← Chapters

မိစ္ဆာနတ်ဘုရားကျောင်း

Vol. 9.1-Wizard Path Ch. 2

မိစ္ဆာနတ်ဘုရားကျောင်း

Vol. 9.1-Wizard Path Ch. 2

ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ မှန်ထဲက မိန်းကလေးကို ကျွန်တော်စိုက်ကြည့်နေမိတယ်။ သူက ကျွန်တော့်အကြိုက်ပုံစံမျိုးမဟုတ်ပေမဲ့ လှတာကိုတော့ ငြင်းပယ်လို့မရဘူး။ အသားအရေက ကြွေလိုဖြူစင်လွန်းပြီး မျက်လုံးတွေက ကြယ်တွေလိုမျိုး တလဲ့လဲ့တောက်ပနေတယ်။ ဝတ်ထားတဲ့အဝတ်တွေကလည်း တစ်နည်းနည်းနဲ့ပြောင်းလဲသွားပုံပေါ်ပြီး မိန်ကလေးဝတ်သင်္ဘောသားဝတ်စုံကိုမှ စကပ်တိုလေးနဲ့၊ စတော့ကင်အရှည်တောင် ပါလိုက်သေးတယ်။

ဒါပေမဲ့ ထူးဆန်းတာတစ်ခုက မှန်ထဲက မိန်းကလေးက ကျွန်တော်သာ မိန်းကလေးအဖြစ်မွေးဖွားလာရင် ဖြစ်လာမယ့်ပုံနဲ့ တကယ့်ကိုဆင်တယ်။ ပုံရိပ်ယောင်မဟုတ်မှန်းလည်း ကျွန်တော်သိနေတယ်။ ဘာလို့ဆိုရင် ကျွန်တော့်ရဲ့မိန်းကလေးခန္ဓာကိုယ်ကို ထိကိုင်လို့ရနေပြီး ကျွန်တော့်လက်နဲ့ပါးပြင်ကိုကိုင်ကြည့်တော့ ပါးပြင်ကနေ မိန်းကလေးတစ်ယောက်ရဲ့လက်ချောင်းအထိအတွေ့ကို ခံစားမိသလို လက်ချောင်းကနေလည်း မိန်းကလေးတစ်ယောက်ရဲ့ပါးပြင်နုနုကို ခံစားမိနေတယ်။

ဟိုးအရင်ကတည်းက မိန်းကလေးတစ်ယောက်ရဲ့ပါးပြင်ကို မထိကိုင်ဖူးတဲ့အတွက် အိပ်မက်တွေပြည့်မြောက်သွားသလိုခံစားရပေမဲ့ ဒီခန္ဓာကိုယ်က ကျွန်တော့်ခန္ဓာကိုယ်ဖြစ်နေသေးတယ်ဆိုတာ သတိထားမိတော့ ကျောချမ်းသွားတယ်။

“အာ့... ဒါက ငါ့ရဲ့မိန်းကလေးပုံစံဆိုတော့ သူ့ကို မက်ဒါနာလို့ခေါ်ရမှာမလား။”

ကျွန်တော့်နာမည်မာရာဒင်က ဝေလအသုံးအနှုန်းနဲ့ မာလင်ကိုခေါ်တာ။ မာလင်ဆိုတဲ့နာမည်ရဲ့မိန်းမဆန်တဲ့အသုံးအနှုန်းက မက်ဒါနာပါ။ မက်ဒေါနားနာမည်နဲ့တူပေမဲ့ အသံထွက်က တော်တော်ကွဲတယ်။

ဟူး...

ကျွန်တော်ကြည့်နေတုန်းမှာပဲ ဂါထာက ပျက်ပြယ်သွားဟန်နဲ့ မိန်းကလေးပုံစံပျောက်သွားပြီး ကျွန်တော့်ခန္ဓာကိုယ်က နဂိုအတိုင်းပြန်ဖြစ်သွားတယ်။ အဝတ်တွေတောင်မှ နဂိုအတိုင်းပဲ။ ဒါပေမဲ့ ခနနေတော့ ကိုယ့်မိန်းကလေးပုံစံကိုကိုယ် လှလို့စိုက်ကြည့်နေမိတဲ့အဖြစ်ကိုတွေးမိသွားပြီး ကျွန်တော့်ကိုယ်ကျွန်တော်ပါးရိုက်လိုက်မိတော့တာပဲ။

ဖြန်း...

