ကြည့်၍ မရ
Vol. 61 Ch. 814
ချိဧကရာဇ်၊ ဗြဟ္ဗဗုဒ္ဓနှင့် ကောင်းကင်နယ်စားမင်းတို့မှာ ဆွံ့အလျက်သာ ရှိသေးသည်။ အခြေအနေမှာ ကြောက်စရာကောင်းလောက်အောင် လေးနက်နေ၏။
မဟာနေဧကရာဇ်က အကြည့်ပြန်လွှဲပြီး သူတို့ဆီသို့ တစ်ချက်တစ်ချက် လှမ်းကြည့်တတ်သည်။ သူက တွေးနေသည်။ ‘ငါ သိတာတွေ များလာသလိုပဲ... အသက်ရှင်နေတုန်းက အများကြီး သိလို့ နောက်ကနေ မြှားနဲ့ ပစ်သတ်ခံခဲ့ရတယ်... အခု ပိုလို့တောင် သိသွားပြီဆိုတော့ ထပ်သတ်ခံရဦးမှာလား’
“ကောင်းကင်နတ်ဧကရီက ကျွယ်ဝူချိန်၊ ကျွယ်ဝူချိန်က ကောင်းကင်နတ်ဧကရီတဲ့... ဘယ်လောက် ဗျူဟာမြောက်လိုက်တဲ့ အကြံအစည်လဲ”
ဗုဒ္ဓအိုကြီး သက်ပြင်းချ၍ ရေရွတ်လိုက်မိသည်။ “ဒီဖြစ်ရပ်ရဲ့ အကြောင်းနဲ့အကျိုးကို ပြန်ခြုံကြည့်ရအောင်... ကောင်းကင်နတ်ဧကရီက သူ့ဇာတိပြန်ပြီး အဆုံးသတ်မြို့ပျက်ဆီ သွားတယ်... အဲဒီနေရာမှာ နဂါးအရှင်စီရင်စု ပုန်ကန်တယ်... ကောင်းကင်နတ်ဧကရီ လုပ်ကြံခံရတယ်... ယွီလင်နန်းစောင့်တပ်ဖွဲ့က သူ့ကို လာကယ်ပြီး လုပ်ကြံမှုကို စုံစမ်းတယ်... ပုန်ကန်မှုကို နှိမ်နင်းတယ်... အဲဒီနောက် ကောင်းကင်နတ်ဧကရီ ဒုတိယအကြိမ် တိုက်ခိုက်ခံရတယ်.... အဲဒီအချိန်မှာ သူက သေချင်ယောင်ဆောင်ပြီး ထွက်သွားလိမ့်မယ်... ယွီလင်နန်းစောင့်တပ်ဖွဲ့ အချိန်ခရီးသွားတယ်၊ ကျွယ်ဝူချိန် မွေးဖွားလာတယ်... ကောင်းကင်နတ်ဧကရီက ကျွယ်ဝူချိန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပြီး ကောင်းကင်နတ်ဧကရာဇ်ကို ဖျားယောင်းတယ်”
“ကောင်းကင်နတ်ဧကရာဇ် လူဝင်စားလိုက်တဲ့အတွက် ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်နဲ ကျွယ်ဝူချိန်တို့က သူ့ကို လုပ်ကြံကြတယ်... အဲဒီနောက် ကောင်းကင်နတ်အရှင်နှစ်ယောက်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို သိမ်းဖို့ ကောင်းကင်နတ်ဘုံဆီ တရှိန်ထိုး တက်သွားတဲ့အချိန်မှာ ကောင်းကင်နတ်ဧကရီက ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာထဲက ထွက်ပြီး သူ့ရုပ်ခန္ဓာအစစ်နဲ့အတူ မြှုပ်နှံခဲ့တယ်.... ယွီလင်နန်းစောင့်တပ်ဖွဲ့ အချိန်ခရီးသွားခဲ့တဲ့ သင်္ဘောပေါ်မှာ ထားခဲ့တယ်”
