ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အချိန်ခရီးသွားအဖြစ်အပျက်
Vol. 61 Ch. 808
ရွာလူကြီးက လေးနက်သောအမူအရာဖြင့် တိုးညှင်းစွာ ပြောသည်။ “မူအာ၊ ကျောက်စိမ်းပြားကို သိမ်းထား... မလိုအပ်ဘဲ အာရုံအစိုက်မခံနဲ့... သူတို့ ဘယ်ကလာလဲ ကြည့်ရအောင်”
ချင်မူ လက်ကို မှောက်လိုက်သည့်အခါ သူ့လက်ထဲရှိ ကျောက်စိမ်းပြား ပျောက်ကွယ်သွားသည်။
ကူးခတ်လာသည့် ခွန်ပြာကြီးတွင် အလွန်တရာ အားကောင်းသော အရှိန်အဝါရှိ၍ မြစ်ချောင်းပင်လယ်များကို လှန်မှောက်ပစ်ရန်မှာ ၎င်းအတွက် ပြဿနာမဟုတ်ပေ။ တစ္ဆေသင်္ဘော၏ အလင်းရောင်အောက်တွင် ခွန်ပြာကြီးသည် နတ်ဘုရားတစ်ပိုင်းများကို သင်္ဘောကြီး၏ဘေးသို့ သယ်ဆောင်သွား၏။
ယွီလင်နန်းစောင့်တပ်ဖွဲ့၏ စစ်သင်္ဘောနှင့် ယှဉ်လျှင် ဤခွန်ကြီးမှာ များစွာ သေးငယ်နေသည်။
ချင်မူသည် ခွန်များနှင့် မစိမ်းပေ။ လွန်ခဲ့သည့် နှစ်တစ်သန်းတုန်းက ကောင်းကင်နတ်မြစ်ထဲတွင် ခွန်များစွာ ကျင်လည်ကျက်စားခဲ့ကြသည်။ ထိုခွန်များသည် ရေပြင်နှင့် ဝေဟင်တွင် ကူးခတ်ပျံသန်းနိုင်သော နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြ၏။
ထိုခေတ်အခါတုန်းက ကောင်းကင်နတ်မြစ်၏ ခွန်များမှာ နိစ္စဒူဝဆေးလုံးများ မှီဝဲနိုင်ရန်အတွက် လူသားများကို သယ်ယူပို့ဆောင်ပေးလေ့ ရှိခဲ့ကြသည်။
ယခု ခွန်ပြာကြီး၏ အပေါ်ရှိ နတ်ဘုရားတစ်ပိုင်း အတော်များများသည် လူသားမျိုးနွယ်နှင့် ဆင်ပါသော်လည်း မျက်နှာများက ကွဲပြားပြီး ခေါင်းအရေအတွက်ကလည်း တစ်ယောက်နှင့်တစ်ယောက်က မတူပေ။
နတ်ဘုရားတစ်ပိုင်းများက ရှေးဟောင်းနတ်ဘုရားများ၏ မျိုးဆက်များ ဖြစ်ကြ၍ ရှေးဟောင်းနတ်ဘုရားတို့၏ သွေးများက သူတို့ကိုယ်ထဲတွင် စီးဆင်းနေကြ၏။ နတ်ဘုရားတစ်ပိုင်းများ လူအသွင်ဖန်ဆင်းနိုင်သည့် နည်းလမ်းကို ကောင်းကင်နတ်အရှင်ဟောင် တီထွင်ခဲ့ကတည်းက နတ်ဘုရားတစ်ပိုင်းတို့သည်လည်း ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အတိုင်း ကျင့်ကြံနိုင်ခဲ့ကြသည်။
သို့ရာတွင် လူစင်စစ်အဖြစ်သို့ မပြောင်းလဲနိုင်ပေ။ သူတို့၏ လူအသွင်တွင် နတ်ဘုရားတစ်ပိုင်း အင်္ဂါရပ်တချို့တော့ ကျန်ခဲ့တတ်သည်။ နတ်ဘုရားတစ်ပိုင်းအနည်းစုသာ လူစင်စင်သို့ ပြောင်းလဲနိုင်ကြ၏။
ထိုနတ်ဘုရားတစ်ပိုင်းများက သူတို့ကို မြင်လျှင် မရပ်ကြဘဲ တစ္ဆေသင်္ဘောကြီးဆီသို့ ဆက်သွားကြလေသည်။
“ချိတ်မြွေတို့၊ ဒီသင်္ဘောကို တားကြ” ခွန်ကြီး၏ ကျောပေါ်ရှိ အသက်ကြီးကြီး နတ်ဘုရားတစ်ပိုင်းက ကျိုင်းတုတ်တစ်လက်ကို အားပြု၍ အော်ဟစ်လိုက်သည်။
“ရှေးဟောင်းနဂါးမင်းပါလား” ချင်မူ အံ့အားသင့်သွား၏။
ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းလှိုင်းဂယက်များက အလွန်မြန်လာသည်။ ရုတ်တရက် ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကြီးများ ပေါ်လာ၏။ ကိုက်ပေါင်းထောင်ချီ ရှည်လျားသည့် ဆန်းကြယ်မြွေကြီးများ ဖြစ်လေသည်။ ဤမြွေကြီးများတွင် အကြေးခွံများ မရှိဘဲ အရိုးများသာ ရှိသည်။ သူတို့၏အရိုးများသည် ကင်းမြီးကောက်၏ အမြီးသဖွယ် ကွေးကောက်ကာ ချွန်မြနေ၏။
ဆန်းကြယ်မြွေကြီးများက အမြီးများကို ယမ်းခါကာ သင်္ဘောကြီးကို ချိတ်၍ တားရန် ကြိုးစားကြသည်။
ချိတ်မြွေကြီးများ၏ ခန္ဓာကိုယ်များ ဆန့်ထွက်သွားကြပြီး တမုဟုတ်ချင်း စုတ်ပြဲကုန်ကြသည်။ သွေးများ ရေတွင် ရဲပလောင်းခတ်သွား၏။
ခွန်ပြာကြီးက တစ္ဆေသင်္ဘောဆီသို့ ကူးခတ်သွားပြီး အသက်ကြီးကြီးနတ်ဘုရားတစ်ပိုင်းက ကျိုင်းတုတ်ကို ပစ်လွှတ်လိုက်၏။ ကျိုင်းတုတ်က နတ်နဂါးတစ်ကောင်အသွင် ပြောင်းကာ အနက်ရောင်အခိုးအငွေ့များဖြင့် ဖွဲ့တည်ထားသော သံကြိုးများကို ဖြတ်ကျော်၍ သင်္ဘောထဲသို့ စိုက်ဝင်သွားတော့သည်။
ထိုအခါမှ တစ္ဆေသင်္ဘော ရပ်တန့်သွားသည်။
အသက်ကြီးကြီးနတ်ဘုရားတစ်ပိုင်းသည် မှန်တစ်ချပ် ထုတ်လိုက်ပြီး မှန်က မြစ်ထဲတွင် လင်းလက်တောက်ပနေ၏။ မှန်က သူတို့၏ခေါင်းပေါ်၌ ပျံဝဲလျက် ခွန်ပြာကြီးနှင့် ၎င်းအပေါ်ရှိ နတ်ဘုရားတစ်ပိုင်းအပေါ်သို့ ထွန်းလင်းလိုက်သည်။
တစ္ဆေသင်္ဘောကို ချုပ်နှောင်ထားသော အနက်ရောင်အခိုးအငွေ့များ မှန်ကို လာထိသည့်အခါ ပြန်ကန်ထွက်သွားသည်။ သံကြိုးများမှာ သူတို့အနား မကပ်နိုင်တော့ပေ။
ခွန်ပြာကြီးက တစ္ဆေသင်္ဘော၏ ကုန်းပတ်ဆီသို့ ကူးခတ်သွားပြီး ရုတ်တရက် ရွှေရောင်တောက်နေသော နတ်ငှက်ကြီးတစ်ကောင်အသွင် ပြောင်းလိုက်၏။ နတ်ငှက်ကြီးက တောင်ပံရုတ်ကာ ငှက်ခေါင်းနတ်ဘုရားတစ်ပါး ဖြစ်လာသည်။
ကျန်နတ်ဘုရားတစ်ပိုင်းများလည်း ခွန်ကြီး၏ ကျောပေါ်မှ ဆင်းလိုက်ကြသည်။
ခွန်မျိုးနွယ်၏ အသွင်သဏ္ဍာန်သည် ကျန်ရှိသူများနှင့် မတူပေ။ သူတို့တွင် ခွန်၊ ဖုန်း နှင့် ငှက်ခေါင်းလူအသွင် ဟူ၍ အသွင်သဏ္ဍာန်သုံးမျိုး ရှိကြသည်။
ရွာလူကြီးမှာ တုန်လှုပ်သွားပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ “အဲဒီအကြီးအကဲက သိပ်သန်မာတာပဲ... ငါ သူ့ကို မယှဉ်နိုင်ဘူး... ပတ်ဝန်းကျင်က နတ်ဘုရားတစ်ပိုင်းတွေကလည်း တော်ရုံမဟုတ်ဘူး ... အဲဒီခွန်ကြီးရဲ့ အစွမ်းအစတွေလည်း အားမနည်းဘူး.... မူအာ၊ ငါတို့ ပထမဘိုးဘေးကြီးကို ခေါ်လာမှဖြစ်လိမ့်မယ်... အဲဒါမှ ဒီတစ္ဆေသင်္ဘောကို ငါတို့ စူးစမ်းနိုင်မှာ...”
