လိုအင်နှင့် အချစ်
Vol. 55 Ch. 814
လင်းရီ ခေါင်းမော့ကြည့်လိုက်တော့ ရောက်လာသူက ကျီချင်းရန် ဖြစ်နေကြောင်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။
ကျီချင်းရန် အပြင် ဟော်ယွမ်ယွမ် ၊ ကောင်းကျုံးယွမ်နှင့် ထျန်းရန်တို့လည်း ရောက်လာခဲ့ကြလေသည်။
သို့သော်လည်း ကျီချင်းရန်၏ ဝတ်စုံကတော့ အခြားသူတို့နှင့် မတူညီစွာ တစ်မျိုးလေး ကွဲထွက်နေသည်။
သူမ၏ လှပသည့် မျက်နှာကို ပန်းနုရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထား၏။ သို့သော်လည်း လှသွေးကြွယ်ပြီး ကြီးမားရွှန်းစိုသည့် မျက်ဝန်းများကိုတော့ မည်သို့မျှ မဖုံးကွယ်နိုင်ခဲ့ပေ။ လပြည့်ညချမ်း ကြည်လင်သည့် ရေအိုင်ထက်ရှိ လဝန်းကဲ့သို့ အေးချမ်းနေပြီး မြင်သူတကာကို ရိုးရိုးရှင်းရှင်းနှင့် မေ့မရနိုင်အောင် ပြုစားတတ်နေတော့၏။
“ ဘာလို့ အကုန်ရောက်လာခဲ့ကြတာ…..”
“ ဒါရိုက်တာထျန်က ငါ့ကို ဖုန်းဆက်ပြီး တိုင်ပင်စရာ ရှိတယ် ရုံးခန်း လာခဲ့ပေးဦးတဲ့… ဒါပေမယ့် အဲ့ဒီအချိန် ကျုံးယွမ်က ဖုန်းဆက်လာပြီးတော့ ယွမ်ယွမ်ကို ထမင်းလိုက်ကျွေးချင်တယ်တဲ့လေ… ဒါနဲ့ ငါလည်း ယွမ်ယွမ်ကို ကုမ္ပဏီကနေ ခေါ်လာပြီးတော့ ဒီကို အတူထွက်လာခဲ့လိုက်တာပဲ..”
ဟော်ယွမ်ယွမ်ကတော့ ဘေးတွင် ရှက်ကိုးရှက်ကန်း ဣန္ဒြေရှင်လေးကဲ့သို့ ငြိမ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။ သူမနှင့် ကောင်းကျုံးယွမ်ကြားတွင် အနည်းငယ်မျှသာ ဝေးကွာနေသော်လည်း ထို အနည်းငယ်လေးကပင် ချိုမြသည့် ခံစားချက်မျိုး ပေးစွမ်းနေတော့၏။
လင်းရီ အရှေ့သို့ ရောက်လာကြသူများကို မြင်တော့ Dou yu ဝန်ထမ်းများအားလုံး မှင်တက် အံ့ဩသွားကြသည်။ အဆိုပါ လူတစ်စုအနား၌ သိုင်းရစ်နေသည့် ကိုယ်ရောင် ကိုယ်ဝါတို့မှာ အခြားသူများထက် ပြင်းထန်နေပြီး သာမန်လူတို့ မဟုတ်ကြသည်မှာ သိသာလေသည်။
ထို့ပြင် အမျိုးသမီး တစ်ဦးချင်းစီတိုင်းကလည်း အခြားသူများထက် ပို၍ လှပနေ၏။
အထူးသဖြင့်တော့ မျက်နှာဖုံး တပ်ထားသည့် အမျိုးသမီးပင်။ သူမ၏ မျက်နှာကို ကြည့်ရန်မလိုပဲ မျက်လုံးတို့နှင့်တင် သူမတို့ထက် သာလွန်နေကြောင်း အလိုအလျောက် ခံစားမိနေတော့၏။
သို့သော်လည်း သူတို့အားလုံး သိချင်မိသည်က မျက်နှာဖုံး အစ်ကိုကြီး အဘယ်ကြောင့် ယခုလို မိန်းမလှလေးများနှင့် ရင်းနှီးနေရသနည်း။
