← Chapters

ပြန်လာခြင်း

Vol. 9 Ch. 25

ပြန်လာခြင်း

Vol. 9 Ch. 25

အေမီရဲ့အသိစိတ်က ပင်လယ်ကြီးတစ်ခုထဲကို နစ်ဝင်သွားသလိုမျိုး ခံစားလိုက်ရတယ်။ အေမီက ကြားခံနယ်တစ်ခုကို သူ့ရဲ့ဒေတာတွေနဲ့ဖန်တီးခဲ့တာဖြစ်ပြီး မက်ဒါနာရဲ့မြူတန့်စွမ်းအားဖြစ်တဲ့ နည်းပညာတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့စွမ်းအားကို ဆက်သွယ်ခဲ့တာပါ။ အခုတော့ အေမီရဲ့ဒေတာတွေက မက်ဒါနာရဲ့သိစိတ်နယ်အတွင်းမှာ သွားလာနိုင်နေပါပြီ။

“မမလေး....” အေမီက အသိစိတ်နယ်ထဲမှာ သွားလာနေရင်းနဲ့ ပင်လယ်အနက်ပိုင်းမှာ ရေနစ်နေသူလိုမျိုး မျောလွင့်ပြီးမလှုပ်ရှားနိုင်၊ ပြန်မတုံ့ပြန်နိုင်ဖြစ်နေတဲ့ မက်ဒါနာကို ရှာတွေ့ပြီး ချဥ်းကပ်သွားလိုက်တယ်။

“ဂါး....” မက်ဒါနာရဲ့နောက်ကနေ ဧရာမကျားဖြူပုံရိပ်ကြီး ပေါ်ထွက်လာပေမဲ့ အေမီကလည်း မြွေနဂါးကိုသုံးပြီး ကျားဖြူကိုပြန်ရင်ဆိုင်လိုက်တယ်။ အဲဒီသတ္တဝါကြီးနှစ်ကောင် နယ်မြေအတွင်း တိုက်ခိုက်နေချိန်မှာတော့ အေမီက မက်ဒါနာရှေ့ကိုရောက်လာပြီး အိပ်မက်ဆိုးတွေမက်နေသလို တုန်ရင်နေတဲ့ မက်ဒါနာရဲ့မျက်နှာလေးနဲ့ပါးပြင်နှစ်ဖက်ကို လက်ဖဝါးတွေနဲ့ဖိကပ်ထားလိုက်တယ်။

“သခင်မလေး၊ ထပါတော့။” အေမီက ပြောလိုက်ပါတယ်။ သူ့ရဲ့နူးညံ့တဲ့ အထိအတွေ့ကြောင့် မက်ဒါနာရဲ့ကြုတ်ထားတဲ့ မျက်မှောင်တွေလျော့ကျသွားပြီး သိပ်မကြာခင်မှာပဲ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက မျက်ရည်တွေဝိုင်းနေပြီး အချိန်မရွေးငိုချတော့မလိုပဲ။

အေမီကိုမြင်တော့ မက်ဒါနာက ပါးစပ်ကိုဟလိုက်ပြီးတစ်လုံးချင်း ပြောလိုက်ပါတယ်။ “အေမီ၊ နင်ငါ့ကို စိတ်မပျက်ဘူးလား။”

အေမီကတော့ ပြုံးထားဆဲပဲ။ သူ့အပြုံးကိုမြင်တော့ မက်ဒါနာက ထိန်းမထားနိုင်တော့ဘဲ ငိုချမိတယ်။ အေမီကတော့ လက်ချောင်းလေးတွေနဲ့မက်ဒါနာရဲ့မျက်ရည်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။

“ကျွန်မက သခင်မလေးကို ဘယ်လိုလုပ်ပြီး စိတ်ပျက်နိုင်မှာလဲ။ သခင်မလေးက ကျွန်မအတွက် အရာရာပါ။” အေမီက ပြောလိုက်တယ်။ မက်ဒါနာက အေမီနဲ့အကြည့်ချင်းမဆုံမိအောင် ကြိုးစားနေပေမဲ့ အေမီကတော့ မက်ဒါနာရဲ့မျက်လုံးအိမ်ကို စေ့စေ့လိုက်ကြည့်နေတယ်။