“ဒါက ငါ ခန့်မှန်းမိတာပဲ... ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ချိဧကရာဇ်၊ နေဧကရာဇ်... ထည့်ဖြည့်ချင်တာ ရှိကြလား”
အားလုံး ခေါင်းယမ်းကြသည်။
ဗုဒ္ဓအိုကြီးက တည်ငြိမ်စွာ ပြောသည်။ “အခု ပြဿနာ လာပြီ... ကောင်းကင်နတ်ဧကရီက အဆုံးသတ်မြို့ပျက်ဆီ မသွားခင် ကောင်းကင်နတ်ဧကရာဇ်ကို သတ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်လိမ့်မယ်... ဒါဖြင့် နဂါးအရှင်စီရင်စုက ဘာကြောင့် ပုန်ကန်ခဲ့တာလဲ... သူ အဆုံးသတ်မြို့ပျက်ဆီ ပြန်ရောက်မှ ဘာကြောင့် ပုန်ကန်တာလဲ... ကောင်းကင်နတ်ဧကရာဇ်ကို ခြိမ်းခြောက်ဖို့ ကောင်းကင်နတ်ဧကရီကို ဓားစာခံအဖြစ် အသုံးချတဲ့ နဂါးအရှင်စီရင်စုရဲ့ အကွက်က အင်မတန် တုံးအတဲ့ အကွက်ပဲ မဟုတ်လား... ဒါဆို နဂါးအရှင်က ကောင်းကင်နတ်ဧကရီရဲ့ နယ်ရုပ်လေးတစ်ရုပ် ဖြစ်နေမလား... ဒါက ပထမပြဿနာ”
“ဒုတိယ... ကောင်းကင်နတ်ဧကရီက ကျွယ်ဝူချိန်နဲ့ သူ့ခန္ဓာကို အတူမြှုပ်ဖို့ ဒီသင်္ဘောဆီ ရုပ်ခန္ဓာနဲ့ ရောက်လာရလိမ့်မယ်... သူ ဒီသင်္ဘောပေါ်က ဘယ်လိုထွက်သွားလဲ ... သူကိုယ်တိုင် မလာဘဲ ကိုယ်စားလွှတ်လိုက်တယ်ဆိုရင် အဲဒီလူက ဒီသင်္ဘောပေါ်မှာ ရှိနေသေးလား”
“တတိယ... ကောင်းကင်နတ်ဧကရီနဲ့ ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာနှစ်ခုလုံး ဒီမှာဆို ဒီရုပ်ခန္ဓာနှစ်ခု မရှိဘဲ သူ ဘယ်သွားနိုင်မလဲ... ကောင်းကင်နတ်ဘုံထဲက ကောင်းကင်နတ်ဧကရီက ဘယ်သူ ဖြစ်မလဲ”
သူသည် သံသယများကို ထုတ်ပြောနေပြီး အားလုံး မျက်မှောင်ကြုတ်နေကြသည်။
ဗုဒ္ဓအိုကြီးက အရေးကြီးသည့် မေးခွန်းများကို မေးခဲ့သော်လည်း မည်သူမျှ သူ့သံသယများကို မဖြေရှင်းနိုင်ပေ။
ကောင်းကင်နယ်စားမင်း မြေအောက်ဘုံအရှင်သခင်ဆီသို့ ပြောလိုက်၏။ “သူ့တတိယမျက်လုံးထဲမှာ နေရတာ စိတ်ဝင်စားစရာကောင်းတယ်မလား... ငါတို့ အတိတ်တုန်းက မသိခဲ့တာတွေကို မြင်နိုင်ကြားနိုင်တယ်”
မြေအောက်ဘုံအရှင်သခင်က ခေါင်းညိတ်သည်။ “ဒါပေမဲ့ အများကြီး သိလာလို့လည်း ကြောက်လန့်တုန်ရီမိတယ်”
ဗုဒ္ဓအိုကြီးက ခါးဆန့်လိုက်ပြီး တဖြည်းဖြည်း အပေါ်သို့ မြောက်တက်သွား၏။ “အရင်ဆုံး ကောင်းကင်မှာ ငါ တရေးအိပ်လိုက်ဦးမယ်... ဂရုစိုက်ကြပါ”
