← Chapters

ငတိလေးတွေ…

Vol. 55 Ch. 815

ငတိလေးတွေ…

Vol. 55 Ch. 815

ထို ကွန်းမန့်ကို မြင်လိုက်သော်လည်း ကျန်းရှောင်ယွီ လျစ်လျူရှု၍ သူမ၏ စည်သွပ်ဘူးများကိုသာ ဆက်လက်ရောင်းချနေသည်။

လင်းရီလည်း လျစ်လျူရှုရန်သာ ရွေးချယ်လိုက်၏။ သူ၏ လက်ရှိ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ထိုကဲ့သို့ အရာမျိုးက သက်ရောက်နိုင်စွမ်း မရှိတော့ချေ။

သို့သော်လည်း မကြာမီ လိုက်စထွင်း စကားပြောခန်း တစ်ခုလုံးက ထိုကဲ့သို့ ကွန်းမန့်များနှင့် လွှမ်းမိုးခြင်း ခံလိုက်ရ၏။ ၎င်းက သာမန်အသုံးပြုသူများထံပါ အကျိုးသက်ရောက်မှု ရှိလာလေသည်။

“ စထွင်းထဲက ထရိုးတွေ အကုန်လုံးကို ကန်ထုတ်ပစ်လိုက်….” လီလင်း ပြောလိုက်၏။

“ ဥက္ကဌလီ… ကျွန်တော်တို့လည်း လုပ်နေတာပဲ… ဒါပေမယ့် ထရိုးတွေက တအားများလွန်းတယ်… ထုတ်လို့ကို မနိုင်တော့ဘူး….”

“ သပပဲ… ဒီသောက်ရူးတွေနဲ့ကတော့…..”

လီလင်း အခက်တွေ့သွားတော့သည်။ အနှီ ထရိုးများကို ခွိုက်ရှုံနှင့် Dou yin တို့မှ ငှားရမ်းထားကြောင်း သူမလည်း နားလည်ပေသည်။

သို့သော်လည်း ယခုလို အလျင်အမြန် ပြဿနာရှာနိုင်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပေ။ အကယ်၍ ယခုလို ၎င်းတို့ စိတ်တိုင်းကျ ခွင့်ပြုထားပါက လိုက်စထွင်းပင် ကောင်းကောင်းလွင့်ခွင့်ရလိမ့်မည် မဟုတ်ချေ။ နောက်တစ်နေ့ နံနက် ဝေ့ပေါ်၌ Dou Yu မှာ လူအများ၏ လှောင်ပြောင်ကဲ့ရဲ့စရာ တစ်ခု ဖြစ်လာပေတော့မည်။

“ အစ်မကျီ… နင် အရင်တုန်းက ဆုံးဖြတ်ချက် အမှားကြီး ချခဲ့မိတာပဲ…” ဟော်ယွမ်ယွမ်မှ ပြောလိုက်ပြီး “ ဘော့စ်က သူ့မျက်နှာကို မဖော်ပြဘူးဆိုတော့ သူ့ရဲ့ ပြိုင်ဘက်တွေအတွက် အားနည်းချက် ချန်ထားပေးသလို ဖြစ်သွားခဲ့တာ…”

“ မရီးရဲ့ ဆုံးဖြတ်ချက်ကလည်း နားလည်ပေးလို့ ရပါတယ်… တကယ်လို့ အစ်ကိုကြီးလင်းသာ မျက်နှာပြလိုက်မယ်ဆိုရင် စထွင်းထဲက မိန်းကလေးတွေ အကုန်လုံး ဆူနာမီ လာသလို ဝုန်းဒိုင်းဆိုပြီး ရောက်လာခဲ့ကြမှာ…” ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

“ အရင်တုန်းက သူက ဒီတိုင်း လျှောက်လုပ်နေတာကိုး…. ဒီလိုမျိုး ရုတ်တရက်ကြီး ထိပ်တန်း စထွင်မာ ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ….” ကျီချင်းရန်မှ ကျွဲမြီးတိုစွာ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီလူတွေက တော်တော်လေးကို စက်ဆုပ်ဖို့ ကောင်းလွန်းတယ်.. သူ ရောင်းနေတဲ့ ပစ္စည်းနဲ့ ရုပ်ရည်နဲ့က ဘာဆိုင်လို့ … ဘာဂရုစိုက်စရာ ရှိလို့လဲ ဟုတ်တယ်မလား… အလှကုန်ဆိုရင်တော့ တစ်မျိုးပေါ့….”