“သတိရစမ်း၊ အဲဒီမှော်ပစ္စည်းက လူတွေအပေါ်ကို ဘယ်လိုသက်ရောက်မှန်းသိတာမဟုတ်ဘူးနော်။ မြန်မြန်လွှတ်ပစ်လိုက်တာကောင်းတယ်။”

ချက်ချင်း ကျွန်တော့်စိတ်ထဲမှာ အဲဒီအတွေးပေါ်လာတယ်။ တော်ကြာနေ ဂါထာက တစ်ခုခုမှားသွားပြီးတော့ ကျွန်တော့်ကို မိန်းကလေးအဖြစ်ထာဝရပြောင်းပစ်တာတို့၊ မိတ်ကပ်ဘူးထဲမှာ ကျွန်တော့်ဝိညာဥ်ပိတ်မိသွားတာတို့ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုမှော်ရတနာတွေက မှော်ဆရာတွေလောကမှာ ရှားတာမဟုတ်ဘူးလေ။

“ဒီလောက်ဆို ဘယ်သူမှ မကောက်လောက်ဘူးထင်တာပဲ။” ကျွန်တော်က မိတ်ကပ်ဘူးကို စက္ကူပုံးတစ်လုံးထဲ ထည့်ပြီးပါကင်ပိတ်လိုက်တယ်။ အဲဒီနောက်တော့ အဲဒီပုံးကိုကိုင်ပြီး အိမ်အပြင်က အမှိုက်ပုံးထဲထည့်လိုက်တယ်။

အဲဒီနောက်စိတ်ပေါ့ပေါ့နဲ့အိမ်ထဲပြန်ဝင်ပြီး ဖရာလီတာမွေးနေ့အတွက် တခြားလက်ဆောင်ဝယ်ပေးမယ်လို့ တွေးမိပေမဲ့ အိမ်ပေါ်က စားပွဲပေါ်မှာအခန့်သားတင်နေတဲ့ မိတ်ကပ်ဘူးကိုမြင်တော့ ကျွန်တော်ခေါင်းနပန်းကြီးသွားတယ်။

“ဘယ်လိုဘယ်လို....” မယုံလို့ ကျွန်တော်အိမ်ပြင်ထွက်ပြီး ပါကင်အလုံပိတ်ထားတဲ့ပုံးကိုဖောက်ကြည့်တော့ အထဲမှာဘာမှရှိမနေဘူး။

“ငါပဲ အမှတ်မှားပြီးတော့ မိတ်ကပ်ဘူးကို စက္ကူပုံးထဲ မထည့်မိတာလား။” ကျွန်တော် အခုလိုရိုးရိုးလေးတွေးမိပေမဲ့ မှော်ဆရာတွေလောကမှာ တိုက်ဆိုင်တာမရှိဘူးဆိုတဲ့စကားကိုသတိရတော့ ပြတင်းပေါက်ကိုဖွင့်ပြီး မိတ်ကပ်ဘူးကို အပြင်ပစ်လွှတ်လိုက်တယ်။ မကြာခင်မှာပဲ အလင်းတန်းတစ်ချက်နဲ့အတူ မိတ်ကပ်ဘူးက ဖျောက်ခနဲလေထုထဲမှာပျောက်သွားပြီး ကျွန်တော့်လက်ထဲ ပြန်ရောက်လာတယ်။

“သေချာပြီ၊ ဒီမိတ်ကပ်ဘူးက ပိုင်ရှင်ဆီကနေပြီး တခြားသူတွေယူလို့မရအောင် ဂါထာစီရင်ထားတာပဲ။” ကျွန်တော့်နားထင်ကနေ ဇောချွေးတွေးစီးကျလာတယ်။ ဒီအတိုင်းဆိုရင် ကျိန်စာသင့်မိတ်ကပ်ဘူးကို ကျွန်တော်လွှင့်ပစ်လို့မရတော့ဘူးမဟုတ်လား။

“ဖျက်ဆီးပစ်မယ်ဆိုရင်ရော...” ကျွန်တော့်ခေါင်းထဲမှာ အကြံတစ်ခုဝင်လာပြီး အိပ်ရာကုတင်အောက်မှာ သိမ်းထားတဲ့ လက်သမားသုံးပစ္စည်းသေတ္တာထဲက တစ်ပေါင်တူတစ်ချောင်းထုတ်လာတယ်။ နောက်တော့ မိတ်ကပ်ဘူးကို အားရပါးရထုနှက်တာပေါ့။

ဘုန်း... ဘုန်း... ဘုန်း.... ဖြောင်း....

