← Chapters

အရေးနိမ့်နေခြင်း

Vol. 55 Ch. 816

အရေးနိမ့်နေခြင်း

Vol. 55 Ch. 816

“ အွန်း…. ငါလည်း အချိန်ကျပြီလို့ထင်တယ်…”

ထျန်းရန် မတ်တပ်ရပ်ပြီးနောက် အပြုံးလေးဖြင့် သူမ၏ စကတ်တိုကို ဆွဲတင်လိုက်သည်။

ဒီဇိုင်းက သူမ ပုံမှန် အလုပ်ဝတ်နေကျ စကတ်တိုနှင့် ဆင်တူဟန် ရှိသော်လည်း အကယ်၍ တစ်စုံတစ်ယောက်မှ သေချာအနီးကပ် ကြည့်ကြည့်မယ် ဆိုပါက တစ်လက်မခန့်လောက် ပိုတိုနေသည်ကို သတိပြုမိနိုင်သည်။

သူမ၏ လှပ ပြေပြစ်သည့် ခြေတံများနှင့် ပေါင်းစပ်လိုက်သည့် အခါတွင်တော့ လိုက်စထွင်းထဲရှိ ယောက်ျား အဖြောင့်ကြီးများအတွက် အသည်းစွဲ ဖြစ်လာစေတော့၏။

ထျန်းရန် သူ့ဘက်သို့ လျှောက်လာနေသည်ကို မြင်တော့ လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူမက ဘာလာလုပ်တာတုန်းဟ….

ထျန်းရန် လင်းရီနှင့် ကျန်းရှောင်ယွီနောက်တွင် သိမ်မွေ့စွာ ပြုံးလျက် မတ်တပ်ရပ်လိုက်သည်။

သူမ ထွက်ပေါ်လာမှုက လိုက်စထွင်းတစ်ခုလုံးကို မွှေနှောက်သွားစေတော့၏။

“ ငိုးပဲ… အဲ့ မိချောလေးက ဘယ်သူတုန်းကွ… ငါ ခုမှ မြင်ဖူးတယ်ဆိုပေမယ့် ဒီရဲ့ ကောက်ကြောင်းအလှတွေက အချစ်ကို ဖော်ညွှန်းနေတာပဲ….”

“ အဲ့ဒီ ပေါင်တံတွေက သေစေနိုင်လောက်တယ်… သေစေနိုင်လောက်တယ်ကွ…”

“ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလှစစ်စစ်…. တော်သေးလို့ အားဖြည့် အချိုရည် နှစ်ဘူး ဝယ်ထားလို့တာပေါ့… မဟုတ်လို့ကတော့ ဒီညကို ဘယ်လို ဖြတ်သန်းရမလဲတောင် မသိတော့ဘူး….”

“ ဟယ်လို… အချောလေးတို့… ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါရစေ… ကျွန်မက DIDI ရဲ့ ဒုဥက္ကဌ ထျန်းရန်ပါ… ဒီနေ့ လိုက်စထွင်းရဲ့ ဧည့်သည့်တစ်ယောက်လည်း ဟုတ်ပါတယ်…”

“ သေစမ်း… မျက်နှာဖုံး အစ်ကိုကြီးက အံ့အားသင့်ဖို့ ကောင်းမနေဘူးလား…. ဒီလို ပုဂ္ဂိုလ်မျိုးကိုတောင် ဧည့်သည်အဖြစ်‌ ဖိတ်နိုင်တယ်ပေါ့…. ဒါက အဲ့ဒီ ဆယ်လီတွေထက်တောင် ပိုပြီးတော့ အထင်ကြီးဖို့ ကောင်းသေးတယ်…”

လင်းရီ ပြုံးပြီး သဘောပေါက်သွားခဲ့တော့သည်။

ထျန်းရန် သူမနှင့် တိုင်ပင်စရာရှိသည်ဟု ကျီချင်းရန် ပြောခဲ့စဉ်အခါက ယခုကိစ္စများကို တိုင်ပင်လိုခြင်း ဖြစ်လောက်ပေသည်။

ထျန်းရန်၏ ယခုတစ်ကြိမ် ရောက်ရှိလာခြင်းကမူ လင်းရီ၏ ကုန်ပစ္စည်းများကို ကြော်ငြာပေးရန်သာမက DIDI အတွက်လည်း ပရိုမိုးရှင်း ဆင်းရန်ပင်။

