စိတ်ဝိညာဉ် အမှတ်အသား။
Vol. 40 Ch. 550
လင်းယွန်၏ အသွင် အရ၊ မြင့်မြတ်သော နန်းတော် ဖွင့်ရန်၊ အရေးကြီး အခိုက် အတန့်ကို ရောက်ရှိ နေသည်ဟု ပြောနိုင်သည်။
မျက်ဝန်းနှင့် နှာခေါင်း အတွင်းမှ သွေးများ စီးကျ လာပြီး၊ မျက်နှာ တပြင်လုံး ဖြူဖေျာ့ လာသည်။
သို့သော် သူ၏ အနက်ရောင် မျက်ဆန် ထဲတွင်၊ ပြတ်သားသော စိတ်ပိုင်း ဖြတ်မှုဖြင့် တောက်ပ နေလေသည်။
စိတ် စွမ်းအင်ကို ကန့်သတ်ချက် အထိ ဖိသိပ် နေချိန် မှာပင်၊ သူ့ခန္ဓာ ကိုယ်က ပြင်းထန်စွာ တုန်ခါလျက်၊ ကျယ်လောင်သော ဆူညံ သံများ ထွက်ပေါ် လာသည်။
ယခု အချိန်၌ ကျရှုံးရန်၊ သူ့ကိုယ်သူ ခွင့်မပြု နိုင်ချေ။
“ ဖွဲ့ စည်း .... ။ ”
နှုတ်ခမ်းများ ခရမ်းရောင် ပြောင်းသွား ချိန်၌ ကျယ်လောင်စွာ ဟိန်းဟောက် လိုက်၏။
တစ်ချိန်တည်း မှာပင် စိတ်စွမ်းအင် အတက် အကျ လှိုင်း များကြောင့်၊ အိမ်ဝင်း တစ်ခုလုံး တုန်လှုပ် သွားရ၏။
“ ဒီကောင်လေးရဲ့ စိတ် စွမ်းအင်က ဘယ်လောက် တောင် အစွမ်းထက် နေလို့လဲ …။ ”
လင်းယွန် ဖန်တီးသော တုန်လှုပ်ဖွယ် ဖြစ်ရပ်မှာ၊ သူမ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်လာသည့် အချိန်က ထက်ပင်၊ ပို၍ ကြီးမား လာ သဖြင့်၊ မိုလင်း မျက်နှာ၊ ပြောင်းလဲ သွားသည်။
ဆိုလို သည်မှာ လင်းယွန်၏ စိတ် စွမ်းအင် အနေဖြင့်၊ သူမ အောက် နိမ့်ကျခြင်း မရှိချေ။
အခြား တစ်ဖက်တွင် မိုလင်း ဆိုသည်မှာ၊ သူမ၏ ဘဝကို ဝိညာဉ် ရေးရာ ရူရ်များ ၌သာ နစ်မြုပ် ကုန်ဆုံး စေခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူမ၏ အောင်မြင်မှု များမှာ၊ အံ့ဩ စရာ မရှိချေ။ ငယ်ရွယ်စဉ် ကပင်၊ တည်ဆောက် ယူထား ခဲ့သော အခြေခံ အုတ်မြစ် ဖြစ်သည်။
ထို့ကြောင့် လင်းယွန် ဖန်တီး လာသော ဖြစ်စဉ်ကို မြင်လိုက် ရချိန်၌၊ သူမ ခံစား လိုက်ရ သည့် ထိတ်လန့်မှု အပေါ်၊ ပုံဖော် ကြည့်နိုင် လေသည်။
ပတ်ဝန်းကျင်ရှိ စွမ်းအင် အတက် အကျ လှိုင်းများ၊ ပို၍ ပြင်းထန်လာ သည်နှင့် အမျှ၊ ဖြူဖျော့ နေသော လင်းယွန်၏ မျက်ဝန်း များမှာ၊ ပြန်လည် နီရဲ လာတော့သည်။
သို့မှ သာလျှင် စုတ်တံက ဆက်လက် ရွေ့လျား လာ၏။ ရူရ်ကို အပြီးသတ် ရေးဆွဲပြီး ချိန်၌၊ ရေဝဲ ကြီးမှာ၊ လည်သည် ဆိုရုံမျှ သာ ရှိပေ တော့သည်။
