သင်္ဘောပေါ်ရှိ ထူးဆန်းသော ဖြစ်ရပ်
Vol. 61 Ch. 809
အနက်ရောင်ခေါင်းတလား၏ အပြင်တွင် အားလုံး တခဏ စောင့်နေကြသော်လည်း ခေါင်းတလား၏ အတွင်းရှိ အနီရောင်အလင်းနှစ်စက်က မလှုပ်ရှားပေ။
အဝေးတွင် တစ္ဆေသင်္ဘောထဲ ဝင်လာခဲ့ကြသည့် အခြားသူများလည်း အခြေအနေကို စောင့်ကြည့်နေကြသည်။ ဤသင်္ဘော မည်မျှအန္တရာယ်များကြောင်း ကောင်းကောင်းသိသောကြောင့် အခြားသူများ စူးစမ်းရင်း သေဆုံးသွားလျှင် ဝမ်းသာစရာ ဖြစ်၏။ သူတို့အနေဖြင့် အကျိုးအမြတ်ကို အသာလေး ရိတ်သိမ်းလိုက်ရုံသာ လိုမည်မဟုတ်ပါ၏လော။
တိတ်ဆိတ်မှုက ကျောချမ်းစရာကောင်းနေသည်။
ရှေးဟောင်းနဂါးမင်းက တစ်ချက်ကြည့်လိုက်၍ နတ်ဘုရားတစ်ပိုင်းတစ်ယောက် နားလည်သွားသည်။ သူက မှော်စွမ်းအင်ထုတ်လွှတ်ပြီး အကာအကွယ် ကောင်းကင်နတ်သိုင်းတစ်ခုဖြင့် သူ့ခန္ဓာကိုယ်ကို ဦးစွာကာကွယ်လိုက်သည်။ ကောင်းကင်နတ်သိုင်းသည် လိပ်နက်ဒိုင်းအသွင် ဖွဲ့တည်လိုက်ကာ သူ့လက်မောင်းနှစ်ဖက်အပေါ်၌ လိပ်နက်အမှတ်အသားများလည်း ပေါ်လာ၏။ ထိုအခါ သူက အားတင်း၍ ရှေသို့ လျှောက်သွားပြီး ခေါင်းတလားထဲသို့ ဂရုတစိုက် လက်ထည့်ကြည့်သည်။
ခေါင်းတလားက အလွန်ကြီးမားသည့်အတွက် ထိုအနီရောင်မီးအိမ်များနှင့် အတော်လေး အလှမ်းဝေး၏။ ထိုနတ်ဘုရားတစ်ပိုင်းမှာ ထောင်မတ်နေသော အနက်ရောင်ခေါင်းတလားထဲသို့ တဖြည်းဖြည်း လမ်းလျှောက်ဝင်သွားကာ ပျောက်ကွယ်သွားတော့သည်။
အထဲ၌ မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ အတန်ကြာသော် နတ်ဘုရားတစ်ပိုင်း၏အသံက ခေါင်းတလားထဲမှ ထွက်လာသည်။ “တကယ့် မီးအိမ်တွေပဲ”
အားလုံး သက်ပြင်းချမိကြပြီး ရှေးဟောင်းနဂါးမင်းလည်း အနည်းငယ် စိတ်အေးသွားသည်။ နတ်ဘုရားတစ်ပိုင်းက ပြုံးလျက် ခေါင်းတလားအပြင် ပြန်ထွက်လာ၏။ “ဒီအခေါင်းထဲမှာ အနီရောင်တောက်နေတဲ့ အရာတွေက တကယ့်မီးအိမ်တွေဗျ... စက္ကူမီးအိမ်နှစ်လုံး... ကျွန်တော် တစ်လုံးပဲ ရှာတွေ့တာနဲ့ ယူလာခဲ့တယ်... တခြားအန္တရာယ်တော့ မရှိဘူး... ဘာလို့ ကျွန်တော့်ကို ဒီလို ကြည့်နေကြတာတုန်း”
ထိုနတ်ဘုရားတစ်ပိုင်းမှာ မီးအိမ်တစ်လုံး ကိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။ အားလုံး သရဲသဘက် မြင်လိုက်ရသကဲ့သို့ တိတ်ဆိတ်စွာ နောက်ဆုတ်ကုန်ကြသည်။
ရှေးဟောင်းနဂါးမင်းလည်း နောက်တစ်လှမ်းဆုတ်ကာ သူ၏နဂါးခေါင်းကျိုင်းတုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။
သူပင်လျှင် ဤမျှထူးဆန်းသော မြင်ကွင်းကို မမြင်ဖူးသောကြောင့် ရင်မတုန်မိဘဲ မနေပေ။
လော့ဝူရွှမ်နှင့် ကျန်ရှိသူများလည်း တိတ်ဆိတ်နေကြသည်။ ဝိညာဉ်အစောင့်တပ်ဖွဲ့၏ လူငယ်များမှာ ဤနေရာရှိ အခြေအနေကို လှမ်းကြည့်ရင်း ကြောက်လန့်နေကြလေသည်။