“ဝှီး... တော်တော်မာတာပဲ။” တူနဲ့ထုနေရာကနေပြီး တူလက်ကိုင်ကျိုးသွားတဲ့အထိ မိတ်ကပ်ဘူးက အခြစ်ရာမထင်ဘူး။ နောက်ဆုံး ကျွန်တော်စိတ်တိုလာပြီး မိတ်ကပ်ဘူးကို ရေချိုးခန်းထဲယူသွားတယ်။ နောက်တော့ ရေချိုးကန်အလယ်မှာ မိတ်ကပ်ဘူးကို နေရာချပြီး မှော်နှင်တံနဲ့ချိန်လိုက်တယ်။

“Ignis amnis et ventus” ကျွန်တော်သိတဲ့ဂါထာတွေထဲက အင်အားအကြီးဆုံးဖြစ်တဲ့ မီးနဲ့လေဒြပ်စင်နှစ်မျိုးပေါင်းဂါထာကို ရေရွတ်လိုက်တယ်။ မီးလျှံတစ်စက ကျွန်တော့်မှော်နှင်တံထိပ်မှာဖြစ်တည်လာပြီး နောက်ကနေ အံ့မခန်းအရှိန်နဲ့လေထုက တွန်းထုတ်တဲ့အတွက် မီးလျှံစီးကြောင်းကြီးဖြစ်တည်လာပြီး မိတ်ကပ်ဘူးကို မီးတင်ရှို့တယ်။ အပူရှိန်ကပြင်းလွန်းလို့ ကြွေပြားတွေတောင် အက်ကွဲကုန်ပြီ။

ကျွန်တော်က လေအမျိုးအစားမှော်ပညာရှင်တစ်ယောက်ပါ။ ဒါပေမဲ့ တခြားဒြပ်စင်မှော်တွေကို သုံးလို့မရတာတော့မဟုတ်ဘူး။ တခြားမှော်ဂါထာတွေကိုသင်ယူရင် လေမှော်ဂါထာတွေလောက်အစွမ်းမထက်ဘဲ သင်ယူရခက်ရုံပါပဲ။ ဒါပေမဲ့လေမှော်ဂါထာတွေက အားနည်းပြီးတိုက်စစ်မကောင်းတဲ့အတွက်ကြောင့် မီးမှော်ဂါထာတချို့ကို ကျွန်တော်သင်ထားခဲ့တာလေ။ ဒီလိုကနေပြီး သာမန်ထက်အနည်းငယ်ပိုအားကောင်းတဲ့ ပေါင်စပ်မှော်ဂါထာတွေကို ကျွန်တော်သုံးနိုင်တယ်။

ရွယ်တူမှော်ဆရာတွေကတော့ ကျွန်တော့်လောက်ဇွဲမကောင်းကြပါဘူး။ သူတို့က ဒြပ်စင်တစ်ခုဆိုတစ်ခုပဲ အာရုံထားကြပြီး တခြားဒြပ်စင်တွေကို လေ့လာဖို့ပျင်းတတ်ကြတယ်လေ။

“ချီးထဲမှ၊ ဒီလောက်မီးတင်ရှို့နေတာတောင် ဘာမှမဖြစ်ဘူးလား။” ငါးမိနစ်ဆက်တိုက် မှော်ဂါထာကိုဆက်ပြီး အားဖြည့်နေခဲ့ရတဲ့အတွက် ကျွန်တော့်တစ်ကိုယ်လုံး မှော်စွမ်းအားကုန်ခမ်းမှုကြောင့် တုန်ရင်နေပြီ။ မိတ်ကပ်ဘူးကတော့ မီးဟပ်လိုနည်းနည်းလေးတောင် မည်းမသွားဘူး။ တော်ရုံသတ္တုတွေဆိုရင် အခုလောက်ဆို အရည်ပျော်ကျနေလောက်ပြီ။

