← Chapters

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဓားနတ်ဘုရား

Vol. 61 Ch. 812

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဓားနတ်ဘုရား

Vol. 61 Ch. 812

“အခေါင်းထဲက အမျိုးသမီးက ကျွယ်ဝူချိန် ဟုတ်နေတာပဲ”

ချင်မူ့ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူ၏အသိစိတ်အလျဉ်က ‌ကောင်းကင်နယ်စားမင်းကို မေးလိုက်သည်။ “ဒါဆို နောက်တစ်ယောက်က ကောင်းကင်နတ်ဧကရီလား”

သူ့အကြည့်သည် အ‌‌ခေါင်းထဲ၌ လဲနေသော အမျိုးသမီးနောက်တစ်ယောက်အ‌ပေါ် ကျရောက်သွား၏။ ထိုအမျိုးသမီးသည် သဘာဝအတိုင်း ဖြစ်တည်လာသည့်အလား ထင်ရပေသည်။ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုမှ မွေးဖွားလာသော နတ်ဘုရားမ,ပီပီ ကျွယ်ဝူချိန်လောက် မလှသော်လည်း ရှားပါးသော အလှပိုင်ရှင် ဖြစ်နေသေးသည်။

သူမတွင် တစ်လောကလုံး၏ မိခင်ပမာ ချစ်ခင်ကြင်နာတတ်မည့် ပုံပန်းသွင်ပြင် ရှိပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အဖိုးအထိုက်တန်ဆုံး နတ်သတ္ထုမှ ရက်လုပ်ထားသော ချည်မျှင်များဖြင့် ချုပ်ထားခြင်း ဖြစ်သည်။ ဦးခေါင်းတော်ထက်တွင် ဇာမဏီသရဖူကို ဆောင်းထားလျက် ရှိကာ မျက်ခုံးနှစ်ဖက်ကြား၌ ဟင်္သာပြဒါးအစက်တစ်စက် မြင်တွေ့ရသည်။ မျက်နှာချေ လိမ်းခြယ်ထားသော မျက်နှာတွင် နီစွေးနေသော နှုတ်ခမ်းဖူးဖူးတစ်စုံသည် အထင်းသား လှနေ၏။

သူမကိုယ်ပေါ်ရှိ ဒဏ်ရာများက အတော်လေး ပြင်းထန်ပါသော်လည်း ချင်မူ့အမြင်အရ သေလောက်သည်အထိတော့ မဟုတ်။ ကုသရန် နည်းလမ်း ရှိသေးသည်။ သို့သော် အတိတ်ခေတ်အခါတုန်းက ဆေးပညာ မတိုးတက်သေးသဖြင့် ဤအမျိုးသမီး၏ ဒဏ်ရာများက အသက်အန္တရာယ် ရှိခဲ့လိမ့်မည်။

ဆေးပညာတာအိုသည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအို မဟုတ်ပေ။ ကမ္ဘာလောက စတင်ပြီးနောက်မှ မွေးဖွားလာသော သက်ရှိသတ္တဝါတို့ တီထွင်ခဲ့သည့် မဟာတာအိုတစ်ခု ဖြစ်၏။ အတိတ်တုန်းက ဆေးပညာတာအိုမှာ အစပြုရုံသာ ရှိခဲ့သည့်အတွက် ယခုလိုဒဏ်ရာများကို ကုသရန် ဗဟုသုတမကြွယ်ဝခဲ့ကြပေ။

ထိုမျှသာမက ဖန်ဆင်းခြင်းမဟာတာအိုကလည်း သက်ရှိသတ္တဝါများ တီထွင်ခဲ့သော မဟာတာအိုတစ်ရပ် ဖြစ်သည်။ အတိတ်ခေတ်၏ ဖန်ဆင်းတာအိုက ကောင်းကင်နတ်ဧကရီ၏ ကံကြမ္မာကို ပြောင်းလဲပေးရန် မစွမ်းသာခဲ့ပေ။

“သူက ကောင်းကင်နတ်ဧကရီပဲ”