အနောက်တွင်တုန်းက ရုံးခန်းထဲ၌ မည်သို့သော ဝတ်စုံမျိုးကို သူ နှစ်သက်သနည်းဟု ထျန်းရန် မေးမြန်းခဲ့ဖူး၏။ ယနေ့တော့ သူမ၏ စကတ်ကို ရည်ရွယ်ချက်ရှိရှိ တိုအောင် ပြုလုပ်လာခဲ့လေသည်။ ထို့ကြောင့် ယနေ့ လိုက်စထွင်းအတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ရပေမည်။

“ ကျွန်မ ဒီနေ့ ရောက်လာတယ်ဆိုတာလည်း အလကား မလာပါဘူး.. လူတိုင်းအတွက် အကျိုးရှိ အသုံးဝင်စေမယ့် အရာလေးတွေ ယူလာခဲ့တယ်… အဲ့တာကတော့ အသုံးပြုသူတိုင်းက အော်ဒါတင်တဲ့ နံပါတ်ပေါ်မှာ မူတည်ပြီးတော့ ၁၀ ယွမ် ဖရီး ကူပွန်ကို ရရှိမှာပါ… ကူပွန်အရေအတွက်က အကန့်အသတ်နဲ့ ယွမ် သန်းရှစ်ဆယ်ပဲ ရှိတာမို့ လူတိုင်းပဲ မျက်နှာဖုံး အစ်ကိုကြီးရဲ့ စထွင်းကို ထောက်ပံ့ပေးကြဖို့ မျှော်လင့်ပါတယ်နော်….”

ထျန်းရန်၏ ရောက်ရှိလာမှုက လိုက်စထွင်း၏ ရေပန်းစားမှုကို အတိုင်းအတာတစ်ခုထိ မြင့်တက်သွားစေခဲ့သည်။

အလှလေးများမှာ အမြဲတ‌စေ မျက်စိဖမ်းစားနိုင်ပြီး ထျန်းရန်ကဲ့သို့ ပြည့်ပြည့်လေး ရှိသော်လည်း မဝမအီသည့် မိန်းကလေးမျိုးဆိုလျှင်တော့ ထွေထူး ပြောနေရန်တောင် မလိုချေ။ သူမက အမျိုးသားတိုင်းမှ မငြင်းပယ်နိုင်သည့် မိန်းကလေးမျိုးဖြစ်၏။

ထပ်ပေါင်းအနေဖြင့် သူမဘက်က ၁၀ ယွမ် ကူပွန်ကိုလည်း ပေးလိုက်သေးသည်။ ၎င်း၏ ဆွဲဆောင်မှုဖြင့် စထွင်းထဲရှိ ပစ္စည်းများ‌ ရောင်းချနိုင်လိုက်သည့် အရေအတွက်မှာ အခြားသူများနှင့် တူညီလာခဲ့တော့၏။

တစ်မိနစ်အတွင်း ယူနစ် ငါးသောင်းမှာ ရောင်းထွက်သွားခဲ့တော့သည်။ ယင်းက ရူးလောက်ဖွယ် ကိန်းဂဏန်းကြီးပင်။

သို့သော်လည်း လေးငါး မိနစ်ခန့် ကြာပြီးနောက် အော်ဒါ တင်သည့် နှုန်းမှာ တဖြည်းဖြည်း လျော့ကျလာပြီး တစ်ချိန်တည်း၌ အခါကောင်းကို ကျားချောင်းချောင်းနေကြသည့် ထရိုးအုပ်စုမှာ စတင် လှုပ်ရှားလာခဲ့လေသည်။

“ တက္ကစီလက်မှတ် ၁၀ ယွမ် ကာနိုင်မယ်ဆိုရင်တောင် ရောင်းတဲ့ဈေးက တခြား စထွင်မာတွေနဲ့ အတူတူလောက်ပဲ… အဲ့တော့ တက္ကစီကူပွန်ကို အတင်းသုံးခိုင်းတာထက် တိုက်ရိုက်ကျကျ ချွေတာနိုင်တာက ပိုမကောင်းဘူးလား…”

