ဝူချိန်ဆိုသည့် အမျိုးသမီး
Vol. 61 Ch. 811
လူသုံးယောက် မီးအိမ်တစ်ခု ရှေးဟောင်းသင်္ဘော၏ အဆောက်အဦထဲသို့ ပြန်ဝင်သွားကြသည်။
ရုတ်တရက် အလင်းရောင်တစ်ရောင် တောက်ပလာသည်။ အလင်းရောင် မည်သည့်နေရာမှ လာနေမှန်း မသိရသော်လည်း သင်္ဘောတစ်စင်းလုံး လွှမ်းခြုံသွားသောကြောင့် ချင်မူ၊ ရွာလူကြီးနှင့် ကျန်ရှိသူအားလုံး မည်သည်ကိုမျှ မမြင်ရတော့ပေ။
အလင်းရောင်က လျင်မြန်စွာ ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အလင်းရောင် ကွယ်ပျောက်သွားသည့်အချိန်တွင် ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ရင်း အနည်းငယ် မှင်သက်သွား၏။
ဤသင်္ဘောသည် ကောင်းကင်နတ်မြစ်၏ အောက်၌ ရွက်လွှင့်နေရာမှ ယခုတွင် ရေပြင်ထက်သို့ ရောက်နေလေသည်။
မြူခိုးမြူစိုင်များက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး တဖြည်းဖြည်း လှပသော နေရောင်ခြည်တို့ ဖြာကျလာ၏။ သင်္ဘောကား မြူခိုးများအပြင်သို့ ထွက်လာခဲ့ချေပြီ။
ကောင်းကင်ထက်တွင် နေလုံးကြီး အလျှံတညီးညီး တောက်ပနေသည်။
ချင်မူ အပြင်သို့ လှမ်းကြည့်လိုက်သည်။ သင်္ဘောကြီးသည် မြစ်ပြင်ထက်၌ မျောနေပြီး ကောင်းကင်နတ်မြစ်ကလည်း ကောင်းကင်ထဲတွင် စီးဆင်းနေသည်။
“လင်းရှောင် ဘာဖြစ်သွားတာလဲ” ချင်မူက မီးအိမ်ထဲရှိ ငလက်မလေးအား မေးလိုက်သည်။
မီးအိမ်ထဲတွင် ငှက်ခေါင်းလူသားလေးက တောင်ပံတဖျတ်ဖျတ် ခတ်လျက် ပြော၏။ “တပ်မှူး၊ စိုးရိမ်စရာမလိုပါဘူး... အချိန်နဲ့နေရာ အစပြန်ရောက်သွားရုံတင်ပါ”
“အချိန်နဲ့နေရာ အစပြန်ရောက်သွားတာ ဟုတ်လား”
ရွာလူကြီး ဂရုတစိုက် မေးလိုက်သည်။ “အဲဒါ ဘာအဓိပ္ပါယ်လဲ”
မီးအိမ်ထဲရှိ ငလက်မလေးက ပြန်ဖြေသည်။ “မြူထဲက ကောင်းကင်နတ်သိုင်းက လုံးထွေးနေတယ်... အဲဒါကြောင့် အချိန်အပိုင်းအခြားတစ်ခုကြာရင် ပေါက်ကွဲသွားပြီး ကျွန်တော်တို့ကို နှစ်တစ်နှစ်ဆီ ခေါ်သွားပေးတတ်တယ်... ကျွန်တော် တွက်ချက်ဖူးသလောက်ဆို ၊ ဒီသင်္ဘောက မတူညီတဲ့နှစ် သုံးဆယ့်ခြောက်နှစ်ဆီ ခေါ်သွားတတ်တယ်... လက်ရှိနှစ်က....”
