မှော်ပညာကမ္ဘာ
Vol. 9.1-Wizard Path Ch. 1
ဒီကမ္ဘာကြီးက မှော်ဆရာတွေရဲ့ကမ္ဘာပါ။ မှော်ပညာကို အသုံးပြုနိုင်သူတွေက သူကောင်းမျိုးတွေဖြစ်ကြပြီး မှော်ပညာကိုအသုံးမပြုနိုင်သူတွေက သာမန်လူတွေဖြစ်ကြပါတယ်။ မှော်ပညာကို အသုံးပြုတဲ့သူတွေက အသုံးမပြုနိုင်သူတွေကို အုပ်ချုပ်ကြပြီးတော့ လူတန်းစားခွဲခြားတဲ့ စနစ်တစ်ခုလိုဖြစ်လာပါတယ်။
ကျွန်တော်ကတော့လား။ ကျွန်တော့်ကို မာရာဒါ ဝါ့ဇ်လို့ခေါ်ပါတယ်။ ဝေလပြည်နယ်အထက်အမတ်ရဲ့သားဖြစ်ပြီး သူကောင်းမျိုးတစ်ယောက်ပါ။ အင်း၊ ပုံမှန်အားဖြင့်ဆိုပါတော့။
“တတိယအတန်းအစား လေစွမ်းအားပါရမီပဲရှိတဲ့ လူငယ်တစ်ယောက်က အိမ်တော်ကိုဆက်ခံဖို့မဖြစ်နိုင်ဘူး။” ဒါက ဝါ့ဇ်မိသားစုရဲ့လက်ရှိခေါင်းဆောင် အငြိမ်းစားအထက်မူးမတ် ကျွန်တော့်အဖိုးက ကျွန်တော့်အဖေကို ပြောခဲ့တဲ့စကားပါ။
ကျွန်တော့်အမေက ဆုဗာနာဆိုတဲ့ အာရှဒေသက ကိုလိုနီငယ်လေးတစ်ခုကနေ လာခဲ့တာပါ။ ဒါကြောင့်မလို့ တခြားဝါ့ဇ်မိသားစုဝင်တွေက ကျွန်တော့်ကိုသဘောမကျကြဘူးလေ။ ဒီလိုနဲ့ဆက်ခံသူနေရာကို ဝမ်းကွဲအစ်ကိုတစ်ယောက်ဆီပေးလိုက်ရပြီး ဂုဏ်ပုဒ်မရှိတဲ့ သာမန်သူကောင်းမျိုးတစ်ယောက်ဖြစ်လာတော့တာပဲ။
“အင်း၊ ကျောင်းတက်ခွင့်ရတာပဲ ကံကောင်းပါသေးရဲ့။” လန်ဒန်တော်ဝင်မှော်ပညာသင်ကျောင်းထဲက နာရီစင်ကို ကြည့်ရင်း ကျွန်တော်ရေရွတ်လိုက်မိတယ်။ မှော်စွမ်းအားပါရမီနည်းပေမဲ့ ကျွန်တော့်ရဲ့မှော်ပညာလေ့လာအားကောင်းမှုကြောင့် နေမဝင်အင်ပါယာရဲ့အကောင်းဆုံးကျောင်းတော်မှာ တက်ခွင့်ရခဲ့တာ။
နေမဝင်အင်ပါယာဆိုတာလား၊ ခင်ဗျားတို့ ဗြိတိသျှအင်ပါယာဆိုတဲ့ အသုံးအနှုန်းကို ပိုရင်းနှီးကြပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်တော့ သွယ်ဝိုက်အုပ်ချုပ်မှုစနစ်အားလုံးကို လက်လျှော့လိုက်ပြီးတော့
ကိုလိုနီနယ်မြေတွေကို တန်းတူအဆင့်ပေးပြီး ဖက်ဒရယ်နေဝင်အင်ပါယာဆိုပြီးဖြစ်လာတာလေ။ ဒိုမီနီယံတွေထဲမှာ ကနေဒါ၊ ဩစတေးလျ၊ တောင်အာဖရိက စတာတွေကျန်သေးပေမဲ့ ဗြိတိသျှဘားမားနဲ့ဗြိတိသျှအိန္ဒိယကတော့ လွတ်လပ်ရေးရကုန်ပြီ။
“နားချိန်ပြည့်တော့မှာပဲ။” နာရီက တစ်နာရီထိုးခါနီးပြီဆိုတာကို ပြနေတဲ့အတွက် ကျွန်တော်လည်း ခုံတန်းပေါ်မှာ လှဲလျောင်းနေရာကနေ ထလိုက်ပြီး ခေါင်းအုံးထားတဲ့ မှော်ဆေးပညာစာအုပ်ကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်တယ်။ နောက်တော့တတိယနှစ်အဆောင်ကို ပြန်လာဖြစ်တယ်။
“ဟယ်၊ ဗစ်ကောင့်ဖရာလီတာရဲ့ဂါဝန်အသစ်လေးက လှလိုက်တာ။” တတိယနှစ်အဆောင်ကို ဝင်ခါနီးတော့ ပထမနှစ်ကျောင်းသူတွေထဲက အတော်လေးနာမည်ကြီးတဲ့ ကောင်မလေးတစ်ယောက်နောက်ကို တခြားကောင်မလေးတွေလိုက်နေတာ တွေ့လိုက်ရတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော့်နှလုံးသားအခုန်မြန်လာတယ်။
အဲဒီမိန်းကလေးရဲ့ရွှေရောင်ဆံသားတွေကို မြင်လိုက်ရကတည်းက ကျွန်တော်အသက်ရှုဖို့မေ့သွားတဲ့အထိပါပဲ။ သူက အနက်နဲ့အနီရောထားတဲ့ နှင်းဆီပွင့်ပါဂါဝန်ကို ဝတ်ထားတာ။ အဲဒီလိုလီတာဂါဝန်လေးက သူ့ရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်နဲ့ တကယ့်ကိုလိုက်ဖက်ပါတယ်။ ကျွန်တော်လည်းဖြစ်နိုင်ရင် သိပ်လှလွန်းတဲ့သူ့ကို သွားစကားပြောချင်တယ်။ ဒါပေမဲ့...