“ဓားနတ်ဘုရား ဘာတွေဖြစ်နေတာလဲ” နဂါးထိန်းဧကရာဇ်က ရွာလူကြီး၏အနောက်၌ ပုန်းရင်း တုန်ရီနေသောအသံဖြင့် မေးသည်။
ရွာလူကြီးနှင့် အထက်ကောင်းကင်ဘုံသည် ရန်သူဟောင်းကြီးများ ဖြစ်ကြ၏။ နဂါးထိန်းဧကရာဇ်မှာ ရွာလူကြီး၏ လက်ထဲတွင် သေမလိုပင် တစ်ခါဖြစ်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်အကြား၌ ရန်ငြိုးရှိခဲ့သော်လည်း နဂါးထိန်းဧကရာဇ် အလေးစားဆုံးမှာ ရွာလူကြီးသာ ဖြစ်နေသေး၍ ယခုလို အခြေအနေမျိုးတွင် ရွာလူကြီးအနားသို့ မသိမသာ ကပ်သွားမိတော့သည်။
သူ့သခင်ချင်မူ့ကိုတော့ နဂါးထိန်းဧကရာဇ် အူထဲ၊ အသည်းထဲမှ လှိုက်၍ လှိုက်၍ မုန်းသည်။
ချင်မူလည်း အနက်ရောင်ခေါင်းတလား၏ အပြင်မှ ထွက်လာသော နတ်ဘုရားတစ်ပိုင်းကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။ ဤနတ်ဘုရားတစ်ပိုင်းက လက်ထဲတွင် စက္ကူမီးအိမ်တစ်လုံး ကိုင်ထား၏။ စောစောက အနီရောင်အလင်းမှာ ဤစက္ကူမီးအိမ်ဆီမှ ဖြစ်ခဲ့သည်။ သို့သော် ၎င်းအမှောင်ထဲတွင် ရှိနေခဲ့တုန်းက အနီရောင်မျက်လုံးကြီးနှစ်လုံးပမာ ထင်ခဲ့ရလေသည်။
စက္ကူမီးအိမ်သည် အလွန်ထူးဆန်းပြီး လေတိုက်လျှင် ချာချာလည်သွားတတ်သည်။ မီးအိမ်၏အပေါ်၌ မျက်လုံးများပြူးလျက် စိုက်ကြည့်ပြီး မထီမဲ့မြင့် ပြုံးနေသော မျက်နှာတစ်ခု ရှိသည်။
သို့သော် အားလုံး ကြောက်လန့်သွားကြသည်မှာ ဤအရာမဟုတ်။
အားလုံးကို ချောက်ချားသွားစေသည်က ထိုနတ်ဘုရားတစ်ပိုင်းပင် ဖြစ်၏။ နတ်ဘုရားတစ်ပိုင်း၏ လည်ပင်းအပေါ်တွင် ... စက္ကူမီးအိမ်နောက်တစ်လုံး ရောက်နေသည်။
သူ၏ခေါင်းကား... ပျောက်နေချေပြီ။
သူ့မျက်နှာက စက္ကူမီးအိမ်အပေါ်တွင် ထင်နေပြီး နှာခေါင်းနှင့် မျက်လုံးများ ရှိနေသေး၏။ သူက မေးနေဆဲပင်။ “ဘာဖြစ်လို့လဲ... ငါ့ကို ဘာလို့ အဲဒီအကြည့်မျိုးတွေနဲ့ ကြည့်နေကြတာလဲ”
အလင်းရောင်က မီးအိမ်၏အတွင်းထဲမှ တောက်ပနေဆဲ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့မျက်နှာကို လှီး၍ မီးအိမ်အပေါ်၌ ကပ်ထားသည့်အလား ထင်ရသည်။
အလင်းရောင်မှိန်သွားလျှင် သူ့မျက်နှာလည်း မှိန်သွားမည်၊ အလင်းရောင်တောက်လာလျှင် သူ့မျက်နှာလည်း တောက်လာတတ်၏။
ရှေးဟောင်းနဂါးမင်းက ရုတ်တရက် နဂါးခေါင်းကျိုင်းတုတ်ကို မြှောက်၍ ဟင်းလင်းပြင်အပေါ် ခပ်သာသာ ထိလိုက်သည်။ နတ်ဘုရားတစ်ပိုင်းအပေါ်ရှိ မီးအိမ် ဖျတ်ခနဲ ငြိမ်းသွားသည်။
ဘုတ်
မီးအိမ်က မြေပြင်အပေါ် ကျသွားသည်။
နတ်ဘုရားတစ်ပိုင်း၏ လည်ပင်းအပေါ်၌ မည်သည့်အရာမှ မရှိတော့သည်နှင့် နတ်သွေးများ တရဟော ပန်းထွက်လာတော့သည်။ သူ့ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားကာ အသက်မရှူတော့ပေ။
“မင်းတို့အားလုံး သေရလိမ့်မယ်...”
