← Chapters

အသက်ကြီးပြီး အတွေ့အကြုံများတယ်

Vol. 61 Ch. 813

အသက်ကြီးပြီး အတွေ့အကြုံများတယ်

Vol. 61 Ch. 813

“ဒီသင်္ဘောကြီးက ထူးဆန်းတယ်”

ချင်မူ၊ နဂါးထိန်းဧကရာဇ်နှင့် ရွာလူကြီးတို့ ကြက်သီးတဖြန်းဖြန်း ထနေကြသည်။ အခြေအနေမျိုးအား ကြားပင် မကြားခဲ့ဖူးပေ။ သက်ရှိသတ္တဝါများ ခန်းမနှင့် တစ်သားတည်း ပေါင်းစည်းနေပြီး အသက်ရှင်နေသေးသည်ဟု ပြောလိုက်လျှင် တမင်လန့်အောင် ခြောက်နေသလို ထင်ရလိမ့်မည်။ သို့သော် သူတို့၏မျက်စိအရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေလေသည်။

သတ္တဝါနှစ်ယောက် တစ်သားတည်း ပေါင်းစည်းသွားခြင်းက ဖြစ်နိုင်သေးသော်လည်း သူတို့အရှေ့ရှိ မြင်ကွင်းမှာ သက်ရှိများသည် သက်မဲ့များနှင့်အတူ ရှင်သန်နေခြင်း ဖြစ်၏။

ကြောက်စရာအကောင်းဆုံးက သန်မာအားကောင်းသော ဧကရာဇ်၏အလောင်းပင် ထွက်မပြေးနိုင်ခဲ့ပေ။ အလောင်းသည်လည်း ခန်းမ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရွာလူကြီးက ခန်းမဆီသို့ လျှောက်လိုက်ပြီး ခပ်တိုးတိုး ပြောသည်။ “သွားကြည့်ရအောင်... မူအာ၊ ဂရုစိုက်... အန္တရာယ်တစ်ခုခု ဖြစ်လာရင် မင့်ရဲ့နေရာရွှေ့ပြောင်း‌ကောင်းကင်နတ်သိုင်းကို ချက်ချင်း အသက်သွင်း... ငါတို့ကို ထည့်တွက်မနေနဲ့.... မင်းပဲ လွတ်အောင် ပြေး”

ချင်မူက ခေါင်းခါသည်။ “ကျွန်တော့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက မြန်ပါတယ်... ဘိုးဘိုးတို့ကိုပါ ခေါ်သွားနိုင်တယ်... အတူတူပဲ ထွက်သွားမယ်”

ရွာလူကြီး ခေါင်းယမ်းမိသည်။ ချင်မူ့ကို နားချမရမှန်း သူ သိလေသည်။

“ဖုန့်ချိုးယွင် လွတ်သွားတယ်”

ချင်မူ ပတ်ဝန်းကျင်ဆီသို့ လှည့်ပတ်ကြည့်လိုက်သော်လည်း ဖုန့်ချိုးယွင်ကို ရှာမတွေ့ပေ။

ရွာလူကြီးက ပင်မခန်းမအတွင်းရှိ နံရံဆေးရေးပန်းချီကို စိုက်ကြည့်ပြီး ခေါင်းခါလိုက်သည်။ “လွတ်မသွားဘူး... ဒီကို လာကြည့်”

ချင်မူ ပန်းချီကို ကြည့်လိုက်သည့်အခါ ပန်းချီအပေါ်တွင် ယွီလင်နန်းစောင့်တပ်ဖွဲ့ ပုန်ကန်မှုနှိမ်နင်းနေသော မြင်ကွင်း ရှိနေသည်။ နတ်ဘုရားများက တိုက်ခိုက်နေပြီး အခြေအနေမှာ ပြင်းထန်နေ၏။ ယွီလင်နန်းစောင့်တပ်ဖွဲ့မှ စစ်သည်တော်တိုင်းက ရဲရင့်ပြီး အတွေ့အကြုံရှိကြသည်။