“ထားတော့၊ နောက်မှပဲ အဖြေရှာတော့မယ်။” ပင်ပန်းနေပြီဖြစ်တာကြောင့် ညဦးယံပဲရှိသေးပေမဲ့မိတ်ကပ်ဘူးကို စာကြည့်စားပွဲပေါ်ပြန်တင်ထားလိုက်ပြီး စောအိပ်ဖြစ်တယ်။ အိပ်မက်ထဲမှာတော့ ငွေရောင်ဆံပင်နဲ့မိန်းကလေးက ခုံတစ်ခုံမှာထိုင်ပြီးတော့ ကျွန်တော့်ကို ရယ်မောလှောင်ပြောင်လို့ရယ်။

....

“ဆရာမ ကျွန်တော်တစ်ခုမေးလို့ရမလား။” နောက်နေ့ ဆရာမထရီစာအတန်းချိန်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ မသေချာတဲ့ကိစ္စတွေကို မေးဖို့ဆုံးဖြတ်လိုက်တယ်။ ဆရာမထရီစာက အဆင့်ခုနစ်မှော်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဗဟုသုတနဲ့ပြည့်စုံတဲ့အတွက်ကြောင့် ကျွန်တော်မသိတဲ့ မေးခွန်းတချို့ကို ဖြေပေးနိုင်လောက်တယ်မဟုတ်လား။

“ကျောင်းသားဝါ့ဇ်ပါလား၊ မေးလေ။ ဆရာမသင်တဲ့အထဲမှာ တစ်ခုခုနားမလည်တာပါလားလို့ပါ။”

“မဟုတ်ပါဘူးဗျ၊ ကျွန်တော်က မှော်ပစ္စည်းတွေအကြောင်းဗဟုသုတနည်းနည်းလောက် သိချင်လို့ပါ။ လူတစ်ယောက်ရဲ့အသွင်အပြင်ကို ပြောင်းလဲနိုင်တဲ့ မှော်ရတနာမျိုးရှိလားဗျ။”

ဆရာမထရီစာက ကျွန်တော့်မေးခွန်းကို သေချာစဥ်းစားပြီးမှပြန်ဖြေတယ်။ “အဲဒီလိုမှော်ရတနာမျိုးက သိပ်မရှားပါဘူး။ ရုပ်ဖျက်မှော်ရတနာတွေကို လုပ်ကြံသတ်ဖြတ်သူဂိုဏ်းတွေက တီထွင်အသုံးပြုခဲ့တယ်။ မျက်နှာပေါင်းတစ်ရာပြောင်းနိုင်တဲ့ ဖယောင်းမျက်နှာဖုံးတို့ဘာတို့ပေါ့။ အဓိကကတော့ ပုံရိပ်ယောင်မှော်ဂါထာကို ရတနာတစ်ခုခုပေါ်မှာစီရင်ထားတာပါပဲ။ ဒီလောက်အစွမ်းမထက်ဘူး။”

ဒီမှာတင် နောက်မေးခွန်းကိုဆက်မေးဖို့ ကျွန်တော်တုံ့ဆိုင်းမိသွားတယ်။ သေချာပေါက် အဲဒီမိတ်ကပ်ဘူးက သာမန်မှော်ရတနာမဖြစ်နိုင်တော့ဘူး။ အကြောင်းက အဲဒီပုံစံပြောင်းမှုဟာ ပုံရိပ်ယောင်မဟုတ်ခဲ့မှန်း ကျွန်တော်သိနေလို့ပါ။

“နောက်ဘာမေးစရာရှိသေးလဲ။”

“ဟုတ်ကဲ့၊ အရာဝတ္ထုတွေကို မပျက်စီးအောင်စီရင်တဲ့ မှော်ဂါထာမျိုးရောရှိလား။”

ဆရာမထရီစာက မေးကိုလက်နဲ့ထောက်လိုက်ရင်းကနေ ကျွန်တော်လိုချင်တဲ့အဖြေကို ပေးလိုက်တယ်။

“ရှိတယ်ဆိုပေမဲ့ လုံးလုံးမပျက်စီးအောင်တော့ စီရင်ပေးနိုင်တဲ့ဂါထာမျိုးမရှိဘူး။ အထွတ်အမြတ်အဆင့်ရတနာတွေတောင်မှ ပျက်စီးနိုင်တယ်လေ။ ဒါပေမဲ့ ဒဏ္ဍာရိလာ အမွေအနှစ်ရတနာဆိုရင်တော့ မပြောတတ်ဘူး။”