ရေဝဲ အလယ်၌ အိမ်မက် ဆန်သော နန်းတော် တစ်ခု အပြီးသတ် ဖြစ်ပေါ် လာသည်။
“ ဒါ မြင့်မြတ်သော နန်းတော်လား။ ”
လင်းယွန်က သူဖန်တီး ယူထားသော နန်းတော်အား သံသယ စိတ်ဖြင့်၊ ပြန်ကြည့် လိုက်သည်။
“ မင်း အောင်မြင် ပြီလား။ ”
စိတ်လှုပ်ရှား စွာဖြင့်၊ ယပ်တောင်ကို တဖျပ်ဖျပ် ခတ် လိုက်ပြီး၊ မိုလင်းက မေးသည်။
“ ဒါက ... အောင်မြင် တယ်လို့ ထင်ရ တာပဲ၊ ဒါပေမယ့် ... အစ်မကြီး ပြောခဲ့တဲ့ ဝိညာဉ် အမှတ် အသားကို ငါ မတွေ့ဘူး။ ”
လင်းယွန်က ခေါင်ကုတ်ကာ ပြန်ဖြေသည်။
“ ဟမ် ... ငါ တစ်ချက်လောက် ကြည့်ပါ ရစေ။ ”
မိုလင်းက လင်းယွန်၏ နဖူးကို လက်ညိုး ထောက်လျက် မျက်လုံးများ မှိတ်ချ လိုက်သည်။
ရေဝဲ အလယ်ရှိ နန်းတော်ကို မြင်သော အခါ ပြုံးပြ လာပြီး၊
“ မင်း အောင်မြင် ပါတယ်၊ ဒါပေမယ့် မင်းရဲ့ စိတ် စွမ်းအင်က များလွန်းတဲ့ အတွက်၊ အခု အချိန်မှာ ဝိညာဉ် အမှတ် အသား တစ်ခု ဖြစ်ပေါ် လာဖို့၊ မဖြစ်နိုင် သေးဘူး၊ ... ”
“ ... စိတ် မပူနဲ့၊ မြင့်မြတ်သော နန်းတော်နဲ့ ရင်းနှီး လာတဲ့ အခါ၊ ဝိညာဉ် အမှတ် အသားက တဖြည်းဖြည်း ဖြစ်ပေါ် လာ လိမ့်မယ်။ ”
မိုလင်း၏ အတည်ပြု ပြန်ကြား ချက်ကြောင့်၊ စိတ်သက် သာရာ ရသွားသည်။ အမှားများ မလုပ် ဆောင်မိ သည့် အတွက်၊ ဝမ်းသာ ရ၏။
ပန်းချီကား ပေါ်ရှိ၊ မီးလျှံ ငှက်မွေး ရူရ်က ပြတ်ထင်စွာ ထွက်ပေါ် လာပြီး၊ ၎င်းတွင် ပါရှိသော စွမ်းအားမှာ၊ အကန့် အသတ် မရှိ တောက်ပ လွန်း လေပြီ။
မိုးကုပ် စက်ဝိုင်းကို ဖြတ်သန်း တော့မည် မီးငှက်ကြီး တစ်ကောင် ကဲ့သို့ ထင်မြင် လာစေ၏။
“ ဂုဏ်ယူ ပါတယ်၊ မင်းက အခြေခံ အားဖြင့်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် ဖြစ်သွားပြီ၊ ငါ မင်းကို သင်ပေး နိုင်တာ ဘာမှ မရှိတော့ ပါဘူး။ ”
မိုလင်းက ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ် သွားပြီး၊ လေးစားသော အမူ အရာဖြင့်၊ ဦးညွှတ်ကာ ပြောကြား လိုက်လေသည်။
လင်းယွန်အား သင်ကြား ပြသ နေစဉ် အတွင်း၊ လျင်မြန် လွန်းသော တိုးတက်မှု ကြောင့်၊ ထိတ်လန့် မှုမှာ စိတ်ကူး မယဉ် နိုင်ခဲ့ ပေ။
“ ပြီး ပြီလား။ ”
မိုလင်း၏ စကား များမှာ၊ လင်းယွန် အနေဖြင့်၊ ထူးဆန်း နေသည်ဟု ခံစား လိုက်ရသည်။
မိုလင်း၏ နေ့စဉ် သွန်သင် ခြင်းဖြင့်၊ သူ့စိတ် ဝိညာဉ်တွင်၊ မခံ မရပ် နိုင်အောင် နာကျင် ခဲ့ရ သည်အား၊ ပြန်လည် အမှတ်ရ သွားမိ၏။