သူ့စကား ဤနေရာအရောက်တွင် မြစ်အပေါ်မှ အလင်းတန်းတစ်တန်း ထိုးဆင်းလာသည်။ ထိုအလင်းတန်းသည် လရောင်ပမာ တစ္ဆေသင်္ဘောအပေါ်သို့ ဖြာကျလာ၏။
အလင်းတန်းထဲတွင် သင်္ဘောအသေးလေးတစ်စင်းက လက်တစ်ဖက်ပြတ် လူတစ်ယောက်နှင့် လက်တစ်ဖက်ပြတ် လူငယ်များကို သယ်ဆောင်လျက် မြစ်ပြင်ထက်မှ ဆင်းသက်လာသည်။ သင်္ဘောလေးက တစ္ဆေသင်္ဘောဆီ ဦးတည်နေသည်။
လက်တစ်ဖက် ပြတ်နေသော လူက သင်္ဘောဦးတွင် ထိုင်နေပြီး လရောင်အောက်၌ အလွန်ခံ့ညားတည်ကြည်သော အသွင်ရှိနေသည်။
“လော့ဝူရွှမ်”
ချင်မူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ သင်္ဘောလေးဆီသို့ ကြည့်လိုက်သည်။ ကျဲ့ဟွလီလည်း သင်္ဘောအပေါ်တွင် ရှိနေပြီး လက်နှစ်ဖက်လုံး အကောင်းအတိုင်း ရှိနေသည့် တစ်ယောက်တည်းသော လူငယ် ဖြစ်၏။
ဤအချိန်တွင် မြစ်ပြင်ထက်မှ မီးရောင်ဖြာကျလာသည်။ ချင်မူနှင့် ရွာလူကြီး အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ မီးလုံးကြီးတစ်လုံးက ကောင်းကင်နတ်မြစ်၏ ရေများကို အငွေ့ပျံလျက် လိမ့်ဆင်းလာသည်ကို မြင်လိုက်ရသည်။
ရေထဲမှ ကြည့်နေရသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မီးလုံးကြီးက ရေထဲ ဆင်းလာ၏။ ၎င်းက သက်တံရောင် ဇာမဏီမီးငှက်တစ်ကောင်အသွင် ပြောင်း၍ တစ္ဆေသင်္ဘောဆီသို့ ဦးတည်ကူးခတ်သွားနေသည်။
သက်တံ့ရောင် ဇာမဏီမီးငှက်၏ ကျော၌ အလွန်ထူးဆန်းသော ကျောက်ခေါင်းတလားတစ်လုံး ရှိနေသည်။
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ ‘ဖုန့်ချိုးယွင်လား... ချီရှားယွီကြောင့် မသေဘဲ အသက်ရှင်နေသေးရင်တော့ သူ့အစွမ်းအစကလည်း မသေးဘူး... ဒါဖြင့် သူ ဘာလို့ ဒီကို လာတာလဲ... အမိကမ္ဘာမြေရဲ့ အမိန့်ကြောင့်လား... သူ့ကျောပေါ်က ကျောက်ခေါင်းတလားက... ဧကရာဇ်ကိုးသင်္ချိုင်းက ကျောက်ခေါင်းတလားတစ်ခု ဖြစ်နေမလား”
ချင်မူ၏ဆံပင်မွှေးများ ထောင်သွားတော့သည်။
ချီရှားယွီ၏ ကျောပေါ်ရှိ ကျောက်ခေါင်းတလားသည် ဧကရာဇ်ကိုးသင်္ချိုင်းဆီမှ ကျောက်ခေါင်းတလားတစ်ခု ဖြစ်လျှင် ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်တစ်ပါး သေချာပေါက် ရှိနေလိမ့်မည်။
အမိကမ္ဘာမြေသည် ဧကရာဇ်ခေါင်းတလားတစ်ခုကိုပင် အသက်သွင်းရသည်အထိ ဤသင်္ဘောကို အဘယ်ကြောင့် အရေးထားနေသနည်း။