ပန်းချီတာအိုသည် နဂါးဟန်ကောင်းကင်နတ်ဘုံတွင် အစပြုခဲ့ရုံသာ ရှိသေးသောကြောင့် ပန်းချီစုတ်ချက်များက သိပ်အနုမစိတ်ပေ။ ခိုင်ဧကရာဇ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းချီတာအိုနှင့် မယှဉ်နိုင်။

ယွီလင်နန်းစောင့်တပ်ဖွဲ့မှာ မျက်နှာပြင်ထက်တွင် အပြားလိုက်သာ ရေးခြယ်ခံထားရခြင်း ဖြစ်သည်။ နားကန်းသာဆိုလျှင် ပန်းချီကမ္ဘာတစ်ခု ဖွဲ့တည်ပေးနိုင်၏။

ပန်းချီတာအိုကလည်း ကမ္ဘာလောက စတင်ပြီးမှ ပေါ်ထွက်လာသော မဟာတာအိုတစ်ခု ဖြစ်သည်။

ကောင်းကင်တန်ခိုးရှင်ဂိုဏ်းတွင် သုံးရာခြောက်ဆယ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သုံးရာခြောက်ဆယ်သော စံအိမ်များ ရှိသည်။ ချင်မူ ဂိုဏ်းသခင်ဖြစ်လာပြီးနောက် ကျောင်းစံအိမ်ကို တည်ထောင်ခဲ့၏။ ဆိုလိုသည်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအများစုကို ကမ္ဘာလောက၏ မူလအစနောက်မှ မဟာတာအိုများအဖြစ် သတ်မှတ်၍ရလေသည်။ ကမ္ဘာလောကမစတင်ခင်က တည်ရှိခဲ့သော မဟာတာအိုများမဟုတ်ဘဲ စတင်ပြီးနောက်မှ သက်ရှိလူသားများ တီထွင်ဖန်တီးခဲ့သည့် မဟာတာအိုများ ဖြစ်ကြသည်။

သို့တိုင်အောင် ချင်မူ့အမြင်အရ အကြမ်းထည်သာ ရှိသော ဤပန်းချီထဲတွင် အလွန်အသက်ဝင်နေသာ ဇာမဏီမီးငှက်တစ်ကောင်၏ ရုပ်ပုံအား မြင်တွေ့ရ၏။ တောင်ပံခတ်လျက် အနေအထားဖြင့် ဇာမဏီမီးငှက်၏ ရုပ်ပုံက ယွီလင်နန်းစောင့်တပ်သားများ၏ ပြားပြားချပ်ချပ် ရုပ်ပုံများနှင့် ယှဉ်လျှင် အလွန်ထင်းနေသည်။

ယင်းကား ဖုန့်ချိုးယွင်ပင်။ စောစောက ထွက်ပြေးနေသည့်အချိန် ကောင်းကင်နတ်သိုင်းတစ်ခု လာရောက်ထိမှန်၍ သူမမှာ ခန်းမ၏ နံရံဆီသို့ လွင့်သွားခဲ့သည်။ အချိန်နှင့်နေရာ အစပြန်ရောက်သည့်အခါ သူမလည်း ပန်းချီကားထဲ ပိတ်မိသွားခြင်း ဖြစ်လေသည်။

“အမိကမ္ဘာမြေ ကမ္ဘာဦးဓားက ဘယ်မှာပါလိမ့်”

ချင်မူ မျက်တောင်ပုတ်ခတ်ပြီး ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ ဖုန့်ချိုးယွင်က ပန်းချီကားထဲတွင် ဇာမဏီမီးငှက်အသွင် ပြောင်းထားပြီး ဓားကို သူမ၏ခြေသည်းများဖြင့် ဆုပ်ထား၏။

ဤဓားသည် အမိကမ္ဘာမြေကိုယ်တိုင် သွန်းလုပ်ထားသော ဓားဖြစ်သည့်အလျောက် အလွန်အင်အားကြီးမားသည်။ ဓားဆီမှ ရွှေရောင်အလင်း မရပ်မနား ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။ အချိန်နှင့်နေရာ၏ ပြန်စတင်မှုကို တုံ့ပြန်နိုင်သည့်အတွက် ၎င်းသည် ပန်းချီကားထဲမှ ခုန်ထွက်နိုင်ခြေပင် ရှိလေသည်။

