← Chapters

သူရဲဘောကြောင်တဲ့ ဝါ့ဇ်

Vol. 9.1-Wizard Path Ch. 3

သူရဲဘောကြောင်တဲ့ ဝါ့ဇ်

Vol. 9.1-Wizard Path Ch. 3

ဒီလိုနဲ့ပဲ သူရဲကောင်းမလေးလုပ်ဖို့ ကင်းလှည့်ဖြစ်ခဲ့တယ်ဆိုပါတော့။ မက်ဒါနာပုံစံကို ဆယ့်ငါးမိနစ်ပဲ ပြောင်းလို့ရတဲ့အတွက်ကြောင့် ပုံမှန်ပုံစံနဲ့လျှောက်သွားပြီးတော့ပဲ ကူညီရမယ့်သူကိုရှာရတယ်။ ရှာတွေ့မှ မက်ဒါနာပုံစံကိုပြောင်းပြီးဝင်ချတာ။ ကံကောင်းတာလား ကံဆိုးတာလား မပြောတတ်ပေမဲ့ ဆယ့်ငါးမိနစ်အပြည့်မသုံးရင် မက်ဒါနာပုံစံကို နောက်ထပ်တစ်ခါထပ်သုံးဖို့အတွက် အကြာကြီးစောင့်စရာမလိုဘူးဗျ။ တစ်ခါတည်းထပ်ဖွင့်လို့ရတယ်။

“နေဦး၊ ဆယ့်ငါးမိနစ်ထပ် ကျော်ပြီးဆက်တိုက်သုံးမိရင် ဘာဖြစ်မှာမလို့လဲ။” ကျွန်တော်တွေးမိတယ်။ ဒီလိုဆိုရင် စွမ်းအားမလုံလောက်တာမဟုတ်ဘဲ ပြဿနာတစ်ခုခုရှိလို့ တားထားတာမှန်း ကျိန်းသေသွားပြီလေ။

ကင်းလှည့်တဲ့ညတိုင်းမှာ ကြုံရတဲ့သူအများစုက သူခိုးဓားပြတွေပါ။ ဂါဂေါ်လီတချို့နဲ့လည်းကြုံရဖူးပေမဲ့ မက်ဒါနာပုံစံနဲ့ ဂါဂေါ်လီတွေကိုတိုက်ရတာ သိပ်ပြဿနာမဟုတ်ခဲ့လူး။

ဖရာလီတာရဲ့မွေးနေ့ရောက်ဖို့ နှစ်ရက်အလိုမှာတော့ ကျွန်တော်ဂျာနယ်တစ်စောင်ကို ဝယ်ဖတ်မိတယ်ဗျ။ ဂျာနယ်က နာမည်သိပ်မကြီးဘဲ ရှေးပေါင်းသီအိုရီဆိုတဲ့ဂျာနယ်။ ထူးထူးဆန်းဆန်း ပူးပေါင်းလုပ်ကြံမှုသီအိုရီတွေရေးနေကျဂျာနယ်ပဲ။ ဒီဂျာနယ်မှာပါသမျှကို ဘယ်သူမှအလေးမထားကြဘူး။ ဟာသညဏ်ရွှင်သူတချို့ အပျော်ဝယ်ဖတ်ကြရုံပဲရှိတာ။ ပုံမှန်ဆိုရင်တော့ ပညာတတ်မှော်ဆရာတစ်ယောက်အနေနဲ့ ဝယ်စရာကိစ္စမရှိပေမဲ့ ဂျာနယ်မျက်နှာဖုံးမှာ ကျွန်တော့်ရဲ့မက်ဒါနာပုံစံကို ခဲပန်းချီနဲ့ဆွဲထားတာတွေ့လို့ရေးထားတာ။

“ဝေ့...ဝေ့... ဒီဂျာနယ်က ပုံမှန်တော့မဟုတ်ဘူးပဲ။” တခြားသတင်းစာတွေ ဂျာနယ်တွေမှာ ကျွန်တော်ညဖက် ကင်းလှည့်နေတဲ့အကြောင်းမပါဘူး။ အထူးသဖြင့် ကျွန်တော်က ဂါဂိုလီတွေနဲ့တိုက်ခိုက်ခဲ့တာမလို့ မှော်ဝန်ကြီးဌာနက သတင်းအမှောင်ချထားတဲ့ပုံပံ။ ဒီဂျာနယ်ကတော့ ကျွန်တော်ကူညီပေးခဲ့တဲ့လူတွေကို လိုက်ပြီးအင်တာဗျူးထားတာ။ ဂါဂိုလီတွေကိစ္စကိုတော့ ပြဿနာတက်မှာစိုးလို့ ထည့်ရေးထားတာမျိုးမတွေ့ရပေမဲ့ အောက်ဆုံးမှာတော့ သဘောကောင်းတဲ့ မျိုးရိုးမြင့်မှော်ဆရာမလေးတစ်ယောက်က လူတွေကို လိုက်ကူညီနေတာဖြစ်နိုင်တယ်လို့ရေးထားလို့ ကျွန်တော်ရှက်သွားဖြာသွားသေးတယ်။ ဆောင်းပါးရှင်နာမည်ကိုကြည့်တော့ ဘက်တာဖလိုင်းတဲ့။