သူ့လက်ထဲရှိ စက္ကူမီးအိမ်လည်း မြေပြင်ကျပြီး နှစ်ပတ်လိမ့်သွားသည်။ မီးအိမ်အပေါ်ရှိ မျက်နှာက ထူးဆန်းစွာ ပြုံးနေ၏။ “ဟီးဟီးဟီး... မင်းတို့အားလုံး ဒီမှာ သေပြီး ဒီသင်္ဘောနဲ့ ထာဝရ ချိတ်ဆက်ရင်း ထာဝရ ရှင်သန်နေရလိမ့်မယ်...”
ရှေးဟောင်းနဂါးမင်းက မီးအိမ်အပေါ် တက်နင်း၍ မီးအိမ်အား ငြှိမ်းလိုက်သည်။ သူက လေးနက်နေသော အမူအရာဖြင့် ပြောလေသည်။ “နတ်ဘုရားအယောင် ဆောင်ပြီး မိစ္ဆာလို ပြုမူနေတယ်.... ငါက နတ်ကောင်းကင်ခန်းမအဆင့် မဟာနတ်ဘုရားတစ်ပါးပဲ... ငါ့ရှေ့မှာ ရာရာစစ လာလှည့်စားရဲတယ်လို့”
သူက ဟိန်းဟောက်ရင်း လက်ထဲရှိ နဂါးခေါင်းကျိုင်းတုတ်ဖြင့် အနက်ရောင်ခေါင်းတလားအထဲသို့ ရက်ရက်စက်စက် ရိုက်ချလိုက်သည်။ ခေါင်းတလားကြီးမှာ တမုဟုတ်ချင်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။
ရှေးဟောင်းနဂါးမင်း၏ သိုင်းစွမ်းအားက အံ့အားသင့်ဖွယ်ကောင်းလွန်း၏။ နတ်မင်းလေးပါး၏ တံဆိပ်တော်များနှင့် အနက်ရောင်ခေါင်းတလားပင် သူ့ဆီမှ ရိုက်ချက်တစ်ချက် မခံနိုင်ပေ။
မြေပြင်ထက်၌ ပြန့်ကြဲနေသော အစအနများဆီမှ သွေးပျက်စွာ အော်ဟစ်သံများ ထွက်လာသည်။ အခေါင်း၏ သစ်သားများဆီမှ နီရဲနေသော သွေးများ စတင်စိမ့်ထွက်လာ၏။
အားလုံး အံ့အားသင့်သွားကြပြီး အပေါ်သို့ အလျင်အမြန် ပျံတက်လိုက်သည်။ သူတို့မှာ မြေပြင်ပေါ်သို့ မဆင်းရဲပေ။
ဤသစ်သားအစအနများဆီမှ စိမ့်ထွက်လာသော သွေးများကို ကြည့်ရင်း ခေါင်းတလားနှင့် တစ်သားတည်း ပေါင်းစည်းခံထားရသကဲ့သို့ သစ်သားပြားများအပေါ်တွင် လူအသွင်သဏ္ဍာန်များကို မြင်လာရသည်။ တချို့က မျက်နှာများ ဖော်ပြနေကြပြီး သစ်သားပန်းပုများနှင့် တူနေသည်။ တချို့သစ်သားများမှ လက်များလည်း ထွက်လာကြသည်။
လက်များက တစ်စုံတစ်ခုကို လှမ်းဆွဲနေသကဲ့သို ဟိုဟိုသည်သည် ဆွဲနေကြသည်။ မျက်နှာတချို့မှာ အသက်ရှူရခက်နေသကဲ့သို့ ရှုံ့မဲ့နေကြ၏။
သွေးပျက်စွာ အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေသည်။ “ကယ်ပါဦး”
ရုတ်တရက် မျက်နှာတစ်ခုက အော်သည်။ “ရှေးဟောင်းနဂါးမင်း၊ ကျွန်တော်ပါ ကျွန်တော်... ဒီတစ္ဆေသင်္ဘောကို စူးစမ်းဖို့ နဂါးမင်း လွှတ်လိုက်တဲ့ နတ်ဘုရားယိုဖန်းပါ.... ကျွန်တော် ဒီမှာ ပိတ်မိနေပြီ... နဂါးမင်း၊ ကျေးဇူးပြုပြီး ကယ်ပါဦး”
ရှေးဟောင်းနတ်မင်း အံ့ဩတုန်လှုပ်သွားကာ ခေါင်းတလားနှင့် တစ်သားတည်းဖြစ်နေသော နတ်ဘုရားတစ်ပိုင်းဆီသို့ ကြည့်လိုက်၏။ အမှန်ပင် ဤသင်္ဘောကို စူးစမ်းရန် သူ လွှတ်ခဲ့သော နတ်ဘုရားများထဲမှ တစ်ယောက် ဖြစ်နေသည်။