ကောင်းကင်နယ်စားမင်းက သူ၏တတိယမျက်လုံးမှတစ်ဆင့် အခေါင်းထဲရှိ အမျိုးသမီးနှစ်ယောက်ကို ကြည့်ရင်း သက်ပြင်းချသည်။ “ကောင်းကင်နတ်ဧကရီ တကယ် သေသွားပြီပေါ့လေ... ဒီအမျိုးသမီးက အင်မတန် မြင့်မြတ်စင်ကြယ်ပြီး ထူးခြားတယ်... သူလည်း အခုလို အလောင်းတစ်လောင်း ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.... ရှေးဟောင်းနတ်ဘုရားတွေထဲက ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကောင်းကင်ယင်နတ်ဘုရားမ အရင်ဆုံး သေခဲ့ရတယ် မှတ်တာ... သူက ပထမဆုံး ဖြစ်နေတာပဲ.... ဒါဆို ကောင်းကင်နတ်ဘုံမှာ ရှိနေတဲ့ ကောင်းကင်နတ်ဧကရီက ဘယ်သူများလဲ... မဟုတ်မှ....”

“ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်ဧကရီမှန်း ဘယ်လို သိလဲ”

ချင်မူ ကောက်ကာငင်ကာ မေးလိုက်သည်။ “ကောင်းကင်နယ်စားမင်း၊ ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမက ချွတ်စွပ်တူတယ်မဟုတ်လား... အခေါင်းထဲက အ‌လောင်းက သူ့ညီမ ဖြစ်ရင်ဖြစ်နေမှာပေါ့”

“အဲဒီအမျိုးသမီး မဟုတ်ဘူး... အမြွှာဆိုပေမယ့် မတူတာတွေ ရှိသေးတယ်”

ကောင်းကင်နယ်စားမင်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “အကြီးက ရေခဲလို ကြည်လင်ပြီး ကျောက်စိမ်းလို သန့်ရှင်းတယ်... ကြီးမြတ်တဲ့ အဟန့်အထည်၊ တည်ကြည်တဲ့ ဣန္ဒြေရှိတယ်.... အဲဒါကြောင့် သူက ကောင်းကင်နတ်ဧကရီ ဖြစ်လာတာ... အငယ်ကတော့ သွက်လက်ပြီး ကြမ်းတမ်းတယ်... အသိသာဆုံးကတော့ သူတို့မျက်ခုံးနှစ်ဖက်ကြားက အမှတ်ပဲ.... အကြီးမမှာ မိန်းမဆန်ပြီး စင်ကြယ်မွန်မြတ်တဲ့ အနီရောင်အမှတ် ရှိတယ်... အငယ်မရဲ့ အမှတ်ကတော့ အင်မတန် မိစ္ဆာဆန်တဲ့ အနက်ရောင်အမှတ်ပဲ”

ချင်မူ ကောင်းကင်နတ်ဧကရီ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဟင်္သာပြဒါးဆီသို့ သေချာကြည့်လိုက်သည့်အခါ ပြဒါးခဲသာ ဖွဲ့တည်နေခြင်းမဟုတ်ကြောင်း သတိထားမိလိုက်သည်။ အသေးစိတ်ကြည့်မှ အတွင်းထဲ၌ ပုန်းအောင်းနေသော သွေးကြောများကို မြင်တွေ့ရပြီး အတိုင်းထက်အလွန် နက်နဲဆန်းကြယ်မည့်ပုံရ၏။

ကောင်းကင်နယ်စားမင်းက သက်ပြင်းချ၏။ “ညီအစ်မနှစ်ယောက်စလုံး ကောင်းကင်နတ်ဧကရာဇ် ပြိုင်လုခဲ့ကြတာ တန်ရဲ့လားကွာ... ဒါပေမဲ့ ကျွယ်ဝူချိန်ကလည်း ဘယ်နှယ့်ပြုလို့ သေနေတာတုန်း... ဒီအမျိုးသမီးက ကောင်းကင်နတ်ဧကရာဇ် လူဝင်စားအောင် သွေးဆောင်ပြီး လုပ်ကြံခဲ့တာလေ... သူက တယ်ရက်စက်တဲ့ အမျိုးသမီး... သူ့နည်းလမ်းတွေကလည်း သူများနဲ့ မတူဘူး... သူ့အလောင်းက ဘာလို့ ဒီရောက်နေတာလဲ... ဘယ်သူ သူ့ကို သတ်ပြီး ဒီမှာ ထား,ထားတာလဲ”