ချင်မူမှာ ဓားကို ဆွဲထုတ်နိုင်မည်လား ကြည့်နေသော်လည်း မဆွဲထုတ်နိုင်သဖြင့် နှမြောတသ သက်ပြင်းချလိုက်မိသည်။

ဖုန့်ချိုးယွင်၏ မျက်လုံးများက ရွေ့လျားနိုင်ဆဲ ဖြစ်၍ သူ့ကို ဒေါသများဖြင့် ကြည့်နေ၏။

ချင်မူ သူမကို လျစ်လျူရှုပြီး ဧကရာဇ်ခေါင်းတလား၏ ဘေးသို့ သွားလိုက်သည်။ ခေါင်းတလားထဲတွင် မြောက်ချုံဧကရာဇ်မင်းဆက်မှ ကောင်းကင်နတ်ဧကရာဇ်တစ်ပါး၏ အလောင်း လဲနေသည်။ သူသည် လှုပ်မရတော့၍ အစွမ်းကုန် ဟိန်းဟောက်နေ၏။ ဝါးမြိုနေမှုအတွင်းမှ လွတ်ရန် ကြိုးစားနေသော်လည်း ခုန်မထွက်လာနိုင်ပေ။

“မူအာ ဒီဧကရာဇ်ရဲ့အလောင်းမှာ ဧကရာဇ်အရှိန်အဝါ ရှိနေသေးတယ်... အနား သိပ်မကပ်နဲ့”

ရွာလူကြီး၏ အသံထွက်လာသည့်အချိန် ချင်မူလည်း ကြောက်မက်ဖွယ်ရာ ဧကရာဇ်အရှိန်အဝါကို ခံစားလိုက်ရသည်။ ဤဧကရာဇ်အလောင်းသည် အတိုင်းထက်အလွန် အင်အားကြီးမားသဖြင့် ဝါးမြိုခံထားရသော အခြေအနေမှ ရုန်းထွက်လာနိုင်ခြေရှိ၏။

ဤအခြင်းအရာက ချင်မူ့ကို အံ့အားသင့်မိစေသည်။

သုံးယောက်သား ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။ နတ်နဂါးရှစ်ကောင်သည် ကျောက်ရုပ်ပြန်ဖြစ်သွားပြီး ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားကို ဆက်လက်စောင့်ရှောက်နေကြ၏။ သို့သော် သူမ၏အခေါင်းကား ပြန်ပိတ်နေချေပြီ။

သူတို့နှင့် ခန်းမ၏တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့် နတ်ဘုရားတစ်ပိုင်းများအပြင် မည်သူမျှမကျန်တော့ပေ။

ချိမင်နတ်ဘုရားသားတော်၊ ရှေး‌ဟောင်းနဂါးမင်း၊ ကောင်းကင်ဓားမလော့ဝူရွှမ်၊ မင်းသားချိုးမင်နှင့် ကျန်ရှိသူများ ထွက်သွားကြပြီဖြစ်မည်။

ရွာလူကြီးက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ “မူအာ၊ ဖုန့်ချိုးယွင်နဲ့ ဧကရာဇ်အလောင်းက အနှေးနဲ့အမြန် ပြန်လွတ်လာလိမ့်မယ်... သူတို့ သေချာပေါက် ငါတို့ကို တိုက်ခိုက်မှာပဲ... ဒီသင်္ဘောကြီးက အကြီးကြီးဆို‌တော့ ငါတို့ ဒီခန်းမအပြင် ထွက်ပြီး ကျန်တဲ့နေရာတွေကို လိုက်ကြည့်သင့်တယ် ထင်တယ်... သင်္ဘောထဲက ထွက်သွားနိုင်မယ့် နည်းလမ်း တွေ့လို တွေ့ငြားပေါ့”