ချိဧကရာဇ်မှာ တမုဟုတ်ချင်း ခံစားချက်မကောင်းတော့၍ ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ ခေါင်းကြီးကြီးကလေးကြီး ချင်ဖုန်းကျင့်သည် သားသတ်ဒယ်အိုးကို ဆွဲလျက် သူတို့ကို မထီမဲ့မြင် ကြည့်နေကြောင်း တွေ့လိုက်ရသည်။
သားသတ်ဒယ်အိုးထဲရှိ မိစ္ဆာသဘာဝက ပြင်းထန်ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာသည်။ အထူမရှိသော မျက်နှာများ မိစ္ဆာနတ်ဆိုးချီထဲ၌ ဖွဲ့တည်လာပြီး ခေါင်းကြီးကြီးကလေးကြီးကို လှည့်ပတ်နေကြ၏။
“အားချို” သူတို့က ချင်ဖုန်းကျင့်ကို ခေါ်နေကြသည်။
“ဗုဒ္ဓအိုကြီး ဆင်းလာခဲ့”
ကောင်းကင်နယ်စားမင်း ကျယ်လောင်စွာ လှမ်းအော်လိုက်၏။ “ငါတို့ အတူတူ အလုပ်လုပ်ရင် ဒီကလေးဖက်တီးကြီးကို ချုပ်ထားနိုင်သေးတယ်”
ဗြဟ္မဗုဒ္ဓက သမ်းဝေ၍ အေးအေးဆေးဆေး လဲချလိုက်သည်။ “ငါတို့ သူ့ကို အခု မနိုင်ဘူး... အရင်ဆုံး တရေးအိပ်လိုက်ပါဦးမယ်... ကံကောင်းကြပါစေ”
အပြင်တွင် ချင်မူ့မျက်ဝန်းများ လင်းလက်နေသည်။ ရွာလူကြီး တွေးမိသလို၊ သူလည်း တွေးမိ၏။ ကျွယ်ဝူချိန်က ကောင်းကင်နတ်ဧကရီ ဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားအနေဖြင့် သူမသည် ကောင်းကင်နတ်ဧကရာဇ်ထက်ပင် ကောင်းကင်နတ်ဧကရာဇ်အကြောင်း ကောင်းကောင်းသိလိမ့်မည်။ ထိုသို့ သိနေမှသာ ကောင်းကင်နတ်ဧကရာဇ်အတွက် ဤသို့ ထောင်ချောက်ဆင်နိုင်ခဲ့ခြင်း ဖြစ်၏။
“ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ကောင်းကင်နတ်အရှင်ယွင် ပါရင် ကောင်းကင်နတ်အရှင်လင်ကရော”
ချင်မူမှာ ငေးငေးကြောင်ကြောင် တွေးနေမိသည်။ ကျွယ်ဝူချိန်၏ အလှသည် ပြိုင်ဘက်ကင်း၏။ ယခုလို ခန္ဓာကိုယ် ဖန်ဆင်းနိုင်ရန် လူတစ်ယောက်သည် ဖန်ဆင်းပညာတွင် သူမတူအောင် ကျွမ်းကျင်နှံ့စပ်နေမှ ရလိမ့်မည်။
နဂါးဟန်ခေတ်တွင် ထိုကဲ့သို့ နက်နဲသော ဖန်ဆင်းပညာကို တတ်မြောက်ထားသည့် တစ်ယောက်တည်းသောလူမှာ ကောင်းကင်နတ်အရှင်လင်သာ ဖြစ်လိမ့်မည်။
ထို့အပြင် ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အချိန်ခရီးသွားဖြစ်ရပ်မှာလည်း ကောင်းကင်နတ်ဘုံသို့ အပြန်လမ်းတွင် ကောင်းကင်နတ်အရှင်လင်နှင့် ဆုံတွေ့ခဲ့ပြီး အချိန်ကို ဖြတ်သွားနိုင်သော တစ္ဆေသင်္ဘောအဖြစ် ပြောင်းလဲခံလိုက်ရ၍ ဖြစ်ခဲ့သည်။
