← Chapters

ကောင်းကင်နတ်ဧကရီနှစ်ယောက်

Vol. 61 Ch. 810

ကောင်းကင်နတ်ဧကရီနှစ်ယောက်

Vol. 61 Ch. 810

နံရံပေါ်ရှိ စာသားများက ဤသို့‌ ရေးထားသည်။

{ကောင်းကင်နတ်ဧကရီသည် ဘိုးဘေးမြေသို့ သွားရောက်လည်ပတ်ရန် အောက်ဘုံသို့ ဆင်းသက်တော်မူခဲ့၏။ သို့သော် အချိန်အတန်ကြာသည်အထိ ပြန်ရောက်မလာခဲ့ပေ။ ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်ဧကရီကို ကောင်းကင်နတ်ဘုံဆီသို့ ပြန်လည်ပင့်ဆောင်ရန် လက်ဝဲယွီလင်နန်းစောင့်တပ်ဖွဲ့အား အဆုံးသတ်မြို့ပျက်သို့ စေလွှတ်တော်မူခဲ့၏။

ရက်အနည်းငယ် ကြာသည့်အခါ လက်ဝဲယွီလင်နန်းစောင့်တပ်ဖွဲ့က ကောင်းကင်နတ်ဧကရာဇ်သို့ အစီရင်ခံစာတစ်ခုနှင့်အတူ အဆုံးသတ်မြို့ပျက်အနားရှိ နဂါးအရှင်စီရင်စုတွင် ပုန်ကန်မှု ဖြစ်ပွားနေသည့်အကြောင်း ၊ နဂါးအရှင်စီရင်စု၏ တပ်ဖွဲ့က ကောင်းကင်နတ်ဧကရီကို ချောင်ပိတ်ထားသည့်အကြောင်း တင်ပြလျှောက်တင်ခဲ့သည်။ သူတို့က ပုန်ကန်မှုကို နှိမ်နင်းရန် အရှင်မင်းကြီးဆီမှ တပ်ကူတောင်းဆိုခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်နတ်ဧကရာဇ်သည် လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့ကို ပုန်ကန်မှုနှိမ်နင်းရန် အမိန့်ပေးခဲ့တော်မူ၏။ သို့ရာတွင် လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့ ထွက်ခွာသွားသည့်အချိန်မှာပင် လက်ဝဲယွီလင်နန်းစောင့်တပ်ဖွဲ့က ကောင်းကင်နတ်ဧကရီ လုပ်ကြံခံခဲ့ရသဖြင့် ဒဏ်ရာအပြင်းအထန် ရထားသည့်အကြောင်း အစီရင်ခံစာနောက်တစ်ခု ပေးပို့ခဲ့သည်။

ကောင်းကင်နတ်ဧကရာဇ်က အမိန့်တော် ထုတ်ပြန်ကာ လယ်ယာယွီလင်နန်းစောင့်တပ်ဖွဲ့ကို ကောင်းကင်နတ်ဧကရီ လုပ်ကြံခံခဲ့ရသည့်ကိစ္စအား စုံစမ်းစေတော်မူသည်။

ဝေစွေ့ဖုန်းက ယွီလင်နန်းစောင့်တပ်ဖွဲ့၏ လက်ယာတပ်မှူးချုပ်အနေဖြင့် လယ်ယာယွီလင်နန်းစောင့်တပ်ဖွဲ့ကို ဦးဆောင်၍ အဆုံးသတ်မြို့ပျက်ထဲသို့ အလျင်အမြန် ဝင်ရောက်ကာ လက်ဝဲယွီလင်နန်းစောင့်တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ သူတို့သည် နဂါးအရှင်စီရင်စုကို နှိမ်နင်း၍ နဂါးအရှင်ဘုရင်ကို ဖမ်းဆီးနိုင်ခဲ့၏။ နဂါးအရှင်စီရင်စု လက်နက်ချအညံ့ခံသည်။

ကောင်းကင်နတ်ဧကရီသည် ဒဏ်ရာများ သက်သာလာသဖြင့် ကောင်းကင်နတ်ဘုံသို့ မပြန်ခင် ဒဏ်ရာကုသရန် ပြင်ဆင်တော်မူခဲ့၏။

သို့သော် ထိုညတွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်ထဲမှ မြေအောက်ရေများ ပန်းထွက်လာခဲ့ပြီး ကောင်းကင်က ညအလား မှောင်မည်းသွား၏။ ကြယ်များ၊ လများ မမြင်ရတော့ပေ။