“မဖြစ်နိုင်ပါဘူးလေ...” ကျွန်တော် သက်ပြင်းချမိတယ်။ ဗစ်ကောင့်ဖရာလီတာရဲ့ပန်ဒရာဂွန်မိသားစုက ကောင့်မိသားစုတစ်ခုသာဖြစ်ပေမဲ့ ကျွန်တော်လို့ဂုဏ်ပုဒ်မရှိတဲ့ သူကောင်းမျိုးနဲ့ယှဥ်ရင်တော့ သူကပိုပြီးအဆင့်အတန်းမြင့်ပါတယ်။
ပြီးတော့ ပန်ဒရာဂွန်မိသားစုရဲ့အဆင့်အတန်းက အင်ပါယာအတွင်းမှာ ထူးခြားတယ်။ သူတို့မိသားစုခေါင်းဆောင် လေဒီအော်သာရီယာက အင်ပါယာစောင့်ရှောက်သူတစ်ယောက်ဖြစ်ပြီး အဆင့် ၁၂ တော်ဝင်မှော်ပညာရှင်ပါ။ ဖရာလီတာကိုယ်တိုင်ကလည်း ပထမတန်း အလင်းမှော်ပညာရှင်ပါ။ အသက်က ဆယ့်လေးနှစ်ပဲရှိသေးပေမဲ့ အဆင့်ခြောက် မှော်ပညာရှင်ဖြစ်နေပြီ။ လက်သင်အဆင့်သုံးမှာတစ်နေတဲ့ ကျွန်တော်နဲ့ယှဥ်ရင် အများကြီးကွာတယ်။
.....
“ကျောင်းသားဝါ့ဇ်။ ပေါ်လာသေးတယ်ပေါ့လေ။ နေရာမှာ မြန်မြန်ဝင်ထိုင်တော့။ ဆရာမစာသင်တော့မှာ။”
အတန်းထဲရောက်တော့ ကျွန်တော့်အခန်းပိုင်ဆရာမ ထရီစာက ပြောလိုက်တယ်။ ကျွန်တော်လည်းရှက်ရှက်နဲ့ ဝင်ထိုင်မိတာပေါ့။ ဖရာလီတာကိုငေးရင်းနဲ့ အချိန်တွေကိုမေ့သွားခဲ့တာလေ။
အတန်းချိန်ပြီးတော့ ဆရာမထရီစာက ထွက်မသွားသေးဘဲ ကျွန်တော့်ရှေ့ကိုထပ်ရောက်လာပြီးပြောတယ်။ “ဝါ့ဇ်၊ အတန်းထဲမှာ နင်က အတော်ဆုံးဆိုတာသိပါတယ်။ တတိယနှစ်အောင်ခဲ့ရင်တောင် နောက်ဆုံးနှစ်ကျရင် ဘွဲ့ရဖို့အတွက် အဆင့်လေး မှော်ဆရာအဆင့်ကိုရောက်ဖို့ လိုအပ်တယ်နော်။ သီအိုရီပိုင်းချည်းလေ့လာမနေဘဲ လက်တွေ့ပိုင်းလည်း လေ့ကျင့်ဦး၊ ဟုတ်ပြီလား။”
ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။ ဆရာမထရီစာလည်း သက်ပြင်းချပြီးထွက်သွားတယ်။ ဒါပေမဲ့ ကျွန်တော့်လို တတိယတန်းစားပါရမီပဲရှိတဲ့အဖို့ နှစ်တွေအကြာကြီးနေမှ အဆင့်တက်တာ ပုံမှန်ပါပဲ။ ဆရာမထရီစာက ကျွန်တော့်ကိုစိုးရိမ်လို့သာ ပြောတာပါ။
ဒီကမ္ဘာကြီးရဲ့မှော်ပညာဖွဲ့စည်းပုံမှာ အဆင့် ၁၂ ဆင့်ရှိပါတယ်။ အဆင့် ၁ ကနေ ၃ အထိကို လက်သင်အဆင့်လို့ခေါ်ပြီး အဆင့်အနိမ့်ဆုံးမှော်ဆရာတွေပါ။
အဆင့် ၄ ကနေ ၆ အထိကိုတော့ မှော်ဆရာအဆင့်လို့ခေါ်ပြီး အနည်းဆုံး အဆင့် ၄မှ ကျောင်းကနေဘွဲ့ရနိုင်ပါတယ်။ ဆရာအများစုတောင် အဆင့် ငါးနဲ့ အဆင့်ခြောက်မှာရှိကြသေးပြီး ဒုတိယတန်းမှော်ပညာပါရမီရှိသူတွေက အမြဲလိုလိုဒီအဆင့်မှာပဲ ပိတ်မိနေတတ်ကြပါတယ်။
ကျွန်တော့်လိုတတိယတန်းတွေကတော့ အဆင့်လေးကိုရောက်ဖို့တောင် အင်မတန်ကြိုးစားရပြီး နောက်မှာတော့ ဘာတက်လမ်းမှမရှိတော့ပါဘူး။