ရှေးဟောင်းနဂါးမင်းသည် သန်မာအားကောင်းသည့် နတ်ဘုရားတစ်ပိုင်း ငါးသုတ်၊ ခြောက်သုတ်ခန့် လွှတ်ခဲ့ဖူး၏။ နဂါးသွဲ့ရေကန်အဆင့်နှင့် နတ်ဘုရားစီရင်စင်မြင့်အဆင့်များပင် ပါဝင်ခဲ့သော်လည်း သူတို့မှာ ပင်လယ်ထဲ ကျသွားသော ရွှံ့နွားများသဖွယ် ပြန်မလာခဲ့ကြပေ။
သူတို့ထဲမှ တစ်ယောက်က အနက်ရောင်ခေါင်းတလားထဲတွင် ပေါ်လာပြီး ခေါင်းတလားနှင့် တစ်သားတည်း ပေါင်းစည်းနေမည်ဟု မည်သူ ထင်ထားမည်နည်း။
ရုတ်တရက် အသံနောက်တစ်သံ ထွက်လာသည်။ “ကျုပ်က ကောင်းကင်နတ်ဘုံရဲ့ စစ်စခန်း အနောက်ဘက်တံခါးက စစ်သူကြီးပန်ချောင်းပါ... မြန်မြန်ကယ်ပါဦး”
“ကျုပ်က အရှေ့နတ်မင်းရဲ့ တပည့်ချင်းအန်း... ဒီမှာ ပိတ်မိနေတာ နှစ်ပေါင်းထောင်နဲ့ချီပြီ... ကျုပ်ကို ကယ်ရင် အရှေ့နတ်မင်း ခင်ဗျားကို အကြီးအကျယ် ချီးမြှင့်မြှောက်စားလိမ့်မယ်”
“ငါက မင်ဧကရာဇ် အိမ်ရှေ့မင်းသားချိရှောင်... ဘယ်သူ ငါ့ကို လာကယ်နေတာလဲ.... မင်ဧကရာဇ်က သေချာပေါက် မင်းတို့ကို ရက်ရက်ရောရော ဆုချလိမ့်မယ်....”
....
အော်ဟစ်သံမျိုးစုံ ဆူညံပွက်လောရိုက်နေပြီး သင်္ဘောပေါ်ရှိ လူတိုင်း မှင်သက်နေကြတော့သည်။ သူတို့ကြည့်နေစဉ် သစ်သားမျက်နှာများသည် လျင်မြန်စွာ ရှုံ့သွားပြီး အသံများလည်း တဖြည်းဖြည်း တိုးဝင်သွား၏။ သစ်သားတို့ဆီမှ သွေးများ စိမ့်ထွက်မလာတော့သောအခါ သူတို့အားလုံး ခြောက်ကပ်ရှုံ့တွကာ သေဆုံးကုန်ကြတော့သည်။
သွေးများက တဖြည်းဖြည်း ပျံ့နှံ့လာပြီး ကုန်းပတ်ပေါ်ရှိ ကျန်တံဆိပ်များအား လျင်မြန်စွာ ဖုံးလွှမ်းသွား၏။ ခပ်ဝိုင်းဝိုင်းတံဆိပ်များက သွေးတို့ကို စုပ်ယူရင်း အစိမ်းရောင် မှိန်ပျပျ တောက်လာကြသည်။
ချင်မူက ခပ်တိုးတိုး ပြောလိုက်သည်။ “ရွာလူကြီး ကြည့်”
ရွာလူကြီးက မျက်လုံးများမှေးကျဉ်းကာ ခပ်တိုးတိုး ပြန်ဖြေသည်။ “ကုန်းပတ်ပေါ်က တံဆိပ်တွေက သွေးစုပ်နေပြီ... ငါတို့ ကုန်းပတ်ပေါ်မှာ ကြာကြာနေလို့ မဖြစ်ဘူး မြန်မြန် ထွက်သွားရမယ်”
တံဆိပ်ကို ဖွဲ့တည်ထားသော သင်္ကေတအမှတ်အသားများက တစတစ မည်းမှောင်လာပြီး လှည့်ပတ်နေကြသည်။ တဖြည်းဖြည်း အနက်ရောင်ခေါင်းတလားများ ထွက်လာကြချေပြီ။
ချင်မူတို့က အခြေအနေကို ကျန်ရှိသူများထက် အလျင်ခန့်မှန်းမိကြ၍ သင်္ဘောပေါ်ရှိ အဆောက်အဦဆီသို့ ပြေးသွားနေကြပြီဖြစ်သည်။ ကျန်ရှိသူများလည်း သတိဝင်သွားကြ၍ ပြေးလာကြသည်။
သူတို့အနောက်တွင် ကုန်းပတ်ထဲမှ အနက်ရောင်ခေါင်းတလားများ ထွက်လာကြ၏။ အရေအတွက်က များလာကာ တောအုပ်သဖွယ် စုပြုံနေတော့သည်။ အဖုံးများကလည်း တဂျုန်းဂျုန်း ပွင့်လာကာ မြေပြင်ပေါ် တဘုန်းဘုန်း ပြုတ်ကျနေ၏။
ချင်မူ နောက်ပြန်လှည့်ကြည့်သော်လည်း ခေါင်းတလားထဲမှ မည်သည့်အရာမှ ခုန်ထွက်မလာဘဲ အနက်ရောင်အခိုးအငွေ့များကသာ ရုပ်ခန္ဓာကိုယ်မရှိသော မြွေများသဖွယ် ဖြာထွက်လာနေကြောင်း မြင်လိုက်ရသည်။