နောက်သတင်းတစ်ပုဒ်ကတော့ နာမည်ကျော်သူခိုးကြီး ကပွဲတပ်မျက်နှာဖုံးအကြောင်းပါ။ အဲဲဒီသူခိုးက မနေ့ညက အိန္ဒိယပြည်ကနေပြီး ဗြိတိန်ဘုရင်မကြီးဆီကို လက်ဆောင်အဖြစ်ပို့ပေးလိုက်တဲ့ လစန္ဒာ ကျောက်ကိုခိုးသွားတယ်တဲ့။

“တကယ့်နာမည်ကြီးသူခိုးပဲ။” ကျွန်တော်လည်း ညဖက်လှုပ်ရှားနေတာဆိုတော့ အဲဒီသူခိုးနဲ့တွေ့ရင်တွေ့မှာလို့ တွေးမိပေမဲ့ တွေ့နိုင်ဖို့အခွင့်အရေးက နည်းတယ်မဟုတ်လား။

...

ထပ်ပြီးတော့ တိုက်ဆိုင်တယ်ပြောရမလားပဲ။ အဲဒီညက ကင်းလှည့်ထွက်တော့ အထပ်မြင့်တိုက်ပေါ်ကို တွယ်ကပ်နေပြီးတော့ မှန်ပြတင်းပေါက်ကို စိန်သွားနဲ့ဖြတ်ဝင်နေတဲ့ သူခိုးတစ်ယောက်ကို တွေ့ပါလေရော။

ကျွန်တော်လည်း မက်ဒါနာပုံပြောင်းပြီး နောက်ကနေလိုက်တော့ သူခိုးဝင်တဲ့အထပ်က ရတနာဆိုင်ဖြစ်နေပြီး သူခိုးက မျက်နှာမှာကပွဲတပ်မျက်နှာဖုံးကိုဝတ်ထားပြီး အင်္ကျီဘောင်းဘီတွေကလည်း ကပွဲတပ်မျက်နှာဖုံးနဲ့ပါ။ ပြီးတော့ ဦးထုပ်အဝိုင်းကိုတောင် စောင်းထားသေးတယ်။ လက်ထဲမှာတော့ မှော်နှင်တံလို့ယူဆရတဲ့ ကျိုင်းတုတ်နဲ့။ သူခိုးရဲ့မျက်နှာကို မျက်နှာဖုံးအောက်က မေးနဲ့ပါးစပ်ကိုပဲမြင်ရပေမဲ့ ပြစ်ချက်မရှိအောင် ချောမောလွန်းတယ်။ သူ့မျက်လုံးတွေကလည်း ကျောက်မျက်ရတနာတွေလိုမျိုး တောက်ပနေလေရဲ့။

“Silver Moon၊ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မရှုပ်စမ်းနဲ့။”

သူက ကျွန်တော့်ကို ကျွန်တော်မသိတဲ့နာမည်တစ်ခုနဲ့ခေါ်ပြီး ကျိုင်းတုတ်နဲ့ညွန်ပြလိုက်တယ်။ ကျွန်တော်လည်း လက်ထဲက လမှော်နှင်တံနဲ့ သူ့ပြန်ချိန်ထားလိုက်တာပေါ့။

“ကပွဲတပ်မျက်နှာဖုံး၊ နင်အခုလုပ်နေတာက သူများပိုင်ခိုးမှုနဲ့ ကျူးကျော်ဝင်ရောက်မှုပဲ။ လမင်းရဲ့နာမတော်နဲ့အတူ နင့်ကိုငါအပြစ်ပေးရလိမ့်မယ်။”

နောက်တော့ ကျွန်တော်တို့နှစ်ယောက်ရဲ့မှော်ပညာတိုက်ပွဲက စတော့တာပဲ။ သူ့မှော်စွမ်းအားက တစ်ခါမှမမြင်ဖူးတဲ့စွမ်းအားမျိုး။ အလင်းဒြပ်စင်လို့ပြောရအောင်လည်း ပူလောင်လွန်းပြီး မီးစွမ်းအင်လို့ပြောဖို့ကျတော့လည်း မီးတောက်မဟုတ်ဘူး။ ပူလောင်လွန်းတဲ့အလင်းတွေပါ။ ကျွန်တော်ကတော့ ပေါင်းစပ်မှော်ဂါထာတွေနဲ့ပဲ ပြန်တိုက်နေခဲ့တာ။

ကလင်... ကလင်... ကလင်...