မီးအိမ်သည် အလင်းရောင်ဖြန့်ကျက်လိုက်ပြီး စစ်မီးလျှံများနှင့် တငွေ့ငွေ့ ထနေသော မီးခိုးငွေ့များကို ဖော်ပြလိုက်၏။
“အခုက မင်ဧကရာဇ်ခေတ်ဖြစ်မယ်... ဘယ်နှစ်လဲတော့ ကျွန်တော်လည်း မသိဘူး”
ငလက်မလေးက ဆက်ပြောသည်။ “မင်ဧကရာဇ် ကောင်းကင်နတ်ဘုံဆီက မင်ဧကရာဇ်ရဲ့သား... ဧကရာဇ်သားတော် ချိရှောင် ဒီသင်္ဘောဆီ လာတော့မယ်”
သူ့ ဤသို့ ပြောလိုက်သည့်အချိန်မှာပဲ တိုက်ခိုက်နေသည့် လူငယ်စစ်သူကြီးတစ်ယောက် ပျံသန်းလာသည်။ သူက လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲရှိ မှန်တစ်ချပ်သည် ဤသင်္ဘောအပေါ်သို့ အလင်းရောင်ဖြန့်ကျက်လိုက်၏။
လူငယ်စစ်သူကြီးက အလင်းရောင်နှင့်အတူ ရောက်လာပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ခံ့ညားတည်ကြည်သော အသွင်အပြင် ရှိပေသည်။
“ဧကရာဇ်သားတော် ချိရှောင်ဟုတ်လား”
ချင်မူ တုန်လှုပ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “ဧကရာဇ်သားတော် ချိရှောင်က ငါတို့ သင်္ဘောအပေါ် စစချင်း ဆင်းလာတုန်း ရှေးဟောင်းနဂါးမင်း ရိုက်ခွဲလိုက်တဲ့ အနက်ရောင်ခေါင်းတလားပေါ်က မျက်နှာတစ်ခု မဟုတ်လား... အဲဒီမျက်နှာက မင်ဧကရာဇ်ရဲ့ အိမ်ရှေ့မင်းသား ချိရှောင်လို့ ပြောခဲ့တယ်...”
ရွာလူကြီး၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ “သူ ဟုတ်ပါ့မလား... သူက အခေါင်းဝါးမြိုတာ ခံလိုက်ပြီး သွေးခမ်းသွားလို့ သေခဲ့ရတာလေ... အခုတစ်ယောက်က အိမ်ရှေ့မင်းသား ချိရှောင်မဖြစ်နိုင်ဘူး.. နာမည်တူတဲ့တစ်ယောက်ပဲ ဖြစ်မယ်”
“ဒါ ... ကောင်းကင်နတ်မြစ်တစ္ဆေသင်္ဘောပဲ”
လူငယ်စစ်သူကြီး၏အသံက အံ့ဩဝမ်းသာစွာ ထွက်လာသည်။ “ဒီလိုအချိန်မှာမှ ဒီရတနာ ပေါ်လာတယ်တဲ့လား... မိုးကောင်းကင်က ငါ့ကို ကူညီနေတာပဲ ဖြစ်မယ်... ဒီသင်္ဘောက ရှေးဟောင်းကောင်းကင်နတ်ဘုံရဲ့ အသန်မာဆုံးနတ်ဘုရားတွေကို သယ်ထားတာတဲ့... သူတို့ကိုသာ ငါ အသုံးချနိုင်ရင်....”
သူ အလံကို ဝှေ့ယမ်းလိုက်သည့်အခါ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားများ ပျံသန်းလာပြီး သင်္ဘောအပေါ် ဆင်းသက်လိုက်ကြ၏။
လူငယ်စစ်သူကြီးက အမိန့်ပေးသည်။ “ရှေးခေတ်က ယွီလင်နန်းစောင့်တပ်ဖွဲ့ ဘယ်ရောက်နေလဲ လိုက်ရှာကြ”
“အရှင့်သား၊ ဒီသင်္ဘောအပေါ်မှာ တံဆိပ်တွေ ရှိနေတယ်”
“ဖွင့်လိုက်”
....