နှေးသည့် နတ်ဘုရားတစ်ပိုင်းများမှာ အနက်ရောင်အခိုးအငွေ့များနှင့် ထိသွားသည့်အခါ သွေးပျက်စွာ အော်ဟစ်ရင်း ခန္ဓာကိုယ်များ အရည်ပျော်ကုန်ကြသည်။ သို့သော် သူတို့မျက်နှာများက ကျန်ခဲ့ပြီး ခေါင်းတလားများအပေါ်ရှိ မျက်နှာများ ဖြစ်လာကြ၏။
ရွာလူကြီးမှာ အခြေအနေကို မြင်လျှင် မတုန်လှုပ်မိဘဲ မနေတော့ပေ။ အနက်ရောင်အခိုးအငွေ့များက လျင်မြန်စွာ ပျံ့နှံ့လာပြီး ကုန်းပတ်တစ်ခုလုံး ပြည့်သွားသည်။ သူတို့အရှေ့တွင်လည်း ထောင်မတ်နေသော ခေါင်းတလားအနက်များ ရှိနေ၏။ ခေါင်းတလားများ ပွင့်လာသည့်အခါ အနက်ရောင်အငွေ့များ ထွက်လာသည်။
အရှေ့တွင်လည်း ခေါင်းတလားများက တောအုပ်သဖွယ် စုပြုံနေပြီး အနက်ရောင်အခိုးအငွေ့များက မြွေများသဖွယ် လူးလွန့်ဖြာထွက်နေသည်။ နတ်ဘုရားတစ်ပိုင်းများက ကျယ်လောင်စွာ ဟစ်အော်၍ မူလဝိညာဉ်များ ဖွဲ့တည်လိုက်ကြ၏။ သူတို့၏မူလဝိညာဉ်များက နဂါးသွဲ့ရေကန်အထက်တွင် ရပ်လျက် ကြောက်မက်ဖွယ်ရာ သိုင်းကွက်များ ထုတ်လွှတ်နေကြသော်လည်း နောက်တခဏ၌ အနက်ရောင်အခိုးအငွေ့များနှင့် ထိသွားကာ သူတို့၏ရုပ်ခန္ဓာများ လျင်မြန်စွာ အရည်ပျော်ကုန်ကြသည်။
ရွာလူကြီး ကျောရိုးထဲ စိမ့်သွားပြီး အော်လိုက်သည်။ “မူအာ၊ မြန်မြန်သွား”
ချင်မူက အတွေးထဲ နစ်မျောနေသည့်အလား သူ့ဘာသာသူ စကားပြောနေ၏။ “ဒီလိုအနက်ရောင်အခိုးအငွ့မျိုးက ဖန်ဆင်းကောင်းကင်နတ်သိုင်းတစ်မျိုး ထင်တယ်... ဖန်ဆင်းကောင်းကင်နတ်သိုင်းဆိုပေမယ့် အသက်ရှိနေတာနဲ့ အသက်မဲ့နေတာတွေကို ချိတ်ဆက်ပေးထားတဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်း ဖြစ်နေသလိုပဲ”
“ဒီလိုအခြေအနေမှာ ဒါတွေ တွေးနိုင်သေးတယ်လား”
ရွာလူကြီး ဒေါသထွက်သွားပြီး သူ့ကို အင်္ကျီကော်လံမှ တရွတ်တိုက် ဆွဲလာသည်။ သူက ဓားရောင်များကို စိတ်ဖြင့် စေစားလျက် လမ်းရှင်းနေ၏။ အနက်ရောင်အခိုးအငွေ့များမှာ ပိုင်းဖြတ်၍ရသော်လည်း အရှင်းဖယ်ရှားမရပေ။
ရွာလူကြီးမှာ ချင်မူ့ကို ဆွဲလျက် ဘယ်၊ညာ ရှောင်တိမ်းပြီး တစ်ယောက်တည်း ညည်းညူနေရတော့သည်။
နဂါးထိန်းဧကရာဇ်က သူတို့အနောက်မှ လိုက်လာကာ လည်ဂုတ်မှ ဆွဲကိုင်ခံထားရသော ကြောင်လေးပမာ ဖြစ်နေသည့် ချင်မူ့ကို မြင်သွား၏။ ချင်မူက မလှုပ်သော်လည်း တစ်ချက်တစ်ချက် အနက်ရောင်အခိုးအငွေ့များကို လှည့်ကြည့်ရင်း တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေ၏။
‘ငါ့သခင်က တာအိုအရူးပဲ”
နဂါးထိန်းဧကရာဇ်မှာ အနက်ရောင်အခိုးအငွေ့များကို ခုခံရန် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နေသော်လည်း မည်သို့မှ ခုခံမရ ဖြစ်နေသည်။ သူက စိတ်ထဲတွင် ကျိန်ဆဲနေ၏။ ‘ဘယ်လိုသေရမလဲ မသိတဲ့ တာအိုအရူး”