“အေမီ၊ ငါက နင့်အတွက် ပြီးပြည့်စုံတဲ့ သခင်မလေးတစ်ယောက်မဟုတ်ဘူးနော်။” မက်ဒါနာက မျက်လွှာချထားလိုက်ပြီး အေမီကိုပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မက်ဒါနာရဲ့လက်တွေက အေမီရဲ့ပခုံးကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ အေမီကို သူမျက်နှာချင်းမဆိုင်ရဲပေမဲ့ တစ်ချိန်တည်းမှာပဲ အေမီထွက်သွားမှာကို မလိုလားပြန်ဘူး။

သူတို့အထက်မှာတော့ မြွေနဂါးနဲ့ကျားဖြူရဲ့တိုက်ပွဲက ရှေ့ဆက်နေဆဲပါ။ အေမီက သခင်မလေးရဲ့လက်တွေကို ပြန်ဆုပ်ကိုင်လိုက်တယ်။ အခုသူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ဖွဖွလေးဆုပ်ကိုင်ထားမိကြတယ်။

“သခင်မလေးက မပြိးပြည့်စုံတာကြောင့်ပဲ ကျွန်မကိုလိုအပ်နေခဲ့တာမဟုတ်လား။ ဒါကြောင့် ကျွန်မက ပြီးပြည့်စုံတဲ့ မမလေးကို မလိုချင်ပါဘူး။ ကျွန်မကို လိုအပ်နေမယ့် မပြီးပြည့်စုံတဲ့ မမလေးကိုပဲလိုချင်ပါတယ်။” မျောလွင့်နေရင်းကနေ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေက ပိုပြီးနီးကပ်လာတယ်။

“ဒါ... ဒါပေမဲ့ ငါက အမြဲအရှုပ်တွေလုပ်မိနေပြီးတော့အမြဲတမ်း နင်ပဲလိုက်ရှင်းနေရတာမဟုတ်လား။”

မက်ဒါနာက အေမီ့အကြည့်ကိုရှောင်ဖို့ သူ့ခေါင်းကို တစ်ဖက်စောင်းလိုက်ပေမဲ့ အေမီက မက်ဒါနာရဲ့မေးကို ဆုပ်ကိုင်ပြီးတော့ မျက်နှာကို တည့်မတ်ပေးလိုက်ပါတယ်။

“ကျွန်မရဲ့တာဝန်က မမလေးကို ဂရုစိုက်ပေးဖို့ပဲ မဟုတ်ဘူးလား။ မမလေး တလွဲလုပ်မိတာတွေအားလုံးကို ကျွန်မက လိုက်ပြီးပြုပြင်ပေးရမှာပါ။”

“ဒါ... ဒါပေမဲ့ ငါက ပြုပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့မိရင်ရော။”

မက်ဒါနာက စိုးရိမ်စွာနဲ့ မေးလိုက်ချိန်မှာတော့ အေမီက ရုတ်တရက် မက်ဒါနာရဲ့ခါးပေါ်ကို လက်တင်ပြီး ရင်ခွင်ထဲဆွဲပွေ့လိုက်တယ်။ မက်ဒါနာကလည်း အေမီကို ပြန်ပြီးပွေ့ဖက်ထားလိုက်မိတယ်။

“ဒါဆိုရင်လည်း ဖြစ်လာတဲ့အကျိုးဆက်တွေကို မမလေးနဲ့အတူရင်ဆိုင်ရင်း ဖြတ်ကျော်ချင်ပါတယ်။”

အေမီက စကားဆုံးတဲ့နောက် မက်ဒါနာရဲ့နှုတ်ခမ်းပေါ်ကို အနမ်းမိုးရွာသွန်းလိုက်တယ်။ မက်ဒါနာကတော့ မျှော်လင့်မထားတဲ့အနမ်းကြောင့် စိတ်တွေဗလာကျင်းသွားပြီ။ သူတို့ရဲ့အပေါ်မှာတော့ ကျားဖြူရဲ့ပုံရိပ်က တဖြည်းဖြည်းဝေဝါးလာတယ်။ ကြေကွဲနေခဲ့တဲ့ မက်ဒါနာရဲ့စိတ်တွေက ပြန်လည်စုစည်းလာပြီဖြစ်လို့ ကျားဖြူအနေနဲ့ မက်ဒါနာကို ဆက်ပြီးထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ဝုန်း....

အဲဒီနောက်တော့ မက်ဒါနာကိုယ်တိုင် မသိစိတ်နဲ့ဖန်တီးထားမိတဲ့ ကြောက်စရာကောင်းတဲ့ အထီးကျန်စိတ်နယ်ပယ်ဟာ တဖြည်းဖြည်းချင်း ပြိုကျလာပါတော့တယ်။

...