အမိကမ္ဘာမြေနောက်တစ်ယောက်နှင့် တိုက်ခိုက်ခဲ့စဉ်အခါကပင် ဧကရာဇ်ခေါင်းတလားကို အသုံးမပြုခဲ့ပေ။
ထိုစဉ် ကြိုးတစ်ချောင်းက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ချင်မူ မော့ကြည့်ရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တွန့်လိမ်နေသော လမင်းကြီးဆီမှ ကျလာနေသော ကြိုးကို မြင်လိုက်ရ၏။ ကြိုးက တစ္ဆေသင်္ဘော၏ အလံတိုင်အပေါ်သို့ တည့်တည့်ကျသွားပြီး ထုံးချည်လိုက်သည်။
အရိပ်များက ကြိုးဆီမှ လျင်မြန်စွာ လျှောဆင်းလာကြကာ များစွာမကြာလိုက်ဘဲ အလံတိုင်အပေါ်သို့ ဆင်းသက်သွားသည်။
နတ်ဘုရားတစ်ယောက်က ကြိုးကို ဖြည်ကာ ခပ်ဆတ်ဆတ် ဆွဲလှုပ်လိုက်သည်။ ထိုအခါ ကြိုးသည် ကောင်းကင်ထက်ရှိ လပေါ်မှ ကျဆင်းလာပြီး ဝိညာဉ်မြွေတစ်ကောင်သဖွယ် သူ၏အင်္ကျီလက်အိုးထဲသို့ ဝင်သွား၏။
လဆီမှ မြေပြင်အထိ မိုင်တစ်သိန်းမြင့်မားသော်လည်း ဤကြိုး သူ့အင်္ကျီလက်အိုးထဲ ဝင်သွားသည့်အချိန်တွင် အင်္ကျီလက်အိုးမှာ ဖောင်းပင် ဖောင်းမလာပေ။
ထိုနတ်ဘုရားက ကြိုးကို သိမ်းပြီးနောက် လူငယ်တစ်ယောက်ထံ အရိုအသေပေးလိုက်သည်။ လူငယ်က ခေါင်းညိတ်လိုက်ပြီး တချို့က အလံတိုင်အပေါ်မှ ရွက်အပေါ်သို့ ခုန်ဆင်းသွားကြသည်။ သူတို့သည် ကျားသစ်များသဖွယ် ခုန်ပျံကျော်လွှားလျက် ဆင်းသွားကြကာ တစ္ဆေသင်္ဘောထဲ ဝင်သွားကြ၏။
‘ကောင်းကင်ကနေ ဆင်းလာတာဆိုတော့ ကောင်းကင်မြေပုံက နတ်ဘုရားတွေများလား.. မဟုတ်သေးဘူး... ကောင်းကင်မြေပုံက နတ်ဘုရားတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စောင့်ကြည့်ဖို့ ပြင်ပကောင်းကင်နတ်ဘုံကနေ လွှတ်ထားတဲ့သူတွေ..... သူတို့က တာဝန်ထမ်းဆောင်နေရတာမလို့ နေရာကနေ ခွာမှာမဟုတ်ဘူး’
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။ ‘ဒါဆို သူတို့က ပြင်ပကောင်းကင်နတ်ဘုံကလား... လော့ဝူရွှမ်ရဲ့ ဝိညာဉ်အစောင့်တပ်ဖွဲ့ကလည်း ပြင်ပကောင်းကင်နတ်ဘုံကပဲလေ... ဘာလို့ အတူမလာတာပါလိမ့်’
တစ်ချိန်တည်းမှာပင် ကောင်းကင်ထဲတွင် ကြယ်ကြီးတစ်လုံး ပေါ်လာသည်။ ကြယ်ကြီးသည် တစ်ကိုက် အကိုက်ခံထားရသော ပန်းသီးတစ်လုံးနှင့် တူ၏။ ၎င်းကား ချိမင်၏ ဆန်းကြယ်ကြယ်ပင် ဖြစ်ချေသည်။