ချင်မူ ခေါင်းယမ်းပြီး အခေါင်းဆီသို့ လျှောက်သွားသည်။ “ကျွန်တော် ကောင်းကင်နတ်ဧကရီနဲ့ ကျွယ်ဝူချိန်ကို နောက်တစ်ခေါက် ကြည့်ချင်တယ်”

ရွာလူကြီးက မျက်မှောင်ကြုတ်နေသော်လည်း ကြိတ်၍ ဝမ်းသာနေ၏။ ‘နောက်ဆုံးတော့ မူအာ လူပျိုဖြစ်လာပြီး လှတဲ့မိန်းမတွေကို ကြည့်ရတာ ကြိုက်လာပြီပေါ့လေ... ငါတို့ ပျိုးထောင်ပေးခဲ့တဲ့ ဝက်ကလေးတော့ ဂေါ်ဖီထုပ်တွေ တူးတတ်သွားပြီ ထင်ပါရဲ့... အဘွားစစ်က ဒီကောင်လေး ဒုံးဝေးနေမှာ အမြဲစိုးရိမ်နေခဲ့တာ... အခုတော့ သူ ဉာဏ်ပွင့်သွားရှာပြီ’

ချင်မူက အခေါင်းကို ပြန်ဖွင့်သည်။ အခေါင်းထဲတွင် ကောင်းကင်နတ်ဧကရီနှင့် ကျွယ်ဝူချိန်သည် ဘေးချင်းယှဉ်လျက် လဲနေ၏။

ချင်မူ အသက်ပြင်းပြင်းရှူကာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်လိုက်သည်။ ကောင်းကင်အလိုတော်မုခ်ဝက သူ့အနောက်၌ ဖွဲ့တည်လာသည်။

“မူအာ မင်း ဘာလုပ်နေတာလဲ” ရွာလူကြီးက စပ်စု၏။

“ရှင်းရှင်းလင်းလင်း မေးကြည့်ရအောင် ကောင်းကင်နတ်ဧကရီနဲ့ ကျွယ်ဝူချိန်ရဲ့ ဝိညာဉ်တွေကို ဆင့်ခေါ်မလို့”

ချင်မူက တမုဟုတ်ချင်း အစီအရင်ထုတ်လွှတ်ပြီး အလေးအနက် ပြောသည်။ “ရွာလူကြီး မပူပါနဲ့ .... ကျွန်တော်က သူတို့ကို အသက်ပြန်သွင်းနေတာ မဟုတ်ဘူး... ဝိညာဉ်တွေ ဆင့်‌‌ခေါ်ပြီး မေးကြည့်ရုံတင်ပါ... စစ်မေးပြီးသွားရင် ပြန်လွှတ်လိုက်မယ်... ဒီမှာ မထားခဲ့ပါဘူး”

ရွာလူကြီးမှာ စိတ်သက်သာရာရသွားသည်။ “ကောင်းသားပဲ... ဒါပေမဲ့ ကောင်းကင်နတ်ဧကရီရဲ့ ဝိညာဉ်ကိုတော့ ပြန်လွှတ်ရင် လွှတ်ပေါ့ကွာ... ကျွယ်ဝူချိန်ရဲ့ ဝိညာဉ်လေးတော့ ကျန်ခဲ့ရင်လည်း အဆင်ပြေပါတယ်...”

ချင်မူ မှင်သက်သွားပြီး သူ့ဆီသို့ တစ်ချက်ကြည့်မိသည်။

ရွာလူကြီး မျက်နှာနီရဲသွားကာ ကပျာကယာ ရှင်းပြ၏။ “ဒီမိန်းကလေးက သနားစရာကောင်းတယ် ထင်လို့ပါကွာ... သူတို့ကို ပြန်လွှတ်တာက ကောင်းတယ်ထင်လည်း ပြန်လွှတ်လိုက်.... ငါက အိုနေပြီလေ၊ မင်းကလည်း အိမ်ကို ပြန်လာတတ်တာမှ မဟုတ်တာ.... တစ်ယောက်တည်း အထီးကျန်တော့ အဖော်လေး ဘာလေးရရင် မဆိုးဘူး....”