ထို့ပြင် ၎င်းတို့၏ လေသံမှတစ်ဆင့် ထိုသူများက သူ၏ လက်အောက်ငယ်သားများ ဖြစ်ပုံရ၏။
ကြည့်ရသလောက်တော့ အသပြာ၏ ရှေ့တော်မှောက်၌ ရုပ်အဆင်းမှာလည်း ဝပ်တွားလိုက်ရသည့်ပုံပင်။
“ ကောင်းပြီ… မင်းတို့ အဆင်ပြေမယ့် နေရာ ခဏလောက် ဝင်ထိုင်လိုက်ကြ… လိုက်စထွင်းက ခဏနေ စတော့မှာဆိုတော့ မင်းတို့ကို အာရုံ မစိုက်အားသေးဘူး.. တကယ်လို့ ကိစ္စ တစ်ခုခု ရှိတယ်ဆိုရင် လိုက်စထွင်းပြီးမှ ပြောကြမယ်…”
“ အွန်း အွန်း.. နင်လုပ်စရာရှိတာ လုပ်လေ… ငါတို့က ဒီတိုင်း ကြည့်ရုံသပ်သပ်ပဲ.. ဘာမှ အထွေအထူး မရှိပါဘူး…”
ကျီချင်းရန်နှင့် ကျန်သူများအတွက် စီစဉ်စရာ ရှိသည်များကို ပြင်ဆင်ပေးပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့မှာ ၎င်းတို့၏ လိုက်စထွင်း ကိရိယာများကို ဆက်လက် တပ်ဆင်လေသည်။
လင်းရီနှင့် ကျန်းရှောင်ယွီကြား ဆက်ဆံရေးကိုတော့ ကောင်းကျုံးယွမ်မှ ကြိုတင်၍ ရှင်းပြထားပြီးဖြစ်၏။ ထို့ပြင် ကျီချင်းရန်ကလည်း သူမကို အချိန်အတန်ကြာကတည်းက သိရှိပြီး ဖြစ်သောကြောင့် အတွေးလွန်ခြင်းတို့ ရှိမနေချေ။
သို့သော်လည်း ကျီချင်းရန်၏ ပေါ်ပေါက်လာမှုက ကျန်းရှောင်ယွီကို စိတ်လှုပ်ရှားသွားစေခဲ့၏။
သူမ လင်းရီအနားသို့ မသိမသာ ကပ်ရင်း ဂရုတစိုက် လေသံဖြင့် “ အစ်ကိုရီ… အဲ့ဒီ မျက်နှာဖုံးနဲ့ အမျိုးသမီးက ရှင့်ရဲ့ မိန်းကလေးလား….”
“ မင်းဘယ်လိုထင်လဲ….”
“ ကျွန်မကတော့ ဟုတ်တယ်လို့ ထင်တာပဲ…”
လင်းရီ ပြုံးလိုက်ပြိး “ ဟိုက သူ့မျက်နှာတောင် မပြသေးတာကို ငါနဲ့ အတွဲညီတယ်လို့ ထင်တယ်ပေါ့…”
“ မျက်နှာ ကြည့်စရာတောင် မလိုပါဘူး… သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့တင် ၉၉ % ကျော်တဲ့ မိန်းကလေးတွေကို နောက်မှ ချန်ထားခဲ့လို့ရပြီ…”
“ ငါ့ရဲ့ ကိုယ်ကာယကလည်း မဆိုးပါဘူးဟ….”
“ တကယ်တမ်းကျတော့ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်တင် မဟုတ်သေးဘူး… သူမရဲ့ မျက်လုံးတွေကလည်း အရမ်း ကွဲပြားတယ်….”
“ မျက်လုံးလှတယ်လို့ ပြောချင်တာလား….”
“ ကြည့်ကောင်းတာက တစ်ကဏ္ဍ … ပိုအရေးကြီးတာ သူမ မျက်ဝန်းတွေက အချစ်တွေနဲ့ ပြည့်နှက်နေတာပဲ…” ကျန်းရှောင်ယွီမှ တိုးတိုးလေး ပြောလိုက်၏။
“ ဟေ.... မင်းက အဲ့တာလည်း မြင်နိုင်တာပဲလားဟ….”