“ ဘယ်တတ်နိုင်မှာ…. ရုပ်ချောမှ လူရာဝင်တဲ့ ခေတ်လေ….”

ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး “ အဲ့တာဆိုရင်တော့ မလွယ်ကူလောက်ဘူး….”

“ ကျွန်တော်တော့ ထွေထူးစိတ်ပူစရာ မလိုဘူးလို့ ထင်တယ်… “ ကောင်းကျုံးယွမ်မှ လက်နှစ်ဖက်ကို ဦးခေါင်းနောက်၌ အုံးထားရင်း “ အစ်ကိုကြီးလင်းရဲ့ လက်ထဲမှာ လှည့်ကွက်တွေက အမြဲတမ်း အကန့်အသတ်မဲ့ရှိပြီးသား…. ဒီလိုအသေးမွှားကိစ္စလေးလောက်ကတော့ အစ်ကိုကြီးလင်းအတွက် ပြဿနာလို့တောင် ခေါ်ထိုက်မှာ မဟုတ်လောက်ဘူး…”

“ ငါလည်း သဘောတူတယ်…” ထျန်းရန် အပြုံးလေးဖြင့် ထောက်ခံလိုက်၏။

ကင်မရာ ရှေ့မှောက်၌ ကျန်းရှောင်ယွီ မသိစိတ်မှ လင်းရီထံ အကြည့်ပို့မိသွားခဲ့သည်။

ယခုလို အခြေအနေက စထွင်းအပေါ်၌ပါ အကျိုးသက်ရောက်မှု ရှိလာပြီဖြစ်သောကြောင့် ဖြေရှင်းရန် လိုအပ်လာလေသည်။

လင်းရီ တည်ငြိမ်သည့် အကြည့်ဖြင့် လိုက်စထွင်းထဲရှိ လူတို့အားကြည့်လျက် “ လူတိုင်းက ငါ့ရဲ့ ရုပ်ရည်ကို တော်တော်လေး ဂရုစိုက်ပေးနေတာ မြင်တော့ ငါ တော်တော်လေး ဝမ်းသာမိတယ်… ဒါပေမယ့် တကယ်တမ်းကျတော့ အဲ့တာက ဒီနေ့ လိုက်စထွင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး မဟုတ်လား….”

“ ငါက ရုပ်ဆိုးပြီး မင်းတို့ကောင်တွေက ငါ့ထက် ပိုချောတယ်လို့ မင်းတို့တွေ ထင်လို့ရတယ်… ဒါပေမယ့် ကိစ္စ မရှိဘူး….”

ပြောပြီးနောက် လင်းရီ သူ့အိတ်ကပ်ထဲရှိ La Voiture Noire ကားသော့ကို ထုတ်၍ စားပွဲပေါ် တင်လိုက်ကာ “ ဒါ La Voiture Noire ကားသော့… ယွမ် ၁၂၆ မီလီယမ် တန်ကြေးရှိတယ်… ငါတော့ မင်းတို့ တစ်ဘဝလုံး ကုန်းရုန်းပြီး ကြိုးစားရင်တောင် ဝယ်နိုင်မယ် မထင်ဘူး….”

ထို့နောက် လင်းရီ ကင်မရာကို တစ်ဖက်သို့ လှည့်၍ ကျီချင်းရန်ထံ ချိန်လိုက်ပြီး “ ခု မြင်ကွင်းထဲမှာ ရှိတဲ့ မိန်းကလေးက ငါ့ကောင်မလေးပဲ…. သူ့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့တင် ဟွာရှမှာ ရှိတဲ့ မိန်းကလေး ၉၉ ရာခိုင်နှုန်းကျော်ကို ချန်ထားရစ်နိုင်မယ်လို့ ယုံကြည်တယ်… မင်းတို့ရဲ့ ကောင်မလေးတွေ အပါအဝင်ပေါ့….”