ကျွန်တော်တို့စတိုက်ပြီးမကြာခင်မှာပဲ ရတနာဆိုင်ထဲက အချက်ပြမီးတွေလင်းလာတယ်။ ကြည့်ရတာ မှော်သတိပေးစနစ်က ကျွန်တော်တို့ရှိနေတာကို သတိထားမိသွားပြီး ရဲစခန်းကိုအကြောင်းကြားပြီနဲ့တူတယ်။ ကပွဲမျက်နှာဖုံးကလည်း ကျွန်တော့်ဆီကနေ ထွက်ပြေးဖို့လုပ်တယ်။ ကျွန်တော်ကလည်း သူ့ကိုလေဂါထာတစ်ခုနဲ့ ချုပ်နှောင်ဖို့လုပ်ရတာပေါ့။

တိုက်ပွဲက ခနလောက်ဆက်ဖြစ်ပြီး နှစ်ယောက်လုံးချာချာအကကနေသလို စည်းချက်ညီညီတိုက်ခိုက်ရပြန်တယ်။ ဒါပေမဲ့ သူက ကျွန်တော့်ရင်ဘတ်ကို မှော်ဂါထာနဲ့ပစ်နိုင်သွားတဲ့အတွက် ကျွန်တော်နောက်ကိုလွင့်သွားပြီး နံရံနဲ့ဝင်တိုက်မိတယ်။

“Silver Moon, ငါ့ကိုနိုင်ချင်ရင် လမှော်ပညာနဲ့မှရမယ်။” သူက အဲဒီစကားနဲ့အတူ အစောပိုင်းက သူဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ဒီအတိုင်းခုန်ဆင်းသွားတယ်။ မကြာခင်မှာပဲ သူက မှော်ဂါထာတစ်ပုဒ်ကိုသုံးပြီး လေထုထဲမှာ ပျံသန်းထွက်ခွာသွားတယ်။

ကျွန်တော်ရှုံးသွားပြီဖြစ်သလို မကြာခင်ရဲတွေရောက်လာတော့မှာကို သတိထားမိတဲ့အတွက်ကြောင့် နေရာကနေထွက်ဖို့ ပြင်ရတော့တာပေါ့။

....

အိမ်ပြန်ရောက်တဲ့အထိ သူ့ရဲ့ချောမောတဲ့မျက်နှာကို ကျွန်တော့်မျက်လုံးထဲကနေ ထုတ်လို့မရဘူး။ လက်ထဲက မိတ်ကပ်ဘူးကို ကျစ်ကျစ်ပါအောင်ကိုင်ထားရင်းကနေ ကိုယ့်အခြေအနေကိုယ်ပြန်တွေးမိတယ်။ မိန်းကလေးပြောင်းထားတဲ့အချိန် ချောမောတဲ့ ယောက်ျားလေးတစ်ယောက်ကို မြင်ခဲ့ရတာကြောင့် ကျွန်တော်ရင်ခုန်မိသွားတာလား။ ဘာပဲပြောပြော ဒါက မဖြစ်သင့်ဘူးမဟုတ်လား။ ယောက်ျားချင်းရင်ခုန်မိတာ လုံးဝမဖြစ်သင့်ဘူး။

ပြောပြောဆိုဆိုနဲ့ ကျွန်တော် ရေချိုးခန်းထဲကိုပြေးပြီး မျက်နှာသစ် သူ့အကြောင်းကိုမေ့ဖို့ ကြိုးစားရတယ်။

....