“ ဒါပေါ့လို့…” ကျန်းရှောင်ယွီ ဂုဏ်ဆာနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဥပမာ ကျွန်မရှင့်ကို ကြည့်လိုက်ရင် ကျွန်မရဲ့ မျက်ဝန်းတွေက အလိုရမ္မက်တွေနဲ့ ပြည့်နှက်နေတယ်… ဒါပေမယ့် သူမရဲ့ မျက်ဝန်းတွေကျတော့ ချစ်ကြည်နူးမှုတွေနဲ့…. ကောင်မလေးတစ်ဦးက ကောင်လေး တစ်ယောက်ကို နှစ်သက်ပြီဆိုရင် အဲ့လို ခံစားချက်တွေက ဘယ်လိုမှ ဖုံးကွယ်ထားလို့မရဘူး…”
လင်းရီ ကျန်းရှောင်ယွီကို စိတ်ဝင်တစား ကြည့်ရင်း “ ဒါဆို မင်း ငါ့မျက်ဝန်းထဲမှာ သူမကို ချစ်ကြည်နူးတဲ့ အကြည့်တွေ မြင်ရလား…. “
“ ချစ်ကြည်နူးမှုတွေ မရှိပါဘူး… ကျွန်မလိုပဲ … ရမ္မက်တွေပဲ ရှိတယ်..”
“ငါငိုးပဲ….”
ထိုအခိုက်အတန့်တွင် လီလင်း သူတို့ထံ ရောက်လာခဲ့ပြီး အသံနိမ့်၍ သတိပေးသည့် လေသံဖြင့် “ ရှင်တို့ နှစ်ယောက် … အလေးအနက် ထားကြစမ်း….. ခဏနေဆို လိုက်စထွင်းက စတော့မယ်….”
“ အိုကေ အိုကေ….”
မကြာမီ လိုက်စထွင်း စတင်တော့၏။
အဘယ်ကြောင့်ဆိုသော် ကျန်းရှောင်ယွီမှ အချိန်အတော်ကြာကတည်းကရင် ကြိုတင်၍ အစပျိုးထားပြီး ဖြစ်သောကြောင့်ပင်။
လိုက်စထွင်းမစတင်မီ၌ လူ ငါးသောင်းကျော်မှာ အခန်းထဲ၌ ကြိုတင်၍ စောင့်ဆိုင်းနေကြချေပြီ။
ယင်းကလည်း လိုက်စထွင်းထဲရှိ လေထုကို ရုတ်ချည်း ပေါက်ကွဲထွက်လာစေခဲ့၏။
“ ဟယ်လို အားလုံးပဲ… ဒီနေ့တော့ ငါနဲ့ မျက်နှာဖုံး အစ်ကိုကြီးက အတူ တိုက်ရိုက်ထုတ်လွင့်ပါမယ်နော်… ဒီ စထွင်းရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း နင်တို့ သိပြီးသားပါ.. ဒါပေမယ့် ငါ ထပ်ပြီး ပြောပြပေးမယ်… ဒီခု စထွင်းက တောင်သူဦးကြီးတွေ လူမှုဖူလုံရေး အတွက်ပဲ…. ဒီစထွင်းကနေ ရတဲ့ ငွေတွေကို ငါတို့ အိတ်ထောင်ထဲ တစ်ပြားမှ မထည့်ဘူးဆိုတာ အာမခံရဲတယ်… အမြတ်တွေ အကုန်လုံးကို လူသာမန်တွေဆီ ဖြန့်ဝေပေးသွားမှာ… တစ်ချိန်တည်းမှာပဲ ငါတို့ရဲ့ ရောင်းတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကိုလည်း စိတ်ချလက်ချ ဝယ်လို့ ရပါတယ်နော်… တို့က မကောင်းတာတွေဆို မရောင်းတတ်လို့ စိတ်ချလက်ချသာ၀ယ်ကြ… ဒီတော့ လူတိုင်းပဲ ပုံမှန်အတိုင်း ထောက်ပံ့ပေးကြပါဦးလို့…”
