ပြဿနာ မရှိဘူးဆိုတာ သေချာလား…
Vol. 55 Ch. 812
ထိုည လင်းရီ ကုတ်ရေးပြီး နားသင့်ပြီဟု ထင်သည့်အချိန်တွင် ကျန်းရှောင်ယွီမှ ဖုန်းဆက်လာခဲ့၏။
“ ဘာကိစ်စလဲ…”
“ အစ်ကိုရီ… မကောင်းတော့ဘူး… Dou yu နဲ့ ခွိုက်ရှုံ ပလတ်ဖောင်းပေါ်တွေမှာ ရှင်က ရုပ်ဆိုးလို့ ကြည့်ရှုသူတွေကို ရှင့်ရဲ့ စိတ်နေစိတ်ထားနဲ့ ဆွဲဆောင်နေတယ်ဆိုပြီး နာမည်ကြီးနေပြီ…”
လင်းရီ စိတ်တစ်ခုလုံး ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
“ ဘယ့်နှယ့်…. အဲ့တာ ဘယ်လိုစွပ်စွဲချက်ကြီးတုန်းဟ….”
“ ကွန်းမန့်တွေက ထူးဆန်းနေတယ်ဆိုရင်တောင် အဲ့တာက တကယ်ကြီးဆိုတာ ယုံတဲ့သူတွေလည်း ရှိကြတယ်…” ကျန်းရှောင်ယွီ စိတ်လောနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ တစ်ချို့ဆို လွန်လွန်ကြူးကြူးကြီးတွေ… သူတို့ကိုယ်သူတို့ ရှင့် ရည်းစားဟောင်းတွေဆိုပြီး ရှင့်မျက်နှာက မီးလောင်ခံထားရတယ်ဆိုပြီး ပြောနေကြတယ်…”
“ တစ်ချို့က ရှင် ကောလိပ်မှာတုန်းက အက်စစ်နဲ့ အပက်ခံခဲ့ရဖူးလို့ဆိုပြီး ပြောနေကြပြီ…”
“ တစ်ချို့ကျတော့ ရှင့်ရဲ့ ပျောက်ဆုံးနေတဲ့ အန်တီက ရုပ်ဆိုးလို့ သူ့မိဘတွေက စွန့်ပစ်သွားခဲ့တာတဲ့….”
“ အတိုချုပ် ပြောရရင် ကောလဟာလတွေက ဘောက်သောက်ပဲ… တူညီတာ တစ်ခုက အစ်ကိုရီ ရုပ်ဆိုးတာကို ပြောနေကြတာပဲ..”
လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့၏။
“ ငါ တစ်လျှောက်လုံး စထွင်းလွင့်လာတာ တည်တည်ငြိမ်ငြိမ်နဲ့ အကုန်အဆင်ပြေနေတာကို… မနက်ဖြန် ပွဲကြီး ရှိမှ ဘာလို့ ရုတ်တရက်ကြီး ထဖောက်နေတာ…ဧကန္တ သူတို့ ပလတ်ဖောင်းက လုပ်လိုက်တာပဲ ဖြစ်ရမယ်…”
“ ကျွန်မလည်း အဲ့လိုထင်တာပဲ… ဒါပေမယ့် ဒီတိုင်းထိုင်နေပြီး ဘာမှ မလုပ်ဘဲ နေလို့တော့ မဖြစ်ဘူးလေ… ဒီကိစ္စကို တစ်ခုခု တုံ့ပြန်ဖို့ စဉ်းစားမှဖြစ်မှာ… မဟုတ်လို့ကတော့ ပစ္စည်းတစ်ခုတောင် ရောင်းရဖို့ ကိန်းမမြင်ဘူး…”
“ ထားလိုက်… ဒီလို အသေးအမွှားလေးတွေကို အလေးပေးရအောင် ပျင်းလွန်းတယ်..” လင်းရီ သာမန် အေးအေးလူလူသာ ပြောလိုက်ပြီး “ ငါကလည်း ကြည့်ကောင်းတဲ့ စထွင်မာ ဖြစ်ချင်နေတာမှ မဟုတ်တာ… နောက်ပြီး ငါ့ ပရိသတ်တွေကလည်း ငါမျက်နှာကို စိတ်ဝင်စားလို့မှ မဟုတ်ပဲ… ဒီတော့ စိတ်အေးအေးထား….”