“ဟယ်... ဟယ်... အစ်မကြီးအေမီက မေမေမက်ဒါနာကို နမ်းလိုက်တယ်။”

ဘေးကနေကြည့်နေတဲ့ လီဆာရဲ့စကားသံကိုကြားမှ မျက်လုံးကို တကယ်ဖွင့်ကြည့်လိုက်တော့ အေမီရဲ့နူးညံ့တဲ့နှုတ်ခမ်းလေးက သူ့နှုတ်ခမ်းနဲ့တကယ်ထိကပ်နေတာကို မက်ဒါနာသတိထားမိလိုက်တယ်။ သူတို့နှစ်ယောက်လုံးက ခြေဖျားထောက်ထားပြီးတော့ တစ်ယောက်ကိုတစ်ယောက်နမ်းနေကြတာ။

“အဟမ်း... အေမီရေ၊ တော်သင့်ပြီမဟုတ်ဘူးလား။”

မက်ဒါနာလည်း ရှက်သွေးဖြာသွားပြီး အေမီကိုပခုံးကနေကိုင်ကာ ဆွဲခွာလိုက်ရတယ်။ အေမီကလည်း မက်ဒါနာကို အဓိပ္ပါယ်ပါပါနဲ့ပြုံးပြနေဆဲဖြစ်ပြီး လက်ကလေးကိုနောက်ပစ် ဟန်မူပိုကာ လမ်းလျှောက်ပြတယ်။

အေမီနောက်ကိုဆုတ်သွားပြီးတဲ့နောက်မှာတော့ လီဆာက စိတ်မထိန်းနိုင်တော့ဘဲ မက်ဒါနာကိုပြေးဝင်ဖက်တယ်။ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေရှိနေတဲ့အပြင် ကြွက်သားအပြည့်နဲ့နဂါးမလေးဖက်တာကို ခံလိုက်ရတဲ့အတွက် မက်ဒါနာထအော်မိလုမတတ်ပဲ။

“အီး... တော်သေးတာပေါ့၊ မေမေမက်ဒါနာ ပြန်ရောက်လာပြီ။ နောက်ဆို သမီးမေမေမက်ဒါနာကို ထားမသွားတော့ပါဘူး။”

လီဆာရဲ့အပြုအမူက မက်ဒါနာကို အံ့ဩစေခဲ့ပါတယ်။ ဘယ်လောက်ပဲ သူ့ဆုံးဖြတ်ချက်တွေကို ကျားဖြူက လွှမ်းမိုးခဲ့ပါစေဦးတော့ ကျားဖြူက သူ့အတ္တကို အသုံးချပြီးတော့ ဖြည်းဖြည်းချင်း သိစိတ်ကို စိုးမိုးခဲ့တာပါ။ တစ်နည်းအားဖြင့်တော့ လီဆာရဲ့နှလုံးသွေးကြောကို ထုတ်ယူမယ့်အကြံကို လက်ခံခဲ့တာ သူဖြစ်နေတုန်းပဲ။

“လီဆာ၊ နင်ငါ့ကို စိတ်မဆိုးဘူးလား။” မက်ဒါနာမေးတော့ လီဆာက မက်ဒါနာကို ပိုတင်းတင်းဖက်ထားရင်းကနေ ခေါင်းလေးမော့ပြီးပြန်ဖြေတယ်။ လီဆာက ငိုရုံတင်မကဘဲ သူ့နှာခေါင်းကပါ နှာရည်တွေတွဲကျနေပြီ။

“သမီးက မေမေ့ကိုမမုန်းပါဘူး။ ပြီးတော့ မေမေဒီအခြေအနေထိရောက်အောင် တွန်းပို့မိတာလည်း သမီးပဲလေ။”

မက်ဒါနာက သူ့ရင်ဘတ်ကို နှပ်တွေနဲ့သုပ်နေတဲ့ နဂါးပေါက်ကို နှင်ထုတ်ချင်ပေမဲ့ ကလေးလေးလိုမျိုးငိုကြွေးနေတဲ့အတွက်ကြောင့် သနားလည်းသနားမိနေပြန်ရော။ နောက်တော့ ဝိရောဓိဖြစ်မှုကို သက်ပြင်းချအဆုံးသတ်ရင်း လီဆာကို သူ့ပေါ်မှာဆက်ငိုခွင့်ပေးလိုက်တယ်။