ချင်မူက သူ့ကို အဖက်မလုပ်တော့ဘဲ ဝိညာဉ်လမ်းညွှန် ထုတ်လွှတ်လိုက်သည်။ သူက ယိုတုမိစ္ဆာဘာသာစကားကို ရွတ်ဖတ်ရင်း တစ်ချက်တစ်ချက် ရွှမ်တုနတ်ဘုရားဘာသာစကားသို့ ပြောင်းလိုက်တတ်သည်။ ဘာသာစကားမျိုးစုံ ‌ရောထွေးနေသည်နှင့်အမျှ အစီအရင်၏ စွမ်းအားသည်လည်း အားကောင်းသည်ထက် အားကောင်းလာ၏။

တခဏကြာသော် ချင်မူက ရုတ်တရက် ရပ်လိုက်သည်။ “ထူးဆန်းတယ်”

သူက ခေါင်းတလားကို ပတ်၍ လျှောက်နေရင်း တစ်ယောက်တည်း ရေရွတ်နေ၏။ “ဝိညာဉ်မရှိဘူး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ့မှာ ဝိညာဉ်မရှိတာ မဖြစ်နိုင်ဘူး... နှစ်တစ်သန်းတိုင်တိုင် ပြိုကွဲနေခဲ့တဲ့ ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်ကိုတောင် ပြန်စုစည်းလို့ရသေးတာပဲ... ဒီအမျိုးသမီးမှာ သေချာပေါက် ဝိညာဉ် ရှိရမယ်”

ရွာလူကြီးက မေးလိုက်သည်။ “မူအာ ဘာဖြစ်လို့လဲ”

“ကျွယ်ဝူချိန်မှာ ဝိညာဉ်မရှိဘူး”

ချင်မူ မနားလည်နိုင်စွာ ပြောနေသည်။ “ဝိညာဉ်လမ်းညွှန်သုံးရင် သူ့ဝိညာဉ် ဘယ်စကြဝဠာကို ရောက်နေပါစေ၊ ကျွန်တော့်ရဲ့ ကောင်းကင်နတ်သိုင်းကနေ မလွတ်ဘူး... ဒါပေမဲ့ စောစောက ကျွန်တော် ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်တုန်းက သူ့ဝိညာဉ်ကို ဘယ်လိုမှ အာရုံမရခဲ့ဘူး... ဒီခန္ဓာကိုယ်က အခွံကြီး”

“မင်း ဆိုလိုတာက...”

ရွာလူကြီးတွင် ထူးဆန်းသော အမူအရာ ရှိနေ၏။ “ကျွယ်ဝူချိန် အသက်ရှင်နေသေးတာလား... ရုပ်ခန္ဓာကို စွန့်ပစ်ပြီး တခြားမျက်နှာနဲ့ ဒီကမ္ဘာမှာ နေ,နေတာလား”

“မဟုတ်ဘူး... ခန္ဓာလဲရင်‌တောင် ဝိညာဉ်ကို လဲလို့မရဘူး... ဝိညာဉ်လမ်းညွှန်က သူ့ဝိညာဉ်ကို လမ်းညွှန်ပေးနေတာဆိုတော့ သူ ရုပ်ပြောင်းလိုက်ရင်တောင် ကျွန်တော့်ကောင်းကင်နတ်သိုင်းရဲ့ ဆင့်ခေါ်တာ ခံရဦးမှာပဲ... မဆင့်ခေါ်နိုင်ရင်တောင်မှ သူ့ဝိညာဉ်ရဲ့ တည်ရှိမှုကို ခံစားရသင့်သေးတယ်”

ရွာလူကြီး တအံ့တဩ ထခုန်ကာ အော်လိုက်မိသည်။ “ဒီလောက်လှတဲ့ အမျိုးသမီးက လူလုပ်ထားတဲ့ ခန္ဓာကြီးလား”