“ ဒါပေမယ့် ကျွန်မလေ…. အစ်ကိုရီရဲ့ ဓာတ်ပုံကို လိုင်းပေါ်တင်ပြီး သူတို့ မျက်နှာတွေကို ဖြတ်ရိုက်ပစ်ချင်လိုက်တာ သိလား… ထိန်းထားလို့မရတော့ဘူး…”
“ ငါတော့ မင်း ငါ့ကို ကာကွယ်ပေးနေတယ်လို့တော့ မထင်… မင်းကိုယ်မင်း သူတို့ မျက်နှာ ဖြတ်ရိုက်ပြီး စိတ်နေလို့ ထိုင်လို့ကောင်းအောင် လုပ်ချင်နေတာမလား…”
“ အိုက်ယား… အစ်ကိုရီကလည်း … ဘာလို့ အဲ့လိုတွေ ပြောနေတာ… ကျွန်မတို့ အချင်းချင်း ခင်လာတာ ဒီလောက်ကြာနေပြီကို ဘာပဲပြောပြော တစ်ယောက်ကို တစ်ယောက် ခံစားချက်တစ်ချို့တော့ ရှိကြတာပဲလေ…”
“ ကောင်းပြီ… ဒီကိစ္စကို စိတ်ထဲထားမနေနဲ့… မင်း လုပ်ချင်တာသာလုပ်..”
“ အစ်ကိုရီ… ကျွန်မ ရှင့်ကို အမြဲတမ်း မေးချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်…”
“ မေးလေ…”
“ လူတွေ အများကြီးက ရှင့်ကို ပုတ်ခတ်ပြီးတော့ ဒုက္ခရောက်အောင် လုပ်နေတာကို ဘာလို့ နည်းနည်းလေးမှ စိတ်မဆိုးတာ… ကျွန်မသာဆိုရင်တော့ ဒေါသထွက်ပြီး ပေါက်ကွဲသွားလောက်တယ်…”
“ ဒါဆိုလည်း သေချာစဉ်းစားကြည့်လိုက်လေ…. အဲ့လိုလူတွေက မခံမရပ်နိုင်ဖြစ်နေတဲ့ ကောင်တွေချည်းပဲ မဟုတ်ဘူးလား…”
“ ဟုတ်တယ်…”
“ သူတို့ ငါ့ကို မနာလိုဖြစ်တယ်.. ဘာလို့ဆို မိန်းမလှလေးတွေကို မရနိုင်လို့… ဒါကြောင့်မို့ သူတို့ တတ်တဲ့ စကားတွေနဲ့ ပုတ်ခတ်ပြောဆိုနေတာပဲ…”
“ အစ်ကိုရီ.. ကျွန်မအတည် ပြောနေတာနော်…. တကယ်လို့ ကျွန်မသာ ယောက်ျားလေး ဖြစ်လို့ကတော့ ဗီလိန်အသွင်ပြောင်းပြီး အိမ်ရောက်တိုင်း ရှင့်ကို အပ်နဲ့ထိုးတယ်…”
“ ကောင်းပြီ… အဲ့ဒီ သောက်ရေး မပါတာတွေကို အရေးလုပ်ပြီး ပြောမနေကြစို့…. ငါတို့ နှစ်ယောက် မနက်ဖြန် လုပ်ရမယ့် အလုပ်တွေမှ အများကြီးပဲ..”
“ အိုကေ… ဂွတ်နိုက် အစ်ကိုရီ..”
……………………
နောက်တစ်နေ့ လင်းရီ မျက်လုံး နှစ်လုံး ဖွင့်ကာရှိသေး လီလင်းမှ ဖုန်းဆက်လာခဲ့၏။
“ ပြော…” လင်းရီ အိပ်ချင် မပြေသေးသည့် အသံဖြင့် ပြောလိုက်၏။
“ ရှင် ဘယ်လိုတောင် အိပ်နေနိုင်သေးတာလဲ… ရှင့်အကြောင်း အင်တာနက်ပေါ်မှာ ဗွီဒီယိုတွေကော ပို့စ်တွေကော စုံလို့…. ရှင် အဲ့ကိစ္စ မသိသေးဘူးမလား….”
“ မနေ့ညကတည်းကနေ သိပြီးသား… မင်းက ဘာလို့ အဲ့တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး လာပြောပြနေတာ…”
လင်းရီ၏ အဖြေက လီလင်းကို ကြက်သေသေသွားစေခဲ့သည်။
ဒါက အရေးကြီး ကိစ္စ မဟုတ်ဘူးလား…
ဒီလိုမျိုး တိုက်ရိုက်ထုတ်လွင့်တဲ့ ပွဲတွေမှာ အများဆုံး အားပေးတာက အမျိုးသမီး ကြည့်ရှုသူတွေပဲ…
အမျိုးသမီး အများစု ဂရုစိုက်တာက သွင်ပန်းရုပ်ရည်… ခု လူတွေ အများကြီးက ရှင့်ရုပ်ရည်နဲ့ ပတ်သက်ပြီး စောဒက တက်နေကြတာလေ… ဒါအရေးကြီး ကိစ္စ မဟုတ်ဘူးလား….