ချင်မူမှာ သူ့မေးခွန်းများကြောင့် တိတ်ဆိတ်သွားသည်။ သူ မေးချင်နေသော မေးခွန်းများကို ကောင်းကင်နယ်စားမင်းကိုယ်တိုင်က ပြန်လည်မေးခွန်းထုတ်နေချေသည်။

“မျက်လုံးကို မဖုံးနဲ့ မဖုံးနဲ့”

ကောင်းကင်နယ်စားမင်းက ချင်မူ မိုးမခသစ်ရွက်ကို မြှောက်နေကြောင်း မြင်လိုက်လျှင် ကပျာကယာ ပြောတော့သည်။ “ဒါကြီးက စိတ်ဝင်စားစရာကောင်းတယ်ကွ... ငါတို့လည်း ကြည့်ချင်တယ်”

ချင်မူလည်း မိုးမခသစ်ရွက်ကို သိမ်းလိုက်ရသည်။ ထိုစဉ် ချိဧကရာဇ်၏ အသံ ထွက်လာသည်။ “ဒါက ကျွယ်ဝူချိန်ဆိုတာလား... လှလိုက်တာကွာ... ငါသာ အသက်ရှင်နေလို့ကတော့...”

“အသေဆိုးနဲ့ သေသွားလိမ့်မယ်”

ချိဧကရာဇ် စကားဆုံးအောင် မပြောနိုင်ခင် မြေအောက်ဘုံအရှင်သခင်၏ အသံက ထွက်လာသည်။ “ကောင်းကင်နယ်စားမင်းနဲ့ ကောင်းကင်နတ်ဧကရာဇ်တောင် သူ့အလှမှာ မကြွေသွားဘဲ မနေဘူး... ကောင်းကင်နတ်ဧကရာဇ် လက်ဦးသွားလို့ မဟုတ်ရင် ကောင်းကင်နယ်စားမင်း သေချာပေါက် လူပြန်ဝင်စားပြီး ဒီအမျိုးသမီးနဲ့ အီစီကလီ လုပ်နေမှာ... သေသွားတဲ့ လူက ကောင်းကင်နတ်ဧကရာဇ်မဟုတ်ဘဲ ကောင်းကင်နယ်စားမင်း ဖြစ်သွားမှာ ဗေဒင်ဟောစရာတောင် မလိုဘူး... ဗုဒ္ဓအိုကြီး၊ ဗုဒ္ဓရော ရင်မခုန်မိဘူးလား”

ဗြဟ္မဗုဒ္ဓက မိန့်တော်မူသည်။ “ဘယ်လောက်လှလှ သေရင် အရိုးစု ဖြစ်ရတာပါပဲ... ငါ့အတွက်တော့ အပုပ်ကောင်ကို ရုပ်ဆောင်နေတဲ့ အရိုးစုထက် မပိုဘူး”

“ဒါပေမဲ့ နတ်ဘုရားတွေက အသက်ကြီးပြီး သေမှာမဟုတ်ဘူးလေ... ဒီတော့ အရိုးစု ဘယ်ဖြစ်တော့မလဲ”

ကောင်းကင်နယ်စားမင်းက ဝင်ထောက်၏။ “ဗုဒ္ဓအိုကြီး၊ မင်းရဲ့ ဓမ္မမှာ ဟာကွက်တွေ ရှိနေသေးတယ်... ထိုးနှက်ခံရမှာ ဂရုစိုက်... မဟာနေဧကရာဇ်၊ ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး ဘာတွေသိထားသေးလဲ”

မဟာနေဧကရာဇ်မှာ ညည်းတွားနေသည်။ “ကျုပ်က ဘာသိနိုင်မှာတုန်းဗျာ... ကျုပ် သိသမျှလည်း ခင်ဗျားတို့ ညှစ်ထုတ်လို့ ကုန်ပြီလေ... ပြီး‌တော့ ကျွယ်ဝူချိန်က ကျွန်တော်သေပြီးမှ သေခဲ့တာ...”

....