တခဏကြာသော် ကုန်းပတ်ထဲမှ အနက်ရောင်ခေါင်းတလားများ ထောင်ထွက်လာကြပြီး အနက်ရောင်အငွေ့များ ပျံ့နှံ့လာတော့သည်။ ကြောက်လန့်တကြား အော်ဟစ်သံများ ဆူညံပွက်လောရိုက်သွား၏။
နောက်ဆုံးတွင် အနက်ရောင်အငွေ့များ လွင့်ပျယ်သွားသည့်အခါ ချိမင်ခေတ်၏ နတ်ဘုရားများနှင့် လူငယ်စစ်သူကြီးလည်း မရှိတော့ပေ။ ကုန်းပတ်ပေါ်၌ အနက်ရောင်ခေါင်းတလားများသာ ကျန်ခဲ့တော့သည်။
ခေါင်းတလားများက ဖြည်းဖြည်းချင်း ပြန်လည်နစ်မြုပ်သွားကြ၏။
“သူတို့ပြန်ပေါ်လာတုန်းက အခေါင်း ရိုက်ခွဲခံလိုက်ရလို့ အိမ်ရှေ့မင်းသားချိရှောင် သေသွားတာလား”
ငလက်မလေးက တောင်ပံခတ်လျက် ပြောသည်။ “တပ်မှူး၊ ကောင်းကင်နတ်ဧကရီရဲ့ အခေါင်းကို သွားကြည့်ရအောင်.... နောက်က လိုက်ခဲ့ပါ”
ချင်မူနှင့် ရွာလူကြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အူကြောင်ကြောင် ဖြစ်နေကြသည်။ ရွာလူကြီးက မေးလေသည်။ “စစ်သူကြီးလင်းရှောင်၊ မင်း ချင်မူကို ပထမဆုံး တွေ့တုန်းက တပ်မှူး ငယ်သွားပြန်ပြီလို့ ပြောခဲ့တယ်နော်... အဲဒါ ဘာအဓိပ္ပါယ်လဲ... မင်း သူ့ကို အတိတ်မှာ မြင်ခဲ့ဖူးတာလား... သူ့အသက်က အခုထက် အများကြီး ကြီးနေတာလား”
ချင်မူ ကျောရိုးတစ်လျှောက် စိမ့်အေးသွားပြီး မီးအိမ်ထဲရှိ လူသေးသေးလေးဆီသို့ ကပျာကယာ ကြည့်လိုက်သည်။
ငလက်မလေးက တိတ်ဆိတ်နေ၏။
ရွာလူကြီး၏ပါးရေများ ပို၍ပင် တွန့်ခေါက်သွားပြီး သူ့အသံမှာလည်း တုန်ယင်နေတော့သည်။ “ဆိုလိုတာက ဒီသင်္ဘောကို ငါတို့ စီးခဲ့တာ ပထမဆုံး မဟုတ်ဘူးပေါ့.... ငါတို့ အကြိမ်ပေါင်းများစွာ စီးပြီး ဒီပေါ်မှာ အကြာကြီးတောင် နေခဲ့ဖူးတာပေါ့... ဟုတ်လား”
ငလက်မလေးက မီးအိမ်၏ တံခါးရွက်အပေါ်တွင် ထိုင်လျက် တောင်ပံခတ်နေသည်။ မီးအိမ်က ရှေ့သို့ လွင့်မျောနေသည်။ “ဒီသင်္ဘောပေါ်မှာ အချိန်တိုင်းက ပထမဆုံးအကြိမ်ပဲ... ဒီဘက်ကြွပါ”
နဂါးထိန်းဧကရာဇ် မြေပြင်ပေါ် ဘိုင်းခနဲ လဲကျသွားကာ အော်ဟစ်ငိုကြွေးနေတော့သည်။ “ငါတို့တော့ သေပြီ.. သခင်ကြီးရေ၊ ငါတို့တော့ သေပြီ...”
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ သူက နဂါးထိန်းဧကရာဇ်၏ ချိုကို ဆုပ်ကိုင်ပြီး တရွတ်တိုက် ဆွဲခေါ်လာ၏။
သူတို့ အဆောင်တစ်ဆောင်ကို ကွေ့လျှောက်သွားကြသည့်အချိန်တွင် အဆောက်အဦနှင့် ပေါင်းစည်းနေသည့် နဂါးအိုကြီးမှာ ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း မြင်လိုက်ရသည်။ ကျောက်ရုပ်တု၏ မျက်နှာမှာ ကြောက်လန့်နေသော အမူအရာ ရှိသည်။
ချင်မူ ခေါင်းမော့၍ ကျောက်နဂါးကြီးကို အကဲခတ်လိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒီနဂါးအိုကြီးက နဂါးထိန်းဧကရာဇ်များ ဖြစ်နေမလား”