အသူရာချောက်နက်အတွင်းမှ ထူးဆန်းသောအရာများ ထွက်လာခဲ့၍ နတ်ဘုရားများ ကြောက်လန့်ခဲ့ရကြပြီး တစ်ညလုံး ကောင်းမွန်စွာ အိပ်မရခဲ့ပေ။

မြေအောက်ရေများ ရပ်တန့်သွားသည့်အခါ မနက်သို့ ရောက်နေပြီဖြစ်သည်။ စစ်သည်တော်များမှာ ကောင်းကင်နတ်ဧကရီ၏ အလောင်းကို ဖန်းဟူတောင်အပေါ်တွင် ရှာတွေ့ခဲ့၏။ အရန်နန်းဆောင်တွင် နန်းတွင်းသူမိန်းကလေးများအားလုံး အသတ်ခံထားရပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့၏ ဘယ်တပ်မှူးချုပ်ပင် နန်းတော်အပြင်၌ သေဆုံးနေခဲ့သည်။

ဝေစွေ့ဖုန်းက နဂါးအရှင်စီရင်စု၏ အဋ္ဌမမြောက် နဂါးဘုရင်ကို ဖမ်း၍ ‌ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားအား စောင့်ရှောက်ခိုင်းခဲ့သည်။ ထို့နောက် စစ်သည်တော်များအား ထိုညက အဖြစ်အပျက်နှင့်ပတ်သက်၍ စုံစမ်းစေပြီး ကောင်းကင်နတ်ဧကရီ သေဆုံးခဲ့ရသည့်အကြောင်းရင်းကို ဖော်ထုတ်ခိုင်းခဲ့၏။

စစ်သည်တော်တစ်ယောက်က ထိုညတွင် ကောင်းကင်နတ်ဧကရီနှစ်ယောက် မြင်ခဲ့ရကြောင်း ပြောသည်။ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်က မိစ္ဆာနတ်ဘုရားများကို စေလွှတ်၍ ကောင်းကင်နတ်ဧကရီကို လုပ်ကြံခဲ့သည်ဟု ပြောသော တစ်ယောက်လည်း ရှိသည်။

ဝေစွေ့ဖုန်း၏ စုံစမ်းစစ်ဆေးမှုအားလုံး အချည်းနှီးပင်။ သူက ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားကို သင်္ဘောအပေါ်သို့ အလျင်အမြန် ပြောင်းရွှေ့ပြီး နဂါးအရှင်ဘုရင်ကို ဖမ်းချုပ်၍ ကောင်းကင်နတ်ဘုံထံ ပြန်သည်။

ကောင်းကင်နတ်မြစ်၏ ရေဆန်အတိုင်း နောက်ကြောင်းပြန် ရွက်လွင့်ကြပြီး လအနည်းငယ်ကြာသည့်အခါ ယွမ်တုသို့ ရောက်လာခဲ့၏။

ကောင်းကင်နတ်မြစ်က ယွမ်တု၏အပေါ်၌ ပျံဝဲနေခြင်း ဖြစ်ပြီး ရွက်လွှင့်နေကြစဉ် မြစ်ပြင်ထက်တွင် မြူများ ဝေဆိုင်းရစ်သိုင်းလာခဲ့သည်။ အရာရှိတစ်ယောက်က မြစ်အလယ်တွင် အစီအရင်တစ်ခု စီရင်နေသော အမျိုးသမီးတစ်ယောက် ရှိနေသည်ဟု တင်ပြခဲ့သည်။ }

နံရံအပေါ်ရှိ စာသားများက ဤနေရာတွင် ရပ်တန့်သွားပြီး မရှင်းလင်းသော စာကြောင်းတစ်ကြောင်းသာ ကျန်သည်။

{ငါ အဆုံးသတ်မြို့ပျက်မှာ ဒီအမျိုးသမီးနဲ့ တွေ့ခဲ့ပြီး အတိတ်ပြန်ရောက်သွားခဲ့တယ်... အတိတ်ရဲ့ အဆန်းတကြယ်ဖြစ်ရပ်တွေဆီ သွားပြီး သမိုင်းဇာတ်ကြောင်းတွေကို ငါ ရှာဖွေခဲ့တယ်... ခုတော့ ဒီမီးအိမ်ကို ငြှိမ်းပြီး ပြန်သင့်ပြီ ထင်ပါရဲ့ }

“နဂါးအရှင်စီရင်စု”