ဆန်းကြယ်ကြယ်၏ အရောင်အဝါများက ပြိုးပြိုးပြက်ပြက် လက်နေပြီး အနီရောင်အလင်းတန်းတစ်တန်း ကောင်းကင်ထက်မှ ကျဆင်းလာသည်။ အလင်းတန်းသည် တစ္ဆေသင်္ဘော၏ ကုန်းပတ်ကို ထိမှန်သွားပြီး အလင်းရောင် မှေးမှိန်သွားသည့်အခါ ချိမင်နတ်ဘုရားသားတော်၏ ပုံရိပ် ပေါ်လွင်လာ၏။
“ချိမင်နတ်ဘုရားသားတော်လည်း ရောက်လာပြီ”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ရွာလူကြီး၊ ချိမင်နတ်ဘုရားသားတော်က ရန်သူမဟုတ်ဘူး၊ မိတ်ဆွေ... လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမ လော့ဝူရွှမ်နဲ့လည်း ကျွန်တော် သိတယ်... အဲဒီမီးငှက်ကလည်း ကျွန်တော့်အသိ မမကြီးတစ်ယောက်ပဲ... နဂါးခေါင်းကျိုင်းတုတ်နဲ့ အကြီးအကဲနဲ့လည်း တစ်ခါတွေ့ဖူးတယ်... သူက ရှေးဟောင်းနဂါးမင်းတဲ့... ကျွန်တော်တို့ ဝင်သွားရင်တောင် ဘာအန္တရာယ်မှ ဖြစ်မှာမဟုတ်ဘူး”
ရွာလူကြီးက မည်းမှောင်နေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်။ “ချိမင်နတ်ဘုရားသားတော်က မိတ်ဆွေဖြစ်မလား... ပြီးတော့ အဲဒီမီးငှက်က အမိကမ္ဘာမြေ၏ လက်အောက်ငယ်သား မဟုတ်လား... လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမကတော့... ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ သူ့သတင်းတွေ ကြားဖူးတယ်... သူက သေချာပေါက် ရန်သူပဲ... ရှေးဟောင်းနဂါးမင်းက နတ်ဘုရားတစ်ပိုင်းတွေအကြားမှာ ခေါင်းဆောင်မဟုတ်လား... မင်း သူနဲ့ တွေ့ဖူးတယ်ဟုတ်စ.. ပေါက်ကရတွေ မပြောနဲ့ ... သင်္ဘောထဲ ဝင်သွားတဲ့လူတစ်ယောက်ကိုမှ ယုံကြည်လို့မရဘူး”
တစ္ဆေသင်္ဘောက လှုပ်ခါလာသည်။ ချိတ်မြွေများ တစ်ကောင်ပြီးတစ်ကောင် စုတ်ပြတ်သပ်ကုန်ကာ ထူးဆန်းစွာ သေဆုံးကုန်ကြသည်။
ကျန်ချိတ်မြွေများလည်း ကြောက်လန့်တကြားဖြင့် ချိတ်များကို ရုတ်လိုက်သည့်အခါ တစ္ဆေသင်္ဘောသည် မြစ်အထက်ပိုင်းသို့ ရွက်လွှင့်သွား၏။ ၎င်း၏ အမြန်နှုန်းက မြန်သထက် မြန်လာသည်။
ရွာလူကြီးမှာ အခြေအနေကို မြင်လျှင် တွန့်ဆုတ်သွားသည်။ “မင်းရဲ့ကျောက်စိမ်းပြားက ဘာလဲ”
ချင်မူ ပြောလိုက်သည်။ “ဒီသင်္ဘောကို ထိန်းချုပ်နိုင်တဲ့ အမိန့်ပြား ဟုတ်လောက်တယ်... ဒါပေမဲ့ ကျွန်တော် အတပ်မပြောရဲဘူး...”
ရွာလူကြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “တစ်ချက်လောက် သွားကြည့်ကြစို့၊ ဒီသင်္ဘောက ထူးခြားတယ်... မဟုတ်ရင် ဒီလောက်လူတွေအများကြီး ရောက်လာမှာ မဟုတ်ဘူး... ငါ သွားမစူးစမ်းရင် ငါ့တစ်ဘဝလုံး ကောင်းကောင်းအိပ်မပျော်တော့မှာ သေချာတယ်”
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
ရွာလူကြီးသည် သူ့ထက်ပင် စပ်စုချင်နေ၏။ အမိန့်ပြားက တစ္ဆေသင်္ဘောကို ထိန်းချုပ်နိုင်သော ကိရိယာ မဟုတ်လျှင်ပင် သူ၏ စပ်စုချင်စိတ်ကို မြိုသိပ်နိုင်မည်မဟုတ်ပေ။
သူ တွန့်ဆုတ်နေခဲ့ခြင်းမှာ ချင်မူ့အသက်ဘေးအန္တရာယ်အတွက် စိတ်ပူနေသောကြောင့် ဆုံးဖြတ်ချက်မချနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
နဂါးထိန်းဧကရာဇ်က တစ္ဆေသင်္ဘောနောက်မှ အလျင်အမြန် လိုက်သွားပြီး ချင်မူက အမိန့်ပြားကို ထုတ်လိုက်သည်။ အမိန့်ပြားက အနက်ရောင်အခိုးအငွေ့သံကြိုးများကို တွန်းဖယ်ကာ သူတို့ကို သင်္ဘောအပေါ် ဆင်းသက်နိုင်လိုက်စေသည်။
နှစ်ယောက်လုံး နဂါးထိန်းဧကရာဇ်၏ ခေါင်းပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ နဂါးထိန်းဧကရာဇ်က နဂါးခေါင်းနတ်ဘုရားအသွင် ပြောင်း၍ ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။
သင်္ဘောကုန်းပတ်မှာ အလွန်ကျယ်ဝန်းသောကြောင့် အသေးစားမြေထုပမာ ထင်ရသည်။ အဆောက်အဦးမျိုးစုံ မြင်တွေ့ရပြီး လေလည်း ရှိ၏။ မြစ်ရေက လေထုကို ထိုးဖောက်မလာသောကြောင့် ကုန်းပတ်သည် အလွန်ခြောက်ကပ်နေလေသည်။
“မူအာ၊ ငါ့နောက်က လိုက်ခဲ့ လျှောက်မသွားနဲ့”
ရွာလူကြီး ထိုသို့ပြောလိုက်စဉ်မှာပဲ သူ့အရှေ့မှ လျှောက်နေသော ချင်မူ့ကို မြင်လိုက်ရ၍ ကပျာကယာ လိုက်သွားသည်။ သူက ခပ်တိုးတိုး ပြောသည်။ “မဆင်မခြင်မလုပ်နဲ့ ငါ့နောက်က လိုက်ခဲ့... ငါက အတွေ့အကြုံရှိပါတယ်ကွ”
သင်္ဘော၏ အလျင်က မြန်သထက် မြန်လာသည်။ သင်္ဘောက မြစ်ပြင်တစ်လျှောက် တရိပ်ရိပ် ဖြတ်ပြေးနေသဖြင့် နဂါးနန်းဆောင်မျိုးစုံမှာ လျင်မြန်စွာ နောက်ကျခဲ့တော့သည်။
သင်္ဘောသည် တကျွီကျွီ မြည်လာပြီး အရှိန်ကြောင့် အချိန်မရွေး ပြိုကွဲသွားမည့်အလား ထင်နေရ၏။ “ဒီသင်္ဘောက ဘယ်သွားနေတာလဲ.... ဘာလို့ ဒီလောက် မြန်နေတာလဲ... မူအာ သတိထား”
ရွာလူကြီးက ချင်မူ့ကို အလျင်အမြန် လှမ်းဆွဲလိုက်သည်။ “မင့်ခြေထောက်အောက်မှာ တံဆိပ်တစ်ခု ရှိနေတယ်.... မနင်းမိစေနဲ့”
ချင်မူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ အနက်ရောင်အခိုးအငွေ့များက ကုန်းပတ်အပေါ်တွင် ထူးဆန်းသော တံဆိပ်များ ဖန်တီးထားကြောင်း မြင်လိုက်ရသည်။ တံဆိပ်က လုံးဝန်းပြီး ဖွဲ့စည်းထားပုံမှာ ရှုပ်ထွေး၏။ ၎င်းတွင် လိပ်တစ်ကောင်နှင့် မြွေတစ်ကောင် အသွင်သဏ္ဍာန် ရှိလေသည်။