နဂါးထိန်းဧကရာဇ် တုန်လှုပ်သွားပြီး မေ့လဲတော့မလို ဖြစ်သွားတော့သည်။
“မူအာ သူ့ကို ခြောက်မနေနဲ့”
ရွာလူကြီးက အလေးအနက် ပြော၏။ “ငါ့ဘဝမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အများကြီး တွေ့ဖူးတယ်... အခက်အခဲတွေကိုလည်း ကျော်ဖြတ်ခဲ့ဖူးတယ်... ငါ ဒီသင်္ဘောထဲမှာ ပိတ်မိနေမှာမဟုတ်ဘူး... မပူနဲ့ ငါ မင်းတို့ကို သေချာပေါက် အပြင်ထုတ်ပေးမယ် သွားကြစို့”
အဆောက်အဦ၏ အနောက်၌ ခန်းမတစ်ခု ရှိသည်။ မီးအိမ်က သူတို့ကို စင်္ကြ့လျှောက်လမ်းအတိုင်း နန်းဆောင်တစ်ဆောင်ပြီး တစ်ဆောင် ဖြတ်၍ ခေါ်သွားသည်။ တောင်အတုများ၊ ညီလာခံခန်းမများကို ဖြတ်ကျော်သွားရင်း နန်းတော်အနောက်ရှိ ခန်းမနောက်တစ်ခုဆီသို့ ရောက်လာကြသည်။
သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ ဧရာမ နဂါးနီကြီး ရှစ်ကောင် ဖြစ်သည်။ ဤနဂါးကြီးများသည် ကြေးတိုင်လုံးများကို ရစ်ပတ်လျက် ထုတ်တန်းပေါ်မှ ခိုတွဲပြီး မြေပြင်ဆီသို့ လက်သည်းများဖြင့် လှမ်းကုတ်နေသော အသွင်သဏ္ဍာန် ရှိကြ၏။ သူတို့၏လည်ပင်းများက ဆန့်နေသော်လည်း ခေါင်းများကမူ လွင့်မျောနေသော ခေါင်းတလားတစ်ခုအား ငုံ့ကြည့်နေကြသည်။
နဂါးကြီးရှစ်ကောင်သည် ဤခေါင်းတလား၏ အရပ်ရှစ်မျက်နှာတည့်တည့်တွင် ဖြစ်သောကြောင့် ခေါင်းတလားကို ကာကွယ်ပေးနေပုံရသည်။
သို့သော် နဂါးကြီးများကား ကျောက်ရုပ်ဖြစ်နေချေပြီ။ တဖျတ်ဖျတ် လင်းလက်ကြည်လင်နေသော နီလာကျောက်များဖြင့် ထွင်းထားသကဲ့သို့ အလွန်လှပနေကြသည်။
ရှေးဟောင်းနဂါးမင်းနှင့် ကျန်ရှိသူများက ဤနေရာသို့ ရောက်နှင့်နေကြပြီ ဖြစ်၍ နဂါးကြီးရှစ်ကောင်ကို ကျော်ကာ ခေါင်းတလားဘေးသို့ သွားနေကြသည်။ ရှေးဟောင်းနဂါးမင်းက နတ်နဂါးအင်အားနှင့်အတူ ပျံဝဲနေသော ခေါင်းတလား၏ အဖုံးကို ဖွင့်ရန် ကြိုးစား၏။
သို့သော် ခေါင်းတလားက အလွန်လေးလံသည့်အပြင် တံဆိပ်များစွာ ဖုံးလွှမ်းနေသည်။ သူလို နတ်ကောင်းကင်ခန်းမအဆင့် မဟာနတ်ဘုရားတစ်ပါးပင် မဖွင့်နိုင်ပေ။
“ယွီလင်နန်းစောင့်တပ်ဖွဲ့က ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ထဲမှာ နှစ်ဖွဲ့ပါတယ်... လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ လယ်ဝဲလက်ယာ နဂါးသိုင်းတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်သိုင်းတပ်ဖွဲ့၊ လယ်ဝဲလက်ယာ နတ်ဗျူဟာတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ရှိန်ဝါတပ်ဖွဲ့တို့ပဲ... အဲဒီတပ်ဖွဲ့တွေထဲမှာ ယွီလင်နန်းစောင့်တပ်ဖွဲ့ကို ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် အုပ်ချုပ်တယ်.... ယွီလင်ဆိုတာ ဘာလဲ... ‘အင်ပါယာ၏ လေဟုန်တောင်ပံတွေလို အမှုထမ်း၍ တောအုပ်သဖွယ် ကြီးပွားလာစေမည့် အစောင့်တပ်ဖွဲ့’ ... ယွီလင်တပ်ဖွဲ့ပဲ”