“ ဒါကြောင့်မို့ ငါက မင်းတို့အိပ်မက်ပဲ မက်နိုင်တဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားပြီးသား…. ငါ့ရဲ့ ရုပ်ရည် ဘယ်လို ရှိတယ်ဆိုတာ တကယ်ကြီး အရေးပါလို့လား…”

“ မင်းတို့ကောင်တွေ…. ငါ့ထက်ပိုပြီး ချောတယ်လို့ ထင်နေကြတဲ့ကောင်တွေ… ဒီနယ်ပယ်မှာ ငါနဲ့ လာယှဉ်လို့ရတယ်…”

မျက်နှာထက်တွင် အပြုံးကို ဆင်မြန်းလျက် လင်းရီ ကွန်းမန့်ထဲရှိ ထရိုးအုပ်စုကို တောက်ချလိုက်လေသည်။ သို့သော်လည်း မျက်နှာဖုံးကြောင့် တောက်ပနေသည့် မျက်ဝန်းတို့ကိုသာ မြင်သာနိုင်ပေသည်။

“ ဒါကြောင့်မို့ မင်းတို့ ခု ထရိုးနေတဲ့ကောင်တွေ… မင်းတို့ရဲ့ ခွန်အားကို ထိန်းသိမ်းပြီးတော့ ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေမှာ ဂရုစိုက်ကြ…..”

ထိုစကားလုံးများ ပြောပြောပြီးချင်း ငှားရမ်းခံထားရသည့် ထရိုးအုပ်စုမှာ ချက်ချင်း ငြိမ်ကျသွားခဲ့တော့သည်။

“ ဟားဟား.. မျက်နှာဖုံးအစ်ကိုကြီးက အံ့ဩဖို့ကောင်းတယ်… ဒါက ပြောမပြတတ်လောက်အောင် စိတ်ကျေနပ် အားရစရာကြီးပဲ…”

“ သောက်ရူး ထရိုးတွေ… မင်းတို့ကောင်တွေက မျက်နှာဖုံး အစ်ကိုကြီးရှေ့မှာ ဟိတ်ဟန်များဖို့ ထိုက်တန်လို့လားကွ…”

“ မင်းတို့ တစ်မိသားစုလုံး ကျောက်ကပ်ထုတ်ရောင်းလိုက်ရင်တောင် သူ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခု ဝယ်ဖို့ လောက်မှာ မဟုတ်ဘူး…. လစ်လိုက်တော့…..”

လိုက်စထွင်းထဲရှိ ထရိုးအုပ်စုမှ လက်မြောက်သွားသည်ကို မြင်တော့ လင်းရီ ရင်ထဲ၌ သူ့ကိုယ်သူ ချီးကျူးဂုဏ်ပြုလိုက်၏။

သူ့ရဲ့ လက်တန်း တုံ့ပြန်တဲ့ စကေးက ဩချလောက်စရာပဲ….

“ မြင်လား… ကျွန်တော် ဘာပြောထားလဲ… အစ်ကိုကြီးရဲ့ လှည့်ကွက်တွေက ဘယ်တော့မှ မရိုးပါဘူးလို့… ခု အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ….” ကောင်းကျုံးယွမ် ပြောလိုက်၏။

“ ဒါပေမယ့် ငါ့အထင်တော့ ဒါက ခေတ္တယာယီလောက်ပဲ…” ဟော်ယွမ်ယွမ် ပြောလိုက်သည်။

“ သူတို့ ပြန်လာမယ်လို့ မင်းထင်နေတယ်ပေါ့…..”

“ လင်းယွမ်အုပ်စု စတည်ထောင်တုန်းက PR ကိစ္စတွေကို အချိန်တစ်ခုလောက်အထိ တာဝန်ယူဖူးတော့ ဒီကိစ္စတွေ နည်းနည်းပါးပါးတော့ နားလည်တယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒီရဲ့ ထရိုးတွေ အကုန်လုံးက ပရော်ဖက်ရှင်နယ်တွေ… တကယ်လို့ သာမန်လူသာဆိုရင် ဒီလိုမျိုး ဆိုးဆိုးရွားရွားကြီး အပြောခံလိုက်ရတာနဲ့ တန်း အရှုံးပေးသွားမှာ… ဒါပေမယ့် ထရိုးတွေကတော့ မတူဘူး…. သူတို့ကို အရှက်မရှိဆုံး လူတွေလို့တောင် တင်စားလို့ရတယ်.. ငါ့အထင်တော့ သူတို့ရဲ့ နည်းဗျူဟာကို တစ်မျိုး ပြန်ပြောင်းနေလောက်ပြီ… ခဏနေလောက်မှ အကြောင်းတစ်ခုခုပြပြီး ပြဿနာ ရှာတာမျိုးလည်း ဖြစ်နိုင်တယ်… ဘာပဲဆိုဆို သူတို့က ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြတာလေ…. ပိုက်ဆံ ရနေသရွေ့တော့ ဘာမဆို အကုန်လုပ်မှာပဲ…. “