လိုက်စထွင်းထဲရှိ လူများကလည်း ယင်းကို သဘာဝကျကျ နားလည်ကြသော်လည်း အော်ဒါတင်နေကြသူများကလည်း လင်းရီ၏ အမာခံပရိသတ်များ ဖြစ်နေကြ၏။ထို့ ကြောင့် ထောက်ပံ့ချင်ဇောကြီးသွားပြီး သတိမမူမိ ဖြစ်သွားခဲ့သည်။ သို့သော် ပွဲကို အပြင်မှ ကြည့်သူက ပို၍ နားလည်သည် ဆိုသကဲ့သို့ ထရိုးများက ထိုအချက်ကို မိမိရရ ကိုင်တွယ်လိုက်ခြင်းပင်။

၁၀ ယွမ် တက္ကစီကူပွန် ရသည်ထက် ၁၀ ယွမ် တိုက်ရိုက်ချွေတာနိုင်သည်က ပိုကောင်းလေသည်။

ထိုအခိုက်အတန့်တွင်တော့ လင်းရီလည်း ဘာမျှ ပြောမရ ပြုမရချေ။

၎င်းတို့ပြောသည်ကလည်း အဓိပ္ပာယ် ရှိနေလေသည်။

သူ၏ ဈေးနှုန်းက အခြားသူများနှင့် နှိုင်းယှဉ်လျှင် အချိုးအစား ကွာနေသည်ကတော့ အမှန်ပင်။

ပစ္စည်း ရောင်းအားက ယွမ် သောင်းဂဏန်းမျှသာ ရှိတော့သည်ကို မြင်တော့ ကျန်းရှောင်ယွီ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တော့၏။

' သူမတို့ဘက်က ဒီ ပစ္စည်း တစ်ခုတည်းကို ယူနစ် ခြောက်သိန်းလောက်အထိ ပြင်ဆင်ထားတာလေ… ဒါပေမယ့် ခု ရောင်းထွက်သွားတာ အလွန်ဆုံး ရှိလှ ခြောက်ပုံ တစ်ပုံ…. ဒါကြီးက တော်တော်လေးကို စိတ်ကျေနပ်ဖို့ မကောင်းဘူးပဲ…'

' တကယ်လို့ အစ်ကိုရီရဲ့ ပထမဆုံး လိုက်စထွင်းက သူ့ရဲ့ ဝါတာလူး ဖြစ်သွားမယ်ဆိုရင် အစ်ကိုရီလည်း မျက်နှာပျက်ရတော့မယ်..’

“ တခြား ပစ္စည်းတွေ ထုတ်လိုက်… ဒီတစ်ခု ရောင်းထွက်ရဖို့ကို အသေအကျေတိုက်ခိုက်နေစရာမလိုပါဘူး….”

ကျန်းရှောင်ယွီ ခေါင်းညိမ့်လိုက်ပြီး သူမ၏ ကိုယ်ဟန်အမူအရာကို ပြန်လည် ပြင်ဆင်လိုက်၏။

“ နောက် ငါနင်တို့ကို ဒုတိယ ပစ္စည်းတစ်ခုနဲ့ မိတ်ဆက်ပေးမယ်.. အဲ့တာက တုံးပေက ထွက်တဲ့ ဆန်ပဲ….”

ကျန်းရှောင်ယွီ လှပသပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆန်အိတ်ကို ကင်မရာရှေ့၌ ပုတ်ပြရင်း “ တုံးပေရဲ့ ဆန်ရည်ဆန်သွေးကိုတော့ အထွေအထူး ပြောပြစရာ မလိုလောက်တော့ပါဘူး… ပြီးတော့ ဒီရဲ့ ကုန်အတွက် ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်လည်း ရှိပြီးသား… လုံးဝ စစ်မှန်တယ်…”

ထိုသို့ ပြောပြီးနောက် ကျန်းရှောင်ယွီ ချက်ထားသည့် ထမင်းတစ်ပန်ကန်ကို ယူ၍ တစ်လုတ်စားပြလိုက်၏။