“ကောလဟာလတွေက ရောင်းအားအပေါ် အကျိုးသက်ရောက်မှု ရှိမှာကို ရှင် မစိုးရိမ်ဘူးလား…”
“ ငါက ခွန်အားနဲ့ပဲ စကားပြောတယ်… မင်းတို့လည်း မသိတာကျလို့…”
“ ဒါပေမယ့် ဒီတစ်ကြိမ်က ရုပ်ရည်အကြောင်းလေ…”
“ ကြည့်ရှုသူ ပရိသတ်တွေကို ငါ့ရဲ့ စိတ်နေစိတ်ထားနဲ့လည်း စိုးမိုးလို့ ရသေးတယ်… ဘာပဲဖြစ်ဖြစ်.. စိတ်မပူနဲ့….”
လီလင်း သက်ပြင်းချလိုက်၏။ သူမ ဤအကြောင်း ဆက်မပြောချင်တော့ပေ။
“ ကျွန်မနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေ ကျိုးဟိုင်ကို ရောက်နှင့်နေပြီ… တစ်နာရီအတွင်း ပန်နီဆူလာကို ရောက်ပြီး စထွင်းအတွက် ပြင်ဆင်စရာရှိတာတွေကို စတင်ပြင်ဆင်တော့မှာ…. တကယ်လို့ ရှင် ဒီနေ့ အားတယ်ဆိုရင် တစ်ချက် လာပြီး ကြည့်လှည့်… ရှင်နဲ့ ဆွေးနွေးဖို့ လိုတဲ့ ကိစ္စတွေ အများကြီး ရှိတယ်…”
“ ကောင်းပြီလေ… ငါ ပြီးလို့ရှိရင် မင်းဆီ လာခဲ့မယ်..”
“ ကောင်းပြီ… တွေ့မှပဲ စကားဆက်ပြောကြတာပေါ့..”
လီလင်းနှင့် ဖုန်းပြောပြီးနောက် လင်းရီ မျက်နှာသစ် သွားတိုက် ပြုလိုက်၏။
ကျီချင်းရန် မီးဖိုချောင်ထဲ၌ မနက်စာချက်ပြုတ်ရင်း အလုပ်များနေသည်ကို မြင်တော့ သူ သွားရောက် ဝင်ကူညီပေးလိုက်လေသည်။ အကြင်လင်မယားနှစ်ယောက် အိမ်ပြန်လာကြသည်နှင့်ပင် ဆင်တူနေတော့၏။
“ နင့်ရဲ့ လိုက်စထွင်းက ဒီည ဘယ်နှစ်နာရီလဲ…” ကျီချင်းရန် ထမင်းစားရင်း မေးလိုက်၏။
“ ည ရှစ်နာရီ… ဒါပေမယ့် ဘယ်အချိန် ပြီးမလဲဆိုတာတော့ ပြောဖို့ခက်တယ်.. ညသန်းခေါင်ထိ ရောက်ချင်လည်း ရောက်သွားနိုင်တယ်…”
“ ငါ ကူညီပေးရဦးမလား…”
“ မလိုဘူး…”
“ စကတ်မဝတ်ဘူး… ဘောင်းဘီဝတ်မယ်လေ…”
“ အဲ့တာလည်း မရဘူး… မျက်နှာပြလို့ လုံးဝမဖြစ်ဘူး….”
“ အဲ့တာဆို ငါ ဘေးနားကနေ ကြည့်လို့တော့ ရမယ်မလား…”
“ ရတာပေါ့… ကြည့်လေ… “ လင်းရီ ပြုံးလိုက်၏။
မနက်စာစားပြီးနောက် လင်းရီ ကျီချင်းရန်ကို ချောင်ရန်အုပ်စုသို့ လိုက်ပို့ပေးလိုက်ပြီး သူကတော့ ပန်နီဆူလာဟိုတယ်သို့ ထွက်လာခဲ့လိုက်သည်။
သို့သော်လည်း သူ၏ ဆန်းကြယ်သည့် သွင်ပြင်ကို ထိန်းထားရန် အလို့ငှာ လင်းရီ နေကာမျက်မှန်နှင့် မျက်နှာဖုံး တပ်လိုက်ပြီး ဝင်ပေါက်ဝရှိ လုံခြုံရေး အစောင့်များအား မမှတ်မိနိုင် ဖြစ်သွားစေသည်။
“ ဘော့စ်လင်း… ရောက်လာပြီလားခင်ဗျ…”
ဝမ်ထျန်းလုံ လာရောက်နှုတ်ဆက်သည်ကို မြင်တော့ လင်းရီ ရှော့ခ်ရသွားခဲ့၏။
“ ငါ ဒီလိုမျိုး ဝတ်စားထားတာတောင် မင်းက မှတ်မိသေးတယ်ပေါ့….”