“သခင်မလေး၊ အိမ်ပြန်ရောက်ပါပြီလား။” တခြားသူကောင်းမျိုးအိမ်တော်တစ်ခုမှာတော့ ယန္တရားရုပ်ဘဏ္ဍာစိုးကြီးက အိမ်ထဲဝင်လာတဲ့ ဆယ်ကျော်သက်မိန်းမလှလေးကိုကြည့်ပြီး မေးလိုက်တယ်။

ရွှေရောင်ဆံပင်နဲ့ကောင်မလေးက လက်ကလက်စွပ်ကို ချွတ်လိုက်ပြီး လည်ပင်းက ဆွဲကြိုးမှာပြန်တပ်လိုက်ပေမဲ့ လက်စွပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတုန်းပဲ။

“ဟေး၊ စတန်းဖို့ဖ်။ ငါ့ကိုပြောစမ်းပါ။ မိန်းမချင်း ရင်ခုန်မိတယ်ဆိုတာ ဖြစ်နိုင်လားဟင်။”

ယန္တရားရုပ်ဖြစ်တဲ့စတန်းဖို့ခ်က သူ့သခင်မလေးရဲ့မေးခွန်းက ဘာကြောင့်ဖြစ်လာလဲ နားမလည်နိုင်ပေမဲ့ အခုလိုဖြေလိုက်ပါတယ်။

“ဟုတ်ကဲ့၊ သိပ္ပံနည်းကျဆိုရင်တော့ ဖြစ်နိုင်ပါတယ် သခင်မလေး။ ဟိုးအရင်က ဗြိတိန်နန်းတွင်းမှာ မင်းသမီးတွေအချစ်တော်ထားတဲ့ပြဿနာတက်ဖူးပါတယ်။ ဒါပေမဲ့ သူကောင်းမျိုးမိန်းကလေးတစ်ယောက်အနေနဲ့ အမျိုးသမီးချင်းစိတ်ကစားတယ်ဆိုတာက ဖြစ်သင့်တဲ့ကိစ္စတော့မဟုတ်ပါဘူး။”

ဖရာလီတာက သက်ပြင်းချလိုက်ရင်း ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ နောက်တော့ ဘာမှမရှိတဲ့နံရံကိုစိုက်ကြည့်နေရင်းကနေ စတန်းဖို့ဖ်ကို ပြောလိုက်လေရဲ့။

“စတန်းဖို့ဖ်ရေ၊ ငါဒီနေ့ သိပ်လှတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပြီး ရင်ခုန်မိသွားတယ်ဟ။ သူသာ သူများကိစ္စတွေမှာ ဝင်မပါတတ်ရင်ကောင်းမှာပဲ။”

“မမလေး၊ သူကောင်းမျိုးမိန်းကလေးတစ်ယောက်က တခြားမိန်းကလေးတစ်ယောက်ရဲ့အလှမှာ ကျရှုံးသွားလို့မဖြစ်ဘူးလေ။” စတန်းဖို့ဖ်တစ်ယောက် ခေါင်းနပန်းကြီးသွားပြီး သခင်မလေးကို ချက်ချင်းဒူးထောက်တောင်းပန်ရင်း သတိပေးလိုက်လေရဲ့။

...

ကျွန်တော်ချစ်တဲ့မိန်းကလေးရဲ့မွေးနေ့ ရောက်လာပြီ။ ကျောင်းက သူ့အတွက်မွေးနေ့ပါတီအသေးလေး ခန်းမထဲမှာလုပ်ပေးတယ်။ ခါတိုင်းလိုပဲ မုန့်ကျွေး၊ ကိတ်မုန့်ခွဲ၊ မွေးနေ့လက်ဆောင်တွေပေးကြနဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော်က သာမန်သူကောင်းမျိုးသာဖြစ်လို့ ဖရာလီတာနားမှာထိုင်ခွင့်မရဘဲ အဝေးကနေပဲ ကြည့်ခွင့်ရခဲ့တာဗျ။ ဒါပေမဲ့ သူ့ကိုမွေးနေ့လက်ဆောင်ပေးနိုင်တာနဲ့တင် ကျွန်တော်ပျော်နေခဲ့တာလေ။ ဒါပေါ့၊ လက်ဆောင်ကတော့ ထပ်ဝယ်ပေးလိုက်ရတာ။ ရှိတာလေးနဲ့ပဲဝယ်ပေးရတာမလို့ တန်ဖိုးတော့မကြီး။

နောက်ရက်အနည်းငယ်လောက်အထိ အရာအားလုံးက ပုံမှန်ပဲ။ ကျွန်တော့်အခန်းထဲက သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို လာမပြောမချင်းပေါ့။

“ဝါ့ဇ်ရေ... ဝါ့ဇ်... မင်းဘာလုပ်ထားလဲတော့မသိပေမဲ့ ဗစ်ကောင့်ဖရာလီတာက မင်းကိုတွေ့ချင်လို့ နားချိန်ရောက်ရင် ပထမနှစ် အဆောင်နောက်ကိုလာခဲ့ပါတဲ့။”