ချင်မူ့မျက်ဝန်းများက လင်းလက်နေပြီး သူ့တစ်ယောက်တည်း ဆက်လက်ရေရွတ်နေသည်။ “ဒါက ဖန်ဆင်းကောင်းကင်နတ်သိုင်းဆိုရင် ဘယ်အတွက် သုံးတာလဲ... ဘာလို့ ထိန်းချုပ်မရ ဖြစ်နေတာလဲ... ဘာလို့အနက်ရောင် ခေါင်းတလားတွေ အများကြီး ပေါ်လာတာလဲ... ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ အချိန်ခရီးသွားအဖြစ်အပျက်က ဘာလဲ... ဒီဖန်ဆင်းကောင်းကင်နတ်သိုင်းရဲ့ နောက်ကွယ်မှာ ဘာအကြောင်းရင်း ရှိနေတာလဲ”
အနက်ရောင်အခိုးအငွေ့များသည် အရှေ့၌ ပျံ့နှံ့နေ၍ အနက်ရောင်ခေါင်းတလားအားလုံး ပွင့်လာ၏။ သင်္ဘောတစ်စင်းလုံး အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံနေသောကြောင့် ပတ်ဝန်းကျင်ကို ရှင်းလင်းပြတ်သားစွာ မမြင်ရတော့ပေ။
ရွာလူကြီး၏ နဖူးမှ ချွေးများကျလာသည်။ သူက ခြေလှမ်းများကို ရပ်ပြီး နဂါးထိန်းဧကရာဇ်ကို မှီကာ အခြေအနေ စောင့်ကြည့်နေ၏။
ဤအချိန်တွင် လော့ဝူရွှမ်က ရတနာတစ်ခု ထုတ်လိုက်၍ အမှောင်ထုထဲ၌ လင်းထိန်နေသော လတစ်စင်း ပေါ်လာသည်။ ထိုရတနာ၏ အလင်းရောင်က အနက်ရောင်အခိုးအငွေ့များကို တွန်းထုတ်ပေးနေပြီး လော့ဝူရွှမ်က ဝိညာဉ်အစောင့်တပ်သားများကို ခေါ်ကာ လရောင်ဆီ ပြေးသွားသည်။
“ဒါ ကောင်းကင်ဓားမလော့ဆီမှာ မဟာနတ်မင်းတစ်ပါး သွန်းလုပ်ထားတဲ့ ရတနာတစ်ခု ရှိနေတာပဲ”
ချင်မူ တလေးတစား စုပ်သပ်မိ၏။ “သူ ဒီလောက်တည်ငြိမ်ပြီး ဣန္ဒြေမပျက်တာ အံ့ဩစရာမရှိဘူး... လော့ဝူရွှမ်၊ ငါ ဒီမှာလေ... မင့်လက်ကို ဖြတ်ခဲ့တဲ့လူကို မှတ်မိသေးလား”
လော့ဝူရွှမ်က သူ့ကို အဖက်မလုပ်ဘဲ သူ့တပည့်များနှင့်အတူ ဤနေရာမှ ထွက်သွားသည်။
ထိုအချိန်တွင် ဖုန့်ချိုးယွင်၏ ကျောပေါ်ရှိ ကျောက်ခေါင်းတလား ပွင့်လာပြီး ဧကရာဇ်အရှိန်အဝါက ပတ်ဝန်းကျင်သို့ ဖြာထွက်သွားသည်။ ခေါင်းတလားထဲတွင် နတ်ဘုရားတစ်ပိုင်းဧကရာဇ်က မတ်မတ်ထိုင်၍ အနက်ရောင်အခိုးအငွေ့များကို တွန်းထုတ်နေ၏။
“မမကြီးချိုးယွင်”
ချင်မူ လှမ်းအော်လိုက်သည်။ “ကျွန်တော့်ကို မှတ်မိသေးလား”
ဖုန့်ချိုးယွင်၏အသံက အဝေးမှ ထွက်လာသည်။ “မှတ်မိတာပေါ့... နင် အမိကမ္ဘာမြေကို သစ္စာဖောက်သွားလို့ အမိကမ္ဘာမြေက နင့်အသက်ကို ယူချင်လွန်းလို့ မစောင့်နိုင်ဘူး ဖြစ်နေတယ်”
ချင်မူ့မျက်နှာ မည်းမှောင်သွား၏။ ချိမင်နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ကလည်း အနီရောင်အလင်းတန်းအသွင် ပြောင်းကာ အမှောင်ထုကို ခွင်းသွားသည်။ သူက ချင်မူ့ကို အရေးမလုပ်ပေ။
“နတ်ဘုရားသားတော်လည်း ညီအစ်ကိုအချင်းချင်း ဖေးမ,မယ်မရှိဘူး”