“ ဒီလောက် သိသာ ထင်ရှားတာတောင် ရှိတော့မယ် မထင်ဘူး… လူတိုင်းပဲ … တစ်ချက်ကြည့်ကြည့်လိုက်ကြ.. ဒီဆန်ရဲ့ အရောင်က နင်တို့ စူပါမားကတ်တွေမှာ ဝယ်နေကြ ဆန်အရောင်နဲ့ မတူဘူးနော်… အနံ့ကလည်း မွှေးမွှေးလေးနဲ့ ဆန်လုံးတွေကလည်း ကော့စင်းနေတာပဲ…. “

“ အရေးကြီးဆုံးကတော့ ဒီဆန်ရဲ့ ဈေးနှုန်းက အရမ်းတန်နေတာပဲ… ဆယ်ကီလို တစ်အိတ်ကို ၂၉.၉ ယွမ်ပဲ ကျသင့်မှာ…. ခုကစပြီး အော်ဒါတင်လို့ရပါပြီ… အိတ်က ငါးသိန်းတည်းမို့ အကန့်အသတ်နဲ့နော်… ဒါကြောင့်မို့ လူတိုင်းပဲ လက်မနှေးစေကြနဲ့….”

စင်ပေါ်တင်လိုက်သည့် အချိန်မှ စတင်၍ ကျန်းရှောင်ယွီ နောက်ထပ် မိနစ်အနည်းငယ် ကြာအောင် စကားတပြောပြောနှင့် ဆန်၏ ကောင်းနိုးရာရာများကို မိတ်ဆက်ပေးနေသေးသည်။ သူမ အာခြောက်သွားသည့် အခါမှသာ ရပ်တန့်သွားခဲ့တော့၏။

လင်းရီ ကွန်ပျူတာပေါ်ရှိ ဒေတာများကို တစ်ချက်ကြည့်လိုက်တော့ ငါးမိနစ်ကြာပြီးနောက် ဆန်အိတ်ရေ သုံးသောင်းမျှသာ ရောင်းချလိုက်ရကြောင်း သတိပြုမိလိုက်သည်။အဆိုပါ ကိန်းဂဏန်းက သူစိတ်ကူးထားသည်နှင့် တော်တော်လေးတော့ လွဲချော်နေသည်။

တစ်ချိန်တည်းတွင် လီလင်းမှ A4 စာရွက်တစ်ရွက် ကမ်းပေးလာခဲ့၏။ စာရွက်ပေါ်ရှိ အကြောင်း အရာများကတော့ ရိုးရှင်းသည်။ အခြား ပလတ်ဖောင်း နှစ်ခု၏ ရောင်းအားများပင်။

သူတို့လည်း လင်းရီနည်းတူ ဒုတိယ ပစ္စည်းကို စတင် မိတ်ဆက်နေကြချေပြီ။ သို့သော်လည်း

ခွိုက်ရှုံက ပျှမ်းမျှ ယွမ် ရှစ်သိန်းဖိုး ရောင်းချပြီးသွားကာ Douyin ကပင် ယွမ်ခြောက်သိန်းကျော်ဖိုး ရောင်းခဲ့ပြီးဖြစ်၏။

တစ်ဖက်တွင်တော့ လင်းရီတို့ဘက်က ယွမ် နှစ်သိန်းဖိုးမျှသာ ရောင်းချနိုင်သေးသည်။

သူရောင်းသည့် ပစ္စည်းများက အနည်းငယ် ဈေးကြီးနေသော်လည်း ပျှမ်းမျှ ရောင်းအားမှာ တစ်ဖက်သူတို့နှင့် ကွာဟနေသေးလေသည်။

လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်သည်။

တကယ်လို့ သူသာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အဆုံးသတ်သွားတော့မယ် မဟုတ်ဘူးလား…

ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင် နောက်ထပ် နည်းလမ်း တစ်မျိုးနဲ့ ချဉ်းကပ်ရမယ်..