ကျွန်တော်လည်း ရင်တွေခုန်လာတယ်။ သူတို့နောက်နေတာမဟုတ်ရင် ကျွန်တော်ချစ်ရတဲ့မိန်းကလေးက ကျွန်တော့်ကိုခေါ်တွေ့တယ်၊ ဟုတ်လား။ ကောင်းတာလားဆိုတာလားမသိပေမဲ့ နားချိန်ရောက်တော့ ကျွန်တော်ပထမနှစ်အဆောင်ဆီ ပြေးသွားခဲ့တယ်။ ပြီးတော့ ကျွန်တော့်နောက်ကနေ လူတွေတိတ်တခိုးလေးလိုက်ချောင်းနေတာကိုလည်း သတိထားမိတယ်။ ဘာပဲဖြစ်ဖြစ် ဖရာလီတာက ပထမနှစ်ရဲ့ကွင်းလေ။

ကျွန်တော်ရောက်သွားတော့ ဖရာလီတာက ခါတိုင်းလိုပဲ နှင်းဆီပွင့်ပါတဲ့ လိုလီတာဂါဝန်ကိုဝတ်ထားပြီး ကျွန်တော့်ကို လက်ပိုက်စောင့်နေတယ်ဗျ။ သူ့လည်တိုင်လှလှလေးမှာတော့ လက်စွပ်တစ်ကွင်းကို ပလက်တီနန်ကြိုးနဲ့သီပြီး လည်ဆွဲလိုဆွဲထားတယ်။ သူ့ဘေးမှာတော့ ယန္တရားရုပ်ဘဏ္ဍာစိုးကြီးက လက်ထဲမှာ ဖွင့်ပြီးသား လက်ဆောင်ထုပ်တစ်ထုပ်ကို ကိုင်ထားတယ်။ အဲဒီလက်ဆောင်က ကျွန်တော်ပေးထားတဲ့ လက်ဆောင်ထုပ်မှန်းသိတဲ့ တံထွေးမျိုချလိုက်မိတယ်။ ကြည့်ရတာ ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ကျွန်တော်တို့ကို လူတွေအများကြီးဝိုင်းကြည့်နေကြသေးတယ်။

“နင့်နာမည်က မာရာဒါ ဝါ့ဇ်နော်၊ ဝေလအထက်မူးမတ်ရဲ့သားမဟုတ်လား။”

“ဟုတ်... ဟုတ်ကဲ့။” ဘုရားရေ၊ ဖရာလီတာက ကျွန်တော့်ကို ဓားလိုထက်ရှတဲ့ မျက်စောင်းတွေနဲ့ကြည့်နေတာဗျ။ အဲဒီမျက်စောင်းတစ်ချက်မှာတင် ကျွန်တော့်အသည်းနှလုံးတစ်ခုလုံး ထက်ပိုင်းပြတ်သွားသလိုပါပဲ။

“ဒီထဲက လက်ဆောင်က နင်ငါ့ကိုပေးတာလား။” သူက ကျွန်တော့်လက်ဆောင်ဘူးကို လက်ညိုးထိုးပြတယ်။ ကျွန်တော်လည်း ငြင်းစရာမရှိတာကြောင့် ခေါင်းညိတ်ပြတော့ သူက လက်ဆောင်ဘူးကိုမုန်းမုန်းတီးတီးနဲ့ယူပြီး ဆွဲထုတ်တယ်။ အထဲကနေ ချစ်စရာကောင်းတဲ့ အဝတ်ကလေးတစ်စုံထွက်လာတယ်။ တန်ဖိုးမကြီးပေမဲ့ ကျွန်တော်ကိုယ်တိုင်ရွေးထားတဲ့ဝတ်စုံပါ။ ဖရာလီတာက အဲဒီဝတ်စုံကိုဖြန့်လိုက်တယ်။