အဆင့် ၇ကနေ ၉ အထိကိုတော့ မှော်ပညာရှင်အဆင့်လို့ခေါ်ပါတယ်။ ကျောင်းက ပါမောက္ခတွေလောက်ပဲ ဒီအဆင့်မှာရှိတာပါ။ ၁၀ ကနေ ၁၂ အထိကိုတော့ တော်ဝင်မှော်ပညာရှင်တွေလို့ခေါ်ပြီး အင်ပါယာထဲမှာတောင် အတော်ရှားပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အဆင့်တစ်ဆယ်ရောက်တာနဲ့ အင်ပါယာတွေက စောင့်ရှောက်သူရာထူးပေးပါတယ်။
ဒီလောက်ဆိုရင် ကျွန်တော့်ရဲ့သူကောင်းမျိုးတစ်ယောက်အနေနဲ့ ရပ်တည်နေရတဲ့ အဆင့်အတန်းကို မြင်နိုင်ပြီထင်ပါတယ်။
...
“မင်းကြားပြီးပြီလား၊ ဗစ်ကောင့်ဖရာလီတာက နောက်တစ်ပတ်ကျရင် ကျောင်းမှာမွေးနေ့လုပ်မှာတဲ့။”
ဖရာလီတာရဲ့မွေးနေ့သတင်းက တစ်ကျောင်းလုံးပြန့်နေတာပဲဗျ။ သူ့ကိုသဘောကျတဲ့ ကောင်လေးတွေအားလုံးက ဖရာလီတာကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် ပြင်ဆင်နေကြတယ်။ အဲဒီထဲမှာ ကျွန်တော်လည်းပါတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တော့
“အင်ပါယာပေါင် ၅၀၀ပဲ ကျန်တော့တာလား။”
ကျွန်တော်ကျောင်းနေတုန်းနေတဲ့ လန်ဒန်ကအိမ်က မိသားစုပိုင်အိမ်ဖြစ်လို့ အိမ်ငှားခပေးစရာမလိုပေမဲ့ လစဥ်အသုံးစရိတ်ကတော့ နည်းနည်းပဲရပါတယ်။ ဝါ့ဇ်မိသားစုက ကျွန်တော့်ကို အကောင်းမမြင်ပဲကိုး။
ဒါပေမဲ့ ကျွန်တော်ခနနေတော့ ပြုံးလိုက်မိတယ်။ မွေးနေ့လက်ဆောင်ဆိုတာက တန်ဖိုးကြီးတာမကြီးတာထက် မွေးနေ့ရှင်ကြိုက်ဖို့အရေးကြီးတာမဟုတ်လား။ ပြီးတော့ ကျွန်တော်က ဖရာလီတာဘာကြိုက်တတ်လဲဆိုတာသိတယ်။
တကယ်တော့ ကျောင်းမဖွင့်ခင်လာပိုင်းလောက်ကတည်းက ဖရာလိတာကို ကျွန်တော်မြင်ဖူးတာ။ ကင်းစတန်လမ်းပေါ်က ကားမှတ်တိုင်မှာ ကားစောင့်နေရင်း ဖရာလီတာနဲ့သူ့ယန္တရားရုပ် အထိန်းတော်ဘဏ္ဍာစိုးကြီး ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ဆိုင်ထဲ ဝင်သွားတာမြင်ဖူးတယ်လေ။
“ပုံမှန်ဆိုရင် မိန်းကလေးတွေက အဲဒီလိုနေရာမျိုးကိုသွားမှာမဟုတ်ဘူး။ ဝါသနာပါလို့ပဲနေမယ်။”လို့တွေးမိတာနဲ့ ကျွန်တော်ကင်းစတန်လမ်းပေါ်ကို ထွက်လာခဲ့တာပေါ့။
ရှေးဟောင်းပစ္စည်းဆိုင်တွေက ကင်းစတန်လမ်းပေါ်မှာ စတည်းချချကြတယ်။ တစ်လမ်းတည်းမှာတင် ဆိုင်ပေါင်းငါးဆယ်လောက်ရှိတယ်။ ပထမတော့ ဖရာလီတာဝင်ဝယ်တဲ့ဆိုင်ထဲဝင်ပြီး ပစ္စည်းတွေမေးခဲ့ပေမဲ့ ကျွန်တော်ဝယ်နိုင်တာ တစ်ခုမှမရှိဘူးလေ။ အဲဒီနောက်တော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွင်ဝယ်ရှာရင်းကနေ နောက်ဆုံးစုတ်စုတ်ပြတ်ပြတ်ဆိုင်လေးတစ်ဆိုင်ကို ရှာတွေ့ပြီးဝင်ကြည့်မိတယ်။