“တကယ်ကို လှရက်လွန်းတယ်... ဒီလိုအလှပိုင်ရှင်တစ်ယောက်နဲ့ တစ်ခန်းတည်းသာ အတူနေလိုက်ရင်... ထူးဆန်းတယ်၊ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ မရှိပါလား” ချိမင်နတ်ဘုရားသားတော်က တစ်စုံတစ်ခုကို သတိထားမိလိုက်၍ ရုတ်တရက် ထပြောသည်။

အားလုံး အလျင်အမြန် အသေးစိတ်ကြည့်လိုက်သည့်အခါ အခေါင်းထဲရှိ ကျွယ်ဝူချိန်တွင် ဒဏ်ရာတစ်ချက်မှ မရှိပေ။ သူမသည် တိတ်ဆိတ်ငြိမ်သက်စွာ လဲနေ၍ အိပ်မောကျနေသယောင် ထင်ရ၏။ နူးညံ့ဖြူဖွေးနေသော ပါးလေးနှစ်ဖက်က သွေးရောင်သမ်းနေသော်လည်း အသက်မရှူပေ။

“တစ်ယောက်ယောက်က ယိုတုအစီအရင်နဲ့ သူ့ဝိညာဉ်ကို အတင်းအကြပ် ဆွဲထုတ်လိုက်တာများလား”

အားလုံး ခေါင်းတလားအရှေ့မှ မခွာနိုင် ဖြစ်နေကြသည်။ သူတို့၏ပန်းတိုင်မှာ ကောင်းကင်နတ်ဧကရီ အတုနှင့်အစစ် ခွဲရန် ဖြစ်သည်ကို မေ့ကုန်ကြချေပြီ။

ဖုန့်ချိုးယွင်က ရုတ်တရက် သရော်တော်တော် ပြောလိုက်၏။ “ယောက်ျားတွေ တစ်ယောက်မှ မကောင်းဘူး... ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ ခေါ်နေသေးတယ် အံ့ဩဘ... အလောင်းကြီး ဖြစ်နေတာတောင် ရှင်တို့ ယောက်ျားတွေက တဏှာကြီးနေသေးတယ် ... ဟာသပဲ”

ချင်မူ တက်ကြွလက်ကြွ ဝင်ပြောလိုက်သည်။ “မမကြီးချိုးယွင်၊ ကျွန်တော် အဲ့အထဲမပါဘူးနော်... ရွာလူကြီးလည်း မပါဘူး... ဟုတ်တယ်မလား ရွာလူကြီး”

ရွာလူကြီး အနည်းငယ် ရှက်သွားပြီး တဟဲဟဲ ရယ်လိုက်၏။ “အဘွားစစ်ရဲ့ အလှကို မြင်သားကျနေတော့ စိတ်ထိန်းနိုင်တာပေါ့ဗျာ”

ဖုန့်ချိုးယွင်က နှာခေါင်းရှုံ့၍ မင်းသားချိုးမင်ဆီသို့ လှမ်းကြည့်သည်။ “အထက်ဘုံက တောမင်းသား၊ ငါတို့ ဒီကို ရောက်လာတာက ကောင်းကင်နတ်ဧကရီရဲ့ အခေါင်း ဟုတ်လား၊ သူက အစစ်လား ကြည့်ဖို့... အခု နင်ကြည့်ပြီးပြီ အဖြေရပြီလား”

မင်းသားချိုးမင်သည် အကြည့်လွှဲကာ အလေးအနက် ပြောလိုက်၏။ “အခေါင်းထဲက တစ်ယောက်က ကောင်းကင်နတ်ဧကရီ မှန်တယ်”

အားလုံး အံ့အားသင့်သွားကြပြီး လော့ဝူရွှမ်လည်း ပါဝင်သည်။

ဖုန့်ချိုးယွင်က ပြောသည်။ “ဒါဆို ကောင်းကင်နတ်ဘုံထဲက ကောင်းကင်နတ်ဧကရီက ဘယ်သူလဲ”

မင်းသားချိုးမင် ခေါင်းယမ်းလိုက်မိ၏။ “မပြောတတ်ဘူး... သိလည်း မသိချင်တော့ဘူး... များများသိလေ၊ မြန်မြန် သေရလေလေပဲ... ကျုပ် မသေချင်သေးဘူး... ဒီတစ္ဆေသင်္ဘောပေါ်ကနေပဲ ထွက်သွားချင်တယ်.... အားလုံးလည်း အခု ထွက်သွားလို့ရပြီ”