ကျွန်တော်တော့ ဘာမှမှားတာမမြင်ဘူး။ ဂါဝန်က ချစ်စရာလေးလေ၊ သူနဲ့လိုက်မှာကျိန်းသေတယ်။ ပန်းနုရောင်ဖြစ်ပြီးတော့ ဗိုက်နေရာမှာ ဟယ်လိုကစ်တီရုပ်လေးပါတယ်။ ပခုံးနဲ့လက်ကတော့ ထွင်းဖောက်မြင်ရတဲ့ဇာနဲ့လုပ်ထားတာဖြစ်ပြီး အနားသပ်တွေမှာ အမွှေးဖွားဖွားလေးတွေပါတယ်။ ဂါဝန်ဆိုပေမဲ့ ပေါင်တစ်ဝက်ပဲရှိတဲ့အတိုလေးဖြစ်ပြီးတော့ ဇာပန်းရောင်နဲ့အဖြူရောင်ချည်သားအစစ်ကို လှိုင်းတွန့်လေးတွေဖြစ်အောင်ဖန်တီးထားတာဖြစ်ပြီး ခြေအိတ်ရှည်နဲ့တွဲဝတ်ရမှာပါ။

“ဟုတ်၊ သခင်မလေး ဖရာလီတာနဲ့လိုက်မယ်ထင်လို့ ပေးမိတာပါ။”

ကျွန်တော်ဒီလိုပြောလိုက်တော့ ဖရာလီတာက ပိုပြီးစိတ်ဆိုးသွားတဲ့ပုံပဲ။ သူက ရှေ့တက်လာပြီးတော့ ဒေါက်ဖိနပ်ကိုမြှောက်လိုက်တယ်။ နောက်တော့ ကျွန်တော့်ခြေခုံပေါ် အားနဲ့တက်နင်းတော့တာပဲ။

“အောင်မလေး... သေပါပြီဗျ...”

“သောက်ရွံမုန်းစရာကောင်းတဲ့ ကလေးကြိုက်... နှာဘူး... အရူးကောင်။”

ဖရာလီတာက အဲဒီလိုပြောပြီးတဲ့နောက် ကျွန်တော့်ရှေ့ကနေ ထွက်သွားတော့တာပဲ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှားလို့မှားမှန်းမသိဘဲ နာကျင်နေတဲ့ ခြေထောက်ကိုဆုပ်ကိုင်ထားရင်း မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းလျက် ကျန်ရစ်ခဲ့တာပေါ့။

နောက်မှကျွန်တော်သိရတာက သေးသေးကွေးကွေးကောင်မလေးတွေက သူတို့ကိုကလေးဆန်တာတွေပေးရင် မုန်းတတ်တယ်တဲ့လေ။

...

နောက်တစ်လကျတော့ ကျွန်တော်အပြင်းအထန်လေ့ကျင့်ရင်း အဆင့်လေး မှော်ဆရာဖြစ်သွားတယ်။ကံကောင်းတာက ကျောင်းက ကျွန်တော်တို့ကို ဝက်ဆက်ပြည်နယ်ဆီ လေ့လာရေးခရီးပို့တယ်ဗျ။ ထပ်ကံကောင်းတာက ကျွန်တော်တို့တတိယနှစ်တွေက ပထမနှစ်တွေနဲ့အတူတူ။ ပိုပြီးကံကောင်းတာက ကျွန်တော်တို့ကျောင်းကားနဲ့အတူ ဖရာလီတာပါလာတာပဲ။ ပြီးတော့ သူက ကျွန်တော်နဲ့ခုံချင်းကပ်လျက်တစ်ဖက်မှာထိုင်တာ။ ကံအကောင်းဆုံးနေ့ပါပဲ။

“ဒီနှာဘူးကောင်နဲ့တစ်ကားတည်းကျရတယ်လို့၊ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ။” သူကတော့ ခါတိုင်းလို ချေမိုးနေပေမဲ့ ကျွန်တော်ကတော့ ပျော်မိသား။ ကျွန်တော်တို့နားမယ့်ဥယျာဥ်ကိုရောက်တော့မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ကြုံရတယ်။ ဂါဂိုလီပါ။ ဂါဂိုလီတွေအုပ်လိုက် ကျွန်တော်တို့ကို တိုက်ခိုက်လာတာ။ အနည်းဆုံး ငါးကောင်လောက်ရှိတယ်။

“သေစမ်း၊ ဂါဂိုလီတွေက ငါတို့ကိုတမင်သက်သက် ပစ်မှတ်ထားနေတာပဲ။” ဖရာလီတာက သူ့မှော်နှင်တံကိုကိုင်ပြီး ဆရာတွေကိုသွားကူတယ်။ ကျွန်တော်တို့ကားမှာ ကျွန်တော့်အတန်းပိုင်ဆရာမထရီစာနဲ့ ဖရာလီတာတို့အတန်းပိုင်ဆရာပါတယ်။ နှစ်ယောက်လုံးက အဆင့်ခုနစ်တွေဖြစ်ပြီး ဖရာလီတာက အဆင့်ခြောက်မလို့ ကောင်းကောင်းကိုင်တွယ်နေရာ သတိထားမိတယ်။