ယွီလင်နန်းစောင်တပ်ဖွဲ့ ကောင်းကင်နတ်ဧကရီ၏ ရုပ်အလောင်းကို ကောင်းကင်နတ်ဘုံဆီ ပြန်မသယ်ဆောင်သွားနိုင်ခဲ့သည်မှာလည်း ဤအကြောင်းရင်းကြောင့်ပင်။ သက်သေကား အစအန ဖျောက်ခံလိုက်ရ၏။
ကောင်းကင်နတ်မြစ်ပေါ်တွင် ကောင်းကင်နတ်အရှင်လင် ပေါ်လာခဲ့ခြင်းမှာ တိုက်ဆိုင်လွန်းသဖြင့် ချင်မူ ဆက်စပ်စဉ်းစားကြည့်နေမိသည်။
‘ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်သိုင်းကို ကောင်းကင်နတ်အရှင်ယွင်ဆီ သင်ပေးခဲ့တာလည်း ဖြစ်နိုင်တာပဲ.... သူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်မဟုတ်လား....’
သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ “ငါ ထင်ထားသလောက် အခြေအနေ မဆိုးလောက်ပါဘူး...”
ရွာလူကြီးက ဒဏ်ရာများ အနည်းငယ် သက်သာလာ၍ ပြန်ထသည်။ “မင်း ဝိညာဉ် ဆင့်ခေါ်ခဲ့တုန်းက ကောင်းကင်နတ်ဧကရီ မင်းကို ခံစားလိုက်ရပြီး တွေ့သွားလိမ့်မယ်.... ငါတို့ ဒီမှာ ကြာကြာမနေသင့်တော့ဘူး....”
သူ မျက်မှောင်ကြုတ်သွားပြန်သည်။ ဤတစ္ဆေသင်္ဘောတွင် ပိတ်မိနေသည့်အတွက် ထွက်သွားရန် နည်းလမ်းလည်း မရှိပေ။
“ရွာလူကြီး စိတ်မပူနဲ့... ကောင်းကင်နတ်ဧကရီ ဒီအထိ မလာနိုင်ပါဘူး”
ချင်မူက စွမ်းအင်ဆေးလုံးတချို့ ထုတ်၍ ရွာလူကြီး၏ ဒဏ်ရာများကို ကုသပေးနေသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကောင်းကင်နတ်ဧကရီက တန်ခိုးကြီးပေမယ့် ယွီလင်တစ္ဆေသင်္ဘောက အချိန်ကို ဖြတ်ပြီး သွားနိုင်တယ်... သူ ဒီနေရာကို ရောက်ရင် သင်္ဘောက အခြားနှစ်တစ်နှစ်ဆီ ရောက်နေလောက်ပြီ”
ရွာလူကြီး မှင်သက်သွားပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားသည်။ “ဒီသင်္ဘောက ထူးဆန်းပြီး အန္တရာယ်တွေနဲ့ ပြည့်နေတယ်... ငါတို့ ဒီကနေ ဘယ်လို ထွက်သွားရမလဲ”
“ရွာလူကြီး စိတ်မပူပါနဲ့”
