရုံများကို ဝတ်၍ အရှေ့အောင်ပွဲဂြိုဟ်ကို မျက်နှာမူရင်း ပျံဝဲနေကြသည်။
ဖန်ယန်ရှီက ဆေးလုံးအကြီးအကဲနှင့်အတူ သူတို့အရှေ့တွင် ရပ်နေသည်။ သူတို့အနောက်တွင်တော့ အကြီးအကဲများ၊ အကြီးအကဲများ၏အနောက်တွင် တိုက်ရိုက်သွေးဆက်များ။ နောက်ဆုံးတွင်မူ သာမန်မျိုးနွယ်ဝင်များ အတန်းလိုက် နေရာယူထားကြသည်။ ၎င်းသည် ကြယ်တာရာကောင်းကင်ကို တုန်ရီ၍ ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေသော ကြီးကျယ်ခံ့ညားသောမြင်ကွင်းတစ်ခု ဖြစ်ပေ၏။
ဤအခိုက်အတန့်တွင် မန်ဟိုနှင့် ဖန်ရှုတောက်က နေရာရွှေ့ပြောင်းခြင်းမုခ်ဝနောက်တစ်ခု၏ အလင်းရောင်ထဲမှ ထွက်လာကြသည်။ ဖန်ရှုတောက်၏အမူအရာကား ပုံမှန်အတိုင်းသာ ထင်ရသော်လည်း သူ့မျက်လုံးများသည် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှု၊ ဝမ်းသာပျော်ရွှင်မှုဖြင့် လင်းလက်နေ၏။ ဖန်ရှုတောက် အနားရောက်လာသောအခါ ဖန်ယန်ရှီက ၎င်းကို သတိထားမိလိုက်သည်။ ဖန်ရှုတောက်က သူ့ကို မြင်လျှင် ခေါင်းညိတ်ပြ၏။
ဖန်ယန်ရှီ ချက်ချင်း သတိပြုလိုက်သည့်တစ်ခုမှာတော့ ဖန်ရှုတောက်က မန်ဟို့အနောက်တွင် သူ့ကိုယ်သူ ရပ်လိုက်စေခြင်းပင်။ သူသည် ခြေလှမ်းတစ်ဝက်မျှသာ ခွာထား၍ သိပ်မသိသာသော်လည်း ဖန်ယန်ရှီအတွက်တော့ ထင်ရှားသည်။
ဖန်ယန်ရှီ၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာတော့သည်။
မန်ဟိုက ဖန်မျိုးနွယ်အစွမ်းထက်ကျင့်ကြံသူအားလုံး၏ ရှေ့တွင် ပျံဝဲနေသည်။ သူ့နှလုံးသားသည် ဂုဏ်ယူမှုမာနဖြင့် ဆူပွက်နေ၏။ နောက်ဆုံးတော့ ...... သူ အိမ်ပြန်ရောက်လာခဲ့ပြီ။