ချင်မူက ခြေလှမ်းများကို ရပ်လိုက်ကာ အတုဟု ထင်ရက်ဖွယ်မရှိလောက်အောင် လှပပြီး ဆွဲဆောင်မှုရှိလွန်းသော ဤအမျိုးသမီးကို ကြည့်သည်။ “ဒီလိုအမျိုးသမီးတစ်ယောက်ကို ဖန်ဆင်းဖို့ ဖန်ဆင်းပညာမှာ အင်မတန် အဆင့်မြင့်မားဖို့ လိုတယ်.... ဒါပေမဲ့ ဖန်ဆင်းပညာက ဝိညာဉ်အသစ် မဖန်ဆင်းပေးနိုင်တော့ ကျွယ်ဝူချိန်မှာ ဝိညာဉ်ကင်းမဲ့နေတာပဲ”

ရွာလူကြီးသည် အခေါင်းထဲရှိ အမျိုးသမီးဆီသို့ ကြည့်လိုက်ရင်း သူ့ရင်ထဲရှိ အစိုင်အခဲကြီး ပြုတ်ကျသွားတော့၏။ ထိုအမျိုးသမီးက သူ၏တာအိုနှလုံးသားကို ယိမ်းယိုင်စေခဲ့သော်လည်း ယခု ပြန်ကြည့်လိုက်သည့်အခါ အလှတွင် မနစ်မျောသွားတော့ပေ။

“မူအာ၊ မင်းဆိုလိုတာက တစ်ယောက်ယောက်က ဒီအမျိုးသမီးကို ဖန်တီးပြီး ကောင်းကင်နတ်ဧကရာဇ်ကို သတ်နိုင်အောင် အောက်ဘုံဆီ မျှားခေါ်ခဲ့တာလား”

ရွာလူကြီးက ပြောလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်က ဘယ်လောက်တန်ခိုးကြီးတာမလို့လဲ... ဒီအမျိုးသမီးမှာ ဝိညာဉ်မရှိမှန်း သူ မမြင်ခဲ့ဘူးလား”

ချင်မူ စဉ်းစားကြည့်ကာ ပြောလိုက်၏။ “တစ်ယောက်ယောက်က မူလဝိညာဉ်နဲ့ ကျွယ်ဝူချိန်ရဲ့ ကိုယ်ထဲ ဝင်ပြီး ကျွယ်ဝူချိန် လုပ်ခဲ့တာ ဖြစ်မယ်”

ရွာလူကြီးလည်း တွေးကြည့်လိုက်သည်။ “ဒါ့အပြင် ဒီလူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ အကြောင်း ကောင်းကောင်းသိပြီး သူ့အကြိုက်ကို ကောင်းကောင်းနားလည်ရလိမ့်မယ်... အတုမှန်း ကောင်းကင်နတ်ဧကရာဇ် သိသွားလို့လည်း မဖြစ်ဘူး... ဒါကြောင့် ကျွယ်ဝူချိန်ရဲ့ ကိုယ်ထဲမှာ ပုန်းနေတဲ့ တစ်ယောက်က ကောင်းကင်နတ်ဧကရာဇ်အနားက လူပဲ ဖြစ်ရမယ်”

နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။

ရွာလူကြီးက ရုတ်တရက် ပြောသည်။ “မူအာ၊ ကောင်းကင်နတ်ဧကရီရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ကြည့်... ငါ တစ်ခုခု တွေးမိလိုက်လို့”

ချင်မူလည်း သူ့အတွေးကို သိသော်လည်း ထုတ်မပြောဘဲ ပြောသည့်အတိုင်း ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထပ်မံထုတ်လွှတ်၏။ သူက ကောင်းကင်နတ်ဧကရီ၏ ဝိညာဉ်ကို ဆင့်ခေါ်ရန် ကြိုးစားနေချေပြီ။

“ငါ ခန့်မှန်းတာ မှန်ရင် မင်း ကောင်းကင်နတ်ဧကရီရဲ့ ဝိညာဉ်ကို ဆင့်ခေါ်လိုက်တာနဲ့ သေချာ‌ပေါက် အန္တရာယ်ဖြစ်လိမ့်မယ်... ငါ မင်းကို ကာကွယ်ပေးမယ်”