ချင်မူက စွမ်းအင်ဆေးလုံးကို ဖော်စပ်ပြီးသည့်အခါ သူ့ကို စားစေပြီး ဆေးစွမ်းအင် ချေဖျက်ပေးနေသည်။ “ယွီလင်တစ္ဆေသင်္ဘောရဲ့ ပြဿနာကို ဖြေရှင်းဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး... ဒီသင်္ဘောက ထူးဆန်းတဲ့ ကောင်းကင်နတ်သိုင်းတစ်ခုထဲမှာ တည်ရှိနေတာပဲ ဖြစ်မယ်.... အဲဒီကောင်းကင်နတ်သိုင်းက ကျွန်တော် ကောင်းကင်နတ်အရှင်မူ ဖြစ်နေတုန်းက ကောင်းကင်နတ်အရှင်လင်နဲ့အတူ ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်းပဲ ဖြစ်ဖို့ များတယ်.... ဒါပေမဲ့ အဲဒီတုန်းက ရုပ်လုံးပေါ်ရုံအဆင့်ပဲ ရှိသေးတာဆိုတော့ ဒီကောင်းကင်နတ်သိုင်းကို ဖြေဖို့ သဲလွန်စတွေ လိုက်ရှာဖို့ လိုတယ်”
ရွာလူကြီး ပြုံးလျက် ပြောလိုက်မိသည်။ “အခုဆို ငါတို့ရွာမှာ ဗဟုသုတအကြွယ်ဝဆုံးတစ်ယောက်က မင်း ဖြစ်နေပြီ... ငါတို့ ပျိုးထောင်ပေးခဲ့တဲ့ ကလေး ပီသပါပေတယ်... မင်းက ကောင်းကင်နတ်အရှင်လင်နဲ့အတူ ကောင်းကင်နတ်သိုင်းဆိုလား ဘာဆိုလား ဖန်တီးခဲ့တာဆိုတော့ ဖြေဖို့ မခက်လောက်... နေပါဦး မင်း အခုလေးတင် ဘာပြောလိုက်တာ... ကောင်းကင်နတ်အရှင်မူ ဟုတ်လား... ကောင်းကင်နတ်အရှင်မူက ဘာလဲ”
ချင်မူ စပ်ဖြဲဖြဲ ပြုံးလိုက်ပြီး ရှေးဟောင်းနဂါးဟန်ခေတ်သို့ ခိုင်ဧကရာဇ်နှင့်အတူ ရောက်သွားခဲ့သည့်အကြောင်း ပြောပြလိုက်သည်။
ရွာလူကြီးမှာ အကြီးအကျယ် အံ့အားသင့်သွားကာ ငုတ်တုတ်မေ့သွားသည်။ အတန်ကြာသည်အထိ သတိပြန်ဝင်မလာပေ။
ရုတ်တရက် ဤအဘိုးကြီးက ဓားဆွဲထုတ်ရန် ပြင်သည်။ သို့သော် သူ့ဓား ကြေမွသွားခဲ့သည်ကို မေ့နေ၏။
ချင်မူ စပ်စုကြည့်လိုက်သည်။ “ရွာလူကြီး ဘာလုပ်နေတာလဲ”
“နဂါးထိန်းဧကရာဇ်ကို သတ်မလို့”
ရွာလူကြီးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောသည်။ “ဒီကိစ္စက အင်မတန် အရေးကြီးတယ်... နဂါးထိန်းဧကရာဇ်ပါ သိနေတော့ သူ့ကို နှုတ်ပိတ်ရမယ်”
နဂါးထိန်းဧကရာဇ်၏ မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။
ချင်မူ ပြုံးလျက် ပြောလိုက်လေသည်။ “နဂါးထိန်းဧကရာဇ်ကလည်း ကြိုးစားပေးခဲ့တာပဲဟာ ... ကျွန်တော့်လျှို့ဝှက်ချက် နည်းနည်းလေး သိသွားတာနဲ့ သတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ... မပူပါနဲ့ သူ မြေအောက်ဘုံအရှင်သခင်နဲ့ မြေအောက်ဘုံအရှင်လေး ပဋိညာဉ် ချုပ်ထားတယ်... ကျွန်တော့်ကို သစ္စာမဖောက်ရဲပါဘူး”