“ နောက်ထပ် ဘာများ ရှိသေး လို့လဲ။ ”
မိုလင်းက ပြုံးကာ ပြန်မေးသည်။
“ ... ဖီးနစ် မီးလျှံ ပန်းချီကား အပြည့် အစုံ ရေးနည်းကို၊ မင်း မသင်ပေး ရသေး ဖူးလေ။ ”
“ မင်းရဲ့ စိတ်ဝိညာဉ် နန်းတော်ကို ဖွင့်ပြီး၊ မီးလျှံ ငှက်မွေး ရူရ်ကို သုံးနိုင်ရင်၊ ဒါက မင်း မေးခွန်းရဲ့ အဖြေ ပါပဲ၊ ဖီးနစ် မီးလျှံ ပန်းချီ ကားမှာ၊ မင်းကို ဒုက္ခ ပေးနိုင်တဲ့ အရာ၊ ဘာ တစ်ခုမှ မရှိတော့ ပါဘူး၊ ဒါပေမယ့် ... ”
“ ... တတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား တွေက၊ အရမ်း ဒုက္ခပေး လွန်းတယ်၊ ပုံမှန် အားဖြင့်၊ သူတို့ တွေကို တိုက်ပွဲမှာ အသုံး ပြုဖို့ ဆိုရင်၊ ပန်းချီကား တစ်ချပ် ကြိုတင် ရေးဆွဲ ရ လိမ့်မယ်”
မိုလင်းက ပြုံးကာ ရှင်းပြ လာသည် ကြောင့်၊ လင်းယွန် တစ်ယောက် ခေါင်းညိတ် မိသည်။
မီးလျှံ ငှက်မွေး မပါဘဲ၊ ပန်းချီ ကားကို ရေးဆွဲခြင်း သည်ပင်လျှင်၊ (၂) နာရီခန့် အချိန်ယူ ရပေမည်။
ထို့ကြောင့် ယင်းကို တိုက်ပွဲတွင် လက်တွေ့ ဖော်ဆောင်ရန် မဖြစ် နိုင်ပေ။
ဆိုလို သည်မှာ ၎င်းကို ကြိုတင် ပြင်ဆင် ထားပြီး မှသာလျှင်၊ တိုက်ပွဲ များ၌ အသုံးပြု နိုင်မည် ဖြစ်သည်။
“ မင်းမှာ ဝိညာဉ် ရေးရာ လက်နက် မရှိ ပုံပဲ၊ ဒါပေမယ့် မင်းရဲ့ ဓားသေတ္တာ ကတော့ ... ၊ ရှေးဟောင်း လျှို့ဝှက် ပစ္စည်း ဖြစ်ပုံ ရတယ်။ ”
( ဝိညာဉ် ရေးရာ ဆရာ သခင်များ အသုံး ပြုရန်၊ ဖန်တီး ထားသော လက်နက် များကို ရှေးဟောင်း လျှို့ဝှက် ပစ္စည်း များဟု ခေါ်ဆို သည်။
ရှေးဟောင်း လျှို့ဝှက် ပစ္စည်း = စကြာဝဠာ လက်နက်။ )
နောက်ကျောတွင် ပိုးလွယ် ထားသော ဓားသေတ္တာကို ကြည့်ပြီး၊ မိုလင်းက ပြောလိုက် သည်။ အမြင် စူးရှ လွန်းသော မိုလင်းကြောင့်၊ လင်းယွန်မှာ တုန်လှုပ် သွားရ၏။
သို့သော် မိုလင်း၏ အကြည့်သည် ဓားသေတ္တာ ပေါ်တွင်၊ အချိန် ဖြုန်းရန် ဆန္ဒရှိ မနေဘဲ၊ ဆက်လက်ပြီး၊
“ ဒါပေမယ့် အဲဒါက မဟုတ် ရင်တောင်၊ ငါ ဘာမှ မပေး နိုင်သေး ပါဘူး၊ နောက်တစ်ခါ တွေ့ရင်တော့၊ မင်း အတွက် လက်နက် တစ်ခု သန့်စင် ပေးဖို့၊ အခွင့် အရေးရှိ မရှိ ငါကြည့် ပေးမယ်။ ”
စကားဆုံး သည်နှင့်၊ ထွက်သွား တော့မည့် မိုလင်းကို ကြည့်ကာ၊ လင်းယွန်က မေးမြန်း လိုက်သည်။