“သမီးသာ စိတ်ဆိုးပြီးတော့ အဆင်ခြင်မဲ့လျှောက်မသွားခဲ့ရင် ရေဂင်ဖမ်းတာခံရမှာလည်းမဟုတ်ဘူး။ အစက စီစဥ်ထားသလို မေမေမက်ဒါနာနဲ့အတူတူ ပူးပေါင်းပြီးသူ့ကိုတိုက်ခဲ့မယ်ဆိုရင် မေမေမက်ဒါနာလည်း ကိုယ့်ကိုယ်ကိုယ်ဖိအားပေးမိပြီး ကျားဖြူလက်ထဲ ရောက်သွားမှာမဟုတ်ဘူး။”

မက်ဒါနာက အေမီကိုကြည့်လိုက်တော့ အေမီကလည်း တန်ပြန်အတည်ပြုတဲ့အနေနဲ့ ပြောလိုက်ပါတယ်။ “ဟုတ်ပါတယ်မမလေး၊ နဂိုကတည်းက မမလေးကို ကျားဖြူဝိညာဥ်က လွှမ်းမိုးနေခဲ့ပေမဲ့ ကျားဖြူရဲ့Magnificient Skillကို အသုံးပြုပြီးတဲ့အချိန်မှ ကျားဖြူက မမလေးကို တိုက်ရိုက်ထိန်းချုပ်နိုင်သွားတာပါ။”

မက်ဒါနာက မေးကိုကိုင်ပြီးတော့ စဥ်းစားကြည့်ရင်း ခန့်မှန်းခြေတစ်ခုကို ပြောလိုက်တယ်။ “ဒီအတိုင်းဆိုရင် စောင့်ရှောက်သူသားရဲတွေရဲ့ဆိုးကျိုးက သူတို့ရဲ့Magnificient Skillကို အသုံးပြုချိန်မှာ အကြီးဆုံးဖြစ်ရုံတင်မကဘဲ သူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းတွေကလည်း အဲဒီအချိန်မှာအများဆုံးပဲ။ နောက်ဆိုရင် အဲဒီအစွမ်းမျိုးသုံးတဲ့အခါ သတိထားရမယ်။”

မက်ဒါနာက ခေါင်းညိတ်နေရင်းကနေ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပြီး အေမီကိုကြည့်လိုက်ပါတယ်။ “နေစမ်းပါဦး၊ အေမီ။ ဒီအတိုင်းဆို နင်က အခုလိုဖြစ်လာမယ်မှန်း ကြိုသိနေတာပေါ့လေ။ ငါ့ကို ဘာလို့သတိမပေးတာလဲ။”

အေမီကတော့ စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုပ်လိုက်ရင်း မက်ဒါနာကို ပြန်တုံ့ပြန်ပါတယ်။ “ကျွန်မလည်း မမလေးကို ကျားဖြူအစွမ်းတွေ စွတ်မသုံးဖို့ပြောခဲ့သားပဲ။ မမလေးမှနားမထောင်တာ။ တိုက်ရိုက်ပြောရင်ကျ ကျားဖြူဝိညာဥ်က မမလေးကို တစ်ခုခုလုပ်မှာစိုးလို့ပါ။”

မက်ဒါနာက သက်ပြင်းချလိုက်တယ်။ ကံကောင်းစွာနဲ့ သူ့ကိုကူထိန်းပေးမယ့် အေမီရှိပေလို့ပဲ။ အဆိုးထဲက အကောင်းကတော့ အေမီနဲ့စေဘာစတိန်းက မြွေနဂါးကိုဖမ်းချုပ်နိုင်သွားပြီး အယ်ဖာအဆင့်ရောက်သွားတာပါ။

“မေမေ၊ အဲဒါနဲ့ဖရန့်အတွက်ကျ ဘယ်လိုဆက်လုပ်မှာလဲ။ သူ့အတွက်က အချိန်သိပ်မကျန်တော့ဘူးမဟုတ်လား။ သမီးနှလုံးသွေးကြော တကယ်ပေးဖို့လိုမယ်ဆိုလည်း ပေးပါတော့မယ်။”

လီဆာက သူတစ်ကိုယ်ကောင်းဆန်ပြီး ခံငြင်းခဲ့မိလို့ မက်ဒါနာအခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး အဲဒီနည်းလမ်းကို လက်ခံဖို့ဆုံးဖြတ်လိုက်တာပါ။ ဒါပေမဲ့ မက်ဒါနာကတော့ ခေါင်းခါလိုက်ပြီး လီဆာရဲ့နဖူးပေါ်က ဆံစလေးတွေကို ရှင်းပေးလိုက်လေရဲ့။