နဂါးထိန်းဧကရာဇ် ကပျာကယာ ခေါင်းညိတ်ပြလိုက်၏။
ထိုအခါ ရွာလူကြီးလည်း ညှာပေးလိုက်သည်။ “မင်း ဒီဆန်းကြယ်ကောင်းကင်နတ်သိုင်းကို ဖြေရှင်းဖို့ ယုံကြည်ချက်ရှိလား”
ချင်မူက ခါးဆန့်ပြီး လမ်းလျှောက်နေသည်။ “လူတချို့က ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းခဲ့ပြီးပြီ... အဲဒီလူတွေက နတ်မင်းလေးပါးပဲ”
ရွာလူကြီး သဘောပေါက်သွားပြီး သူ့အနောက်မှ လိုက်လာ၏။ “ဟုတ်သားပဲ... နတ်မင်းလေးပါး ဒီသင်္ဘောအပေါ် ရောက်ခဲ့တယ်... အခေါင်းတွေကို ချုပ်ထားဖို့ သူတို့တံဆိပ်တွေ ကုန်းပတ်တစ်ခုလုံး ပြည့်နေတဲ့သဘောက မီးငှက်၊ လိပ်နက်၊ နဂါးစိမ်းနဲ့ ကျားဖြူတို့အားလုံး ဒီကို ရောက်လာခဲ့ဖူးတယ်လို့ သက်သေပြနေတယ်... ဒီနေရာရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေပြီးမှ ထွက်သွားခဲ့ကြတာပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “အဲဒီအချိန်တုန်းက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက မပြည့်စုံသေးတော့ ဒီသင်္ဘောရဲ့ ဒြပ်ထုတွေ မတည်မငြိမ်ဖြစ်နေတာပဲ... သင်္ဘော တစ်ကြိမ် အချိန်ခရီးသွားတိုင်း ဒြပ်ထုတွေ ပြန်တည်ဆောက်ခံရတယ်... နတ်မင်းလေးပါးတောင် ဟာကွက်ကို ရှာတွေ့ခဲ့ရင် ကျွန်တော်လည်း ရှာနိုင်တယ်”
သူတို့ ခန်းမထဲမှ ထွက်လာကြပြီး မီးအိမ်သည် သူတို့အနားတွင် နိမ့်ချည်၊ မြင့်ချည် ပျံသန်းနေ၏။ မီးအိမ်ဆီမှ အလင်းရောင်က ပတ်ဝန်းကျင်တစ်ခွင်သို့ ပျံ့နှံ့နေသည်။
အဝေးရှိ နဂါးအိုကြီးဆီမှ မချိတင်ကဲ အော်သံများ နောက်တစ်ကြိမ် ကြားရသည်။ “ကောင်းကင်နဲ့ မြေပြင်က ပြောင်းလဲတယ်... လူသုံးဆယ့်ခြောက်ယောက်ရဲ့ မပြောင်းလဲတဲ့ ကိန်းသေတဲ့... မပြောင်းလဲတဲ့ ကိန်းသေ၊ သုံးဆယ့်ခြောက်... ဘာအဓိပ္ပါယ်လဲ”
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။
‘ဒီနဂါးအိုကြီးက နဂါးအရှင်လား ၊ နဂါးထိန်းဧကရာဇ်လား... ဒါမှမဟုတ် နောင်ကျ ရူးသွားမယ့် ရှေးဟောင်းနဂါးမင်းလား’
သူ ခံစားချက်မကောင်းတော့ပေ။ နဂါးထိန်းဧကရာဇ် သို့မဟုတ် ရှေးဟောင်းနဂါးမင်းသာ ဆိုလျှင် သူတို့နှစ်ယောက်လည်း ထိုနေရာတွင် ရှိနေမည်လား။