‌

ရှေးဟောင်းနဂါးမင်းက ရုတ်တရက် ထအော်သည်။ “ဒဏ္ဍာရီတွေအရ နဂါးအရှင်စီရင်စုက အစောဆုံးနဂါးမျိုးနွယ်စုတစ်စု.... ကောင်းကင်နဲ့မြေပြင်ကနေ မွေးဖွားလာတဲ့ နတ်နဂါးတွေ တည်ဆောက်ထားတဲ့ စီရင်စု.... ရှေးဟောင်းကောင်းကင်နတ်ဘုံရဲ့ နဂါးသွေးကြောတွေကနေ မွေးဖွားလာတဲ့ ကောင်းကင်နဂါးတွေရဲ့ တိုင်းပြည်လို့ ပြောကြတယ်... အဲဒီက နဂါးတွေက ကိုက်တစ်သောင်း ရှည်လျားပြီး အဆုံးမဲ့ နတ်စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်... နဂါးအရှင်ဘုရင်က ဒီကမ္ဘာမှာ ပထမဆုံး နတ်နဂါးတောင် ဖြစ်လောက်တယ်... အစတုန်းက ဒါတွေက ကောလဟလတွေလို့ပဲ ငါ ထင်ထားတာ... နဂါးအရှင်စီရင်စု အမှန်တကယ် တည်ရှိနေမယ်မထင်ထားဘူး”

“စောစောက သင်္ဘောနဲ့ တစ်သားတည်း ဖြစ်နေတဲ့ နဂါးအိုကြီးက နဂါးအရှင်ဘုရင်များလား....” သူ့ဘေးရှိ နတ်ဘုရားတစ်ပိုင်းက မေးသည်။

ရှေးဟောင်းနဂါးမင်း မှင်သက်သွားပြီး ခေါင်းယမ်းလိုက်၏။ “မဟုတ်လောက်ပါဘူး... နဂါးအရှင်ဘုရင်က သန်မာအားအကောင်းဆုံး နဂါးလို့တောင် ပြောကြတာ... ဘယ်လိုလုပ်ပြီး ဒီသင်္ဘောနဲ့ တစ်သားတည်း ဖြစ်နေနိုင်မှာလဲ... သေချာပေါက် သူ မဟုတ်ဘူး”

ထိုစဉ် လူငယ်တစ်ယောက်သည် ကျောနောက်လက်ပစ်လျက် လျှောက်လာကာ အေးအေးလူလူ ပြော၏။ “နဂါးအရှင်က ဖမ်းချုပ်ခံရပြီး ဒီသင်္ဘောပေါ်မှာ ဖိနှိပ်ခံခဲ့ရတယ်... နောက်ပိုင်း ဒီသင်္ဘောက ကောင်းကင်နတ်မြစ်ကနေ ပျောက်ကွယ်သွားတာမဟုတ်လား... အဲဒီရူးနေတဲ့ နဂါးအိုကြီးက နဂါးအရှင်ပဲ ဖြစ်လိမ့််မယ်”

ရှေးဟောင်းနဂါးမင်း၏ နဂါးမုတ်ဆိတ်များ မြောက်တက်သွားသည်။ သူက အလိုမကျသော အသံဖြင့် မေးလိုက်၏။ “မင်းက”

လူငယ်က မဆိုစလောက် ပြုံးလိုက်၏။ “ကျွန်တော်က ကောင်းကင်နတ်ဘုံကပါ”

ရှေးဟောင်းနဂါးမင်း မျက်မှောင်ကြုတ်၍ သရော်တော်တော် ပြောလိုက်သည်။ “ကောင်းကင်နတ်ဘုံဟုတ်လား... ချိမင်ခေတ်မှာ ကောင်းကင်နတ်ဘုံရှိတယ်... ချုံဧကရာဇ်ခေတ်မှာလည်း ကောင်းကင်နတ်ဘုံ နှစ်ခု၊ သုံးခု ရှိတယ်... မင်းက ဘယ်ကောင်းကင်နတ်ဘုံကလဲ”

လူငယ်သည် ဟက်ခနဲ ရယ်လိုက်၏။ “ရှေးဟောင်းနဂါးမင်း၊ ခင်ဗျားဘိုးဘေးကြီးက သူ့ကိုယ်သူ နဂါးအရှင်လို့ ခေါ်တယ်ဆိုတော့ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေနဲ့ တန်းတူရှိတဲ့ ရှေးဟောင်းနတ်ဘုရားမှန်း သိသာတယ်... ဒါတောင် သူက ကောင်းကင်နတ်ဘုံရဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့လက်ထဲ အဖမ်းခံခဲ့ရတယ်မဟုတ်လား... ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ... ခင်ဗျား သူ့ကို ဘာကြောင့် အထင်ကြီးနေသေးတာလဲ”