“ အမှန်ပဲ… ဒီကောင်တွေက တကယ့်ကို တော်တော်လေး အရှက်မဲ့ကြတယ်…” ကောင်းကျုံးယွမ်မှ ဖော်လံဖား လေသံဖြင့် ထောက်ခံမှု ပြုလိုက်၏။

“ ဒါပေမယ့်လည်း အဆင်ပြေပါတယ်… လုံးလုံး အရှက်မဲ့တဲ့ ဘော့စ်လို လူမျိုးနဲ့ ယှဉ်လိုက်ရင် သူတို့က အမှိုက်တွေပဲ… ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်နေတာမျိုးနဲ့တောင် တူသေး…. နောက်ထပ် ဘာဆက်လုပ်ကြမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့…”

“ အာ…. ယွမ်ယွမ်… မင်း စကားကို ရှေ့နောက် ကြည့်ပြောဦးလေကွာ… မင်းရဲ့ အတွေးတွေကို မင်းစိတ်ထဲပဲ ထားပေါ့… ဘာပဲပြောပြော မရီးကလည်း ဒီမှာ ရှိနေတာကိုပဲ….”

“ ဘာမှ မဖြစ်ဘူး… အစ်မကျီလည်း နေသားကျနေပြီးသားပဲ….”

ကောင်းကျုံးယွမ် မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေသည့် ကျီချင်းရန်ကို ကြည့်လိုက်သည်။

လက်တွေ့တွင်တော့ ယခုလို ကျိန်ဆဲသည့် စကားလုံးက ကျီချင်းရန်၏ မျက်လုံးထဲ၌ ဘာမျှ မဟုတ်တော့ချေ။

သို့နှင့် လိုက်စထွင်းမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့တော့၏။ လင်းရီ ကျန်းရှောင်ယွီကို လက်ရိပ်လက်ဟန်ဖြင့် ပစ္စည်းများ ဆက်လက် ရောင်းချရန် အချက်ပြလိုက်သည်။

“ ခု ငါတို့ ပစ္စည်းရဲ့ ဈေးနှုန်းအကြာင်း ရှင်းပြပေးမယ်နော်… ဒီရဲ့ စည်သွပ်ထားတဲ့ အဝါရောင် မက်မွန်သီးက တစ်ဘူးကို တစ်ကီလို ပါပြီးတော့ ယုံကြည်စိတ်ချရတဲ့ စက်ရုံကနေ ထုတ်လုပ်ထားတာမို့လို့ အရည်အသွေးပိုင်းလည်း အာမခံချက် ရှိတယ်… တစ်ဖာကို ခြောက်ဘူးနဲ့ လာတာဖြစ်ပြီးတော့ ဈေးနှုန်းကတော့ ၂၉.၉ ယွမ်တည်း ကျသင့်မှာ ဖြစ်ပါတယ်….”

ဈေးနှုန်းကို မိတ်ဆက်ပေးပြီးနောက် ကျန်းရှောင်ယွီ၏ အမူအရာမှာ အင်မတန် ချဲ့ကားသည့် အမူအရာ ဖြစ်နေပြီး “ ပြီးတော့ ဒီဈေးက ပို့ဆောင်ခပါ ပါပြီးသားနော်… ဆိုတော့ လူတိုင်းပဲ အချိန်မနှောင်းခင် အော်ဒါတင်လိုက်ကြပါ….”

ကျန်းရှောင်ယွီ မူလက ကြည့်ရှုသူများမှာ ရူးရူးမူးမူး အော်ဒါ တင်ကြလိမ့်မည်ဟု တွေးထင်ထားခဲ့၏။ သို့သော်လည်း လိုက်စထွင်းတစ်ခုလုံးက မေးခွန်းအသစ်များဖြင့် ပြည့်နှက်သွားခဲ့သည်ကို မကြာမီ သတိပြုမိသွားလေသည်။

“ ဒါပဲလားကွ…. ဘာ မေတ္တာလက်ဆောင်မှလည်း မပါဘူးပေါ့….”