‘သင်္ဘောပေါ်မှာ သဲလွန်စတွေ ရှိနေလိမ့်မယ်’
သူ တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရလိုက်၍ မီးအိမ်အား အလျင်အမြန် တားလိုက်သည်။ “လင်းရှောင်၊ ကျန်တဲ့ယွီလင်နန်းစောင့်တပ်သားတွေ ဘယ်မှာလဲ... ဘာလို့ မင်းပဲ ဒီသင်္ဘောအပေါ်မှာ ကျန်ခဲ့တာလဲ... ကျန်တဲ့လူတွေ ဘယ်ရောက်သွားလဲ”
ငှက်ခေါင်းငလက်မလေးက မီးအိမ်၏ တံခါးရွက်တွင် ထိုင်နေသည်။ “တပ်မှူး မေ့သွားတာလား... နောက်က လိုက်ခဲ့ပါ”
သူက တောင်ပံခတ်လိုက်ရာ မီးအိမ်သည် အရှေ့သို့ ပျံသန်းသွား၏။
ချင်မူ ကပျာကယာ လိုက်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ‘ငါ့မှာ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးအမိန့်ပြား ရှိတယ်.... သူတို့က အမိန့်ပြားကို နာခံကြတာ လူကို နာခံကြတာ မဟုတ်ဘူး... နဂါးဟန်ခေတ်ရဲ့ သန်မာအားအကောင်းဆုံး တပ်ဖွဲ့ကို ငါ အုပ်ချုပ်နိုင်သွားရင် သင်္ဘောပေါ်က တခြားသူတွေကို ဖယ်ရှားပြီး သူတို့စွမ်းအားနဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်”
သင်္ဘောသည် ဧရာမကြီးမားလှ၏။ အရှေ့ပိုင်းတွင် အဆောက်အဦများ၊ ခန်းမများ တည်ရှိပြီး အနောက်ပိုင်းက စစ်သည်တော်များ လေ့ကျင့်ရာ ကွင်းပြင်ဖြစ်သည်။ ကွင်းပြင်သည် ကျယ်ဝန်းပြီး ညီညာပြန့်ပြူးနေ၏။ စစ်ရေးအခင်းအကျင်းများ လေ့ကျင့်ရန်အတွက် နတ်ဘုရားထောင်ဂဏန်းမျှ ကောင်းကောင်းဆန့်ချေသည်။
ချင်မူ ထိုနေရာသို့ ရောက်သည့်အခါ တစ်ခုခုလွဲနေသည်ကို ခံစားလိုက်ရသည်။ ထူးဆန်းစွာ သန်မာအားကောင်းနေသော အရှိန်အဝါများကို ရှင်းရှင်းလင်းလင်း ခံစားနေရသော်လည်း တစ်ယောက်မှ မမြင်ရပေ။
ရွာလူကြီးနှင့် နဂါးထိန်းဧကရာဇ်လည်း မျက်မှောင်ကြုတ်သွားကြ၏။ သူတို့လည်း နတ်ဘုရားထောင်ချီ၏ အရှိန်အဝါများကို ခံစားရသည်။ အရှိန်အဝါတစ်ခုစီတိုင်းက မယှဉ်သာလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။
သို့တိုင်အောင် ပတ်ဝန်းကျင်သို့ ကြည့်သည့်အခါ မည်သည့်နတ်ဘုရားကိုမျှ မမြင်ရပေ။
“တပ်မှူး၊ နောက်လှည့်လိုက်ပါ” မီးအိမ်ထဲရှိ ငလက်မလေးက ပြောသည်။
ချင်မူတို့လည်း သူ ပြောသည့်အတိုင်း နောက်လှည့်လိုက်ကြသည်။