ရှေးဟောင်းနဂါးမင်း မျက်နှာပျက်သွားပြီး သတ်ဖြတ်လိုသည့် အခိုးအငွေ့များ ထွက်လာသည်။

လူငယ်က သူ့ကို အရေးမစိုက်ပေ။ သူ့အနောက်မှ နတ်ဘုရားနှစ်ပါး ထွက်လာပြီး သူ့ကို အလယ်တွင် ထား၍ ကာကွယ်ပေးလိုက်ကြသည်။

လူငယ်က လက်ခါကာ ပြောလေသည်။ “အောက်ဘုံရဲ့ မိစ္ဆာနဂါးဆိုတော့လည်း ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို ဘယ်သိပါ့မလဲ... ခွင့်လွှတ်ပေးလိုက်ပါ... ခေါင်းထဲ ထည့်မနေနဲ့... ငါ စိတ်ဝင်စားမိတာက လယ်ယာတပ်မှူးချုပ် မှတ်တမ်းတင်ထားတဲ့အထဲက ဒီအချက်ပဲ.... ကောင်းကင်နတ်ဧကရီ လုပ်ကြံခံခဲ့ရတဲ့ အချိန်မှာ ကောင်းကင်နတ်ဧကရီနှစ်ယောက် ရှိခဲ့တယ်တဲ့”

သူက ညစ်ကျယ်ကျယ် ပြုံးရင်း ပြောနေသည်။ “ဒါပေမဲ့ ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်ဘုံမှာ အမြဲ ရှိနေတာလေ... သူ သေသွားတဲ့ သတင်းလည်း မကြားမိဘူး... ဘာကြောင့်များပါလိမ့်... ဒီသင်္ဘောပေါ်က ကောင်းကင်နတ်ဧကရီရဲ့အလောင်းက တကယ့် ကောင်းကင်နတ်ဧကရီ ဟုတ်ပါ့မလား... တခြားလျှို့ဝှက်ချက်တွေရော ရှိ‌လောက်သေးလား... ကောင်းကင်နတ်ဘုံထဲက ကောင်းကင်နတ်ဧကရီ....”

သူ့ဘေးရှိ နတ်ဘုရားနှစ်ယောက်တွင် စိတ်ပူနေသော အမူအရာများ ရှိကြပြီး သူတို့က အသံနှိမ့်လိုက်ကြသည်။ “အရှင့်သား၊ ဒီမှာ နားတွေ ရှိပါတယ်... နန်းတော်ထဲက အဲဒီပုဂ္ဂိုလ်အကြောင်း မပြောသင့်ပါဘူး”

လူငယ်က ပြုံးလိုက်၏။ “ကောင်းကင်နတ်ဧကရီအတုနဲ့ အစစ်ကိစ္စက အရေးကြီးတယ်... ကောင်းကင်နတ်ဧကရီ ဒီမှာ သေခဲ့တယ်ဆိုရင် သူ ကောင်းကင်နတ်ဘုံမှာ ရှိနေသေးတာ မထူးဆန်းဘူးလား... ကောင်းကင်နတ်ဧကရီရဲ့ အလောင်းက ဒီသင်္ဘောမှာဆိုတော့ ငါတို့ သွားရှာကြည့်ကြရင် မကောင်းဘူးလား...”

သူက ဆက်မပြောတော့ပေ။ အခြားသူများ သိချင်လာမည်ကို စိုးရိမ်ရ၏။

“ဧကရာဇ်မိသားစုက တော်တော်ညစ်ပတ်တာပဲ” ဖုန့်ချိုးယွင်က ခနဲ့သလို ပြောလိုက်သည်။

လူငယ်သည် သူမကို ကြည့်၍ အေးအေးဆေးဆေး တုံ့ပြန်၏။ “အမိကမ္ဘာမြေရဲ့ အစေခံ၊ ဖုန့်ချိုးယွင်မလား... ဘယ်အမိကမ္ဘာမြေရဲ့ မိသားစုက သန့်ရှင်းတယ် ထင်လဲ”

ဖုန့်ချိုးယွင်က နှာခေါင်းရှုံ့ပြီး ပြန်မဖြေပေ။

ချိမင်နတ်ဘုရားသားတော်က အပြုံးတစ်ခုဖြင့် ဝင်ပြောသည်။ “မင်းသားက ပြင်ပကောင်းကင်နတ်ဘုံကလား... ဘယ်လိုခေါ်ရမလဲ သိခွင့်ရှိလေမလား”