မင်းသားချိုးမင်က ပြောသည်။ “ယွီလင်တပ်ဖွဲ့က ကောင်းကင်ဧကရာဇ်ရဲ့ တပ်ဖွဲ့ဖြစ်တဲ့အလျောက် အရွေးချယ်ခံတွေဟာ တစ်လောကလုံးမှာ သန်မာအားအကောင်းဆုံးတွေချည်းပဲ... မိစ္ဆာနဂါး၊ ခင်ဗျားလို နဂါးတစ်ကောင်က သူတို့စီရင်ထားတဲ့ တံဆိပ်တွေကို ဖွင့်နိုင်မယ်ထင်နေလား”
ရှေးဟောင်းနဂါးမင်း မျက်နှာနီရဲသွားပြီး သရော်တော်တော် ပြောလိုက်၏။ “ငါတောင် မဖွင့်နိုင်ရင် မင်းက ဖွင့်နိုင်မလား”
မင်းသားချိုးမင်က ခြေလှမ်းကြဲကြဲ လျှောက်လာသဖြင့် သူ၏ ဝတ်ရုံစများ လှုပ်ခတ်နေသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ယွီလင်နန်းစောင့်တပ်ဖွဲ့က မျိုးရိုးစဉ်ဆက် ကျုပ်ကောင်းကင်နတ်ဘုံရဲ့ စစ်တပ် ... ကျုပ်ကိုယ်တိုင်လည်း ပညာဆည်းပူးဖို့ ယွီလင်နန်းစောင့်တပ်ဖွဲ့ထဲ ဝင်ဖူးတယ်... ကျုပ်သိုင်းအခြေခံက ခင်ဗျားအောက် နိမ့်ကျပေမယ့် နဂါးဟန်ခေတ်ရဲ့ တံဆိပ်တွေကို ဖွင့်ဖို့က ကျုပ်အတွက် မခက်ဘူး”
သူ့လက်နှစ်ဖက်သည် ရွေ့လျားသွားပြီး ချီစွမ်းအင်က သင်္ကေတအမှတ်အသားမျိုးစုံ ဖွဲ့တည်နေသည်။ သင်္ကေတများသည် ခေါင်းတလားအပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းသွားနေ၏။
အားလုံးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေကြသည်။ ‘ကောင်းကင်နတ်ဘုံရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက အမှန်တကယ် အတိုင်းအဆမဲ့ပါပေတယ်’
ချင်မူ ရင်ထဲတွင် လေးလံလာသည်။ မင်းသားချိုးမင်၏ အစွမ်းအစက မြင့်မားလွန်းသည့်အပြင် သန်မာအားကောင်းလွန်းသည်။
‘ပြင်ပကောင်းကင်နတ်ဘုံက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်မျိုးစုံ စုဆောင်းပြီး လက်ရွေးစင်တွေကို လက်သပ်မွေးထားတာပဲ’
တခဏကြာသော် မင်းသားချိုးမင်၏ နဖူးမှ ချွေးများကျလာပြီး သူက မျက်မှောင်ကြုတ်နေသည်။ ရုတ်တရက် နောက်ဆုတ်ကာ ခေါင်းယမ်းလိုက်လေသည်။ “ထူးဆန်းတယ်... ထူးဆန်းတယ်... ဒီဟာတွေက ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ တံဆိပ်တွေတင် မဟုတ်ဘူး... ငါ မသင်ထားရသေးတဲ့ တခြားဟာတွေလည်း ပါတယ်”
ဖုန့်ချိုးယွင်က ခနဲ့သည်။ “ကြွားဖို့ပဲ သိတဲ့ အထက်ဘုံရဲ့ တောမင်းသား... ဟာသပဲ... ငါ စမ်းကြည့်တာပေါ့”
သူမက ဧကရာဇ်အခေါင်းကို ချ၍ အမိကမ္ဘာမြေ၏ ကမ္ဘာဦးဓား ဆွဲထုတ်လိုက်သည်။ သစ်သားဓားသည် လင်းလက်သွားပြီး ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားဆီသို့ စိုက်ချလိုက်ကာ အတင်းအကြပ် ဖွင့်ရန် ကြိုးစားသည်။