အဲဒီမှာ ချစ်စရာကောင်းတဲ့ ငွေရောင်မိတ်ကပ်ဘူးလေးတစ်ခုကို ရှာတွေ့တာပဲ။ မိတ်ကပ်ဘူးရဲ့အရွယ်က သိပ်မကြီးဘူး။ ဘူးပုံစံက အသည်းပုံဖြစ်ပြီး ငွေရောင်တောက်ပနေတဲ့ သတ္တုနဲ့ပြုလုပ်ထားတာ။ အလယ်တည့်တည့်မှာတော့ ငွေရောင်လခြမ်းအမှတ်တံဆိပ်ရှိနေတယ်။ အဲဒီလခြမ်းကိုမှ ရစ်ပတ်ပြီးထွင်းထုထားတဲ့ ညမွှေးပန်းပုံကနုတ်တွေလည်းပါတယ်။ အရင်က ကျောက်မျက်တွေမြုပ်နှံထားတယ်လို့ယူဆရတဲ့ နေရာငါးခုလည်းရှိပြီး နေရာလွတ်ဖြစ်နေပေမဲ့ လှတော့လှနေပါသေးတယ်။
“ဗစ်တိုးရီးယားခေတ်က အဖိုးတန်မိတ်ကပ်ဘူးတစ်ဘူးလို့ ယူဆရတဲ့ပစ္စည်းပါ ဝယ်သူရှင့်။ ဗစ်တိုးရီးယားခေတ်တုန်းက လူကုန်ထံတွေက ကိုယ်ပိုင်မိတ်ကပ်ဘူးတွေကို လက်မှုပညာသည်တွေဆီအပ်ပြီး ဖန်တီးလေ့ရှိပါတယ်။ မိတ်ကပ်ကိုတော့ သီးသန့်ဖြည့်ကြတာပါ။”
ဆိုင်ရဲ့အရောင်းစာရေးဖြစ်ပုံပေါ်တဲ့ ရွှေရောင်ဆံပင်တိုကိုမှ ဘီးကုပ်ကုပ်ထားတဲ့ မျက်လုံးအပြာရောင်ပိုင်ရှင် မှော်ယန္တရားရုပ်မိန်းကလေးက ကျွန်တော့်ကို ပစ္စည်းအကြောင်းရှင်းပြတယ်။ သူ့ခန္ဓာကိုယ်က လည်ပတ်နေတဲ့ စက်သွားသံတွေကို ကြားနေရပြီး ရင်ဘတ်မှာတော့ အဝါရောင်အဆင့်နိမ့်မှော်သလင်းကျောက်က တောက်ပနေပါတယ်။ ဝတ်ဆင်ထားတဲ့ အဝတ်အစားကတော့ အလွယ်တကူမညစ်ပေနိုင်ဘဲ အကြမ်းခံတဲ့ အနက်ရောင်လယ်သာဂါဝန်ပါ။
“ကျွန်တော့်ကို အနီးကပ်ပြပေးလို့ရမလား။” စျေးကို ကြည့်ပြီးတဲ့နောက်တော့ အင်ပါယာပေါင်နှစ်ရာလို့ပြထားတဲ့အတွက် ကျွန်တော်တတ်နိုင်တဲ့အထဲကပါပဲ။ ယန္တရားစက်ရုပ်မလေးကတော့ မိတ်ကပ်ဘူးကိုဖွင့်ပြပါတယ်။
“အတွင်းထဲမှာ သတ္တုကိုပြောင်လတ်အောင်တိုက်ထားတဲ့ အကောင်းစားကြေးမုံမှန်ပါပါတယ်ရှင့်။ အခုထိ ပုံရိပ်တွေကို ပြတ်ပြတ်သားသားမြင်နေရတုန်းပါပဲ။ မိတ်ကပ်လို့ယူဆရတဲ့ အမှုန်တချို့လည်း မိတ်ကပ်အကန့်ထဲမှာရှိနေသေးပေမဲ့ အသုံးမပြုဖို့အတွက် အကြံပေးလို့ပါတယ်။ ဗစ်တိုးရီးယားခေတ်မိတ်ကပ်တွေက ခဲနဲ့ဓာတုပစ္စည်းတွေအလွန်အကျူးပါတတ်တာကြောင့် အန္တရာယ်များပါတယ်။”
ပစ္စည်းမှာအနာအစာမပါအောင် စစ်ပြီးတဲ့နောက်မှာတော့ မိန်းကလေးလက်ထဲ ပိုက်ဆံထည့်ပေးလိုက်ပြီးမိတ်ကပ်ဘူးကို စက္ကူအိတ်ထဲထည့် ဆိုင်ထဲကထွက်လာခဲ့တာပေါ့။
“အိမ်ပြန်ရင်ကောင်းမယ်ထင်တယ်။” ကျွန်တော်ဝယ်ထားတဲ့လက်ဆောင်ကို ဖရာလီတာကြိုက်မှကြိုက်ပါ့မလားဆိုပြီး တွေးမိပေမဲ့လည်း ညမှောင်တော့မှာဖြစ်တဲ့အတွက် စိုးရိမ်စိတ်ကိုဖိနှိပ်ရင်း ကားမှတ်တိုင်မှာ တခြားသူတွေနဲ့အတူရပ်စောင့်တယ်။
ကျွီ... ကျရီ...