ချင်မူ ခေါင်းယမ်းလိုက်မိသည်။ သင်္ဘောအပေါ်ရှိ လူတိုင်းတွင် အကာအကွယ်ပစ္စည်းများ ရှိကြ၏။ ကြိုးနှင့်အတူ ကောင်းကင်နတ်ဘုံမှ ဆင်းလာသည့် လူများတွင်လည်း သူတို့ကို စောင့်ရှောက်ပေးမည့် ရတနာများ ပါလာကြသည်။
ချင်မူ အမိန့်ပြားကို ထုတ်လိုက်သည်။ အမိန့်ပြား အပြင်ထွက်လာသည်နှင့် အနက်ရောင်အခိုးအငွေ့များ တုံ့ခနဲ ရပ်သွားသည်။ ထို့နောက် အခိုးအငွေ့များသည် ခေါင်းတလားများအတွင်းသို့ ပြန်ဝင်သွားကြပြီး ခေါင်းတလားအဖုံးများ အလိုအလျောက် ပြန်ပိတ်သွားသံများ ဆက်တိုက်ကြားလိုက်ရ၏။ အနက်ရောင်ခေါင်းတလားများက တဖြည်းဖြည်း သင်္ဘော၏ကုန်းပတ်ထဲသို့ နစ်မြုပ်သွားကာ အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားတော့သည်။
ရွာလူကြီးက မျက်တောင်ပုတ်ခတ်ရင်း ချင်မူ့ကို ကြည့်၏။ သူက ခပ်တိုးတိုး မေးလေသည်။ “မင့်ကျောက်စိမ်းပြားက ဒီသင်္ဘောကို ထိန်းချုပ်တဲ့ ရတနာလား”
ချင်မူမှာ ခေါင်းယမ်းကာ အမှန်အတိုင်း ဖြေလိုက်သည်။ “ကျွန်တော်လည်း သေချာမသိဘူး... ဒီတိုင်း ခန့်မှန်းထားတာ...”
“မင်း...”
ရွာလူကြိး ပြောစရာစကား ရှာမတွေ့တော့ပေ။ “ဆက်သွားစို့”
ထိုစဉ် မီးအိမ်တစ်လုံးက ရွက်တိုင်ဆီမှ ချင်မူ့အရှေ့သို့ ဆင်းလာသည်။ ထိုမီးအိမ်သည် အဝိုင်းဖြစ်ပြီး သူတို့သုံးယောက်ကို လှည့်ပတ်နေ၏။
ရွာလူကြီး သတိအနေအထားဖြင့် ဓားကို ဆုပ်ကိုင်ရင်း မီးအိမ်ကို အကဲခတ်နေသည်။ သူကား အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေလေသည်။
ကျွီ
မီးအိမ်မှ တံခါးပွင့်သံ ထွက်လာ၍ ရွာလူကြီး အံ့အားသင့်သွားသည်။ မီးအိမ်ပေါ်တွင် တံခါးရွက်နှစ်ရွက် ရှိပြီး တစ်လက်မသာ ရှိသော ငှက်ခေါင်းနှင့် လူသေးသေးလေးက တံခါးကို အတွင်းထဲမှ တွန်းဖွင့်လိုက်ကြောင်း သူ မြင်လိုက်ရ၏။ ငလက်မလေးက သူတို့ကို ကြည့်နေလေသည်။
ငလက်မလေး၏ အနောက်မှ ဖြာထွက်နေသော အလင်းရောင်မှာ စူးရှလွန်း၏။ သူတို့သုံးယောက် မီးအိမ်အတွင်းသို့ ကြည့်လိုက်သည့်အခါ ငလက်မလေး၏ အနောက်တွင် အလျှံတညီးညီးတောက်ပနေသော နေတစ်စင်း ရှိနေကြောင်း တွေ့လိုက်ရသည်။
“ယွီလင်နန်းစောင့်တပ်ဖွဲ့ စစ်သူကြီးလင်းရှောင်၊ တပ်မှူးးကို အရိုအသေပေးပါတယ်”
ငလက်မလေးက တံခါးအရှေ့တွင် အရိုအသေပေးနေပြီး စိတ်ရင်းထဲမှ လာပုံရသည်။ “တပ်မှူးက ငယ်သွားပြန်ပြီနော်”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ရင်း ချော်လဲ ရောထိုင်လိုက်သည်။ “အမ်း ရှေ့က သွား”
“အမိန့်အတိုင်းပါ”
ငလက်မလေးက တံခါးရွက်အပေါ်တွင် ထိုင်လိုက်ပြီး သူ့အနောက်ရှီ တောင်ပံများကို ခတ်လိုက်သည်။ မီးအိမ်က လင်းလာကာ ရှေ့သို့ ပျံသန်းသွားလေသည်။