ရိုးရှင်းသည့် အဖွင့်အမှာစကား ပြောကြပြီးနောက် တိုက်ရိုက်ထုတ်လွင့်ခန်းမှာ အုတ်အောသောင်းတင်း ဖြစ်လာခဲ့တော့၏။
ကြည့်ရှုသူ ဦးရေမှာ ခုနစ်သောင်းကို ကျော်လွန်လာခဲ့ပြီး ကိန်းဂဏန်းမှာလည်း ဆက်လက် မြင့်တက်လျက် ရှိသည်။
ကျန်းရှောင်ယွီ စကားပြောပြီးနောက် လင်းရီလည်း စကားလုံးတစ်ချို့ ပြောကြားလိုက်၏။
ဦးစွာအနေနှင့် ယခုက သူ့လိုက်စထွင်းဖြစ်သောကြောင့် ပိုင်ရှင်ဖြစ်သည့် သူက သဘာဝအလျောက် စကားပြောကို ပြောရပေမည်။
ထို့ပြင် ယခုလို စကား ပြောခြင်းကလည်း အချိန်တစ်ချို့ ဝယ်ရန်လုံလောက်၏။ သို့မှသာ ပစ္စည်းများ စတင် မရောင်းချမှီ လူအများအပြား ဝင်ရောက်လာရန် အချိန် လုံလောက်ပေမည်။
ကျီချင်းရန် ဘေးတွင် ထိုင်နေပြီး လင်းရီကို စိတ်လှုပ်ရှားစွာဖြင့် ညွှန်ပြလျက်
“ လင်းရီ ဘယ်လောက်တော်လဲမြင်လား…. TV က အစီအစဉ်ကြေညာသူတွေနဲ့တောင် ယှဉ်လို့ရတယ်…”
“ အစ်မကျီ…. အစ်မ ပုံရိပ်လေးကိုလည်း ထိန်းပါဦးလား…. ဒါကြီးက ဘယ်လိုတောင် ဘက်လိုက်နေတာကြီးလဲ…” ဟော်ယွမ်ယွမ်မှ စောဒကတက်လိုက်၏။
“ ဒါပေမယ့် ဥက္ကဌလင်း ဒီလောက်ထိ လေးလေးနက်နက် ဖြစ်နေတာကို ငါလည်း ပထမဆုံး မြင်ဖူးတာပဲ…” ထျန်းရန်ပြောလိုက်ပြီး “ တစ်လောက အစည်းအဝေးမှာတုန်းကတောင် ဥက္ကဌလင်း ထိုင်ခုံကို နောက်မှီပြီး ခေါင်းကို လက်တစ်ဖက်နဲ့ ထောက်ထားဝာာ… ဒီလိုမျိုး လေးလေး နက်နက် ပြုမူနေတယ်ဆိုတာ ခပ်ရှားရှားရယ်….”
“ ကျွန်တော်ကတော့ အစ်ကိုကြီးလင်းက မလိုအပ်ပဲ အားစိုက်ထုတ်နေတယ်လို့ ထင်တာပဲ…. သူဘာရောင်းနေတာကို အပထားလိုက်ဦး…. သူ့ရဲ့အထောက်အထားတာ ထုတ်ဖော်လိုက်တာနဲ့ ကျိုးဟိုင်က စီးပွားရေး လုပ်ငန်းရှင် တစ်ဝက်လောက်က အလုအယက်တောင် ဝယ်လိုက်ကြဦးမယ်… အဲ့လိုဆို ဘာ ကရိကထမှလည်း မများတော့ဘူး..”
“ တကယ်တော့ လင်းရီက နင်ထင်နေသလိုမျိုး မဟုတ်ဘူး… သူက သူလုပ်သမျှ အရာရာတိုင်းမှာ ထူးချွန်တဲ့ လူစားမျိုးပဲ….”
“ တကယ်လို့ ဒီပစ္စည်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေဆီ ဖုန်းဆက်လိုက်မယ်ဆိုရင် သူ့ရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာလေ…..”