ယောက်ျားအားလုံး၏ မျက်လုံးများက အခေါင်းထဲရှိ ကျွယ်ဝူချိန်ကိုသာ ကြည့်နေကြသည်။ မည်သူမှ မလှုပ်ကြပေ။ သူတို့အတွက် တစ္ဆေသင်္ဘောသည် အရေးမကြီးတော့၊ ဤအမျိုးသမီးနှင့် အခေါင်းထဲ၌ အတူတူနေလိုစိတ်သာ ရှိကြတော့၏။

ရွာလူကြီး သက်ပြင်းချ၍ အကြည့်လွှဲလိုက်သည်။ သူက ချင်မူ့လက်ကို ဆွဲလျက် တဖြည်းဖြည်း နောက်ဆုတ်သွား၏။ “ငါတို့ ဒီတစ္ဆေသင်္ဘောကို စိတ်မဝင်စားဘူး... အခေါင်းထဲက အမျိုးသမီးကိုလည်း စိတ်မဝင်စားဘူး... ငါတို့ အရင်ပြန်မယ်”

သူက နဂါးထိန်းဧကရာဇ်ကို ဆောင့်ကန်လိုက်သည်။ နဂါးထိန်းဧကရာဇ်လည်း ကုန်းရုန်းထကာ သူတို့နှင့်အတူ လိုက်လာသည်။

ဤအချိန်တွင် တစ်နေရာမှ အလင်းရောင်များ တောက်ပလာသည်။ အားလုံး အဖြူရောင်အလင်းကိုမှအပ မည်သည်ကိုမှ မမြင်ရတော့ပေ။ ချင်မူနှင့် ရွာလူကြီး ရင်ထဲ လေးလံသွားကြသည်။ “ဒီတစ္ဆေသင်္ဘောက အချိန်နဲ့နေရာကို အစက ပြန်စတော့မယ်”

ခန်းမထဲမှ နဂါးတွန်သံများ တုန်ခါလာပြီး ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ ဖြာထွက်လာသည်။ ဓားမရောင်များ၊ ဓားရိပ်များနှင့် ဧကရာဇ်၏အရှိန်အဝါလှိုင်းများလည်း ထွက်ပေါ်လာ၏။ ခန်းမသည် အလွန်ကြီးမားသော်လည်း ဤမျှများပြားသော အဆင့်မြင့်သိုင်းပညာရှင်များဆီမှ ကောင်းကင်နတ်သိုင်း ရိုက်ခတ်မှုများကို ‌တောင့်မခံနိုင်တော့ပေ။ ထို့အပြင် ဧကရာဇ်အလောင်းတစ်လောင်းအပြင် ဧကရာဇ်ပလ္လင်အဆင့် နတ်လက်နက်များလည်း ရှိနေသည် မဟုတ်ပါ၏လော။

“ဒီနေရာက မြန်မြန်ထွက်သွားရအောင်... ပြန်စတော့မယ်” မီးအိမ်ထဲရှိ ငလက်မလေးက ရေးကြီးသုတ်ပျာ အော်သည်။

ရွာလူကြီးက ဓားဆွဲထုတ်လိုက်ပြီး ‌ဓားရောင် ဖျတ်ခနဲ လက်သွားသည်။ ဓားကွက်များတွင် ချင်မူ့ဓားကွက်များသည် ပိုမိုဆန်းသစ်သော်လည်း ဓားတာအို၌ ရွာလူကြီးကား ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ နံပါတ်တစ် ဖြစ်နေသေး၏။ ထာဝရငြိမ်းချမ်းရေး အင်ပါယာဧကရာဇ်အတိုင်ပင်ခံပင် များစွာ နိမ့်ကျသည်။

ကောင်းကင်တံတားအဆင့်တွင် ရွာလူကြီးသည် ဓားပန်းချီ၏ ဓားကွက်ကိုးကွက်ကို တီထွင်ခဲ့ပြီးပြီ ဖြစ်၏။ ဓားတာအို၏ ဓားသိုင်းကွက်တစ်ကွက်သည် ကောင်းကင်ဘုံတစ်ဘုံနှင့် ညီမျှသည့်အတွက် ထိုအဆင့်မှာကတည်းက သူကား ဓားတာအို၏ ကောင်းကင်ဘုံအဆင့်ကိုးဆင့် မဟာဓားသမားတစ်ယောက် ဖြစ်ချေပြီ။

