ရုပ်ဆိုးပေမယ့် စိတ်နေစိတ်ထားလေးတော့ ကောင်းရှာပါတယ်
Vol. 55 Ch. 813
“ ဟမ်… ဘာကို ပြဿနာရှိရမှာ…”
“ ရှင့်မျက်နှာပေါ့…” လီလင်း ပြောလိုက်ပြီး “ ဒီမှာ အပြင်လူတွေလည်း မရှိတာကို ဘာလို့ ဖုံးထားသေးလဲ…”
“ ငါက အရမ်းတွေ ဆွဲဆောင်မှုရှိနေတော့ မင်းတို့ စိတ်မထိန်းနိုင်မှာ စိုးလို့လေ…”
လီလင်း ဘေးသို့ ခြေတစ်လှမ်းရွှေ့လိုက်ပြီး “ ကျွန်မ အနောက်က လူတွေကို ရှင် မြင်လား…”
လင်းရီ ကြည့်လိုက်တော့ အမျိုးသား အမျိုးသမီး အယောက်နှစ်ဆယ်ခန့်မှာ ပစ္စည်းများ နေရာချရင်းဖြင့် အလုပ်ရှုပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော် တစ်မူထူးသည်က တစ်ခါတစ်ရံ သူ့ကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ရှိုးနေကြခြင်းပင်။
“ ဒီလူတွေက အလုပ်မလုပ်ပဲနဲ့ ဘာလို့ ငါ့ကို ရိပ်ကြည့်ရိပ်ကြည့် လုပ်နေကြတာ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အမျိုးသမီးတွေပဲ ကြည့်တာဆို ထားပါတော့… ဘာလို့ အမျိုးသားတွေကောလဲတဲ့…”
“ အမှန်အတိုင်း ပြောရရင် ခု ဒီလူတွေက အုပ်စုသုံးခု ကွဲနေတာ… ဘာကြောင့် အဲ့လို ကွဲသွားလဲ ရှင်သိလား…”
“ ဘယ်သိမှာ.... ”
“ တစ်အုပ်စုကကျ ရှင် အက်စစ်နဲ့ အပက်ခံထားရလို့ ရုပ်ပျက် ဆင်းပျက်ဖြစ်နေတယ်ဆိုပြီး လက်ခံထားကြတယ်….” လီလင်း ပြောလိုက်ပြီး “ ကျန်တဲ့ အုပ်စုတွေကတော့ ရှင်က ဒီတိုင်း ရုပ်ဆိုးတယ်လို့ပဲ လက်ခံထားကြတာ… အဲ့ကိစ္စ ဆွေးနွေးနေကြတာ ကားထဲ ထွက်ကတည်းကပဲ..”
“ ဆိုတော့…………….”
“ အဲ့တော့ ရှုံးတဲ့သူက လူတိုင်းကို ထမင်း တစ်နပ် ကျွေးရမယ်တဲ့လေ….”
“ သေစမ်း…. မင်းတို့ကောင်တွေက တော်တော်လေး ဝါသနာထုံကြတာပဲကွ…”
လီလင်း ပခုံးတွန့်လိုက်ပြီး “ ရှင့်ရဲ့ မျက်နှာ ကိစ္စက တကယ့်ကို ဂယက်ပဲ… Dou yin နဲ့ ခွိုက်ရှုံပေါ်မှာ တော်တော်လေး ရေပန်းစားနေတာ… ကျွန်မ အထင်တော့ ပလတ်ဖောင်းတွေကလည်း ပရိုမိုးရှင်း(ကြော်ငြာ) လုပ်ပေးနေတယ်နဲ့တူတယ်… မဟုတ်ရင် နေ့ချင်းညချင်း ဒီလောက် အတိုင်းအတာအထိ ရောက်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”
“ ခွိုက်ရှုံက ပရိုမိုးရှင်း လုပ်နေတာတော့ နားလည်ပေးလို့ ရပါတယ်… ဒါပေမယ့် Dou yin ကပါ ဘယ်လိုလုပ်ပြီး ပါလာရတာ…”
“ ဘာလို့ဆို လိုက်စထွင်းနဲ့ အရောင်းပိုင်းမှာကျ Dou yin က ခွိုက်ရှုံလောက် မကောင်းဘူးလေ… သူတို့က ဒုတိယ အကောင်းဆုံးလို့ လက်ခံထားကြတာ… ဒါပေမယ့် ရှင့်ကိုလည်း အရှုံးမပေးချင်ကြဘူး… ဒါကြောင့်မို့ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာပဲ…”
“ ဒီတိုင်း လိုက်စထွင်းလေးကို လူပေါင်းစုံက ဝင်ပတ်သက်နေရသလားဟ….”