“ဟုတ်ပြီ၊ ဒီနေ့တော့ ဒီလောက်ပဲ။ ဆရာမနောက်အခန်းဝင်ဖို့ နောက်ကျနေပြီ။” ကျွန်တော့်မေးခွန်းနှစ်ခုကို ဖြေပြီးတဲ့နောက်တော့ ဆရာမထရီစာက ကျွန်တော့်ကိုလက်ကာပြပြီး အခန်းထဲကနေ ထွက်ခွာသွားတယ်။ ကျွန်တော်ကတော့ အတွေးတွေနဲ့အတူ အခန်းထဲမှာ ငေးငိုင်ပြီးကျန်နေရစ်တယ်။

အဲဒီမိတ်ကပ်ဘူးက သာမန်မဟုတ်တာသေချာပေမဲ့ အထွတ်အမြတ်ရတနာ ဒါမှမဟုတ် အမွေအနှစ်ရတနာဟုတ်မဟုတ်တော့ ကျွန်တော်မပြောနိုင်ဘူး။

အထွတ်အမြတ်ရတနာဆိုတာက အဆင့် ၁၀ ကနေ ၁၂ အတွင်းရှိတဲ့ တော်ဝင်မှော်ပညာရှင်တွေစီရင်ထားတဲ့လက်နက်တွေကိုပြောတာ။ အမွေအနှစ်လက်နက်တွေကတော့ အဲဒီထက်မြင့်တဲ့တည်ရှိမှုဖြစ်ပြီးတော့ ဘယ်လိုဖြစ်တည်မှုမျိုးက စီရင်ထားမှန်းလူတွေမသိကြဘူး။ တချို့ကတော့ တော်ဝင်မှော်ပညာရှင်ထက်စွမ်းတဲ့အဆင့်တွေရှိသေးတယ်တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် မိတ်ကပ်ဘူးက ကျွန်တော့်ထက်အဆင့်မြင့်တဲ့ မှော်ဆရာတစ်ယောက်စီရင်ထားတဲ့အရာဖြစ်ပြီး ကျွန်တော့်စွမ်းအားလောက်နဲ့ဖျက်ဆီးလို့မရတာတော့ သေချာသွားပြီ။

....

မိစ္ဆာနတ်ဘုရားနန်းတော်။

တစ်ခါတုန်းက တောက်ပခဲ့ပုံပေါ်တဲ့ အနက်ရောင်ဂေါ်နက်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ နန်းဆောင်ကြီးရဲ့ကြမ်းပြင်တွေက အိုဟောင်းနေပြီး အက်ကွဲမှုတွေအပြည့်နဲ့ပါ။ ဒါပေမဲ့ စွန့်ပစ်ထားတဲ့ နန်းဆောင်ကြီးထဲမှာ လူသူကင်းမဲ့မနေဘဲ လူတချို့က ပင်မခန်းမကြီးထဲမှာ စုဝေးနေကြတယ်။

စုဝေးနေတဲ့လူက စုစုပေါင်းခုနစ်ယောက်ပါ။ ခြောက်ယောက်က ခန်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ တန်းစီရပ်နေကြပြီး တစ်ယောက်ကတော့ ခန်းမဗဟိုက နတ်ဆိုးရုပ်ထုကြီးအောက်မှာ ရပ်နေပါတယ်။ သူတို့ပုံစံက ခန်းမထဲမှာ တကယ်ရှိနေသလိုထင်ရပေမဲ့ အနီးကပ်ကြည့်မယ်ဆိုရင် သူတို့ပုံရိပ်တွေက တုန်ခါနေမှန်းသတိထားမိနိုင်တယ်။ သူတို့က ပုံရိပ်လှိုင်းတွေကနေတစ်ဆင့် ဆက်သွယ်နေတာပါ။

“တွေ့ရတာဝမ်းသာပါတယ်၊ ချစ်လှစွာသော မိစ္ဆာနတ်ဘုရားကောင်စီဝင်တို့။”