တာအိုအဆင့်သို့ ဝင်ရောက်ခြင်းသည် မည်သည့်နည်းလမ်းသုံးစေကာမူ အလွန်ခက်၏။ သို့သော် နောက်တစ်လှမ်း ဆက်လျှောက်လှမ်းရန်ကား ပို၍ပင် ခက်သေးသည်။ ကောင်းကင်ဆရာသခင် ကျစ်ရှီကဲ့သို့သော ဆရာသခင်တစ်ယောက်ပင် ဓားတာအို၌ ကောင်းကင်ဘုံဆယ့်သုံးဆင့်သို့သာ ရောက်ရှိခဲ့လေသည်။

သို့သော် ကောင်းကင်ဆရာသခင် ကျစ်ရှီက နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်၍ ကောင်းကင်ဘုံဆယ့်သုံးဆင့် ဓားတာအိုမှာ သူမ၏ နောက်ဆုံးအကန့်အသတ် ဖြစ်ချေသည်။ ယင်းက နတ်ကောင်းကင်ခန်းမအဆင့်တွင် သူမ ဖွင့်လှစ်နိုင်ခဲ့သော ဓားတာအိုဖြစ်၏။

ရွာလူကြီးကတော့ မတူ။ သူသည် ကောင်းကင်တံတားအဆင့်တွင် ပိတ်မိနေခဲ့ပြီး ကောင်းကင်တံတားအဆင့်ကို ကျော်လွှားနိုင်မည့် ကျင့်စဉ် ရှာမတွေ့ခဲ့၍ နတ်ဘုရားအဆင့်သို့ မရောက်သေးစဉ်အခါက သူ၏အထုံပါရမီကိုသာ အားကိုးပြီး ဓားပန်းချီ၏ ဓားကွက်ကိုးကွက်ကို ကြိုးစားပမ်းစား ဖန်တီးတီထွင်ခဲ့၏။

ဓားပန်းချီ၏ ဓားကွက်ကိုးကွက်က အစစ်အမှန်နတ်ဘုရားအဆင့်နှင့် ညီမျှသည်။ ဆိုလိုသည်က ကောင်းကင်တံတားအဆင့်တွင် သူ တီထွင်တွေးထုတ်ခဲ့သော ဓားတာအိုသည် အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်နေချေပြီ။

နောက်ပိုင်းတွင် ချင်မူက ကောင်းကင်တံတားအား ပြုပြင်ပေးနိုင်မည့် ချီချယ့်တံတားကဲ့သို့ တံတားကျင့်စဉ်များကို ဖြန့်ဝေပေးခဲ့သည်။ သေခြင်းရှင်ခြင်းကြားရတနာဖြင့် ဖုန်းတုနှင့် ဆက်သွယ်ပေးခဲ့ပြီး စွမ်းအင်အကူးအပြောင်းတံတားဖြင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ဆက်သွယ်ခဲ့၏။ ထိုအခါ နတ်ဘုရားကျင့်စဉ်များ၊ မိစ္ဆာနတ်ဘုရားကျင့်စဉ်များ ပေါ်ထွက်တိုးပွားလာခဲ့သည်။ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များပင် ပျံ့နှံ့လာခဲ့သောကြောင့် ရွာလူကြီး အမြင်ကျယ်လာခဲ့သည်။

ချင်မူ ခရီးလျှောက်သွားနေသည့်ကာလများအတွင်း ရွာလူကြီးသည်လည်း အလကားမနေခဲ့ပေ။ သူက ကျောက်စိမ်းလင်းရောင်နန်းဆောင်ထဲရှိ ဓားတာအိုကျင့်စဉ်များကို အလွတ်ကျက်မှတ်ခဲ့ပြီး သူ၏တာအိုသည် အံ့အားသင့်ဖွယ်ရာအဆင့်သို့ တက်လှမ်းခဲ့၏။

ရွာလူကြီးက ဓားတစ်လက်ကို လက်တစ်ဖက်တွင် ဆွဲကိုင်လျက် ကောင်းကင်နတ်သိုင်းမျိုးစုံကို ဖြိုခွင်းကာ ချင်မူနှင့် နဂါးထိန်းဧကရာဇ်ကို ခေါ်ထုတ်ပေးသွားသည်။