“ တစ်ချို့လူတွေက အကျိုးအမြတ်အောက်မှာဆို အရောင်အစစ်အမှန်တွေ ပေါ်လာတတ်ကြတယ်လေ…” လီလင်း လင်းရီကို ကြည့်လိုက်ပြီး “ ဒီတော့ ရှင် အခု မျက်နှာဖုံးကို ဖယ်ဖို့ ဆန္ဒရှိသွားပြီလား…”
“ နိုးပါ… ချစ်သူလေးက မလုပ်ရဘူးတဲ့…. ဒီတိုင်းလေးပဲ နေတော့မယ်…”
“ ရှင်က အဲ့လိုမျိုး စကားနာခံတတ်တဲ့ လူစားမျိုးပေါ့…”
“ ဒါပေါ့ကွ…. ကောင်မလေး စကားဆို မြေဝယ်မကျပဲ…”
လင်းရီမှ ငြင်းဆန်နေသည်ကို မြင်တော့ လီလင်းလည်း တွန်းအားမပေးတော့ချေ။ ယနေ့ည လိုက်စထွင်းကို ကံတရားအပေါ်တွင်သာ ပုံချလိုက်လေတော့သည်။
လင်းရီ၏ ကြည့်ရှုသူများက ရုပ်ရည်ကို ပဓာန မထားဖို့ရာသာ မျှော်လင့်မိတော့၏။
လင်းရီ တစ်မနက်ခင်းလုံး လီလင်းနှင့်အတူ လိုက်စထွင်း ကိစ္စများ ဆွေးနွေးရင်းအချိန်ကုန်ဆုံးလိုက်သည်။
အဆိုပါ ကဏ္ဍတွင်တော့ လီလင်းက ကျန်းရှောင်ယွီထက် အများကြီး ကျွမ်းကျင်နေကြောင်း လင်းရီ သတိပြုမိလိုက်သည်။ သူမဘက်က အသေးစိတ်ကျကျ ဆုံးဖြတ်ပေးသွားပြီး အရာအားလုံးကို တာဝန်ယူထားသည်ဟုတောင် ပြော၍ရသည်။ အကယ်၍ သူသာ ပစ္စည်းကောင်းကောင်း မရောင်းနိုင်ပါက သူမကို ဆွဲချသလိုပင် ဖြစ်နေလိမ့်မည်။
သို့တိုင်အောင် လင်းရီကတော့ ပြဿနာ ရှိလိမ့်မည်လို့ မတွေးချေ။ အဘယ်ကြောင့်ဆိုသော် ယခု စထွင်းအတွက် Dou yu က Taobao(ထောင်းပေါင်) အပေါ် မှီခိုနေသောကြောင့်ပင်။ သူ၏ ပရိတ်သတ်များနှင့် ထောင်းပေါင် အသုံးပြုသူများ ပေါင်းစည်းလိုက်မည်ဆိုပါက ကောင်းမွန်သည့် ရလဒ်များ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း သေချာလေသည်။
“ သွားစို့… နေ့လည်တောင် ရောက်နေပြီဆိုတော့ တစ်ခုခု သွားစားကြစို့..” လီလင်း ပြောလိုက်၏။
လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။ တကယ်လည်း မွန်းလွဲ တစ်ချက်ထိုးတော့ပေမည်။ သူကိုယ်၌က ဗိုက်မဆာသေးသော်လည်း ဝန်ထမ်းများကတော့ အချိန်မှန် စားသောက်ရန် လိုအပ်၏။
“ သွားကြစို့ဟေ့…ထမင်းစားနားမယ်..”