“ရွှမ်ခုံးကမ္ဘာမှာ ပုန်းနေပြီး ထွက်မလာရဲတဲ့ ချိမင်နတ်ဘုရားသားတော်လား”

လူငယ်သည် ပြုံး၍ ပြောလိုက်၏။ “ချိမင်နတ်ဘုရားသားတော်က ချိမင်ခေတ်တစ်ခေတ်လုံးရဲ့ ကံကြမ္မာကို ထမ်းဆောင်ပေးခဲ့သူမှန်း သိထားပေမယ့် ခင်ဗျားကြည့်ရတာ သိပ်ထူးထူးခြားခြားလည်း မရှိပါလား”

ချိမင်နတ်ဘုရားသားတော်က ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လူငယ်၏စကားကို ကြားလျှင် မျက်နှာပျက်မသွားပေ။ သူက အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။ “ဒီကမ္ဘာပေါ်မှာ ချိမင်နတ်ဘုရားသားတော်ဆိုတဲ့ ဘွဲ့ဂုဏ်ထူးမျိုး မရှိပါဘူး... ကျုပ်တို့မျိုးနွယ်အတွက် မျှော်လင့်ချက်ရလိုရငြား ပေးထားတဲ့ဘွဲ့ရယ်ပါ”

လူငယ်က လေးစားသွားပြီး ပြောလိုက်၏။ “နတ်ဘုရားသားတော်က အမှန်ကို ပြောပြဝံ့တဲ့အတွက် စိတ်နေမြင့်မားလှပါပေတယ်.... ခင်ဗျားက ချိမင်နတ်ဘုရားသားတော်ဘွဲ့နဲ့ ထိုက်တန်တယ်... ကျုပ်က ကောင်းကင်နတ်ဘုံရဲ့ မင်းသားချိုးမင်ပါ”

ချိမင်နတ်ဘုရားသားတော်လည်း ပြန်နှုတ်ဆက်လိုက်သည်။

ရွာလူကြီး မျက်မှောင်ကြုတ်သွား၏။ အဆောက်အဦးထဲရှိ လူများကို ကြည့်ရင်း သူ့ရင်ထဲတွင် ခံစားချက်မကောင်းတော့ပေ။

ဤနေရာတွင် အဆင့်မြင့်သိုင်းပညာရှင်များ များပြားလွန်းသည်။ သူတို့သုံးယောက်မှာ အနုံချာဆုံးဟုပင် ဆိုရလိမ့်မည်။ အားအနည်းဆုံးလည်း ဖြစ်ချေသည်။

အားလုံး ကြည့်ရသည်မှာ သင့်သင့်မြတ်မြတ် ရှိနေကြပုံပေါ်သော်လည်း တိုက်ပွဲ ထဖြစ်လျှင် သူတို့သုံးယောက် ဦးစွာအသက်ထွက်သွားလိမ့်မည်။

‘ပထမဘိုးဘေးကြီး လိုက်လာရင်တောင် အခြေအနေ ပြောင်းလဲသွားမှာမဟုတ်ဘူး...’ သူ့မှာ ခါးသီးစွာ ကြိတ်ညည်းနေမိတော့သည်။

ချင်မူက နံရံအပေါ်ရှိ လက်ရေးစာသားများကို ကြည့်ရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ရွာလူကြီး ဒီမှာ စိတ်ဝင်စားစရာတွေ အများကြီးပဲဗျ”

“အေး”

ရွာလူကြီးမှာ ငေးငေးငိုင်ုငိုင် ဖြစ်နေသည်။ “ထုတ်မပြောနဲ့... မင်း စကားပြောတာနဲ့ လူတိုင်း အာရုံစိုက်တတ်ကြတယ်”