ဒီလူတွေက မိစ္ဆာနတ်ဘုရားဂိုဏ်းလို့ခေါ်တဲ့ လမ်းလွဲမှော်ပညာရှင်ဂိုဏ်းက အဆင့်အမြင့်ဆုံးအရာရှိတွေဖြစ်တဲ့ ကောင်စီဝင်တွေပါ။

“အော်ရကယ်၊ ဘာကြောင့်ငါတို့ကို ခေါ်လိုက်တာလဲ။”

ဘယ်ဖက်အစွန်ဆုံးမှာရပ်နေပြီး စိတ်ကြည်နေပုံမရတဲ့ ဆံပင်အနီကျစ်ဆံမြီးအရှည်နဲ့ မိန်းကလေးက မေးလိုက်တယ်။ အော်ရကယ်လို့အခေါ်ခံရတဲ့အလယ်က အသက်ကြီးကြီး၊ ဆံပင်ဖြူဖြူနဲ့အဖွားအိုကတော့ အသံလာရာကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေကို အနက်ရောင်ပိတ်စကိုစည်းပြီးကာထားတဲ့အတွက် မြင်ရတာတစ်မျိုးကြီးဖြစ်နေပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ကွယ်သွားတဲ့ လအလင်းမှော်ပညာရှင် လန်ဒန်မှာပြန်ပေါ်လာတယ်လို့ ခံစားမိလို့ပါ။”

“ထပ်ပေါ်လာတော့လည်း ဘာဖြစ်လဲ။ ငါသွားနှိမ်နင်းလိုက်မယ်။” ဆံနီကျစ်ဆံမြီးအမျိုးသမီးကပြောပေမဲ့ သူနဲ့ဆန့်ကျင်ဘက်မှာရပ်နေတဲ့ အနက်ရောင်ဂေါ့သစ်ဝတ်စုံနဲ့အမျိုးသမီးက လက်ကိုကာပြလိုက်တယ်။

“ဂါးဝှစ်၊ လန်ဒန်က ငါ့နယ်မြေပဲ။ ငါကိုင်တွယ်လိုက်မယ်။” ဆံနီမိန်းကလေးကတော့ အခုလိုပြန်ပြောခံရတဲ့အတွက် မျက်မှောင်ကြုတ်လိုက်ပါတယ်။ “ကေတီမ၊ ပြီးခါမှ မနိုင်မနင်းဖြစ်ပြီးတော့ ငါ့ကိုအကူအညီမတောင်းနဲ့နော်။”

“ငါတို့နှစ်ယောက်လုံးက အဆင့်ရှစ်မှော်ပညာရှင်တွေပဲ။ ငါမလုပ်နိုင်ရင် နင်လည်းလုပ်နိုင်စရာမရှိဘူး ဂါးဝှစ်။”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ရန်ဆောင်တဲ့အကြည့်နဲ့ ကြည့်လိုက်ကြပြီး ဆက်ရန်တွေ့ဖို့လုပ်နေတဲ့အတွက် မျက်လုံးကာနဲ့အဖွားအိုက လက်ထဲက တောင်ဝှေးကို မြောက်ပြလိုက်တယ်။ မိစ္ဆာနတ်ရုပ်ထုရဲ့မျက်လုံးတစ်ဖက်ပွင့်လာပြီး ကြောက်စရာအရှိန်အဝါတစ်ခုက ခန်းမထဲလွှမ်းခြုံလာတဲ့အတွက် နှစ်ယောက်လုံးရပ်လိုက်ကြတယ်။

“အားလုံး တိတ်ကြစမ်း၊ မိစ္ဆာနတ်ဘုရားအရှင်မြတ် နိုးထလာဖို့အတွက် ငါတို့တွေ လူသားအယောက်ခြောက်သောင်းပြည့်အောင် စတေးဖို့လိုနေသေးတယ်။ ဒီမတိုင်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် ရန်မဆောင်ဘဲနေလို့မရဘူးလား။ နင်တို့အချင်းချင်းရန်ဖြစ်နေတာကိစ္စမရှိဘူး။ မိစ္ဆာနတ်ဘုရားကျောင်းသာ မစည်းလုံးရင် ငါတို့ကိုအင်ပါယာစောင့်ရှောက်သူတွေက မျိုးဖြုတ်သွားလိမ့်မယ်။”