ဖုန့်ချိုးယွင်မှာ အမိကမ္ဘာမြေ၏ အစေခံ ဖြစ်သော်လည်း ဇာမဏီမီးငှက်မျိုးနွယ်၏ ခေါင်းဆောင်၊ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်လည်း ဖြစ်သည်။ သူမ၏အစွမ်းအစများက မသေသဖြင့် အမိကမ္ဘာမြေ၏ ကမ္ဘာဦးဓားဖြင့် အခေါင်းကို ဖွင့်ရန် မခက်ခဲသင့်ပေ။
သို့သော် ဖုန့်ချိုးယွင် ဆယ်ချက်ကျော် ထိုးစိုက်ပြီးနောက်တွင်ပင် တံဆိပ်များက သူမ၏စွမ်းအားနှင့် အမိကမ္ဘာမြေ ကမ္ဘာဦးဓား၏ စွမ်းအားကို ဟန့်တားနေသည်။
အခေါင်း၏ တံဆိပ်များသည် ကောင်းကင်နတ်သိုင်းပေါင်းစုံဖြင့် ဖွဲ့တည်ထားသော စက်ဝိုင်းသဏ္ဍာန် ကြယ်စနစ်တစ်ခု ဖြစ်၏။ ၎င်းတို့က အမိကမ္ဘာမြေ ကမ္ဘာဦးဓား၏ စွမ်းအားကို စုပ်ယူကြသည်။
ဖုန့်ချိုးယွင် မျက်မှောင်ကြုတ်သွားပြီး ဓားကို အင်္ကျီလက်အိုးထဲ ပြန်ထည့်လိုက်သည်။ သူမက ဧကရာဇ်အခေါင်းဘေးသို့ ပြန်လျှောက်သွားလေသည်။
မင်းသားချိုးမင်က ပြုံးလျက် ပြောသည်။ “အမိကမ္ဘာမြေက သန်မာအားကောင်းပေမယ့် သူ့အခြေခံက ကောင်းကင်နတ်ဘုံလောက် မခိုင်မာသေးဘူး.. ဘယ်သူ စမ်းကြည့်ဦးမလဲ”
ချင်မူ့တွင် ထူးဆန်းသော အမူအရာ ရှိသည်။ အခြားတံဆိပ်များကို သူ သိပ်မသိသော်လည်း အကုန်လုံး ပေါင်းလိုက်ပါက တည်ထောင်သူဂိုဏ်းသခင်၏ အတားအဆီးအစီရင် ဖြစ်လာသည်။
တည်ထောင်သူဂိုဏ်း၏ ကြည်အတားအဆီးအစီအရင် (နဂါးငွေ့တန်းအစီအရင်) ကို သူ တစ်ကြိမ်ထက်မနည်း မြင်ခဲ့ဖူးပြီး တစ်ကြိမ်ထပ်မနည်း ဖြေရှင်းခဲ့ဖူးသည်။
ပရမတ္တလှေဧရိယာအတွင်း နတ်နဂါးကြီး ဖမ်းချုပ်ထားရသော နန်းဆောင်၊ ချိမင်ဆန်းကြယ်ကြယ်၏ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်... သူ ထိုနေရာများတွင် ဖြေရှင်းခဲ့ဖူးလေသည်။
ရုတ်တရက် မျက်လုံးတစ်စုံ သူ့ကို ကြည့်နေကြောင်း ခံစားလိုက်ရ၍ ချင်မူ လှမ်းကြည့်လိုက်ရာ ကျဲ့ဟွလီနှင့် အကြည့်ချင်းဆုံသွားသည်။
ချင်မူ သူ့ကို ပြုံးပြလိုက်သည်။ နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် နဂါးငွေ့တန်း ကောင်းကင်နတ်သိုင်းကို ဖြေရှင်းခဲ့စဉ်တုန်းက ကျဲ့ဟွလီနှင့် ချီကျုံရီလည်း သူ့အနားတွင် ရှိခဲ့ပြီး သူ၏ လှည့်စားခြင်းပင် ခံခဲ့ရသည်။
ကျဲ့ဟွလီ မှတ်မိနေသေးကြောင်း သိသာသည်။
“ဂိုဏ်းသခင်ချင်ပဲ ဒီအတားအဆီးအစီအရင်ကို ဖြေနိုင်တယ်”
ကျဲ့ဟွလီက ရုတ်တရက် စကားထပြောသည်။ “ဂိုဏ်းသခင်ချင် စမ်းကြည့်ပါလား”
မျက်လုံးများ ချင်မူ့အပေါ် ကျလာ၍ ချင်မူ ကျယ်လောင်စွာ ရယ်မောမိသည်။ သူက နဂါးထိန်းဧကရာဇ်၏ ချိုကို လွှတ်ချလိုက်ပြီး သူ့ခေါင်းကြီးအား မြေပြင်ပေါ် ဘုန်းခနဲ ကျသွားစေ၏။ ခေါင်းကြီးက အကြိမ်အနည်းငယ် ပြန်ကန်ထွက်နေသော်လည်း နဂါးထိန်းဧကရာဇ်မှာ ခြေလက်လှုပ်ရန်ပင် အားမရှိတော့ပေ။