လီလင်းမှ သူမ၏ လုပ်ဖော်ကိုင်ဖက်များကို ဆော်ဩလိုက်ပြီး စားသောက်ရန် ဟန်ပြင်လိုက်ကြ၏။
“ ဝေ့… မင်းတို့ကောင်တွေ အဲ့တာ ဘာလဲလုပ်တာ…. “
လီလင်း နှင့် ကျန်သူများ အားလုံး တံခါးဝဘက်သို့ ဦးတည်နေကြသည်ကို မြင်တော့ လင်းရီ နောက်မှ လှမ်းခေါ်လိုက်၏။
“ ထမင်းသွားစားမလို့လေ….”
“ ဟိုတယ်ကြီးထဲ ရောက်နေပြီးမှတော့ မင်းတို့က ဘယ်မှာ ထမင်းသွားစားချင်နေသေးတာ….”
“ ပန်နီဆူလာ ဟိုတယ်က အစားအသောက်တွေက ဈေးကြီးလွန်းတယ်… ကျွန်မတို့ရဲ့ အသုံးစရိတ်နဲ့ မကိုက်ဘူး…”
အမှုဆောင် အရာရှိ တစ်ဦးဖြစ်သည့် လီလင်း အတွက်တော့ သူမ၏ ခရီး အသုံးစရိတ်က ပန်နီဆူလာဟိုတယ်၌ တစ်နပ်တစ်လေ စားသောက်ရန် လုံလောက်သော်လည်း ကျန်သည့် သာမန် ဝန်ထမ်းများကတော့ မလုံလောက်ချေ။
ထို့ကြောင့် ခေါင်းဆောင်ပီသစွာဖြင့် သူမလည်း အခြားသူများနှင့် အတူလိုက်ပါ စားသောက်ရန်သာ ရွေးချယ်လိုက်လေသည်။
“ ဒီဟိုတယ်က ငါ့အပိုင်ပဲ…. ဝေးဝေးလံလံတွေ သွားမနေကြနဲ့…. ငါကျွေးမယ်…”
“ ဟင်….”
၎င်းကို ကြားတော့ လီလင်း အပါအဝင် Dou yu ဝန်ထမ်းများအားလုံး ကြက်သေသေသွားကြတော့၏။
“ ရှင် … ရှင် …. ပန်နီဆူလာ ဟိုတယ်က ရှင့်အပိုင်…”
“ အေး.. မင်း နားကြား မမှားဘူး…”
သူမတို့ ဘေးရှိ ခမ်းနားထည်ဝါလှသည့် ပန်နီဆူလာ ဟိုတယ်ကြီးကို ငေးကြည့်ရင်း လီလင်းနှင့် ဝန်ထမ်းများမှာ အချိန်အတော်ကြာအောင် ဆိုရန် စကား ကင်းမဲ့နေမိကြသည်။
အခြားအရာများကို ဘေးဖယ်ထားလျှင်တောင် ဟိုတယ်ကြီး သပ်သပ်နှင့် ယွမ် မီလီယမ် ရာချီ တန်ကြေး ရှိနေပြီးဖြစ်၏။
လီလင်း လင်းရီရှေ့တွင် တိတ်ဆိတ်စွာ ရပ်လျက် ပျော့ပျောင်းသည့် လေသံဖြင့် “ ကျွန်မ သိသလောက်ဆို လင်းယွမ်အုပ်စုရဲ့ ဥက္ကဌက လင်းရီလို့ ခေါ်တယ်… အဲ့တာရှင်မလား…”
လင်းရီ ပြုံးလိုက်ပြီး “ မင်း ဘယ်လိုထင်လဲ………”
လီလင်း နားလည်သွားခဲ့၏။
သူ့စကားတွေက ရင်းနှီးမြုပ်နှံမှု အပေါ် လွှမ်းမိုးမှုရှိနေတာ မဆန်းတော့ပါဘူး… လက်စသတ်တော့ သူက လင်းယွမ်အုပ်စုရဲ့ ဥက္ကဌ ဖြစ်နေတာကိုး… တစ်နည်းပြောရရင် သူမရဲ့ ဘော့စ်ပေါ့….