“တကယ်တော့ အဲဒီနည်းလမ်းက ငါတို့ရဲ့နောက်ဆုံးအားကိုးရာပါ။ မေမေက တစ်ကိုယ်ကောင်းဆန်ပြီးတော့ တစ်ချိန်လုံးမကောင်းတာတွေလုပ်ခဲ့မိတာ။ ဒီထက်ပိုကောင်းတဲ့နည်းလမ်းတွေကိုရှာဖို့ အမေတို့မှာ နည်းလမ်းရှိချင်ရှိဦးမှာ။ တကယ်လို့ သမီးလေးရဲ့နှလုံးသွေးကြောကို လိုလာတယ်ဆိုရင်တောင်မှ စိတ်ချလက်ချနဲ့ထုတ်လို့ရမယ့်နည်းလမ်းကို မေမေရှာပေးမယ်။”

လီဆာက မက်ဒါနာကို ကြောင်ပြီးစိုက်နေနေတယ်။ အဲဒီနောက်တော့ မျက်ရည်တွေကျလာပြီးတော့ မက်ဒါနာကို တင်းတင်းထဖက်တော့တာပဲ။

“ရေး၊ မေမေမက်ဒါနာက သမီးကို သမီးလို့ခေါ်လိုက်ပြီ။”

“ဟဲ့... ဟဲ့ကောင်မလေး၊ ငါ့နံကြားမှာ အညိုအမည်းတွေနဲ့လေ။” မက်ဒါနာက အလန့်တကြားနဲ့ထအော်တယ်။ အေမီကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း ပြုံးနေလေရဲ့။

...

နယူးယောက်ကိုပြန်ဖို့အတွက် လေယာဥ်ပေါ်ရောက်တော့ မက်ဒါနာ၊ လီဆာနဲ့အေမီက တစ်ခုံတည်းထိုင်ဖြစ်ကြတယ်။ ထိုင်လို့သိပ်အဆင်မပြေပေမဲ့ သုံးယောက်အတူထိုင်လို့ရအောင်ဆိုပြီး လီဆာက သုံးခုံတွဲတစ်လိုင်းစီထားတဲ့ စီးပွားရေးတန်းမှာ ခုံမှာလိုက်တာလေ။

အေမီက ဘာကြောင့်မှန်းမသိပေမဲ့ မက်ဒါနာရဲ့လက်ကို အခုထိကိုင်ထားတုန်းပဲ။ လီဆာကတော့ မက်ဒါနာရဲ့ပခုံးကိုမှီရင်း အိပ်မောကျနေတယ်။ နယူးယောက်လေဆိပ်ကိုဆင်းတော့ ရင်းနှီးနေတဲ့သူတွေ သူတို့ကိုလာကြိုနေတာ တွေ့လိုက်ရရော။

“မေမေလင်ဒါ... သမီးကိုလာကြိုတာလား။” ပင်မဟောခန်းထဲရောက်တော့ မက်ဒါနာလို့ဆိုင်းဘုတ်ထောင်ထားတဲ့နေရာမှာရပ်နေတဲ့ လင်ဒါကို လီဆာကတွေ့သွားပြီး ပြေးဖက်တယ်။ လင်ဒါကလည်း လီဆာကို စီးကြိုပြီးဖက်ကာ နှုတ်ဆက်ပါတယ်။

“လီဆာတောင် ထွားလာပြီပဲ။” လင်ဒါက ပြောလိုက်ပေမဲ့ လီဆာကတော့ ကလေးဆန်နေတုန်း။ မက်ဒါနာကတော့ လင်ဒါရဲ့ယူနီဖောင်းက ခါတိုင်းလိုနက်ပြာမဟုတ်ဘဲ ကာကီရောင်ဖြစ်နေလို့ အံ့ဩသွားတယ်။

“လင်ဒါ... နင့်ရဲယူနီဖောင်းက ပြောင်းသွားတာလား။”

ဘရာဇီးရောက်နေတုန်း ဖရာလီတာနဲ့လင်ဒါအကြောင်း အနည်းအပါးစကားပြောဖြစ်တာကြောင့် လင်ဒါ ရဲမေပြန်လုပ်နေမှန်းတော့ မက်ဒါနာသိပါတယ်။ ဘာလို့ယူနီဖောင်းပြောင်းသွားမှန်းတော့ မက်ဒါနာမသိ။