သို့တိုင်အောင် လင်းရီ အလျင်လိုမနေချေ။ သူ ကျန်းရှောင်ယွီကို သူမ၏ စည်းချက်အတိုင်းသာ လှုပ်ရှားရန် လက်ဟန်ပြလိုက်သည်။

ရှောင်းယွီလည်း သူမဘက်က ရောင်းရန် လိုအပ်သမျှကို ဆွဲထုတ်ပြီး အသေးစိတ် ကျကျ မိတ်ဆက်ပေးလိုက်၏။

တစ်နာရီ ကြာပြီးနောက် ကျန်းရှောင်ယွီ ပစ္စည်းအကုန်လုံးကို ရောင်းချမည့် စင်ပေါ်သို့ တင်ထားလိုက်လေတော့သည်။

ရောင်းအားက မဆိုးလှသော်လည်း သူတို့ မှန်းချက်နှင့်တော့ မကိုက်ညီသေးချေ။

အထူးသဖြင့်တော့ ပထမဆုံး မိတ်ဆက် ကြေညာလိုက်သည့် အဝါရောင်မက်မွန်သီးများပင်။ တစ်နာရီကျော်ကြာပြီးနောက် ယူနစ် နှစ်သိန်းကျော်မျှသာ ရောင်းထွက်သေး၏။ ယခုလို နှုန်းထားမျိုးနှင့် ဆိုပါက ညသန်းခေါင်မတိုင်မီ အားလုံး ရောင်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။

…………

လေးရာသီ ဟိုတယ်တွင်တော့ ခွိုက်ရှုံ၏ လိုက်စထွင်းမှာ ပုံမှန်အတိုင်း လည်ပတ်နေလေသည်။

“ ရောင်းအား အချက်အလက်တွေ ဘယ်လိုရှိလဲ…” လီဝေ့ချန်း ဘေး၌ထိုင်၍ မေးလိုက်၏။

“ ကျုပ်တို့ဘက်က ယူနစ် ၁.၄ သန်းဖို့ ရောင်းချပြီးသွားပြီ.. အရောင်းပမာဏပဲ ဖြစ်ဖြစ် ရောင်းရငွေပဲဖြစ်ဖြစ် ကျုပ်တို့က အသာကြီး သာနေပြီးသား… Douyu ဘက်ကတော့ ဘာမှ ရောင်းမထွက်သေးဘူး… သူတို့ဘက်က ရှုံးမယ်ဆိုတာ သေချာသလောက် ရှိနေပြီ… ခု အရာအားလုံးက ကျုပ်တို့ လက်ခုပ်ထဲက ရေပဲ…” ကော်ရှစ်ပေါ် ပြောလိုက်သည်။

“ ငါကြားချင်တာလည်း အဲ့တာပဲ….”

လီဝေ့ချန်း ခြေတင်ချိတ်လိုက်ပြီး စီးကရက်ကို မီးညှိလျက် “ ထရိုးတွေကို ဆက်ပြီး လုပ်ဆောင်ထားဖို့ ညွှန်ကြားလိုက်…. သူ့ရဲ့ ရုပ်ရည်ကို အမိအရနဲ့ တိုက်ခိုက်လို့…”

ကော်ရှစ်ပေါ်၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားပြီးနောက် “ ရုပ်ရည်တစ်ခုတည်းကို တိုက်ခိုက်တာက ရိုးရှင်းမနေဘူးလား… သူ့ရဲ့ ပစ္စည်းတွေကလည်း ကျုပ်တို့ထက် ဈေးအများကြီး ကြီးနေတာကို အဲ့တစ်ချက်ကိုလည်း ပြဿနာ ရှာလို့ရတယ်လေ….”

လီဝေ့ချန်း အပြုံးလေးဖြင့် ခေါင်းခါရမ်းလိုက်ရင်း “ တကယ်လို့ မင်းက အဲ့တစ်ခုတည်း မြင်တယ်ဆိုရင်တော့ လက်တစ်ကမ်းစာလောက်ပဲမြင်နိုင်သေးတာပဲ… ငါ တကယ်ဖြစ်ချင်တာက သူ့ရဲ့ ဒီနေ့ လိုက်စထွင်းကို ဖျက်ဆီးချင်ရုံလောက်တင် မဟုတ်ဘူး… သူ့ကို အရှက်ဗြန်းဗြန်းကွဲပြီး စထွင်မာ လောကကနေပါ အပြီးတိုင် ထွက်ခွာသွားစေချင်နေတာ….”

( နပိုလီယံရဲ့ ကျရှုံးခန်းက ဝါတာလူးတိုက်ပွဲဖြစ်သလို လင်းရီရဲ့ ကျရှုံးခန်းကလည်း သူ့ရဲ့ ပထမဆုံး လိုက်စထွင်းဖြစ်တယ်ဆိုတဲ့ သဘောပါ…)

All Chapters