ချင်မူ ကောင်းကင်နတ်ဧကရီ၏ အခေါင်းဘေးသို့ လျှောက်သွားပြီး တံဆိပ်များကို ကြည့်ကာ တဟားဟား ရယ်လိုက်သည်။ “ဒီအတားအဆီးအစီအရင်ကို တစ်ယောက် ဖြေခဲ့ဖူးတယ်... ထပ်ဖြေဖို့ ခက်မှာမဟုတ်ဘူး”
“တစ်ယောက် ဖြေခဲ့ဖူးတယ်ဟုတ်လား”
အားလုံး အံ့အားသင့်သွားကြသည်။ သူတို့ သတိပြန်မကပ်နိုင်ခင် ချင်မူက အခေါင်း၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားပြီး မုဒြာလက်ကွက်မျိုးစုံ ထုတ်လွှတ်နေ၏။ ရုတ်ခြည်းဆိုသလို ကြယ်စနစ် ရွေ့လျားလာချေပြီ။ ကြယ်များက အနောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။
များစွာမကြာလိုက်ဘဲ ကြယ်အားလုံး ဆုတ်ခွာသွားကာ သင်္ကေတအမှတ်အသားများအသွင်ဖြင့် ခေါင်းတလားအပေါ်တွင် နဂါးငွေ့တန်းတစ်ခု၏ ရုပ်သွင်အား ခတ်နှိပ်လိုက်ကြသည်။
ဂျောက်
ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားမှ အသံသဲ့သဲ့ ထွက်လာသည်။
ချင်မူ ရွာလူကြီး၏ဘေးသို့ ပြန်လျှောက်သွားလိုက်၏။ “အားလုံး မျှော်လင့်ထားသလို ဖြစ်သွားလို့ ကျွန်တော် ကံကောင်းသွားတယ်”
ခေါင်းတလား၏ အဖုံးက ဖြည်းညှင်းစွာ မြောက်တက်လာပြီး အခေါင်းအပေါ်၌ ပျံဝဲနေသည်။ အခေါင်းတွင်းမှ ရောင်စုံဖြာနေသော နေအလင်းတန်းများ ထွက်ပေါ်လာကာ တာအိုသံ ခပ်သဲ့သဲ့ ကြားရသည်။ မိန်းမလှတစ်ဦးက တိမ်းမက်ရစ်မူးဖွယ် အသံလေးဖြင့် ခံစားချက်များ ဖွင့်ဟသီဆိုနေသယောင် ထင်ရပေသည်။
တာအိုသံက မဟာတာအို၏ စည်းချက်သံဖြစ်သဖြင့် အားလုံး နစ်မျောသွားကြတော့သည်။
မည်သူမျှ ချင်မူ ဘာကြောင့်အတားအဆီးအစီအရင်ကို ဖွင့်နိုင်သွားသလဲ ဂရုမစိုက်တော့ပေ။ သူတို့က အပြေးသွား၍ ခေါင်းတလားထဲသို့ ကြည့်လိုက်ကြသည်။ ချိမင်နတ်ဘုရားသားတော်က ရုတ်တရက် ရေရွတ်လိုက်၏။ “လှလိုက်တာကွာ”
အားလုံး အခေါင်းထဲ အမျိုးသမီးမြင်လျှင် ရှက်သွေးဖြာကာ ရင်ဖိုလာတော့သည်။ ပြောစရာစကားလည်း ရှာမတွေ့တော့ပေ။
ရုတ်တရက် နတ်ဘုရားတစ်ပိုင်းတစ်ယောက်က အပေါ်အင်္ကျီကို ချွတ်၍ အခေါင်းထဲ ဝင်ရန် ပြင်သည်။ “ဒီလောက်လှတဲ့ အလှလေးနဲ့ အခေါင်းထဲမှာ အတူနေရလည်း သေပျော်တယ်”
ရွှစ်
လော့ဝူရွှမ်က ဓားမဖြင့် နတ်ဘုရားတစ်ပိုင်းအား ခုတ်သတ်လိုက်သည်။ “ကောင်းကင်နတ်ဧကရီရဲ့ အလောင်းကို စော်ကားရဲတဲ့သူ ဒီအရူးလို အဆုံးသတ်စေရမယ်... ရှေးဟောင်းနဂါးမင်း၊ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို ထိန်းဦး”
သူ့လက်ထဲရှိ ဓားမလည်း အနည်းငယ် တုန်ခါနေသည်။ သူလည်း အခေါင်းထဲရှိ အမျိုးသမီး၏ အလှကြောင့် အံ့အားသင့်သွား၍ တာအိုနှလုံးသား ယိမ်းယိုင်သွားကြောင်း ထင်ရှားသည်။
“ကောင်းကင်နတ်ဧကရီလား”