“ အမှန်ပဲ…. အစ်ကိုကြီးလင်းက တကယ်လည်း ကျွန်တော်တို့နဲ့ ခြားနားတယ်…”
ကောင်းကျုံးယွမ်၏ စကားလုံးများက ဟော်ယွမ်ယွမ်ကို လျှို့ဝှက်စွာ ခေါင်းညိမ့်မိသွားစေခဲ့၏။
“ ဘော့စ်က နည်းနည်းလေး မဆင်မခြင်နိုင်တယ် ဆိုရင်တောင် သူ့မှာ ချီးကျူးစရာ အချက်တွေကတော့ တော်တော်များများပဲ…”
“ နောက်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်လာရင် မဆင်မခြင် နိုင်တာကလည်း အားသာချက် တစ်ခုပဲလေ….”
“ ဒါကြောင့်မို့လည်း ဘော့စ်က စီးပွားရေး လောကမှာ အောင်မြင်နေတာပေါ့…. ဆန့်ကျင်ဘက် ကျွန်မကတော့ အမြဲတမ်း ဝန်ထမ်းပဲဖြစ်နေတော့မှာ... ဘာလို့ဆို ကျွန်မက ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လေးမို့လေ....
ခစ်ခစ်ခစ်...."
၎င်းတို့အချင်းချင်း တီးတိုးပြောနေကြစဉ် ကျန်းရှောင်ယွီမှ ပထမဆုံး ရောင်းချမည့် ထုတ်ကုန်အဖြစ် စည်သွပ်ထားသည့် အဝါရောင် မက်မွန်သီးကို ဆွဲထုတ်လိုက်သည်။
“ ခု ပထမဆုံး ဒီပစ္စည်းလေးနဲ့ မိတ်ဆက်ပေးမယ်… ဒါကတော့ ငါတို့ ခု လိုက်စထွင်းအတွက် ထူးရှယ်ထုတ်လုပ်ထားတဲ့ စည်သွပ် အဝါရောင် မက်မွန်သီးပဲ…” ကျန်းရှောင်ယွီ ရွှင်မြူးစွာဖြင့် ပြောလိုက်ပြီး “ ဘာကြောင့် ထူးရှယ်ထုတ်လုပ်ထားတယ်လို့ ပြောလဲသိလား…. ဘာကြောင့်လဲဆိုတော့ ဒီရဲ့ စည်သွပ်ဘူးထဲမှာ ပါတဲ့ အဝါရောင် မက်မွန်သီးတွေက တခြား စည်သွပ်ဘူးတွေထဲမှာပါတဲ့ မက်မွန်သီးတွေနဲ့ မတူဘူး… ငါတို့အသီးက အဝါရောင် မက်မွန်သီးတွေ အဓိက စိုက်ပျိုးတဲ့ ဒေသတစ်ခုဖြစ်တဲ့ ရွှမ်းဟုန်မြို့ကနေ လတ်ဆတ်တဲ့ အသီးတွေကို စက်ရုံပို့ပြီးတော့မှ အဲ့မှာ သေချာထုပ်ပိုးထားတာ… ရေခဲရိုက်ထားတဲ့ တခြားအသီးတွေနဲ့ လုံးဝ လုံးဝ အရသာ မတူဘူးနော်…. ခု လူတိုင်း တစ်ချက်ကြည့်လို့ရအောင် အဖုံးဖွင့်ပြပေးမယ်…”
သို့နှင့် ကျန်းရှောင်ယွီ စည်သွပ်ဘူး အဖုံးကို ဖွင့်ရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင်တော့ လိုက်စထွင်းထဲ၌ ပွဲဖြစ်နေကြလေသည်။
“ ငါကြားတာတော့ ဒီရဲ့ စထွင်မာက ရုပ်တော်တော်လေး ဆိုးတယ်ဆို…အက်စစ်နဲ့ အပက်ခံခဲ့ရဖူးတယ်တဲ့.. ဒါကြောင့်မို့ မျက်နှာဖုံး တပ်ထားပြီးတော့ သူ့ရဲ့ မျက်နှာကို မပြရဲတာတဲ့… အဲ့တာ အမှန်ပဲလား…..”