ချင်မူ ခေါင်းညိတ်လိုက်ပြီး သူ့ဦးနှောက်က စတင်အလုပ်လုပ်တော့သည်။ ‘ဝေစွေ့ဖုန်းက ဆရာသစ်ခုတ်သမားရဲ့ အကြီးဆုံးတပည့်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်၊ ငါနဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဆရာတူအစ်ကိုကြီးလည်း ဖြစ်တယ်... စာသားတွေအရ သူက အဆုံးသတ်မြို့ပျက်ကို သွားလေ့လာပြီး ကောင်းကင်နတ်အရှင်လင်နဲ့ ဆုံတွေ့ခဲ့တယ်၊ အကြောင်းတစ်ခုခုကြောင့် အတိတ်ကို ပြန်ရောက်သွားပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ လက်ယာတပ်မှူးချုပ် ဖြစ်သွားခဲ့တာပဲ ဖြစ်မယ်... ပြီးတော့ ကောင်းကင်နတ်ဧကရီ လုပ်ကြံခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေလည်း သိထားလိမ့်မယ်... ဒါပေမဲ့ ကောင်းကင်နတ်ဘုံဆီ အပြန်မှာ ကောင်းကင်နတ်အရှင်လင်နဲ့ ထပ်တွေ့ခဲ့ရတယ်... မီးအိမ် ငြှိမ်းတာကတော့...’

ချင်မူ စဉ်းစားရင်း သူ့ဘေး၌ လွင့်မျောနေသော မီးအိမ်များဆီသို့ ကြည့်လိုက်သည်။ ‘အစ်ကိုကြီးက နေ့အချိန်မှာ နဂါးဟန်ခေတ်ဆီ သွားနိုင်ပြီး ညအချိန်မှာ ပြန်ရတာ ဖြစ်မယ်... ဒါပေမဲ့ သူက မပြန်ချင်တော့ မီးအိမ်တွေထဲမှာ ‌နေ သွန်းလုပ်ပြီး သူ့အနားမှာ ချိတ်ဆွဲထားတယ်... အဲဒီနည်းနဲ့ သူ့အတွက် အမြဲတမ်း နေ့အချိန်ထဲ ရောက်နေသလို ဖြစ်သွားတယ်... နောက်ပိုင်း ကောင်းကင်နတ်အရှင်လင်နဲ့ ပြန်ဆုံ‌တော့ ပြန်သင့်ပြီလို့ ခံစားလိုက်ရတာနဲ့ မီးအိမ်တွေကို ငြှိမ်းပြီး ပြန်လာခဲ့တာပဲ...

‘သူ ပြန်လာခဲ့တာ ကံကောင်းသွားတယ်... မဟုတ်လို့က‌တော့ အချိန်ခရီးသွားဖြစ်ရပ်ထဲမှာ သူလည်း ပါသွားလောက်တယ်’

‘အဆုံးသတ်မြို့ပျက်က ဘယ်လိုနေရာမျိုးလဲ’

ရုတ်တရက် တည်ထောင်သူဂိုဏ်းသခင် ပေးခဲ့သော မြေပုံများကို ပြန်အမှတ်ရလိုက်သည်။ မြေပုံတစ်ခုသည် ပင်လယ်သမုဒ္ဒရာထဲရှိ အသူရာချောက်နက်တစ်ခု၏ မြေပုံ ဖြစ်၏။

ယင်းမြေပုံက အဆုံးသတ်မြို့ပျက်များလော။

“ဂိုဏ်းသခင်ချင်” ချိမင်နတ်ဘုရားသားတော်က နှုတ်ဆက်ပြီး ချင်မူ့ကို ပြုံးပြသည်။

ချင်မူက ပြန်နှုတ်ဆက်ကာ ပြောလိုက်သည်။ “နတ်ဘုရားသားတော်၊ စောစောက ကုန်းပတ်ပေါ်မှာ အန္တရာယ်နဲ့တွေ့တုန်းက နတ်ဘုရားသားတော် ပြေးချက်က တော်တော်မြန်မြန်နော်”

ချိမင်နတ်ဘုရားသားတော်သည် ပြုံးလျက် တုံ့ပြန်၏။ “ဂိုဏ်းသခင်ရဲ့အစွမ်းအစတွေကို သိလို့ပဲ မကူညီခဲ့တာပါ... ဂိုဏ်းသခင်က ရွှမ်ခုံးကမ္ဘာမှာတုန်းက သောင်းကျန်းခဲ့ပြီး ငါ့ရဲ့ ရွှမ်းခုံကမ္ဘာကို ဖျက်စီးတော့မလိုတောင် ဖြစ်ခဲ့သေးတယ်မဟုတ်လား... ကုန်းပတ်ပေါ်က အန္တရာယ်လေးက ဂိုဏ်းသခင်အတွက် မပြောပလောက်ပါဘူး”

ချင်မူ တောက်ပစွာ ပြုံးလိုက်သည်။ “နတ်ဘုရားသားတော်ကတော့ အပြောကောင်းတုန်းပါပဲဗျာ”