ဝမ်ထျန်းလုံ ရယ်မောလိုက်ပြီး “ ဘော့စ် .... နေကာမျက်မှန်နဲ့ မျက်နှာဖုံးတွေက ဘော့စ်ရဲ့ ရင့်ကျက်ပြီး ယောက်ျားဆန်တဲ့ အရှိန်အဝါတွေကိုတော့ မဖုံးထားပေးနိုင်ပါဘူး.. ဒါကြောင့်မို့ တစ်ချက်ကြည့်လိုက်တာနဲ့ ဘော့စ်ဆိုပြီး အတပ်သိလိုက်တာ….”
လင်းရီ ဝမ်ထျန်းလုံ၏ ပခုံးကို ပုတ်လိုက်ပြီး “ ငါတို့ ပထမဆုံး စတွေ့ကတည်းကနေ မင်းတော်တော်လေး တိုးတက်လာတယ်လို့ ခံစားရတယ်.. မှန်တယ်မလား…”
“ ဟီးဟီး… ချီးကျူးပေးလို့ ကျေးဇူးပါ ဘော့စ်..” ဝမ်ထျန်းလုံ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဘော့စ် ဒီကို မရောက်ဖြစ်တာ အတော်ကြာပြီဆိုတော့ အောက်ကလူတွေကို ညွှန်ကြားမှု တစ်ချို့လောက် ပေးပါဦးဗျ….”
“ ညွှန်ကြားပေးတာတွေ စိတ်မဝင်စားဘူး… ဒါပေမယ့် မင်းအတွက် အလုပ်တစ်ခုတော့ရှိတယ်…”
“ ဘော့စ်လင်း.. ပြောသာပြောလိုက်.. ဘယ်လို တာဝန်မျိုးမဆို ကျွန်တော့်ဘက်က ပြီးမြောက် အောင်မြင်စေရမယ်…”
“ ငါ မန်ဘာကတ်တစ်ခု ဖန်တီးချင်တယ်… ကတ်က လူရဲ့ အဆင့်အတန်းကို ဖော်ပြတာမျိုး ဖြစ်ရမယ်… အဲ့ကတ်နဲ့ဆို အဆင့်မြင့်တဲ့ နေရာတွေကို ဝင်ထွက်သွားလာနိုင်မယ်… တန်းစီတာတွေ … အချိန်းအချက်ပြုရတာတွေကို ကျော်လို့ရစေရမယ်… ပြီးတော့ သီးသန့် ဒစ်စကောင့်တွေကောပဲ… Amex ရဲ့ အနက်ရောင် ကတ်လို့မျိုးပေါ့… တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကတ်က ဘယ်လိုတောင် ပြောင်မြောက်နေပါလားဆိုပြီး အတွေးဝင်သွားရလောက်တဲ့အထိ ဖြစ်ဖို့လိုတယ်… ငါ ပြောတာ နားလည်တယ်မလား…”
“ နားလည်ပါတယ် ဘော့စ်.. ပြဿနာရှိမယ်မထင်ပါဘူး..”
လင်းရီ ခေါင်းညိမ့်လိုက်၏။ သူလည်း ပြဿနာ ရှိလိ့မ်မည်လို့ မထင်ချေ။
ထိုကဲ့သို့ ဟိတ်ဟန်များသည့် အလုပ်က ဝမ်ထျန်းလုံနှင့်ဆို လှည့်ကြည့်စရာ မလိုလောက်တဲ့အထိ စိတ်ချထား၍ရ၏။
ထို့နောက် လင်းရီ ချင်းဟန်၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့၏ ဖုန်းနံပါတ်များကို ဝမ်ထျန်းလုံထံ ပေးထားလိုက်သည်။
မူလတုန်းက ယခု အကြံဉာဏ်ကို သူတို့လေးယောက် စဉ်းစားထားပြီး ယခု ဝမ်ထျန်းလုံမှ သူတို့နှင့် ဆက်သွယ် စကားပြောနိုင်သောကြောင့် မလိုလားအပ်သည့် ကိစ္စအများအပြားကို သက်သာသွားစေသည်။
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ ပွဲကျင်းပရာ နေရာဖြစ်သည့် ပထမထပ်သို့ ရောက်ရှိလာခဲ့၏ ။
သူ အထဲသို့ ဝင်လျှင်ဝင်ချင်း အလုပ်များနေသည့် လီလင်းကို မြင်တွေ့လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင်ပဲ လီလင်းကလည်း သူ့ကို မြင်သွားခဲ့၏။
လင်းရီ နေကာမျက်မှန်နှင့် မျက်နှာဖုံး တပ်ထားသေးသည်ကို မြင်တော့ လီလင်း မသိမသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး မသိစိတ်မှ လင်းရီကို အတန်ကြာအောင် ငေးကြည့်မိသွားသည်။
“ ရှင် သေချာပေါက် ပြဿနာ မရှိဘူးမလား..”