ဒါပေမဲ့ ခဏနေတော့ မျက်နှာဖုံးအနက်တပ်ထားပြီး ဂေါ့သစ်ဂါဝန်ဝတ်ထားတဲ့ လက်သည်းအရှည်တွေနဲ့ မိန်းမတစ်ယောက်ရောက်လာတယ်။ သူ့နောက်မှာတော့ ပင့်ကူခေါင်းပုံစံရှိတဲ့ ယန္တရားရုပ်တစ်ရုပ်ပါတယ်။ သူတို့ကို ဂါဂိုလီဆယ့်နှစ်ကောင်ခြံရံထားတယ်။ ကျွန်တော်က အတွေ့အကြုံသိပ်မရှိတဲ့သူဖြစ်ပေမဲ့ သေချာပေါက်မိစ္ဆာနတ်ဘုရားဂိုဏ်းက တစ်ယောက်ယောက်ဖြစ်မှန်းသိတယ်။

ဖရာလီတာတို့သုံးယောက် ရှုံးစပြုလာတော့ ကျွန်တော်ဝင်ကူမှဖြစ်တော့မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကားပေါ်မှာ တခြားသူတွေရှိနေလို့ ကျွန်တော်ပုံစံပြောင်းလိုက်ရင် သရုပ်မှန်ပေါ်သွားလိမ့်မယ်။

“ဂါ... ဂါဂိုလီတွေ... ပြေးကြ... ပြေးကြ...” ကျွန်တော်လည်း ဟန်ဆောင်ပြီးတော့ ထိန်းမနိုင်သိမ်းမရ ကြောက်နေတဲ့ပုံစံမျိုးနဲ့ ကားပေါ်ကနေဆင်းပြေးတယ်။ တောနက်ထဲကိုရောက်မှ မိတ်ကပ်ဘူးကို ဆွဲထုတ်လိုက်ပြီး

“Moon Prism Power, Make Up” ပုံစံပြောင်းလိုက်တယ်ဆိုပါတော့။

....

ဖရာလီတာက ဂါဂိုလီတွေကိုတိုက်ခိုက်နေရင်းကနေ စိုးရိမ်စိတ်ဝင်လာတယ်။ ကျောင်းပေါ်မှာ အဆင့်ခြောက်ဆိုလို့ ကားပေါ်မှာ သူတစ်ယောက်ပဲပါတာပါ။အခုဂါဂိုလီအရေအတွက်က များလွန်းတယ်။ သူတစ်ယောက်နဲ့တင် အားလုံးကိုအနိုင်ယူဖို့မဖြစ်နိုင်ပါဘူး။ ဆရာမထရီစာကတော့ မိစ္ဆာဂိုဏ်းဝင်ကိုတိုက်နေရပြီး ဆရာကတော့ ယန္တရားရုပ်ကိုထိန်းနေရတယ်။ ပြီးတော့ ရန်သူနှစ်ယောက်လုံးက အဆင့်ရှစ်တွေဖြစ်ပြီး နိုင်ဖို့အတွက်မျှော်လင့်ချက်မရှိပါဘူး။

“ဒီမိစ္ဆာဂိုဏ်းဝင်တွေက မှော်ဆရာတွေကိုသတ်ပြီး ယဇ်ပူဇော်ရင် ပိုခရီးတွင်မယ်လို့ထင်နေကြပုံပဲ။” ဖရာလီတာက အံ့ကြိတ်ပြီး အဆင့်ခြောက်အလင်းဂါထာကိုသုံးကာ ဂါဂိုလီတချို့ကို အနိုင်တိုက်လိုက်တယ်။ သူ့လက်တစ်ဖက်က ရင်ဘတ်က နေလည်ဆွဲပေါ်ရောက်သွားပြီ။ အခြေအနေမဟန်တော့ရင် သူ့သရုပ်မှန်ပေါ်ရင်ပေါ်ပါစေ ပုံစံပြောင်းပြီးတိုက်ရတော့မှာ။

“လာပါပြီရှင့်...” ဖရာလီတာစိုးရိမ်နေတုန်း ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်ကနေ ဆေလာကျောင်းသူဝတ်စုံနဲ့ ငွေရောင်ဆံပင်ကောင်မလေးတစ်ယောက် ခုန်ဆင်းလာတယ်။