ဟင်း.. ကော်ရှစ်ပေါ်ကတော့ ကံဆိုးမိုးမှောင် ကျတာပဲ……..
လင်းရီ၏ အထောက်အထားကို သိရှိသွားပြီးနောက် လီလင်းနှင့် လိုက်ပါလာကြသည့် အမျိုးသမီး ဝန်ထမ်းများအားလုံးမှာ လင်းရီကို ကြည့်ရင်း အချင်းချင်း တီးတိုးလေသံဖြင့် “ နင်တို့ သတိထားမိကြလားတော့ မသိဘူး… သူ့ရဲ့ သွင်ပြင်က နည်းနည်းလေး ချို့ယွင်းချက် ရှိတယ်ဆိုရင်တောင် စိတ်နေစရိုက်ကတော့ တော်တော်လေး ကောင်းတယ်နော်….”
“ ငါလည်း အဲ့လို ခံစားရတယ်ဟဲ့… စောနတုန်းကတော့ သိပ်မခံစားရဘူး… ဒါပေမယ့် ခု သူ့ကို ပိုပြီး သတိထားကြည့်လေ… မျက်စိထဲ ချစ်စရာ ကောင်းလာသလိုပဲ….”
“ မှန်တာပဲလေ…. မီးပိတ်ပြီး ချစ်ရင် အကုန်လုံးက အတူတူပဲမလား….”
လင်းရီပင် မသိလိုက်ပဲ ဝန်ထမ်းများ၏ သူ့အပေါ် အထင်အမြင်များမှာ ပြောင်းလဲသွားကြ၏။
“ သွားစို့… ဒီတိုင်းပဲ ရပ်မနေကြနဲ့.. အပေါ်တက်ပြီး တစ်ခုခု သွားစားရအောင်….”
လင်းရီ၏ ဦးဆောင်မှု အောက်တွင် အုပ်စုမှာ ဒုတိယထပ်ရှိ ဘူဖေး စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
လီလင်းကတော့ လင်းရီအနား ထိုင်ရင်းဖြင့် လိုက်စထွင်းအကြောင်းကို စားသောက်ရင်း ဆွေးနွေးလို့နေသည်။
မွန်းလွဲ နှစ်နာရီ ဝန်းကျင်ခန့်လောက်တွင် လေးမီတာ ရှည်လျားသည့် ထရပ်ကားတစ်စီး ပန်နီဆူလာ ဟိုတယ်၏ ဝင်ပေါက်ဝသို့ ဆိုက်ရောက်လာခဲ့၏။
ကားထဲရှိ ပစ္စည်းများကတော့ လိုက်စထွင်းအတွင်း၌ ပြသမည့် ပစ္စည်းများပင်။
“ အစ်ကိုရီ… ရောင်းမယ့် ပစ္စည်းနမူနာတွေလည်း ယူလာခဲ့ပြီးပြီ… တခြား ဘာပြင်ဆင်စရာမှ မရှိတော့ဘူး…”
“ တော်တယ်….”
“ အသေးအမွှားလေးပါ.. “ ကျန်းရှောင်ယွီ အပြုံးလေးဖြင့် ပြောလိုက်၏။
…………….