“ဒါက ... မြောက်နတ်မင်းရဲ့ တံဆိပ်ပဲ”
“ဒီမှာလည်း တံဆိပ်တစ်ခု” နဂါးထိန်းဧကရာဇ်က လှမ်းအော်သည်။
ချင်မူ သွားကြည့်လိုက်သည့်အခါ နဂါးထိန်းဧကရာဇ် တွေ့ရှိထားသော တံဆိပ်သည် နဂါးစိမ်းတံဆိပ်ဖြစ်ကြောင်း မြင်လိုက်ရ၏။ အရှေ့နတ်မင်း ချန်ရစ်ခဲ့ခြင်း ဖြစ်မည်။
“ဒီမှာလည်း တစ်ခု”
များစွာမကြာလိုက်ဘဲ ကုန်းပတ်အပေါ်တွင် တံဆိပ်များစွာ ရှာတွေ့သည်။ တချို့တံဆိပ်များတွင် မီးငှက်အသွင် ရှိပြီး တချို့တွင် ကျားဖြူအသွင် ရှိသည်။ နတ်မင်းလေးပါး၏ တံဆိပ်တော်များ ဤနေရာ၌ ကိန်းဝပ်နေ၏။
“နတ်မင်းလေးပါးက ဒီသင်္ဘောကို ချုပ်နှောင်ဖို့ အတူတူကြိုးစားခဲ့တာပဲ... အင်မတန် ထူးဆန်းတယ်”
ရွာလူကြီးက ခပ်တိုးတိုး ပြောသည်။ “နတ်မင်းလေးပါးစလုံး အတူတူ ချုပ်နှောင်ခဲ့တာဆိုတော့ ဒီသင်္ဘောက သေချာပေါက် ထူးခြားလိမ့်မယ်... သွားမထိမိစေနဲ့”
ဤအချိန်မှာပင် အရှေ့မှ တအံ့တဩ အော်ဟစ်သံများ ထွက်လာသည်။ ရှေးဟောင်းနဂါးမင်းတို့အဖွဲ့က တံဆိပ်တစ်ခုကို ဖွင့်လိုက်၍ ကုန်းပတ်ထဲမှ မည်းနက်နေသော အခေါင်းတစ်ခု ဒေါင်လိုက်ထွက်လာကြောင်း မြင်လိုက်ရသည်။
အနက်ရောင်အခေါင်းသည် အမှန်တကယ်ပင် ကုန်းပတ်ထဲမှ ထွက်လာခြင်းဖြစ်ကာ ကိုက်သုံးရာရောက်သည်အထိ ရှည်ထွက်သွား၏။ အနက်ရောင်အခိုးအငွေ့များလည်း ၎င်းကို လွှမ်းခြုံထားပြီး အနက်ရောင်သံကြိုးများမှာ မြွေနက်ကြီးများနှင့် တူနေသည်။ ၎င်းတို့က ခေါင်းတလားကို ချုပ်နှောင်ရစ်ပတ်ထားကြသည်။
“ကောင်းကင်နတ်ဧကရာဇ်ရဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့နဲ့ နန်းတွင်းတပ်ဖွဲ့က တစ်လောကလုံးကနေ ရွေးချယ်ထားတဲ့ ထိပ်တန်းနတ်ဘုရားတွေပဲ”
ရှေးဟောင်းနဂါးမင်း လက်မြှောက်လိုက်သည့်အခါ နဂါးခေါင်းကျိုင်းတုတ်သည် သူ့လက်ထဲသို့ ဆင်းသက်လာ၏။ သူက သံကြိုးများ၏ အလယ်အထုံးဆီသို့ ခပ်သာသာ ပုတ်ကာ အလေးအနက် ပြောနေသည်။ “တစ်ခါတုန်းက အမိကမ္ဘာမြေ လျှို့ဝှက်ချက်တစ်ခု ထုတ်ပြောခဲ့ဖူးတယ်...
“ရှေးဟောင်းနဂါးဟန်ခေတ်တုန်းက ကောင်းကင်နတ်ဧကရီ လုပ်ကြံခံခဲ့ရတဲ့အချိန်မှာ ယွီလင်နန်းစောင့်တပ်ဖွဲ့က ပုန်ကန်မှုကို နှိမ်နင်းဖို့ သင်္ဘောတစ်စင်းနဲ့ ထွက်ခွာခဲ့ကြတယ်... ဒါပေမဲ့ ပုန်ကုန်မှုကို နှိမ်နင်းနေရင်းတန်းလန်း ရုတ်တရက်ကြီး ယွီလင်နန်းစောင့်တပ်ဖွဲ့ ပျောက်ကွယ်သွားတယ်တဲ့... နဂါးဟန်ကောင်းကင်နတ်ဘုံမှာ အင်အားအကြီးဆုံး စစ်တပ်က အဲဒီအတိုင်း ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်.... ဒီဖြစ်ရပ်က နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ပဟေဠိတစ်ပုဒ် ဖြစ်လာခဲ့တာပဲ”
အနက်ရောင်သံကြိုးများ ပြေသွားသည့်အချိန်တွင် အနက်ရောင်ခေါင်းတလားဆီမှ လေလျော့သွားသော အသံမျိုးနှင့်အတူ လေများ စိမ့်ထွက်လာသည်။