အလင်းရောင်က အရှေ့တွင် တောက်ပနေသောကြောင့် သူ မည်သည်ကိုမျှ မမြင်ရပေ။ အာရုံခံစားမှုကိုသာ အားကိုး၍ ရှေ့ဆက်လျှောက်နေရခြင်း ဖြစ်သည်။ ရုတ်တရက် သူ့ဓားက ကောင်းကင်ဓားမတစ်လက်နှင့် ထိတိုက်သွားရင်း ချွင်ခနဲ ကျယ်လောင်စွာ မြည်သွားသည်။

ထိုကောင်းကင်ဓားမသည် ပြဒါးရည်သဖွယ် သွက်လက်စွာ လှုပ်ရှားနေပြီး မထိုးဖောက်နိုင်သော အရာဟူ၍ မရှိပေ။ ရွာလူကြီးက ဓားသိုင်းထုတ်လွှတ်၍ ကောင်းကင်ဓားမကို ခုခံကာ အလေးအနက် ပြောလိုက်၏။ “ကောင်းကင်ဓားမလော့”

“ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ ဓားနတ်ဘုရား”

ကောင်းကင်ဓားမက လျင်မြန်သွက်လက်စွာ ရွေ့လျားနေ၏။ ဓားမတာအိုက ဓားတာအိုနှင့် ပြင်းပြင်းထန်ထန် ထိခတ်နေပြီး ရွာလူကြီးမှာ ဓားကို ဝင့်ယမ်းလျက် ခုခံကာဆီးရင်း အံ့အားသင့်နေသည်။ ဓားမဆီမှ စွမ်းအားက သိပ်မပြင်းထန်ပေ။ သူ၏မှော်စွမ်းအင်နှင့် များစွာခြားနားနေခြင်းမရှိ။

‘ကောင်းကင်ဓားမလော့က သိုင်းအဆင့်ကို ပိတ်ပြီး ငါ့ကို တိုက်ခိုက်နေတာလား... သူ ငါ့ဓားတာအိုကို မြင်ချင်နေတာပဲ’

ရုတ်တရက် ဓားမရောင်က နောက်ဆုတ်သွားပြီး‌ လော့ဝူရွှမ် အဝေးသို့ ထွက်သွားသည်။ အလင်းရောင်ထဲတွင် နတ်နဂါးတစ်ကောင်က ဓားမရောင်နှင့် ဓားရိပ်ကို ဖြတ်ကျော်၍ ချင်မူနှင့် ရွာလူကြီးကို လေပေါ် ရိုက်ထုတ်လိုက်သည်။ ထိုနဂါးသည် နဂါးအရှင်စီရင်စုမှ နတ်နဂါးတစ်ကောင်လား၊ ရှေးဟောင်းနဂါးမင်းလား မသိရပေ။

ခန်းမအပြင်သို့ ထွက်လာသူများ တစတစ များလာသည်။ ထိုစဉ် ခန်းမတစ်ခုလုံး အုန်းခနဲ ပြိုကျသွားကာ အလင်းရောင်ထဲမှ မီးတောက်မီးလျှံများ ဖြာထွက်လာသည်။ ဖုန့်ချိုးယွင်ကား ဧကရာဇ်၏ အခေါင်းကို ဖွင့်လိုက်ချေပြီ။ ဧကရာဇ်အ‌လောင်းက ခုန်ထွက်လာပြီး ဒေါသတကြီး အော်ဟစ်ရင်း ခန်းမတစ်ခုလုံးအား ဖျက်စီးနေ၏။

“ဖုန့်ချိုးယွင်၊ မင်း ရူးနေတာပဲ” ချိမင်နတ်ဘုရားသားတော်က အလင်းတန်းအသွင်ဖြင့် ချင်မူတို့ဘေးမှ ဖြတ်သွားသည်။

ဤအချိန်တွင် အလင်းရောင်သည် တစတစ မှေးမှိန်သွားသဖြင့် သူတို့မြင်ကွင်းများ ပြန်လည်ရှင်းလင်းလာတော့သည်။

ရွာလူကြီးက ချင်မူနှင့် နဂါးထိန်းဧကရာဇ်ကို ကာကွယ်လျက် ဓားရောင်များ ဖြန့်ကျက်ကာ ကောင်းကင်နတ်သိုင်းမျိုးစုံကို ခုတ်ဖြတ်နေသည်။ ထို့နောက် မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်ပြီး တစ်ချက်ညည်းလိုက်၏။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