တစ်ချိန်တည်းတွင် လေးရာသီ ဟိုတယ်၌ လီဝေ့ချန်၊ ကော်ရှစ်ပေါ်နှင့် ကျန်သူများလည်း မအားလပ်ရအောင် အလုပ်များနေကြသည်။
သူတို့ဘက်က နိုင်ရန် ရာနှုန်း ၇၀ ခန့် ရှိနေသော်လည်း အင်မတန် သတိထားနေကြဆဲဖြစ်၏။
“ မျက်နှာဖုံး အစ်ကိုကြီး အကြောင်းဆွေးနွေးနေကြတာ တော်တော်လေး ဂယက်ကြီးလောက်ရောပေါ့.. ဟုတ်တယ်မလား….”
“ ဗွီဒီယို အတိုလေးတွေ ကြည့်တဲ့သူတိုင်း အဲ့အကြောင်း သိမယ်ဆိုတာ အာမခံရဲတယ်… ပြီးတော့ ငါ့ဘက်က ထရိုးတဲ့သူတွေလည်း အများကြီး ပြင်ထားပြီးသား… လိုက်စထွင်း စပြီဆိုတာနဲ့ သူတို့က စထွင်းထဲမှာ နေရာ စယူတော့မှာ… အကျိုးသက်ရောက်မှုကတော့ သေချာပေါက် ဆိုးရွားမှာတော့ မဟုတ်လောက်ဘူး… မပူနဲ့….”
ကော်ရှစ်ပေါ် ခေါင်းညိမ့်လိုက်ပြီး “ အဲ့တာအပြင်ကို ကျုပ်တို့ ရွေးချယ်ထားတဲ့ ပစ္စည်းတွေကလည်း အားသာချက်ကြီး တစ်ခုပဲ… ဈေးအကြီးဆုံးက ယွမ် ၂၀ ပဲ ပေးရတယ်… ပြီးတော့ ၉.၉ ယွမ်တန် ပစ္စည်းတွေလည်း အများကြီးပဲ…. မျက်နှာဖုံး အစ်ကိုကြီးဘက်က ပစ္စည်းတွေကတော့ လုံးဝ ဈေးမပေါဘူး… ပြီးတော့ တစ်ချို့တစ်လေဆို ဈေးထဲ ရောင်းတာထက်တောင် ဈေးပိုကြီးနေသေးတယ်… ဒီကောင်တွေ ကျုပ်တို့နဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး….”
“ မင်း အခုလိုပြောလိုက်တော့ ငါပိုပြီး ယုံကြည်ချက် ရှိသွားပြီ….” လီဝေ့ချန်း အသက်ပြင်းပြင်း ရှိုက်လိုက်ရင်း “ မျက်နှာဖုံး အစ်ကိုကြီးဆိုတဲ့ကောင် … အရင်တုန်းက ငါ့ရှေ့မှာ ဟိတ်ကြီးဟန်ကြီးနဲ့ ဆရာကြီး လာလုပ်ပြနေတယ်… ဒီနေ့တော့ စက်မှုလုပ်ငန်းရှင်တစ်ဦးရဲ့ စွမ်းအားက ဘာလဲဆိုတာ ဒင်း သိစေရမယ်…………”
………………….
ည ခုနစ်နာရီထိုးတော့ လင်းရီမှလွဲ၍ ကျန်သူများအားလုံး စိတ်လှုပ်ရှားပြီး ရင်တလှပ်လှပ် ဖြစ်နေခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ပလတ်ဖောင်း သုံးခုမှ တစ်ချိန်တည်းတွင် တစ်ပြေးညီ ထုတ်လွင့်ရောင်းချမည်ဖြစ်ပြီး PvP ချသည်နှင့်ပင် ဆင်တူနေသည်။ လူတိုင်းက အားမာန်အပြည့်နှင့် ဖြစ်နေကြပြီး မည်သူကမျှ မရှုံးနိမ့်ချင်ကြချေ။
လင်းရီ သူ၏ ပစ္စည်းကိရိယာများကို တပ်ဆင်နေစဉ် သွယ်လျသည့် ကိုယ်ဟန်နှင့် အမျိုးသမီးတစ်ဦး သူ့ရှေ့ ရုတ်ချည်း ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။
“ နင်စားပြီးပြီလား….”