“ဒီတော့ နင်သတင်းမရသေးဘူးပေါ့။ ငါငြိမ်ဝပ်ပိပြားရေးအရာရှိဝင်ရွေးတာ အရွေးခံလိုက်ရပြီလေ။ အခုကစပြီး ငါက ကွင်းနယ်မြေစခန်းမှူးမဟုတ်တော့ဘူး။ နယူးယောက်ကောင်တီတစ်ခုလုံးရဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိပဲ။”

မက်ဒါနာက ကောင်းတာလားဆိုးတာလားမသိပေမဲ့ လင်ဒါရဲ့အရင်ကထက်ပိုပြီး ယုံကြည်မှုလွန်ကဲနေတဲ့ မျက်နှာကိုကြည့်ရင်းကနေ စိတ်သက်သာရာရသွားတယ်။

“အင်းပါ၊ နင်အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ။”

မက်ဒါနာက လင်ဒါကိုပြောတော့ လင်ဒါက မက်ဒါနာကို လစ်လျူရှုထားဖို့ကြိုးစားပေမဲ့ လီဆာက လင်ဒါကိုဖက်ထားရင်းကနေ ပြောလိုက်ပါတယ်။

“မေမေလင်ဒါ၊ မေမေမက်ဒါနာက သမီးကိုဖိအားမပေးတော့ပါဘူး။ ဒါပေမဲ့ လိုအပ်လာရင်တော့ သမီးက ဦးလေးဖရန့်ကို ကူညီပေးမှာပါ။ ဒါကြောင့်မလို့ မေမေမက်ဒါနာကို မေမေလင်ဒါစိတ်မဆိုးနဲ့တော့နော်။”

မက်ဒါနာက နှလုံးသွေးကြောကိစ္စကို လက်လျှော့လိုက်ပြီဆိုတာကြားတော့ လင်ဒါက သက်ပြင်းရှည်ကြီးချလိုက်ပြီး မက်ဒါနာရှေ့မှာရပ်လိုက်တယ်။ အဲဒီနောက်တော့ လင်ဒါက မက်ဒါရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီးပြောတယ်။

“နင့်ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားပြီးပြင်ပေးခဲ့လို့ ကျေးဇူးပါဟာ။” လင်ဒါက အများကြီးမပြောပေမဲ့ သူ့ရင်ထဲမှာရှိနေတဲ့ အပူလုံးကြီးကျသွားမှန်းသိနိုင်တယ်။ လင်ဒါက မက်ဒါနာကို ခနလောက်ကြာတဲ့အထိ ဖက်ထားပြီးတဲ့နောက် မက်ဒါနာကိုလွှတ်ပေးလိုက်တယ်။

ဒီတော့မှ မက်ဒါနာလည်း သူတို့နဲ့အတူရှိနေသေးတဲ့ နောက်တစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ ဖရာလီတာပါ။ ခါတိုင်းလိုပဲ ဂါဝန်လှလှလေးကိုဝတ်ထားပြီး မက်ဒါနာနဲ့တို့ကို တစ်ချိန်လုံးလက်ပိုက်ကြည့်နေခဲ့တာ။

“မကြီးမငယ်နဲ့ ကလေးပုံစံဖမ်းနေတာ။ အပိုတွေ... ဟွန့်...” ဖရာလီတာက လီဆာကိုကြည့်လိုက်ရင်းနဲ့ ပြောတယ်။ လီဆာကတော့ ဖရာလီတာကြောင့် မကျေမနပ်ဖြစ်သွားပုံပေါ်ပြီး လက်သီးထောင်ပြတယ်။ ဖရာလီတာကလည်း လက်ထဲမှာကိုင်ထားတဲ့ စစ်သင်္ဘောရီမုဘောလုံးကြီးကိုမြှောက်ပြတယ်။ မကျေနပ်ရင် ချမလားဆိုတဲ့သဘော။

ပြောရရင် ဖရာလီတာနဲ့လီဆာက အသက်အရွယ်ချင်း သိပ်မကွာဘူး။ ဒါပေမဲ့ လီဆာက ကလေးဆန်ပြီး မက်ဒါနာနဲ့လင်ဒါကို သမီးတစ်ယောက်လိုချွဲနေချိန်မှာ ဖရာလီတာကတော့ လူကြီးဆန်ချင်ယောင်ဆောင်ပြီးတော့ မက်ဒါနာကို သူ့ရဲ့မင်းသမီးလေးလုပ်ဖို့ ကြိုးစားနေတာလေ။ နှစ်ယောက်ရဲ့စရိုက်က အကွာကြီးရယ်။ ဘယ်တစ်ယောက် ကလေးတစ်ယောက်အနေနဲ့ ပိုလိမ္မာလဲတော့ မက်ဒါနာမပြောတတ်ဘူး။