“ချုံဧကရာဇ် လောကသခင်ခန္ဓာချင်”

လော့ဝူရွှမ်၏အသံ ထွက်လာသည်။ “မတွေ့ရတာ ကြာပြီ”

ချင်မူ အသံလာရာဆီသို့ ကြည့်ကာ ပြုံးပြလိုက်သည်။ “ကောင်းကင်ဓားမလော့၊ ခင်ဗျားလည်း စောစောက တော်တော်မြန်တယ်... ဒီကလူအားလုံးထက်တောင် မြန်သေးတယ်... ကျွန်တော်ဖြင့် ခင်ဗျား ကျွန်တော့်ကို ကယ်နိုးကယ်နိုး မျှော်လင့်နေတာ... အဆုံးသတ်ကျတော့ ခင်ဗျားက ကိုယ့်တစ်ဖို့တည်း ကြည့်သွားတယ်”

လော့ဝူရွှမ်က ပြုံးသည်။ “ချုံဧကရာဇ်ခေတ်ရဲ့ လောကသခင်ခန္ဓာချင်၊ မင်းရဲ့ ဓားက အရင်ကလို ထက်သေးလား သိချင်မိတယ်”

ချင်မူက ရယ်မောလိုက်သည်။ “ကျွန်တော့်ဓားသိုင်းက ပိုလို့တောင် ကောင်းလာသေးတယ်... အခုဆို တစ်လောကလုံးမှာ နံပါတ်တစ် ဖြစ်နေပြီ... ကျဲ့ဟွလီ၊ မင့်ဆရာကို ငါ့ဓားသိုင်းက ဘယ်လိုလဲ ပြောပြပြီးပြီလား”

ရွာလူကြီးဆီမှ ချောင်းဟန့်သံ ထွက်လာသည်။

ချင်မူက မကြားချင်ယောင်ဆောင်ထား၏။

ရွာလူကြီး နှာခေါင်းရှုံ့၍ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒီခွေးကောင်လေး ငါ သူ့ကို မဆုံးမရသေးတာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်... ပိုပိုပြီး ရောင့်တက်လာတာပဲ... ပုံမှန်ဆို နံပါတ်နှစ်လို့ နှိမ့်ချတတ်တာကနေ အခု နံပါတ်တစ်လို့  ကြွားနေပြီ’

ကျဲ့ဟွလီက လေးနက်စွာ ပြောသည်။ “ဆရာလော့၊ ချင်မူရဲ့ ဓားသိုင်းက အမှန်တကယ် ပြိုင်ဘက်ကင်းပါတယ်... သူက ကျွန်တော့်အောက် အားမနည်းဘူး”

မင်းသားချိုးမင်သည် ချင်မူဆီသို့ ကြည့်ကာ စပ်စု၏။ “ဒီတော့ မင်းက ကောင်းကင်ယင်နတ်ဘုရားမကို ကယ်တင်ခဲ့တဲ့ လောကသခင်ခန္ဓာလား... ငါလည်း မင်းအကြောင်း ကြားဖူးတယ်... ဒီတစ်ခေါက် အောက်ဘုံကို ဆင်းလာတဲ့ အကြောင်းရင်းတစ်ခုက မင်းကို သတ်ဖို့ပဲ.... ကျန်းပိုင်ကွေ့နဲ့ ဧကရာဇ်ယန်ဖုန်းကို ဖယ်ရှားဖို့လည်း ပါတယ်... မင်းတို့ ခေါင်းသုံးခေါင်းကို ကောင်းကင်နတ်ဘုံဆီ ယူသွားမှပဲ ငါ့တာဝန် ပြီးမြောက်လိမ့်မယ်”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “နောက်နှစ်ကျ မင့်ရဲ့သင်္ချိုင်းကို ငါ လာကန်တော့ပေးမယ်”

မင်းသားချိုးမင်က ပြုံးလျက် ပြောသည်။ “ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေကို စိတ်ထဲတောင် မထည့်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာက အားနည်းလွန်းတော့ ကောင်းကင်နတ်ဘုံ မျက်စိကျဖို့ ဘောင်တောင် မဝင်ဘူး... ဘောင်ဝင်တဲ့လူတွေက ခိုင်ဧကရာဇ်ခေတ်ရဲ့ လက်ကျန်ပြည်သူ‌တွေ၊ ချိမင်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေနဲ့ နဂါးဟန်ထဲက ကောင်းကင်နတ်ဘုံအတုတွေရဲ့ လူတွေပဲ ရှိတယ်... ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှင်းလင်းဖို့ ငါ့တစ်ယောက်ပဲ လွှတ်လိုက်တာ... ဂိုဏ်းသခင်ချင်က စိတ်ဝင်စားစရာ လူတစ်ယောက်ပဲ... ငါကလည်း စိတ်ဝင်စားစရာလူတွေကို သဘောကျတယ်... မင်းအကြောင်း လိုက်မေးနေခဲ့တာ ကြာပါပြီ... မင်းရဲ့အသိအမြင်တွေနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ငါ အတော်လေး အထင်ကြီးမိတယ်”