ချင်မူ ပျာပျာသလဲ မေးလိုက်သည်။ “ဘိုးဘိုးရွာလူကြီး၊ ထိခိုက်သွားတာလား”

“ရတယ် ရတယ် ဘာမှမဖြစ်ဘူး”

ရွာလူကြီးက တိုးညှင်းစွာ ပြောသည်။ “နတ်နဂါးက ငါ့ဘေးကနေ ပွတ်ရုံပဲ ပွတ်ဖြတ်သွားတာဆို‌တော့ ငါ မသေနိုင်သေးပါဘူး... လော့ဝူရွှမ်ရဲ့ ဓားမသိုင်းက သိပ်အားကောင်းပြင်းထန်တယ်... သူ့ဓားမတာအိုက ကောင်းကင်ဘုံဆယ့်သုံးအဆင့်အထိ ရောက်နေပြီ... ဒါပေမဲ့ ငါက တာအိုအဆင့် ရောက်ထားတာ မကြာသေးတော့ ငါ့ဓားတာအိုလည်း မနိမ့်ကျဘူး”

ချင်မူ ကပျာကယာ ဖန်ဆင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်၍ သူ့ဒဏ်ရာများကို ကုပေးလိုက်သည်။

နဂါးထိန်းဧကရာဇ်မှာ ကြောင်တောင်တောင်ဖြင့် ပြောနေသည်။ “သခင်ကြီး၊ စောစောက ခန်းမ ပျက်စီးသွားတာမဟုတ်လား”

ချင်မူလည်း မှင်သက်သွားပြီး နောက်လှည့်ကြည့်လိုက်၏။ ခန်းမက ယခင်အတိုင်းသာ ရပ်တည်နေပြီး ပြိုမကျသွားခဲ့ပေ။ ထိခိုက်ပျက်စီးနေခြင်းလည်း မရှိ။

နဂါးရှစ်ကောင်က ခန်းမထဲတွင် ရစ်ခွေလျက် ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားကို စောင့်ရှောက်နေဆဲ ဖြစ်သည်။

အခေါင်း၏ဘေးတွင် အခေါင်းနောက်တစ်လုံး ရှိနေသည်။ ယင်းကား ဖုန့်ချိုးယွင် သယ်လာခဲ့သော ဧကရာဇ်၏ ကျောက်ခေါင်းတလား ဖြစ်၏။ ကျောက်ခေါင်းတလားသည် မြေကြီးထဲသို့ တစ်ဝက်နစ်မြုပ်နေပြီး ကျန်တစ်ဝက်က ပေါ်နေသည်။ ဧကရာဇ်အလောင်းက မြေပြင်နှင့် ကျောက်ခေါင်းတလားဖြင့် တစ်သားတည်း ပေါင်းစည်းနေပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အခေါင်း၏အဖုံးထက်၌ ဖုတ်ကောင်၏ အစိမ်းရောင်မျက်နှာ ကပ်နေသည်။ သူ၏မီးခိုးရောင်မျက်လုံးများက လည်နေသည်။

ရှေးဟောင်းနဂါးမင်း ခေါ်လာခဲ့သည့် နတ်ဘုရားတစ်ပိုင်းများအနက် တစ်ဝက်ကျော်သည် နံရံ၌ ကပ်နေကြသည်။ တချို့က တိုင်လုံးများအတွင်း မြုပ်နေကြပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ထွက်နေကြသည်။ တချို့ကမူ မြေကြီးထဲ၌ နစ်နေကြပြီး မျက်နှာများသည်သာ မြေကြီးအပေါ်တွင် ကပ်နေသကဲ့သို့ ပေါ်နေသည်။

အားလုံး အသက်ရှိကြသေး၏။

သို့သော် စောစောက အလင်းရောင် တောက်ပလာသည့်အချိန်တွင် သူတို့အားလုံး၏ ခန္ဓာကိုယ်များ ပြန်တည်ဆောက်ခံခဲ့ရသည့်အလား ဖြစ်သွားသည်။ ပြန်လည်တည်ဆောက်မှု မှားယွင်းသွား၍ ဤခန်းမနှင့် တစ်သားတည်း ပေါင်းစည်းသွားကြဟန် တူ၏။

All Chapters