ဒီတော့မှ နှစ်ယောက်လုံးတိတ်သွားကြတယ်။ သူတို့ကောင်စီဝင်အများစုက အဆင့်ရှစ်နဲ့ကိုးကြားမှာရှိတဲ့ မှော်ပညာရှင်တွေပါ။ အားကောင်းတယ်လို့ပြောလို့ရပေမဲ့ တော်ဝင်မှော်ပညာရှင်တွေနဲ့တော့ ယှဥ်လို့မရသေးဘူး။ ဒါကြောင့်မလို့ လျှို့ဝှက်လှုပ်ရှားနေရတာပေါ့။

“ဒါဆိုရင် လအလင်းမှော်ဆရာကိုရှာဖို့ ကျွန်မပဲလုပ်လိုက်ပါမယ်။” ကေတီက အားလုံးကိုပြောလိုက်ပြီးတဲ့နောက် နေရာကနေ လှည့်ထွက်လိုက်တယ်။ သူ့ပုံရိပ်က ခန်းမထဲကနေ ပျောက်သွားပြီ။ ကျန်တဲ့သူတွေလည်း ဆွေးနွေးစရာမရှိတော့တဲ့အတွက် အသီးသီး လှည့်ထွက်ကာ သူတို့ပုံရိပ်ယောင်တွေ ပျောက်ကွယ်သွားတော့တယ်။

....

“မဖြစ်နိုင်တာ ဒီပုံစံနဲ့ဆိုရင် ငါ့စွမ်းအားတွေက ပိုပြီးကြီးမားလာတာပဲ။”

အိမ်နောက်ဖေးမှာ မှော်ပညာလေ့ကျင့်နေရင်း နဲ့ကျွန်တော်ပြောလိုက်တယ်။ အခုကျွန်တော်က ဆံဖြူမလေးပုံစံနဲ့ရှိနေပြီး လက်ထဲမှာ လခြမ်းပုံသလင်းကျောက်ထိပ်တံပါတဲ့ မှော်နှင်တံကိုကိုင်ထားတယ်။ ဒီမှော်နှင်တံက ကျွန်တော့်ရဲ့မှော်နှင်တံဖြစ်ပြီးတော့ လက်ထဲမှာကိုင်ထားရုံနဲ့တင် မိန်းကလေးပုံစံပြောင်းပြီးတာနဲ့ အလိုလိုလိုက်ပြောင်းသွားတာ။

အဲဒီနောက်တော့ ကျွန်တော့်ကိုယ်ထဲမှာ မှော်စွမ်းအင်တွေအပြည့်ရှိနေတယ်လို့ခံစားရပြီးတော့ မှော်ဂါထာတွေကိုစမ်းသပ်ဖို့ဖြစ်လာတော့တာပဲ။

“Ignis amnis et ventus” မနေ့ကသုံးခဲ့တဲ့ မီးလေပေါင်းစပ်ဂါထာကို အခုသုံးလိုက်တော့ မှော်နှင်တံက ငွေရောင်လက်သွားပြီးတော့ သိပ်ကိုကြောက်စရာကောင်းတဲ့ မီးတောက်တစ်ခုက ခြံဝန်းထဲမှာထွက်ပေါ်လာတယ်။

“အောင်မလေး၊ ကံကောင်းလို့။ ခြံစည်းရိုးကို မီးရှို့မိတော့မှာပဲ။” ကျွန်တော်က သာမန်အဆင့်သုံးမှော်ပညာကို သုံးလိုက်တာဆိုပေမဲ့ ဂါထာက အဆင့်ခြောက်မှော်ဂါထာလောက်ကိုပြင်းသွားတာ။ ဒီတော့မှ ကျွန်တော်လည်း သတိထားပြီး ပတ်ဝန်းကျင်ကို မထိခိုက်အောင်လို့ မှော်ဂါထာနဲ့အကာအရံတွေဖန်တီးပြီးမှ ဂါထာတွေကိုဆက်စမ်းတယ်။