ချင်မူက တဟားဟား ရယ်ကာ ရွာလူကြီးဆီသို့ ပြောလိုက်၏။ “ရွာလူကြီးရေ၊ ဒီမင်းသားကတော့ အီးပေါလောကြီးပဲဗျ”

ရွာလူကြီး၏မျက်နှာမှာ မသာယာပေ။ “စကားပြောမနေနဲ့တော့... မင်း ပြောလေလေ၊ အရင်ဆုံးသေရမှာက ငါတို့ဖြစ်ဖို့ ရာခိုင်နှုန်းများလေလေပဲ”

“ရှေးဟောင်းနဂါးမင်း၊ ကောင်းကင်နတ်ဧကရီရဲ့ အခေါင်း ရှာတွေ့ပြီ” နတ်ဘုရားတစ်ပါးက အပြေးအလွှား သတင်းပို့သည်။

ရှေးဟောင်းနဂါးမင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး နတ်ဘုရားတစ်ပိုင်းများကို ဦးဆောင်လျက် ထွက်သွား၏။

မင်းသားချိုးမင်၊ ချိမင်နတ်ဘုရားသားတော်နှင့် ကျန်ရှိသူများလည်း သူတို့နောက်သို့ လိုက်သွားကြသည်။ ဖုန့်ချိုးယွင်လည်း ဧကရာဇ်အခေါင်းကို ကျောတွင် သယ်လျက် ရှေ့လျှောက်သွား၏။

ရွာလူကြီးက ကမန်းကတန်း ပြောသည်။ “လိုက်မသွားဘဲ ဒီသင်္ဘောကနေ ထွက်သွားကြစို့”

ချင်မူ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရွာလူကြီးက သူ့ကို ဆွဲပြီး အဆောက်အဦးအပြင်သို့ ထွက်သွားချေပြီ။ နဂါးထိန်းဧကရာဇ်လည်း‌ နောက်မှလိုက်လာသည်။ သုံးယောက်စလုံး သင်္ဘောအပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံနေသဖြင့် မည်သည်ကိုမျှ မမြင်ရပေ။

ရွာလူကြီး၏အမူအရာ လေးနက်သွားသည်။ “မင့်ရဲ့ ကျောက်စိမ်းပြား ထုတ်ပြီး အနက်ရောင်အခိုးတွေကို ဖယ်လိုက်... မြန်မြန်ထွက်သွားကြစို့”

ချင်မူ အမိန့်ပြား ထုတ်လိုက်သည့်အခါ မီးအိမ်ထဲရှိ ငှက်ခေါင်းငလက်မလေးက ရုတ်တရက် ပြောသည်။ “ထွက်သွားလို့မရဘူး... ဒီသင်္ဘောပေါ် ရောက်တာနဲ့ ဘယ်သူမှ ထွက်လို့မရတော့ဘူး... ခုန်ဆင်းရင်တောင် သင်္ဘောအပေါ် ပြန်ရောက်လာလိမ့်မယ်”

ရွာလူကြီးက မျက်မှောင်ကြုတ်ကာ အင်္ကျီချွတ်၍ လွှင့်ပစ်လိုက်သည်။ အင်္ကျီက အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

နောက်တခဏတွင် သူ့ကိုယ်ပေါ်တွင် အင်္ကျီနောက်တစ်ထည် ပေါ်လာကြောင်း ရွာလူကြီး မြင်လိုက်ရသည်။ ၎င်းကား သူ ယခုလေးတင် လွှင့်ပစ်လိုက်သော အင်္ကျီဖြစ်သည်။

ရွာလူကြီး ယိုင်ယိုင်နဲ့နဲ့ သက်ပြင်းမှုတ်လိုက်မိတော့သည်။ “သွားစို့၊ ကောင်းကင်နတ်ဧကရီကို သွားကြည့်ကြစို့”

၎

င

၎

၎

All Chapters