“ကားက ဘရိတ်ပေါက်လာတာလား။” ခနနေတော့ စောင့်နေတဲ့ ဘက်စ်ကားရောက်လာပေမဲ့ လမ်းပေါ်မှာယိုင်ထိုးနေပြီးတော့ မှတ်တိုင်ကိုဝင်တိုက်တော့မလို ဖြစ်တာကြောင့် ကျွန်တော်လည်း ကားစောင့်နေတဲ့သူတွေနဲ့အတူ ကားဂိတ်ကနေ ရှောင်ထွက်လိုက်ရပါတယ်။
ဘုန်း....
ကားက ကားမှတ်တိုင်ကို ဝင်တိုက်ပြီးရပ်သွားတယ်။ကားတိုက်တဲ့အသံရယ် လူတွေအော်ဟစ်နေတဲ့အသံတွေရယ် ဆူညံ့လို့ပေါ့။ ခနအကြာမှာပဲ ကားတံခါးပွင့်လာပြီး အထဲက အခြေအနေကို ကျွန်တော်မြင်လိုက်ရတယ်။ အထဲမှာရှိနေတဲ့ ခရီးသည်တွေအကုန်လုံး သေဆုံးနေပြီဖြစ်ပြီးတော့ သူတို့ဆီကနေ သွေးတွေစီးကျနေတယ်။ ကားထဲမှာ မတ်တပ်ရပ်နေတဲ့အရာဆိုလို့ တစ်ခုပဲရှိပြီး အဲဒီအရာနဲ့ကျွန်တော် အကြည့်ချင်းဆုံမိသွားတယ်။
“ဂါဂိုလီပဲ ဒီကနေထွက်ကြ။” ကျွန်တော် ကုတ်အင်္ကျီအောက်ကအိတ်ထဲ ဝှက်သယ်လာတဲ့ မှော်နှင်တံကိုထုတ်ပြီး အနားကလူတွေကို သတိပေးလိုက်တယ်။ ဂါဂိုလီဆိုတာက အန္တရာယ်များတဲ့ မိစ္ဆာတစ်ကောင်ပါ။ လူနဲ့တူပေမဲ့ အသားအရေက ကျောက်သားလိုမျိုးညိုမွဲမွဲနိုင်ပြီး လင်းနို့နားရွက်တွေနဲ့တူတဲ့ နားရွက်တွေနဲ့ လင်းနို့တောင်ပံအရွက်တွေနဲ့တွဲနေတဲ့ လက်တွေရှိတယ်။
“Ignis Pila” ဂါဂေါ်လီက စတင်လှုပ်ရှားလာတဲ့အချိန်မှာပဲ ကျွန်တော် အဆင့်နှစ်မီးမှော်ဂါထာကို ရွတ်ပြီးတိုက်ခိုက်လိုက်တယ်။ အနားမှာရှိနေတဲ့လူတွေလည်း မိစ္တာကောင်ရဲ့တိုက်ခိုက်မှုကို မခံချင်တဲ့အတွက် ပြေးတဲ့သူကပြေး အော်တဲ့သူကအော်နဲ့ဖြစ်ကုန်ပြီ။
“သေစမ်း...” ကံမကောင်းတာက ကျွန်တော်ပါ။ ဂါဂေါ်လီက ထင်ထားတာထက် ပိုစွမ်းနေပြီး ကျွန်တော့်မီးဂါထာကိုကျော်ဖြတ်ကာ ကျွန်တော့်ရှေ့ရောက်လာပြီး ရင်ဘတ်ကို လက်သည်းနဲ့ကုတ်ချလိုက်တယ်။
“အား....” ကျွန်တော့်ရင်ဘတ်ကနေ နာကျင်မှုကို ခံစားလိုက်ရပြီး လေပေါ်ကိုမြောက်တက်သွားတယ်။ အတော်ကြာမှ လမ်းပလက်ဖောင်းပေါ်ကိုပြန်ကျလာပြီး မှော်နှင်တံကတော့ အဝေးကိုလွင့်စင်သွားခဲ့ပြီ။ ကျွန်တော်ဝယ်လာတဲ့ မိတ်ကပ်ဘူးလေးကတော့ စက္ကူအိတ်နဲ့အတူ ကျွန်တော့်သွေးတွေအိုင်ထွန်းနေတဲ့ လမ်းပေါ်မှာကျနေတယ်။
“ကောင်လေး၊ နောက်ဆုတ်နေစမ်း။” မကြာခင်မှာပဲ