ဘေးရှိ နတ်ဘုရားတစ်ပိုင်းတစ်ယောက်မှာ ရုတ်တရက် သွေးပျက်ချောက်ချားစွာ အော်ဟစ်ရင်း ခြေထောက်များ ပုပ်သိုးကုန်၏။ မကြာမီ ပုပ်စော်နံနေသော အသားပုံကြီး ဖြစ်သွားတော့သည်။
သို့သော် မသေသေးပေ။ သူ့မျက်နှာက အသားပုံကြီး၏အပေါ်၌ ကပ်နေပြီး သွေးပျက်စွာ အော်ဟစ်နေသည်။
အားလုံး ကြောက်လန့်ကုန်ကြကာ ကပျာကယာ အသက်အောင့်လိုက်ကြသည်။
အဝေးတွင် ချင်မူလည်း အနက်ရောင်ခေါင်းတလားတစ်လုံး ထွက်လာအောင် လုပ်ရန် ပြင်နေသော်လည်း အခြေအနေကို မြင်လျှင် အလျင်အမြန် ရပ်လိုက်၏။
ရှေးဟောင်းနဂါးမင်းက လက်နှစ်ဖက်ကို ဝှေ့ယမ်းလျက် အလောင်းအဆိပ်ကို ဖယ်ရှားလိုက်သည်။ သူက အော်ဟစ်နေသော နတ်ဘုရားတစ်ပိုင်းကို ကျိုင်းတုတ်ဖြင့် သတ်လိုက်၏။ ထို့နောက် အနက်ရောင်ခေါင်းတလားဆီသို့ စိုက်ကြည့်ကာ ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်က ယွီလင်နန်းစောင့်တပ်ဖွဲ့ကို လိုက်ရှာခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ဘူး... ဒါပေမဲ့ နောက်နှစ်တွေကြာတော့ ဒီသင်္ဘောနဲ့ ဒီသင်္ဘောထဲက ယွီလင်နန်းစောင့်တပ်ဖွဲ့က ကောင်းကင်နတ်မြစ်ထဲမှာ တစ်ကြော့ပြန် ပေါ်လာတယ်... သူတို့က ရုတ်တရက်ကြီး ပေါ်လာပြီး ရုတ်တရက်ကြီး ပျောက်သွားတတ်တယ်”
အနက်ရောင်အခေါင်းထဲမှ သတ္တဝါကြီးတစ်ကောင်က အခေါင်း၏အဖုံးကို ဖွင့်နေသကဲ့သို့ အသံများ ထွက်လာသည်။
ရှေးဟောင်းနဂါးမင်းက နဂါးခေါင်းကျိုင်းတုတ်ကို တင်းတင်းဆုပ်ကိုင်ပြီး ပြောသည်။ “ချိမင်ခေတ်တုန်းက ဒီသင်္ဘောနဲ့ ပတ်သက်ပြီး ကောလဟာလတွေ အများကြီး ရှိခဲ့တယ်... ဒီသင်္ဘောက ကောင်းကင်နတ်မြစ်ပေါ်မှ မကြာခဏ ပေါ်လာတတ်ပြီး သင်္ဘောပေါ်မှာ နတ်ဘုရားတွေအများကြီး မြင်ရတယ်တဲ့... ချုံဧကရာဇ်ခေတ်တုန်းကလည်း ခဏခဏ ပေါ်လာခဲ့ဖူးတယ်... အမိကမ္ဘာမြေလည်း တစ်ခါစုံစမ်းခဲ့ဖူးပေမယ့် သင်္ဘောကိုရော၊ သင်္ဘောနဲ့အတူ ပျောက်သွားတဲ့ နန်းစောင့်တပ်ဖွဲ့ကိုရော ရှာမတွေ့ခဲ့ဘူး”
ထိုစဉ် အခေါင်း၏အဖုံးက မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားသည်။ အားလုံး အခေါင်းဆီ ကြည့်လိုက်ကြသော်လည်း အတွင်းထဲတွင် မည်းနက်နေသောကြောင့် မည်သည်ကိုမှ မမြင်ရပေ။
“ကောလဟာလတွေက ဒီသင်္ဘောပေါ်မှာ လျှို့ဝှက်ချက်တစ်ခု ပုန်းအောင်းနေတယ်တဲ့.... အချိန်ကို ဖြတ်သွားနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့”
ရှေးဟောင်းနဂါးမင်း၏အသံက အက်ကွဲလာသည်။ “ကောလဟာလတွေအရ ဒီသင်္ဘောကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို အချိန်ကို ဖြတ်ပြီး သွားနိုင်မယ်... သူတို့ သွားချင်တဲ့ နှစ်ကို သွားနိုင်တယ်”
အနက်ရောင်ခေါင်းတလားအတွင်း၌ အနီရောင်အလင်းနှစ်စက် ပေါ်လာပြီး အနီရောင်မီးအိမ်များသဖွယ် ထင်ရ၏။