“ မင်း လိုတဲ့ ...၊ အကူ အညီ အကြောင်း၊ မပြော ရသေး ဖူးနော်။ ”
“ အဲဒါကို စီနီယာ တန် ပြောပါ လိမ့်မယ်၊ အကယ်ဒမီက မင်းရဲ့ အကူ အညီ လိုပေမယ့်၊ မင်းရဲ့ ဆန္ဒအတိုင်း နှလုံးသားကို အခြေ ခံပြီး ဆုံးဖြတ် နိုင်ပါတယ်၊ ပြီးတော့ ဒါက အတည် မပြုရ သေးပါဘူး။ ”
မိုလင်းက လင်းယွန်အား အထက်အောက် အစုန် အဆန် ပြန်ကြည့်ကာ၊
“ မင်းကိုယ်မင်း သန့်စင် လိုက်ပါဦး၊ မင်း ကြည့်ရတာ အပျက် အစီး ပုံကြီး တစ်ခုလို ဖြစ်နေပြီ။"
-ဟု ဆိုလျက်၊ လှည့်ထွက် သွား တော့သည်။
( ငါ့နှလုံး သားကို အခြေ ခံပြီး၊ ဆုံးဖြတ် ရမှာ တဲ့လား။ )
ထွက်ခွာ သွားသော မိုလင်း နောက်ကျောကို ကြည့်ကာ၊ လင်းယွန်က ကူကယ်ရာ မဲ့စွာဖြင့် ပြန်လည် ရေရွတ် လိုက်ပြီး၊
“ ဒီလို ဆိုမှတော့ ...၊ ငါက ဘယ်လိုလုပ် ငြင်းနိုင် တော့မှာလဲ။ ”
-ဟု ညည်းတွား ခဲ့လေသည်။
သူ့ အနေဖြင့်၊ မည်သူ့ဖြင့် မဆို အကြွေးတင် ရခြင်း အပေါ်၊ မနှစ်သက် နိုင်ချေ။
ထို့ကြောင့် သူ့ လုပ်နိုင်စွမ်း အတွင်း ရှိနေ သရွေ့၊ ၎င်း အပေါ် ငြင်းဆန် မိမည် မဟုတ် သည်မှာ၊ သေချာ သည်။
အကယ်ဒမီ အနေဖြင့်၊ မည်သို့သော အရာမျိုး လိုအပ် မည်ကို၊ သိချင်စိတ် ပြင်းပြ လာသည်။
အထူး သဖြင့် မိုလင်း ကဲ့သို့ ပါရမီရှင် မျိုးအား ထုတ်သုံး ရသည် အထိပင်၊ ၎င်းကိစ္စမှာ များစွာ လေးနက် ရပေမည်။
မိုလင်း ထွက်ခွာ သွားပြီးနောက်၊ အခန်း အတွင်း၌ ဝိညာဉ် စွမ်းအင်များ စုရုန်းလျက်၊ အစီရင် အသက်ဝင် လာသည်။
အစီရင်ထဲ ထိုင်ချ လိုက်ကာ၊ ကျင့်ကြံရန် ပြင်ဆင် လိုက်သည်။ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ အိုင်းရစ် ပန်းက၊ ဝိညာဉ် စွမ်းအင် များကို အလော တကြီး စုပ်ယူ လာသည်။
ငါးရက် ကြာပြီး သည့်တိုင် ဝိညာဉ် အမှတ် အသားမှာ၊ ဖြစ်ပေါ် လာခြင်း မရှိ ခဲ့ချေ။ ထို့ကြောင့် ဝိညာဉ် အမှတ် အသားကို ဖန်တီးရန် နည်းလမ်း ရှာဖွေ မိသည်။
မြင့်မြတ်သော နန်းတော် အတွင်း၊ လှဲလျောင်း ငြိမ်သက် နေသော ဝိညာဉ် စွမ်းအင် အပိုင်း အစ များသာ ပြောင်းလဲမှု မရှိဘဲ၊ လှမ်းမြင် နေရသည်။
သို့သော် ရုတ်တရက် ဆိုသလိုပင်၊ ခရမ်းရောင် နန်းတော်ရှိ မူလ စွမ်းအင် များမှာ လှုပ်ခတ် သွားပြီး မြင်သာသော အရှိန်ဖြင့် လှိုင်းထ ပြန့်ကား လာ၏။
တစ်ချိန်တည်း မှာပင် သူ့ ခန္ဓာကိုယ် အနှံ့ နာကျင် ကိုက်ခဲ မှုများ ဖြစ်ပေါ် လာတော့သည်။