မှော်ဝန်ကြီးဌာန အော်ရာဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူနှစ်ယောက်ရောက်လာပြီး အဆင့်လေးမီးနဂါးဂါထာကို ကျွန်တော့်ခေါင်းပေါ်ကနေ ကျော်ပစ်လိုက်တယ်။ ဂါထာက မိစ္ဆာကိုထိမယ့်အစား မိစ္ဆာဆင်းလာတဲ့ ဘက်စ်ကားကိုမှန်ပြီး ထပေါက်ကွဲတယ်။ အနားကနေ ခုချိန်ထိမထွက်နိုင်သေးတဲ့ လူတချို့ကားကမှန်ကွဲစတွေမှန်လို့ ဒဏ်ရာရကုန်ပေမဲ့ အော်ရာနှစ်ယောက်က ဂရုမစိုက်ဘဲ ဂါဂိုလီကို ဆက်တိုက်ခိုက်နေတယ်။
“ဝယ်သူကို ကူညီပေးပါမယ်ရှင့်။” အတော်ကြာတဲ့အထိ ကျွန်တော့်ကို ကူညီပေးမယ့်သူရောက်မလာဘူး။ နောက်တော့ ကျွန်တော်ထွက်လာတဲ့ ရှေးဟောင်းပစ္စည်းဆိုင်က ယန္တရားရုပ်မိန်းကလေးက ကျွန်တော့်ကို တိုက်ပွဲစက်ကွင်းထဲကနေ လာဆွဲထုတ်ပေးတယ်။
“နေဦး၊ မိတ်ကပ်ဘူး။” ကျွန်တော်လည်း အသိစိတ်ကို ပြန်စုစည်းလိုက်ရင်း သွေးစွန်းနေတဲ့ မိတ်ကပ်ဘူးကို လှမ်းယူတော့ ငွေရောင်အလင်းတစ်ချက်လတ်သွားတာကို သတိထားမိပေမဲ့ သွေးထွက်လွန်နေတာကြောင့် ဘာမှမစဥ်းစားနိုင်တော့ဘူး။
....
“ကောင်လေး၊ မင်းမသေတာကံကောင်းတယ်ကွ။ နောက်ဆို မိစ္ဆာတွေတွေ့ရင်ပြေးမဝင်နဲ့။ အဲဒီကောင်တွေက မိစ္ဆာနတ်ဘုရားဂိုဏ်းက ဆင့်ခေါ်ထားတဲ့ကောင်တွေ။ အဆင့်အနိမ့်ဆုံးတောင် အဆင့်လေး မှော်ဆရာအဆင့်တွေကွ။”
ဆေးရုံမှာ ကျွန်တော်ပြန်ပြီး သတိရလာတော့ အဲဒီအော်ရာနှစ်ယောက်က ကျွန်တော့်ကိုလာတွေ့တယ်။ သူတို့နှစ်ယောက်က ကျွန်တော့်ကိုသတိပေးပြီးတော့ပြန်သွားတယ်။ ဒါတောင် ကျွန်တော့်အဖေမျက်နှာရှိလို့ လာတွေ့ပုံပါပဲ။ သူတို့လို ဝန်ကြီးဌာန အဆင့်ခြောက် မှော်ပညာရှင်တွေက အလွန်အလုပ်များတယ်။
ဆေးရုံက မှော်ရုပ်မြင်သံကြားပိတ်ကားလည်း အဲဒီနေ့က ဖြစ်ရပ်ကိုပြသနေတယ်။ ဒါပေမဲ့လန်ဒန်မြို့တွင်းမှာ ဂါဂိုလီတိုက်လို့ လူသေတယ်လို့မကြေညာဘဲ ဒီအတိုင်းဘက်စ်ကား မီးလောင်မှုပဲလိမ်ထားတယ်။ သေဆုံးသူ နှစ်ဆယ်ရှိပြီး လန်ဒန်မှော်ပညာကျောင်းသားတစ်ယောက် လူတွေကယ်ဖို့လုပ်ရင်း ဒဏ်ရာရသွားတယ်လို့သတင်းတင်ပြတယ်။ ပြီးတော့ ယန္တရားရုပ်တစ်ရုပ်ရော ပျက်စီးသွားတယ်တဲ့။ ပျက်စီးသွားတဲ့ ယန္တရားရုပ်ရဲ့ဓာတ်ပုံကိုပြတော့