ရှေးဟောင်းနဂါးမင်း၏ လည်ဇလုပ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ့အကြည့်က အခေါင်းဆီမှ မခွာပေ။ သူက အက်ကွဲနေသောအသံဖြင့် မေးသည်။ “အခေါင်းထဲမှာ အမျိုးသမီးနှစ်ယောက် ရှိနေတယ်.... ဘယ်တစ်ယောက်က ကောင်းကင်နတ်ဧကရီလဲ”
ချင်မူနှင့် ရွာလူကြီး မှင်သက်သွားသည်။ “အခေါင်းထဲမှာ အမျိုးသမီးနှစ်ယောက်တဲ့လား”
ရွာလူကြီးက ခပ်တိုးတိုး မေးသည်။ “မူအာ၊ မင်း အခေါင်းဖွင့်တုန်းက အထဲ မကြည့်ခဲ့ဘူးလား”
ချင်မူလည်း ခေါင်းယမ်းကာ ခပ်တိုးတိုး ပြောလိုက်၏။ “ရွာလူကြီးပဲ ကျွန်တော့်ကို သိုသိုသပ်သပ် နေဆို... အဲဒါကြောင့် အားလုံးရဲ့ ပစ်မှတ်မဖြစ်အောင် အခေါင်းဖွင့်ပြီးတာနဲ့ ချက်ချင်း နောက်ဆုတ်လာတာ... အခေါင်းထဲမှာ ဘာရှိလည်း ကျွန်တော်လည်း သေချာမရှင်းဘူး... အခေါင်းထဲမှာ အလောင်းနှစ်လောင်း ရှိနေတာလား”
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အကြောင်သား ကြည့်နေမိကြသည်။
ရွာလူကြီး တခဏ တွန့်ဆုတ်သွားသည်။ “ငါတို့လည်း သွားကြည့်ကြမလား”
ချင်မူမှာ သိချင်စိတ်ကို မချုပ်တည်းနိုင်သဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ရွာလူကြီးလည်း သိချင်စိတ်အား မမြိုသိပ်နိုင်ပေ။ သူက နဂါးထိန်းဧကရာဇ်၏ ချိုကို ဆုပ်ကိုင်ပြီး ဆွဲခေါ်လာ၏။
ခေါင်းတလားဘေးသို့ ရောက်သည့်အခါ ရွာလူကြီးက ခြေဖျားထောက်၍ အတွင်းထဲသို့ ကြည့်သည်။ ရောင်စုံတောက်နေသော နေအလင်းတန်းတို့က အားလုံး၏မျက်နှာများကို လင်းသွားစေသည်။ ခေါင်းတလားထဲ၌ အမျိုးသမီးနှစ်ဦး တိတ်ဆိတ်စွာ လဲလျောင်းနေကြလေသည်။
“လှချက်ပဲ... အဘွားစစ်ထက်တောင် နည်းနည်းလှတယ်” ရွာလူကြီးက ချီးကျူးလိုက်သည်။
ချင်မူလည်း ခေါင်းတလား၏ဘောင်ကို အားပြု၍ အထဲသို့ ငုံ့ကြည့်လိုက်၏။ ခေါင်းတလားအထဲတွင် အဘယ်ကဗျာဆရာမှ စာမဖွဲ့နိုင်တော့လောက်အောင် လှရက်လွန်းသော အမျိုးသမီးနှစ်ယောက် အမှန်တကယ် ရှိနေချေသည်။ သို့သော် တစ်ယောက်က ပြစ်ချက်ဟူ၍ မရှိဘဲ ပြီးပြည့်စုံစွာ လှပပြီး တစ်ယောက်၏အလှက အနည်းငယ် လျော့နေသည်။ ချင်မူမှာ အဘွားစစ်၏ အလှကို မြင်ဖူးပြီးသား ဖြစ်သော်လည်း ရင်ထဲတွင် တဒိန်းဒိန်း ခုန်မိသေးသည်။
အမျိုးသမီးနှစ်ယောက်က ရင်ဘတ်အပေါ် လက်တင်ကာ အိပ်ပျော်နေသည့်အလား ထင်ရ၏။
“လှလိုက်တာ”
ချင်မူ ရင်တဒိန်းဒိန်း ခုန်နေပြီး မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ခွာကာ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ကျန်ရှိသူများလည်း အခေါင်းထဲရှိ မြင်ကွင်းကို မြင်အောင် ပြလိုက်သည်။ “ကောင်းကင်နယ်စားမင်း၊ ကြည့်ပါဦး”
ကောင်းကင်နယ်စားမင်း၏ အံ့အားသင့်နေသောအသံက သူ့စိတ်ထဲတွင် ဟိန်းထွက်လာသည်။ “ကျွယ်ဝူချိန်... သူ ဘာလို့ သေနေတာလဲ”