“အား... မက်ဒါနာ၊ နင်ကတော့ မဆင်မခြင်နဲ့ဖီးနစ်ပုံစံကို ထပ်သုံးလာပြန်ပြီနဲ့တူတယ်။ ဒီအတိုင်းဆိုရင် တော့... ဟူး...” ဖရာလီတာက မက်ဒါနာရဲ့ခန္ဓာကိုယ်ကို တစ်ပတ်ပြည့်အောင် ပတ်ကြည့်ပြီးတော့ သက်ပြင်းချတယ်။

ဖီးနစ်ပုံစံကြောင့် အသက်ဓာတ်တွေလောင်ကျွမ်းနေရတဲ့အတွက် မက်ဒါနာပုံစံက သက်လတ်ပိုင်းဖြစ်နေပြီ။ ဒီတော့ ဖရာလီတာပြောလည်း ပြောချင်စရာပဲ။ ဒါပေမဲ့ မက်ဒါနာက ဖရာလီတာရဲ့လေသံကို နည်းနည်းလေးမှ သဘောမကျဘူး။

“ဘာလဲ... နင်က ငါ့ကိုအဒေါ်ကြီးဖြစ်နေပြီလို့ ပြောချင်တာလား။” မက်ဒါနာက လက်သီးကိုဆုပ်ပြီး ဖရာလီတာကို ခေါင်းခေါက်မယ်လုပ်တော့ သူကောင်းမျိုးမလေးက လင်ဒါနောက်ဝင်ပုန်းတယ်။

“မ... မဟုတ်ပါဘူး... နင်က ဝိုင်လိုပဲ နှစ်ချို့လေလှလာလေဆိုပေမဲ့ ဒီအတိုင်းဆိုရင် သက်တမ်းကုန်ပြီး သေလိမ့်မယ်။ ဒါဆိုရင် ငါလည်းဝမ်းနည်းရမှာ။”

အေမီကလည်း ရှေ့တက်လာပြီးတော့ ဖရာလီတာဘက်ကနေ ထောက်ခံပြီးပြောပါတယ်။ “သခင်မလေး ဖရာလီတာပြောတာမှန်ပါတယ်ရှင့်၊ မမလေး။ မမလေးက လပိုင်းအတွင်းမှာပဲ သက်တမ်းနှစ်ဆယ်ကျော်နီးပါးကို သုံးပစ်ပြီးပါပြီ။ ဒီအတိုင်းဖီးနစ်ကို ဆက်သုံးနေရင် သေသွားပါလိမ့်မယ်။”

မက်ဒါနာက ကြမ်းပြင်ကို ငုံကြည့်လိုက်တယ်။ သူ့မှာရွေးစရာမရှိတော့သလို ခံစားနေရတယ်။ “ဒါပေမဲ့ ကျားဖြူပုံစံရဲ့ဆိုးကျိုးက ငါ့ကိုရော တခြားသူတွေကိုပါ နာကျင်စေနိုင်တယ်မဟုတ်လား။ နောက်ထပ်တိုက်ပွဲဖြစ်ရင် ဖီးနစ်ပုံစံကိုသုံးတာ ပိုစိတ်မချရဘူးလား။”

“အခုအတောအတွင်းတော့ မစိုးရိမ်ပါနဲ့မမလေး။ ကျွန်မက မမလေးအစား တိုက်ပွဲဝင်ပေးပါ့မယ်။”

အေမီက မြွေနဂါးအမှတ်အသားရှိနေပြီဖြစ်တဲ့ စေဘာစတိန်းရဲ့သေတ္တာကို ပုတ်ပြလိုက်တယ်။ အခုအေမီမှာ စောင့်ရှောက်သူသားရဲတွေနဲ့ဆင်တူတဲ့ သားရဲတစ်ကောင်ရှိနေတယ်။ မြွေနဂါးမှာလည်း ဆိုးကျိုးရှိပုံရပေမဲ့ စက်ရုပ်ဖြစ်တဲ့အေမီကို သိပ်ထိခိုက်ပုံမရဘူး။ လောလောဆယ်အထိပေါ့။