“ ဒါက ... ”
၎င်းမှာ အဆင့် ချိုးဖြတ် တော့မည့် လက္ခဏာ တစ်ရပ် ဖြစ်သောကြောင့်၊ ချက်ခြင်း ဝမ်းမြောက် သွားသည်။
ပန်းဘုရင်ကို သန့်စင်ပြီး သည့်တိုင်၊ အလယ် အလတ် ယင် အဆင့်တွင် ပိတ်မိ နေခဲ့သည်။
နောက်ဆုံးတွင်၊ ဆယ်စုနှစ် တစ်စုတွင် တစ်ကြိမ်သာ ပေါ်ထွန်း တက်သော ပန်းဘုရင်က၊ အစွမ်း ပြလာ ပေတော့မည်။
တည်ငြိမ်အောင် ထိန်းချုပ် လိုက်ပြီး၊ ဓားသုတ္တန်အား ဖြန့်ကျက်လျက် ခရမ်းရောင် ပန်းကို ပွင့်စေ လိုက်၏။
ချက်ချင်းပင် ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် များက၊ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ စွမ်းအင် ရေအိုင် အတွင်းသို့ တိုးဝင် ပေါင်းစည်း လာသည်။
၎င်းရေအိုင် ထက်တွင်၊ ငွားစွင့်စွာ ပွင့်လန်း နေသော ခရမ်းရောင် ပန်းက၊ ငွေရောင် ဓား စွမ်းအင်ကို ခါထုတ် လာသည်။
ထို့ကြောင့် အပြင်ဘက် ခန္ဓာကိုယ် တစ်ခုလုံး၊ ငွေရောင် အလင်း များဖြင့် ဖုံးလွှမ်း သွား တော့သည်။
ဒါန်တမ် အတွင်းရှိ ဓား အစီရင်ကို ဖွင့်ကာ၊ ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင်များ နှင့်အတူ၊ လက်ကျန် ပန်းဘုရင်၏ စွမ်းအင် များအား သန့်စင်ရန် လုပ်ဆောင် လိုက်သည်။
ရုတ်တရက် ငွေရောင် စွမ်းအင် လှိုင်း လုံးကြီး တစ်လုံးက၊ ပိတ်ဆို့ နေသော ခရမ်းရောင် နန်းတော် အတား အဆီး များကို၊ ဖြတ်တောက် ပစ်လိုက်သည်။
နောက်တ စက္ကန့်တွင် ခန္ဓာကိုယ် အတွင်း၊ ကြောက်ရွံ့ ထိတ်လန့် စေသော စွမ်းအားများ စတင် ဖြစ်တည် လာတော့၏။
ခရမ်းရောင် နန်းတော်မှာ (၅၀%)ခန့် ပိုမို ကြီးထွား လာသည်။ နောက်ဆုံးတွင် အထွတ် အထိပ် ယင် အဆင့်သို့၊ ရောက်ရှိ သွားပြီ ဖြစ်ရာ၊ ပြုံးလိုက် မိသည်။
ဆိုလို သည်မှာ နေသာ စီရင်စု မြို့တော်ရှိ၊ ပါရမီရှင် လေးပါး အဆင့်သို့၊ လှမ်းတက် လာနိုင်ပြီ ဖြစ်သည်။
ထို့နောက်တွင် တိမ်နဂါး အဆင့်ရှိ ပါရမီရှင် များကို ရိုက်နှက်ရန် နီးစပ် လာပေမည်။
၎င်းအဆင့် ဝင်သော ပါရမီရှင် အများ စုမှာ၊ အနိမ့်ဆုံး အထွတ် အထိပ် ယင် အဆင့်တွင် ကြလေသည်။
မျက်ဝန်းများ ပြန်ဖွင့် လိုက်သော အခါတွင်၊ ငွေရောင် ဓားနှစ်လက် ကဲ့သို့ တောက်ပသော အလင်းများ ပြေးထွက် သွားသည်။