“ ရှောင်းယွီ… ဒီဈေးက နည်းနည်းလေး ဈေးကြီးနေသလိုပဲ… ခွိုက်ရှုံကဆို တစ်ဖာကို ၁၉.၉ ယွမ်နဲ့ ရောင်းနေတာ…. ပြီးတော့ တစ်ဖာဝယ်တိုင်း သစ်သီးခြောက် တစ်ထုပ်လည်း အလကားပေးသေးတယ်…. မင်းတို့ရဲ့ ဒီဈေးကြီးက မဟုတ်သေးပါဘူးဟ…”

“ ငါ မျက်နှာဖုံး အစ်ကိုကြီးရဲ့ လိုက်စထွင်းကို နှစ်သက်တယ်ဆိုရင်တောင်မှ ဈေးဒီလောက် ကြီးနေတာကတော့ နည်းနည်းလေး လက်ခံဖို့ ခက်ခဲသွားပြီ….”

လိုက်စထွင်းထဲရှိ ကွန်းမန့်များက ကျန်းရှောင်ယွီကို အနည်းငယ် ပျာပန်းခတ်သွားစေသည်။

ထိုလူများ၏ ကွန်းမန့်ကို သုံးသပ်ကြည့်ရသလောက်တော့ ထရိုးများနှင့်လည်း မတူချေ။ ၎င်းတို့ပြောသည်ကလည်း တော်တော်လေးကို လက်တွေ့ကျနေလေသည်။

အတော်လေး ဈေးကြီးနေခြင်းပင်။

“ အားလုံးပဲ.. ဈေးနှုန်းကိုပဲ မကြည့်ကြပါနဲ့…. ငါတို့ရဲ့ ပစ္စည်း အရည်အသွေး အာမခံချက်က အပြည့်ရှိပြီးသား… ပြီးတော့ ကျွမ်းကျင်သူတွေရဲ့ စမ်းသပ်မှု ရလဒ်တွေတောင် ရှိတယ်… နင်တို့ကို မကောင်းတာတွေ ဇွတ်ရောင်းနေတာ မဟုတ်ရပါဘူးဟယ်….”

“ ကျိုးပင်းရန်မှာလည်း အဲ့လို မှတ်တမ်း တွေ ရှိပြီးသားပဲ.. ဒါတောင် သူတို့ ပစ္စည်းက ပိုပြီးတော့ ဈေးသက်သာတယ်… နောက်ပြီးတော့ သူနဲ့အတူ ကူရောင်းပေးနေတဲ့ ဆယ်လီတွေလည်း အများကြီးပဲ… အဲ့တာတောင် ဒီလောက် ဈေးအမြင့်ကြီးနဲ့ မရောင်းကြဘူး…”

“ ပြောတော့ တောင်သူဦးကြီးတွေ လူမှုဖူလုံရေးအတွက် လိုက်စထွင်းတဲ့… ပြီးတော့ သူတို့က တစ်ပြားတစ်ချပ်မှလည်း အိတ်ထောင်ထဲ မထည့်ဘူးဆိုတော့ တော်တော်လေး ဈေးချိုမယ်ထင်နေတာ…. ဒါပေမယ့် ဒီလောက်ထိ ဈေးကြီးနေမယ်လို့တော့ ထင်မထားဘူး….”

“ ဟျောင့်တွေ.. ကြည့်မနေကြနဲ့တော့… ဒီတိုင်း ထောင်းပေါင် ပေါ်မှာရှာလိုက်ရင်တောင် ပစ္စည်းချင်းအတူတူ ယွမ်နည်းနည်းလောက်‌ ကာမိဦးမယ်….”

“ ငါတော့ သူ့ရဲ့ ပုံရိပ်ကို သေချာလေး တည်ဆောက်ပြီးတော့ ဒီရဲ့ အခွင့်အရေးကနေ အကျိုးအမြတ် အကြီးစားကြီး ဖန်တီးချင်နေတယ်လို့ ထင်တာပဲ….”

လိုက်စထွင်းထဲရှိ အဟုန်မြင့်လာသည့် ကွန်းမန့်များကို မြင်တော့ ဟော်ယွမ်ယွမ်မှ ထျန်းရန်ကို ကြည့်လိုက်ပြီး “ ဒါရိုက်တာထျန်… ခု ရှင့်အလှည့်ပဲ…”

All Chapters