ရွာလူကြီးမှာ ဇဝေဇဝါ ဖြစ်နေ၍ အသိစိတ်အလျဉ်ဖြင့် ချင်မူ့ကို မေးလိုက်၏။ “မူအာ ဘာတွေ ဖြစ်နေတာလဲ”
“မသိဘူး”
ချင်မူလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ “လူမှားနေတာ နေမယ်”
သူတို့အရှေ့တွင် အဆောက်အဦးများ ပေါ်လာပြီး အဆောက်အဦးတစ်ခု၏ အရှေ့တွင် သက်ရှိနဂါးခေါင်းကြီး ရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ်က သင်္ဘောနှင့် တစ်သားတည်း ပေါင်းစည်းနေပြီး အသွေးအသားတို့သည် သစ်သားပြားများဖြင့် ချိတ်ဆက်နေ၏။ နဂါးခေါင်းကြီး၏မျက်နှာက ရှုံ့မဲ့နေကာ ရူးနေပုံရသည်။ သူ့မှာ နာကျင်စွာ အော်ဟစ်နေ၏။ “ကောင်းကင်နဲ့မြေပြင်က ပြောင်းလဲတယ်... လူသုံးဆယ့်ခြောက်ယောက်ရဲ့ မပြောင်းလဲတဲ့ ကိန်းသေတဲ့.... ဒါ ဘာအဓိပ္ပါယ်လဲ ... ငါကို ပြောစမ်းပါး၊ အဓိပ္ပါယ်က ဘာလဲလို့”
“ဖန်ဆင်းကောင်းကင်နတ်သိုင်းကြောင့် ဒီသင်္ဘောကြီးနဲ့ ပေါင်းစည်းခံထားရတဲ့ ရှေးဟောင်းနတ်ဘုရားနောက်တစ်ယောက်ပါလား... ဒါပေမဲ့ သူ့ကြည့်ရတာ ရူးနေတဲ့ပုံပဲ”
နဂါးထိန်းဧကရာဇ် သူ့ဘာသာသူ တွေးလိုက်မိသည်။ “ဒီနဂါးကြီးရဲ့ အစွမ်းအစတွေက ငါ့ထက်အများကြီး အားကောင်းပြင်းထန်တယ်...”
“ငါ မရူးဘူး”
ရူးနေသော နတ်နဂါးကြီးက ခေါင်းငုံ့၍ သူတို့ဆီသို့ ကြည့်ကာ ရယ်သည်။ “မင်းတို့လည်း အနှေးနဲ့အမြန် ငါ့လို ဖြစ်လာလိမ့်မယ်... ဒီသင်္ဘောနဲ့ ပေါင်းစည်းပြီး ဒီသင်္ဘောရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာရလိမ့်မယ်... မပြောင်းလဲတဲ့ ကိန်းသေ၊ မပြောင်းလဲတဲ့ ကိန်းသေ... မပြောင်းလဲတဲ့ ကိန်းသေကို ဖြေရှင်းနိုင်မှ မင်းတို့ ထွက်သွားနိုင်မှာ”
“ဒီမှာ လူတစ်ယောက်က မှတ်တမ်းတွေ ချန်ခဲ့တယ်”
အဆောက်အဦးဆီမှ အသံတစ်သံ ထွက်လာသည်။ ချင်မူတို့ ကပျာကယာ သွားကြည့်သည့်အခါ အဆောက်အဦထဲသို့ ရောက်ရှိနေကြသူများကို တွေ့လိုက်ရသည်။ ချိမင်နတ်ဘုရားသားတော်၊ ဖုန့်ချိုးယွင်၊ ကောင်းကင်နတ်ဘုံမှာ ဧည့်သည်များနှင့် ကျန်ရှိသူများလည်း ရောက်နေကြကာ နံရံကို ကြည့်နေကြသည်။
ချင်မူလည်း နံရံအပေါ်ရှိ လက်ရေးစာသားများကို ကြည့်ကာ မှင်သက်သွား၏။ ‘အစ်ကိုကြီးရဲ့ လက်ရေးပဲ’
နံရံအပေါ်ရှိ လက်ရေးစာသားများက တည်ထောင်သူဂိုဏ်းသခင်၏ လက်ရေးများ ဖြစ်ပြီး တစ္ဆေသင်္ဘော၏ အကြောင်း ရေးထားခြင်းမဟုတ်ပေ။
ချင်မူ အသေးစိတ် ဖတ်ကြည့်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားသည်။ “နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရီ လုပ်ကြံခံလိုက်ရတယ်လား... ဘာလို့ အစ်ကိုကြီးက ဒီဖြစ်ရပ်ကို ဒီနံရံမှာ ရေးထားတာလဲ... ယွီလင်နန်းစောင့်တပ်ဖွဲ့ အချိန်ခရီးသွားဖြစ်ရပ်နဲ့ ဘယ်လိုပတ်သက်နေလို့လဲ”
၎
င
၎
၎
၎
င
၎
၎