ရွာလူကြီးက ဓားဆွဲထုတ်၍ မျက်လုံးများ ပိတ်လိုက်သည်။ သူ၏အရှိန်အဝါသည် ပျံ့နှံ့သွားပြီး သူ့လက်ထဲရှိ ဓားရောင်က တောက်ပသည်ထက် တောက်ပလာ၏။ သူ့ဓားကား ကောင်းကင်ထက်သို့ အချိန်မရွေး ပျံတက်တော့မည့် နိုးထလာသော နဂါးတစ်ကောင်ပမာ ထင်ရသည်။

သူက ဓားတာအိုကို အဆုံးစွန်ထိ ထုတ်ဖော်ထားချေသည်။

ချင်မူလည်း ယိုတုမိစ္ဆာစကားကို စတင်ရွတ်ဖတ်လိုက်ပြီး သူ့အနောက်တွင် သိပ်သည်းနေသော မိစ္ဆာချီများနှင့်အတူ ကောင်းကင်အလိုတော်မုခ်ဝ ပွင့်လာသည်။

တခဏကြာသော် ကောင်းကင်နတ်ဧကရီ၏ ဝိညာဉ်ကို သူ ခံစားလိုက်ရသည်။

ဝိညာဉ်က အကောင်းပကတိ ပြည့်စုံနေ၏။

ကောင်းကင်နတ်ဧကရီ၏ ဝိညာဉ်တွင် ထိခိုက်ဒဏ်ရာမရှိသလို၊ ယန်ဝိညာဉ်သုံးခုကလည်း ခြေရာလက်ရာမပျက်ပေ။ သူမသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားသည့်အတွက် ချင်မူမှာ ကောင်းကင်ဘုံအဆင့်ကိုးဆင့်၏ အလွန်တွင် ရပ်နေသော နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ချင်မူ ကောင်းကင်နတ်ဧကရီကို ခံစားလိုက်ရသည့်အချိန်မှာပဲ ကောင်းကင်နတ်ဧကရီလည်း သူ့ကို သတိထားမိသွားသည်။ သူ၏ဇာမဏီမျက်ဝန်းများက ပွင့်လာကာ အဆုံးမဲ့အာကာသကို ဖြတ်လျက် သူ့ထံ ကြည့်နေသည်။

ချင်မူ့မျက်လုံးများ ရုတ်ခြည်း အမှောင်ဖုံးသွားပြီး တိုင်းတာမရအောင် နက်ရှိုင်းသော ချောက်နက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဝိညာဉ်များ တွန့်ခေါက်သွားပြီး ထာဝရပြိုကွဲသွားတော့မလို ဖြစ်လာသည်။

ထန်းးး

ရွာလူကြီး၏ ဓားက မြောက်တက်လာပြီး ဟင်းလင်းပြင်ဆီသို့ ခုတ်ချလိုက်သည်။ နှင်းဖြူရောင်ဓားသည် ချင်မူနှင့် ကောင်းကင်နတ်ဧကရီအကြားရှိ ဆက်သွယ်မှုအား တဒင်္ဂအတွင်း ဖြတ်တောက်လိုက်၏။ ဓားရောင် ကျဆင်းသွားပြီးနောက် ရွာလူကြီး၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသည်။

ဓားရောင် ချင်မူ့မျက်လုံးအရှေ့မှ ဖြတ်သွားသည့်အခါ သူ၏မူလဝိညာဉ်သည် ရုပ်ခန္ဓာအတွင်းသို့ ပြန်ဆွဲခေါ်ခံလိုက်ရ၏။ ချင်မူ့တစ်ကိုယ်လုံး ချွေးတို့ ရွှဲနစ်နေပြီး လက်နှစ်ဖက်စလုံး တဆတ်ဆတ် တုန်နေသည်။

“အသက်ရှင်နေသေးတယ်... ကောင်းကင်နတ်ဧကရာဇ် အသက်ရှင်နေသေးတယ်”