နောက်ဆုံးကျွန်တော်ကောက်ချက်ချလို့ရတာက မိတ်ကပ်ဘူးကိုသုံးပြီး မိန်းကလေးအဖြစ်ပြောင်းထားရင် ကျွန်တော့်ရဲ့မှော်ဆရာအဆင့်က အဆင့်ခြောက်မှာရှိတယ်။ သုံးဆင့်တိတိခုန်တက်သွားတာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း အချိန်ကန့်သတ်ချက်ရှိပြီး ဆယ့်ငါးမိနစ်ထက် ပိုမသုံးနိုင်ပါဘူး။

အချိန်ကျော်လွန်ပြီးသုံးတဲ့အခါမျိုးမှာ မိတ်ကပ်ဘူးရဲ့သက်ရောက်မှုက အလိုလိုပြန်ပျောက်သွားတယ်။ မှော်စွမ်းအင်ကုန်တာမျိုးမဟုတ်ဘဲ ပြဿနာတစ်ခုခုမဖြစ်အောင်လို့ ဝတ်စုံက တမင်တားမြစ်ထားပုံပဲ။ တစ်ခါသုံးပြီးရင် နောက်တစ်နာရီကြာတဲ့အထိ ထပ်သုံးလို့မရတော့ဘူး။

အစကတော့ ဝတ်စုံက ကျွန်တော့်စွမ်းအားကိုတိုးလာစေလို့ ဘွဲ့ရဖို့အတွက် အကူအညီပေးနိုင်တယ်လို့ထင်ခဲ့မိပေမဲ့ ဝတ်စုံပြန်ချွတ်လိုက်ရင် ကျွန်တော်က သာမန်အဆင့်သုံးပြန်ဖြစ်သွားရော။ ဒီတော့ဝတ်စုံရဲ့စွမ်းအားက ကျွန်တော့်အပေါ်မသက်ရောက်ဘဲ ပြင်ပစွမ်းအားသက်သက်ပါပဲ။

“ကံကောင်းတာက ကျိန်စာသင့်ပစ္စည်းတစ်ခုတော့ မဟုတ်ဘူးပဲ။ ဒါပေမဲ့ ဒီပစ္စည်းနဲ့ငါဘာလုပ်ရမှာလဲ။” လေ့ကျင့်ပြီး အိမ်ထဲပြန်ဝင်တော့ မှော်ပိတ်ကားကိုဖွင့်သတင်းတွေကြည့်ရင်းနဲ့ ကျွန်တော်စဥ်းစားမိတယ်။

နောက်တော့ ဖျက်ဆီးခံလိုက်ရတဲ့ ယန္တရားရုပ်မိန်းကလေးအကြောင်းကို ပြန်တွေးမိတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။ ဒီကမ္ဘာကြီးမှာ အားနည်းလွန်းပြီး ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်တဲ့ လူတွေအများကြီးရှိနေတုန်းပဲ။

“မှော်ဝန်ကြီးဌာနက အင်ပါယာကြီးအဆင်ပြေနေပါတယ်လို့ပဲ လိမ်ဖို့ကြိုးစားနေတာ။ သူတို့က လူတွေအသက်ကို ဂရုစိုက်တာမဟုတ်ဘူး။ ငါ့ဘာသာမိစ္ဆာနတ်ဘုရားဂိုဏ်းဘာလုပ်နေလဲ စုံစမ်းတာကောင်းမယ်ထင်တယ်။”

ကျွန်တော့်ဦးနောက်ထဲက သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုက မိစ္ဆာနတ်ဘုရားအဖွဲ့ဟာ တွေ့နေကျပုံမှန်အစွန်းရောက်အုပ်စုထက် ပိုတယ်လို့ခံစားနေရတယ်။ ပုံမှန်သူပုန်အုပ်စုသာဆိုရင် အင်ပါယာက သူတို့ကို လူသိရှင်ကြားသူပုန်လို့ကြေညာပြီး တိုက်ခိုက်ဖျက်ဆီးမှာပဲ။ ဒါပေမဲ့ အခုက အင်ပါယာကိုယ်တိုင် အဲဒီအဖွဲ့အစည်းကို ကြောက်ရွံနေပြီးတော့ လူတွေမသိအောင် ကြိုးစားနေသလိုပဲ။

“ဒါပေမဲ့ ပြဿနာက ငါဘယ်ကနေစပြီး သူတို့အကြောင်းကို စုံစမ်းရမှာလဲ။”

All Chapters