“အဲဒီကောင်မလေးက...” ကျွန်တော် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်တယ်။ အဲဒီမိန်းကလေးက ကျွန်တော့်ကိုမိတ်ကပ်ဘူးရောင်းခဲ့ပြီး ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးပါ။ မှတ်မိသလောက် ပျက်စီးမှုထဲ အဲဒီမိန်းကလေးမပါခဲ့ဘူး။
မိစ္ဆာနတ်ဘုရားအဖွဲ့ရဲ့လုပ်ရပ်က အင်ပါယာကိုအရှက်ရစေနိုင်တဲ့အရာပါ။ အဲဒီအကြမ်းဖက်အဖွဲ့ရဲ့တည်ရှိမှုနဲ့တိုက်ခိုက်မှုတွေကို နေမဝင်အင်ပါယာက ဖုံးဖိထားတယ်။ မျက်မြင်သက်သေ သာမန်လူတွေကို မှတ်ဉာဏ်ဖျောက်ပစ်ပြီး မှတ်ဉာဏ်ဖျောက်လို့မရတဲ့ ယန္တရားရုပ်တွေကိုတော့ ဖျက်ဆီးပစ်ပါတယ်။ ယန္တရားရုပ်တွေက လူသားတွေနဲ့တန်းတူအခွင့်အရေးမရကြဘဲ သာမန်အသုံးအဆောင်ပစ္စည်းတွေလိုမျိုး ဆက်ဆံခံကြရတယ်။
ကျွန်တော်တို့လို မိစ္ဆာနတ်ဘုရားအဖွဲ့အကြောင်းကိုသိတဲ့ သူကောင်းမျိုးတွေသာလျင် ဘာဖြစ်နေလဲဆိုတဲ့ အမှန်တရားကိုသိကြတာပါ။ အဲ၊ အမှန်တရားရဲ့တစ်စိတ်တစ်ပိုင်းဆိုပါတော့။ ကျွန်တော်နဲ့တန်းတူသူကောင်းမျိုးတွေထဲမှာ ဘယ်သူမှ မိစ္ဆာနတ်ဘုရားအဖွဲ့ရဲ့ရည်မှန်းချက်အစစ်ကိုမသိကြဘူး။ အဖွဲ့ရှိတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်တာကိုပဲသိကြတာ။ ဒီထက်ပိုတာတွေကို တာဝန်နဲ့ရာထူးမြင့်တဲ့ သူကောင်းမျိုးတွေပဲသိကြတာပါ။
‘သား၊ မင်းတိုက်ခိုက်ခံရတယ်လို့ကြားတယ်။ အဖေလာတွေ့ရမလား။’ ခနနေတော့ ကျွန်တော်ကိုင်နေကျ မှော်ကျောက်တုံးထဲကို စာဝင်လာတယ်။ ဒီမှော်ကျောက်တုံးတွေက အဆင့်နိမ့်မှော်သားရဲအရိုးနဲ့ပြုလုပ်ထားတာဖြစ်ပြီး အသံနဲ့ပုံရိပ်တွေကို ကွန်ယက်ကနေတစ်ဆင့် ဆက်သွယ်နိုင်တယ်။
‘ရပါတယ်၊ ဘာပြဿနာမှမရှိပါဘူး။ အဖေသာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ဂရုစိုက်ပါ။’ ကျွန်တော် စာပြန်ပို့လိုက်တယ်။ ဝေလအထက်မူးမတ်တစ်ယောက်ဖြစ်တဲ့အဖေက အဆင့် ၉ မှော်ပညာရှင်တစ်ယောက်ဖြစ်ပြီး လောလောဆယ် တောင်အာဖရိကမှာ ပုန်ကန်မှုတွေကိုနှိမ်နင်းနေပါတယ်။ သူပြန်လာချင်ရင် ခွင့်ယူပြီး ရက်ပိုင်းအတွင်းပြန်လာလို့ရပေမဲ့ ကျွန်တော့်ကြောင့် သူ့ကိုစိတ်မပူစေချင်တော့ဘူး။ အမေမရှိတော့ကတည်းက ကျွန်တော်ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ဖို့ကြိုးစားနေခဲ့တာ ကြာပါပြီ။
...