“ဖြည်းဖြည်းချင်း ပြန်လှည့်ပါ”
ချင်မူတို့လည်း ဖြည်းဖြည်းချင်း ပြန်လှည့်နေစဉ် မျက်လုံးထောင့်စွန်းမှနေ၍ လေ့ကျင့်ရေးကွင်းပြင်ထက်၌ ရပ်နေကြသော နတ်ဘုရားများကို မြင်လိုက်ရသည်။ သို့တိုင်အောင် နတ်ဘုရားတို့ဆီ အကြည့်တည့်တည့်ရောက်သွားလျှင် ထိုကြောက်မက်ဖွယ်ရာ နတ်ဘုရားများမှာ တမုဟုတ်ချင်း လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။
ချင်မူ အလျင်အမြန် အရှေ့ပြန်လှည့်လိုက်သည့်အခါ နတ်ဘုရားထောင်ပေါင်းများစွာ ရပ်နေသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။ ခံညားထည်ဝါသော အသွင်အပြင်တို့ဖြင့် ရှိန်စရာကောင်းပါသော်လည်း နောက်တခဏတွင် ပြိုကွဲကွယ်ပျောက်သွားလေသည်။
ချင်မူ အရှေ့ပြန်လှည့်လိုက်လျှင် နတ်ဘုရားများကို ခံစားရသော်လည်း နောက်တခဏတွင် နောက်လှည့်ကြည့်ပါက နတ်ဘုရားတို့၏ ပုံရိပ်များ လွင့်ပျယ်သွားသည်ကိုသာ မြင်ရ၏။
“မြူခိုးတွေ တိုက်ခိုက်တုန်းက သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်တွေ ပြိုကွဲသွားပြီး မမြင်ရတော့ အခြေအနေထဲ ရောက်သွားတယ်... တစ်ယောက်ယောက် သူတို့ကို ကြည့်လိုက်တာနဲ့ လွင့်ပျယ်ပျောက်ကွယ်ကုန်ကြတယ်”
ငလက်မလေးတွင် ဝမ်းနည်းနေသော အမူအရာ ရှိ၏။ “ကြည့်လို့ မရသလို၊ ထိတွေ့လို့လည်း မရဘူး... ကျွန်တော်တစ်ယောက်ပဲ ကံကောင်းပြီး မြူခိုးတွေထဲက ကောင်းကင်နတ်သိုင်းနဲ့ မထိခဲ့တာ... အဲဒီတုန်းက တပ်မှူးက မီးအိမ်ထဲက နေကို ငြှိမ်းလိုက်လို့ ကျွန်တော်လည်း လွတ်မြောက်လာခဲ့တာပါ”
ချင်မူ အနည်းငယ် ငေးငိုင်သွားပြီး သူ့နဖူးမှ ချွေးများ စီးကျလာတော့သည်။ “ဒီတစ္ဆေသင်္ဘောက အချိန်နဲ့နေရာကို သုံးဆယ့်ခြောက်ကြိမ် ဖြတ်သွားမှာလား.... သုံးဆယ့်ခြောက်ကြိမ်က တစ်ပတ်လား”
မီးအိမ်ထဲရှိ ငလက်မလေးက ခေါင်းညိတ်ပြသည်။
ချင်မူ့နဖူးမှ ချွေးများစီးကျလာ၏။ “ဒါဖြင့် ငါတို့ အဲဒီကောင်းကင်နတ်သိုင်းနဲ့ ထိသွားရင် ယွီလင်နန်းစောင့်တပ်ဖွဲ့လို မမြင်ရတော့တဲ့ ဒြပ်ထုတွေ ဖြစ်သွားမှာပေါ့”
ငလက်မလေးက ခေါင်းယမ်းသည်။ “တပ်မှူး လွတ်သွားပါတယ်... ဒီသင်္ဘောပေါ်မှာ အကြာကြီး နေပြီးမှ သေသွားတာ”