“ပြီးတော့ မက်ဒါနာ၊ သက်တမ်းကိစ္စကို နင်သိပ်ပြီး စိုးရိမ်မနေပါနဲ့။ အစကတည်းက ဒီပြဿနာကကြီးလာနိုင်မှန်း ငါရိပ်မိလို့ သုတေသနလုပ်နေပါတယ်။ အခုအထိတော့ သီအိုရီအဆင့်ပဲ ရှိနေသေးပေမဲ့ပေါ့။”

ဖရာလီတာကလည်း ဝင်ပြောလိုက်တယ်။ “ဆဲလ်တွေကို ပြန်လည်နုပျိုအောင်လုပ်တဲ့နည်းပေါ့။ ငါကတော့ ဖြစ်နိုင်မယ်လို့ထင်တာပဲ။ ဒါပေမဲ့ ဖြစ်နိုင်ခြေက တအားနည်းလွန်းတယ်...”

“ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါနော်။ ဖရာလီတာ။”

မက်ဒါနာက ဖရာလီတာခေါင်းလေးကို ပုတ်ပေးတယ်။ ဖရာလီတာက ဒီတစ်ခါတော့ ရှောင်မထွက်ဘဲ ခေါင်းပုတ်ခံတယ်။ အဲဒီအစား မက်ဒါနာရဲ့လက်တွေကို သူက ဖမ်းဆုပ်လိုက်ပြီးတော့ လက်ညိုးလေးတစ်ချောင်းကို ရှေ့ထုတ်လာတယ်။

“ဟေး၊ မက်ဒါနာ။ ငါ့သုတေသနမအောင်မြင်ခင် ဒီအတောအတွင်းမှာ နင်ငါ့ကို ကတိတစ်ခုပေးနိုင်မလား။”

“အင်း၊ ဘာကတိလဲ။”

“ဘာအကြောင်းပဲရှိရှိ ဖီးနစ်ကို မသုံးဘူးလို့ နင်ငါ့ကို ကတိပေး။”

ဖရာလီတာရဲ့တောင်းဆိုမှုကြောင့် မက်ဒါနာအံ့ဩမိသွားတယ်။ ဒါပေမဲ့ အဓိပ္ပါယ်တော့ရှိပါတယ်။ ဖရာလီတာက သူ့ကိုတကယ်စိတ်ပူနေတာ။ ပြီးတော့ သူကိုယ်တိုင်လည်း ဖြစ်နိုင်ရင် တခြားသူတွေကိုထားပြီး အစောကြီးထွက်မသွားချင်သေးတာကြောင့် ဖရာလီတာရဲ့လက်သန်းကို ပြန်ပြီးသူ့လက်သန်းနဲ့ချိတ်လိုက်တယ်။

“ကောင်းပြီလေ၊ ကတိ။”

ဖရာလီတာက သူလိုချင်တဲ့ကတိကို ရလိုက်တာကြောင့် ပြုံးလိုက်တယ်။ မက်ဒါနာက ခနနေတော့ တစ်ခုခုထူးခြားနေတာကို သတိထားမိလိုက်ပြီး မေးပါတယ်။

“တခြားတွေရော... မစ်ရှင်ထွက်နေကြတာလား...”

မက်ဒါနာကမေးတော့ ဖရာလီတာက ခေါင်းညိတ်ပါတယ်။ “ပိုးကောင်တွေက အရှေ့ဘက်ကမ်းရိုးတန်းကို လက်မလျှော့သေးလို့ ဆိုဖီယာနဲ့ဖရက်က ရှေ့တန်းမှာကျန်နေခဲ့ငေးတယ်။ ငါက နင်ပြန်လာမယ်ဆိုလို့ ခနပြန်လာတာ။ ပြီးရင်ပြန်သွားရဦးမှာ။ ဖလေရာကတော့ ပိုးစုန်းကြူးအမြောက်တွေကိုတန်ပြန်မယ့် တိုက်ပွဲသုံးဒိုင်းကာစနစ်ကိုစမ်းဖို့ ကုမ္ပဏီဌာနချုပ်မှာရှိနေတယ်။ ငါမအားတော့ အဲဒီအပိုင်းတွေ သူတာဝန်ယူထားရတယ်လေ။”

အားလုံး ကြိုးစားနေကြတာတွေ့တော့ မက်ဒါနာပြုံးလိုက်မိတယ်။ “ကဲ၊ အခုတော့ ကျောင်းကိုအရင်ပြန်ကြတာပေါ့။ ပြီးရင် ဖရန့်ကိုသွားတွေ့ကြမယ်လေ"

All Chapters