မှော်ဆေးပညာကြောင့် ဒဏ်ရာတွေကနေ မကြာခင်မှာပဲ ကျွန်တော်သက်သာလာခဲ့တယ်။ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တော့ မိတ်ကပ်ဘူးကိုလက်ထဲမှာ ကိုင်ကြည့်မိတယ်။ အဲဒီယန္တရားရုပ်မလေး ဖျက်ဆီးခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်စိတ်ထိခိုက်နေတုန်းပဲ။
ဘယ်လိုပြောရမလဲ၊ အပြစ်မကင်းသလိုခံစားရတယ်။ သူသာ ကျွန်တော့်ကိုမကယ်ခဲ့ရင်၊ အခင်းဖြစ်နေတဲ့နေရာမှာသာ ရှိမနေခဲ့ရင် သူဖျက်ဆီးခံရပါ့မလား။ သူတို့က လူသားတွေလိုမျိုး လွတ်လပ်တဲ့အသိစိတ်မရှိကြပေမဲ့ သူတို့ကိုဖျက်ဆီးတာ မှန်ရဲ့လား။
“ဟမ်၊ ဒီပေါ်မှာ လက်တင်စာနဲ့ရေးထားတဲ့ ဂါထာတစ်ကြောင်းရှိနေတာလား။”
‘Mummus Lunae Potentiae Faciunt’တဲ့။ ကျွန်တော်သင်ဖူးတဲ့ အနောက်တိုင်း မှော်ဂါထာတော်တော်များများက လက်တင်၊ ဂရိ၊ Celtဘာသာတွေနဲ့ရေးတတ်တာမလို့ ဂါထာတွေရဲ့သဘောတရားကို ကျွန်တော်နားလည်တယ်။ သူတို့ကို မူရင်းဘာသာအတိုင်း အသံထွက်ပြီးရွတ်ဖတ်မိရင် အသက်ဝင်လာပြီး အန္တရာယ်ရှိနိုင်တယ်။
အဖုံးကိုဖွင့်လိုက်တော့ ဆိုင်ကကောင်မလေးပြောလိုက်သလိုမျိုး အထဲမှာကြေးမုံမှန်တစ်ချပ်ပါတာတွေ့ရတယ်။ ဒါပေမဲ့ အဲဒီမှန်က ကျွန်တော့်မျက်နှာကို ပြသနေရမယ့်အစား ငွေရောင်ဆံပင်နဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံရိပ်ကို ပြသနေတာပါပဲ။
ဖောက်....
ကျွန်တော်လည်းလန့်ပြီးတော့ မိတ်ကပ်ဘူးကို ပစ်ချလိုက်မိတယ်။ မတော် ဒီမိတ်ကပ်ဘူးက ကျိန်စာသင့်နေတာလားမသိဘူးလို့တွေးမိတော့ ကျွန်တော်လည်းလန့်လာရော။ ဂါထာတစ်ခုပါတယ်၊ ကြေးမုံမှာထင်နေတဲ့ ပုံရိပ်ကလည်း ကျွန်တော့်ပုံရိပ်မဟုတ်ဘူး။ ဖြစ်နိုင်တာက အရင်ပိုင်ရှင်သေပြီး ဝိညာဥ်က ကြေးမုံထဲ ပိတ်မိနေတာများလား။
“မာရာဒင်... မာရာဒင်... မင်းက မှော်သီအိုရီပညာရှင်တစ်ယောက်ပဲ။ ပေါက်ကရတွေတွေးနေတာရပ်စမ်း။ မှော်ပညာရှင်တစ်ယောက်က အဖြေကိုအတည်မပြုနိုင်မချင်း ရမ်းသမ်းကောက်ချက်ချလို့မဖြစ်ဘူး။”
ဒါနဲ့ပဲ ကျွန်တော်လည်း မိတ်ကပ်ဘူးပေါ်ကစာကို ဘာသာပြန်ပြီး အင်္ဂလိပ်လို ရွတ်ဖတ်ကြည့်လိုက်တယ်။ သီအိုရီအရတော့ အဲဒီလိုဆိုရင် ဂါထာက သက်ရောက်မှုမရှိတော့ဘူးလေ။
“Silver Moon Power, Make Up”
ဘုန်း....
ရုတ်တရက်ဆိုသလိုပဲ အခန်းအပြင်က လမင်းရဲ့အလင်းရောင်က အကြီးအကျယ်တောက်ပလာပြီးတော့ ကျွန်တော့်ပေါ်ကိုဖြာကျလာတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်တစ်ကိုယ်လုံး စတင်ပြီးပြောင်းလဲလာတော့တာပဲ။
....
နောက်တစ်ခါ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ခန္ဓာကိုယ်က တစ်မျိုးကြီးဖြစ်နေတာ ခံစားမိတယ်။ ဟိုရှိနေသင့်တဲ့အရာက ရှိမနေတော့ဘဲ ရင်က တအားလေးနေတယ် ခံစားမိတော့တာ။ ပြီးတော့ လေထုထဲမှာ မရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ကိုယ်သင်းနံကို ရှုမိနေသေးတယ်။
ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်တာလဲ သိချင်တာနဲ့ အဝတ်လဲခန်းထဲက ကိုယ်လုံးပေါ်မှန်ဆီကို ပြေးကြည့်တော့ မှန်ထဲမှာထင်နေတာ ကျွန်တော်မဟုတ်တော့ဘဲ ငွေရောင်ဆံပင်တို၊ ငွေရောင်မျက်လုံးနဲ့ မိန်းမလှလေးဖြစ်နေပြီ။
“ဘယ်သူလဲ၊ ငါဘယ်သူကြီး ဖြစ်သွားတာလဲ။”
တကယ်ပဲ မိတ်ကပ်ဘူးက ကျိန်စာသင့်နေပြီးတော့ ကျွန်တော့်ကို ကျွန်မဖြစ်အောင်ပြောင်းလိုက်တာများလား။ ဒါပေမဲ့ ဂါထာကို လက်တင်လိုမဖတ်မိပါဘူး။