သူ့မှာ ရေနစ်နေရာမှ ဆွဲတင်ခံလိုက်ရသူသဖွယ် မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရသည်။ သူ့အသံက အက်ကွဲနေ၏။ “ကောင်းကင်နတ်ဧကရီ မသေသေးဘူး”

ဓားကို ဆုပ်ကိုင်ထားသော ရွာလူကြီး၏ လက်လည်း တုန်ရီနေဆဲ ဖြစ်သည်။ သူ့လက်ထဲရှိ နတ်ဓားက တုန်ခါနေရင်း ဖောက်ခနဲ ပေါက်ကွဲကာ အမှုန့်ဖြစ်သွား၏။

ရွာလူကြီး လက်လွှတ်လိုက်သည့်အခါ အမှုန်များက အောက်သို့ ကျဆင်းသွားသည်။

“အသက်ကြီးပြီး အတွေ့အကြုံများတယ်.... အသက်ကြီးပြီး အတွေ့အကြုံများတယ်”

ရွာလူကြီးမှာ သွေးတစ်ပွက် အန်လိုက်ရ၍ အရှိန်အဝါ အားနည်းသွားသည်။ သူ့ခန္ဓာကိုယ်မှာ လျော့ရဲသွားပြီး ထိုင်လျက် ကျသွား၏။ သူက ဟက်ခနဲ ရယ်ကာ ပြောလေသည်။ “ဒီကောင်းကင်နတ်ဧကရီက အမှန်တကယ် အသက်ကြီးပြီး အတွေ့အကြုံများတယ်... မူအာ၊ မင်း ရွာက ထွက်သွားတုန်းက သိုင်းလောက ဘယ်လောက်မာယာများတဲ့အကြောင်း ငါ ပြောခဲ့တယ်မဟုတ်လား... အခု ငါဆိုလိုတာကို မင်း မြင်ပြီမလား”

ချင်မူက သူ့ဒဏ်ရာများကို အလျင်အမြန် ကုသပေးပြီး အလေးအနက် ပြောလိုက်သည်။ “မူအာ နားလည်ပါတယ်”

နဂါးထိန်းဧကရာဇ်မှာ အူကြောင်ကြောင် ဖြစ်နေပြီး သဘောမပေါက်သေးပေ။ သူက ကပျာကယာ မေးသည်။ “ကောင်းကင်နတ်ဧကရီ မသေသေးဘူးလား... ဘာလို့ အသက်ရှင်နေသေးတာလဲ... ဘယ်လို အသက်ကြီးပြီး အတွေ့အကြုံများတာလဲ”

ရွာလူကြီးနှင့် ချင်မူက ပြန်မဖြေပေ။

ချင်စာလုံးမြေပြင်ထဲတွင် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ချိဧကရာဇ်နှင့် ဗြဟ္မဗုဒ္ဓတို့အားလုံး မှင်သက်ပြီး ဆွံ့အနေကြသည်။

ခေါင်းကြီးကြီးကလေးကြီး ချင်ဖုန်းကျင့်က အခြေအနေကို အခွင့်ကောင်းယူ၍ ကြောင်လေးသဖွယ် လှမ်းခုန်ပြီး ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ကို ဖြိုခွဲကာ သားသတ်ဒယ်အိုး လုယူလိုက်သည်။

ချော်ရည်ခဲအစအနများက တဖြည်းဖြည်း ပြန်စုပြီး မြေအောက်ဘုံအရှင်သခင် ပြန်ဖြစ်သွားသည်။ သို့သော် သူက သားသတ်ဒယ်အိုးကို ပြန်မယူဘဲ ငေးကြောင်နေ၏။

“အမှန်တကယ် အသက်ကြီးပြီး အတွေ့အကြုံများတာပဲ”

သူက သက်ပြင်းချကာ ပြောလိုက်သည်။ “အမှန်တကယ် အသက်ကြီးပြီး အတွေ့အကြုံများတာပဲ... ကောင်းကင်နတ်ဧကရီက ကျွယ်ဝူချိန် ဖြစ်နေတာကိုး”

All Chapters