သို့သော် မတ်တပ် ထရပ် တော့မည့် အချိန်၌၊ စိတ် ဝိညာဉ် အတွင်းရှိ၊ မြင့်မြတ်သော နန်းတော်မှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာသည်။
အဆုံးတွင် စိတ်ဝိညာဉ် အမှတ် အသား ထွက်ပေါ် လာပြီ ဖြစ် သောကြောင့်၊ ထခုန် မတက် ပေျာ်ရွှင် သွားမိသည်။
မြင့်မြတ်သော နန်းတော်ရှိ စိတ်ဝိညာဉ် အပိုင်း အစ များမှာ၊ လက်ချောင်း အရွယ် အစိုင် အခဲ တစ်ခု အဖြစ်၊ စတင် စုစည်း လာသည်။
ဤအမှတ် အသားမှာ၊ မီးလျှံ ငှက်မွေး ရူရ်နှင့် ဆင်တူ ပေ၏။ သို့သော် ရူရ် ကဲ့သို့ အနီရောင် တောက်ပခြင်း မရှိဘဲ၊ ခရမ်းရောင် ဖျော့ဖျော့ အဆင်းကို ထုတ်လွှတ် လာလေသည်။
မျက်လုံး ပြန်ဖွင့် ကြည့်လိုက်သော အခါ အခန်း အတွင်းရှိ၊ အရာရာ တိုင်းကို အသေးစိတ် ရှင်းရှင်း လင်းလင်း ခံစား နိုင်ခဲ့သည်။
“ ဒီ ယင်ကောင် ... ။ ”
ဖြည်းညင်းစွာ ပျံသန်း နေသော ယင်ကောင်ကို ကြည့်ကာ၊ မျက်လုံး ပြန်မှိတ် လိုက်မိသည်။
မြင့်မြတ်သော နန်းတော်ရှိ၊ ဝိညာဉ် အမှတ် အသားမှာ မှိန်ဖျော့ သွားပြီး၊ အရာ အားလုံး ပုံမှန် ပြန်ဖြစ် လာ ၏။
“ ဒါက စိတ် စွမ်းအင်ကို၊ အသုံးပြု လိုက် တာလား။ ”
သူ့ လက်ချောင်း များကို ပွတ်ကာ လှုပ်ခါ လိုက်သည် နှင့်၊ မီးလျှံ ငှက်မွေး ရူရ် တစ်လုံး ထွက်ပါ် လာသည်။
လက်တစ်ဖက် တည်းဖြင့်၊ လွယ်လင့် တကူ ထိန်းချုပ် နိုင်ခဲ့ လေသည်။ သူ့ခန္ဓာ အစိတ် အပိုင်း တစ်ခု ကဲ့သို့ ခံစား လာရ၏။
ဤအခိုက် အတန့်တွင်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးအား၊ မည်သည့် အတွက်ကြောင့် အခြေခံ အဆင့် မျှသာ သတ်မှတ် ကြသည်ကို၊ နားလည် လိုက်မိသည်။
နှုတ်ခမ်း ပေါ်တွင် အပြုံး တစ်ပွင့် တွဲခို လာကာ၊ လေထဲ၌ ပျံဝဲ နေသော မီးလျှံ ငှက်မွေးကို ပယ်ဖျက် ပစ်လိုက်သည်။
“ ကောင်လေး ... မင်း ပြီးရင် သွားရအောင်၊ စီနီယာ တန်က မင်းကို တွေ့ချင် နေတယ်။ ”
ရုတ်တရက် ခြံ အပြင်ဘက် ဆီမှ၊ အကြီး အကဲ ယုမူ၏ ဖော်ရွေသော ဖိတ်ခေါ်သံ ထွက်ပေါ် လာသည်။
ထိုအချိန်ကို အတော် ကြာအောင် စောင့်မျှော် နေခဲ့ ရပြီး၊ နောက်ဆုံး၌ အကြီး အကဲ ယုမူက၊ ဖိတ်ခေါ် လာခဲ့ လေပြီ။
သူ့ထံမှ အကယ် ဒမီ အနေဖြင့်၊ မည်သည့် အရာများ လိုအပ် မည်ကို၊ သိချင် လာပေသည်။ ထို့ကြောင့် မဆိုင်း မတွပင်၊ အခန်း တံခါးကို ဖွင့်ကာ၊ ထထွက် သွားလိုက် တော့သည်။
***