“Silver Moon” သူတီးတိုးရေရွတ်လိုက်မိတယ်။ အဲဒီကောင်မလေးက ရောက်ရောက်ချင်းပဲ လက်ကျန်ဂါဂိုလီတွေကို အဆင့်ခုနစ်ပေါင်းစပ်မှော်နဲ့ ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီနောက်တော့ ယန္တရားရုပ်ဆီကို လေရိတ်သိမ်းဓားမှော်ဂါထာနဲ့ပစ်လိုက်လို့ ယန္တရားရုပ်ရဲ့လက်တွေ ပြတ်ကျသွားတယ်။ ဆက်ဖြစ်လာတာကတော့ မိစ္ဆာဂိုဏ်းဝင်က အဆင့်ခုနစ်မှော်ဆရာသုံးယောက်ကို တစ်ယောက်တည်းရင်ဆိုင်ရတာပါပဲ။

“Silver Moon နင်က တော်တော်သူများတွေကိစ္စမှာ ဝင်ရှုပ်ချင်တာပဲ။ နောက်မှ တွေ့ကြသေးတာပေါ့။”

မိစ္ဆာဂိုဏ်းဝင်က အဆင့်ရှစ်မှော်ဆရာဆိုပေမဲ့ အများနဲ့တစ်ယောက်တော့ နိုင်အောင်မတိုက်နိုင်ဘူး။ ဒါကြောင့် တပ်ဆုတ်ပြန်ဖို့ဆုံးဖြတ်လိုက်ပြီး အဆင့်ရှစ်မီးမှော်ဂါထာတစ်ခုနဲ့ သုံးယောက်လုံးကိုပြန်ဆုတ်ရအောင်တိုက်ပြီး ထွက်ပြေးသွားတယ်။

“နောက်မှတွေ့ကြသေးတာပေါ့။”

ငွေရောင်မင်းသမီးလေးကတော့ ဖရာလီတာနဲ့တခြားသူတွေကို ဦးညွှတ်လိုက်ပြီး “ဟုတ်ကဲ့၊ ပြဿနာရှင်းသွားပြီဆိုတော့ သွားလိုက်ပါဦးမယ်ရှင့်။ အားလုံးခရီးမှာ ဂရုစိုက်ကြပါ။” တောနက်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။

ဖရာလီတာ ခုံမှာပြန်ဝင်ထိုင်ပြီး သူ့ဘေးကခုံနေရာကို ကြည့်လိုက်တော့ ဝါ့ဇ်ရှိမနေတာ သတိထားမိသွားရော။

“ဟင်... ဒီနားကလူ ဘယ်ရောက်သွားတာလဲ။” သူတမေးလိုက်တော့ ကျန်တဲ့ကျောင်းသားတွေက သူတို့သိတဲ့အတိုင်း ပြန်ဖြေပါတယ်။

“ဝါ့ဇ်လား။ ဂါဂိုလီတွေ၊ ဂါဂိုလီတွေဆိုပြီးတော့ ကားပေါ်က ဆင်းပြေးသွားတယ်လေ။”

သူတို့စကားပြောနေတုန်းမှာပဲ ဝါ့ဇ်က ကားရှေ့တံခါးကနေ ပြန်တက်လာတယ်။ သူ့တစ်ကိုယ်လုံး ပေကျံနေပြီး အင်္ကျီပေါ်မှာ သစ်ရွက်ခြောက်တွေတောင်တင်နေသေးတယ်။ သူ့ပုံစံက ခြုံထဲတိုးဝင်ပြီးပုန်းရာကနေ ခုမှထွက်လာသလိုပဲ။

“အားလုံးပဲ၊ ဂါဂိုလီတွေ ဘယ်ရောက်သွားပြီလဲဟင်။” သူမေးတော့ တစ်ကားလုံးကကျောင်းသားတွေ သူ့ကိုဝိုင်းရယ်ကြပါလေရော။ ဖရာလီတာကတော့ ဝါ့ဇ်ကို အထင်သေးစွာနဲ့ကြည့်လိုက်ပြီး ပြောလိုက်လေရဲ့။

“ဆန်ကုန်မြေလေး၊ သူရဲဘောကြောင်တဲ့ ငကြောက်ကောင်။” ဖရာလီတာစိတ်ထဲမှာ ဝါ့ဇ်ကိုနည်းနည်းလေးမှ အကောင်းမမြင်နိုင်တော့တာရယ်။

ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်မကြည်ကြတဲ့ ကောင်မလေးနဲ့ကောင်လေးရဲ့ ပုံပြင်လေးတစ်ပုဒ် စတင်ခဲ့တယ်ဆိုပါတော့။

All Chapters