ခါးကောင်းတာကလည်း အသုံးဝင်တယ်…
Vol. 55 Ch. 818
“ အမယ်လေး မိုးနတ်မင်းကြီး ….”
ဣတ္ထိယအပေါင်းတို့မှ ပါးစပ်လေးအုပ်လျက် မြည်တမ်းမိလိုက်ကြ၏။
“ မျက်နှာဖုံး အစ်ကိုကြီးက အဆင်လေးနော်…”
“ သူက ဒီလောက်ထိ ကြည့်ကောင်းနေတာကို ဘာလို့ မျက်နှာဖုံးကြီး အုပ်ထားတာလဲတဲ့…”
“ တကယ်လို့ သူသာ လိုက်စထွင်းလွင့်တုန်း မျက်နှာပြထားမယ်ဆိုရင် အမျိုးသမီး ကြည့်ရှုသူတွေ ဝိုင်းဆွဲစားတာ ခံလိုက်ရမှာ မဟုတ်ဘူးလား…”
“ ငါ မရတော့ဘူး… ငါ သတိလစ်တော့မယ်… ဘယ် ခွေးသူတောင်းစားက မျက်နှာဖုံး အစ်ကိုကြီးကို အရုပ်ဆိုးတယ်လို့ ပြောတာလဲ…. ငါ သူတို့ ဘိုးဘေးတွေရဲ့ အုတ်ဂူကို သွားတူးပစ်မယ်…”
လင်းရီ၏ မျက်နှာကို မြင်တွေ့ပြီးနောက်တွင်တော့ လိုက်စထွင်းမှာ တစ်ဖန် ပေါက်ကွဲထွက်လာလေသည်။
“ ဒါက တကယ်ကြီး မျက်နှာဖုံး အစ်ကိုကြီး အစစ်လား…”
ကျန်းရှောင်ယွီ ဘဝင်ခိုက်စွာဖြင့် ပြုံးလိုက်ပြီး “ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ… ငါနင်တို့ကို ပြောပြမယ်… မျက်နှာဖုံး အစ်ကိုကြီး မျက်နှာဖုံး တပ်ထားရတဲ့ အကြောင်းအရင်းက အချောလွန်နေလို့ပဲဟဲ့… နင်တို့တွေ သူ့ကို မြင်ပြီး စိတ်ဓာတ်တွေကျကုန်မှာဆိုးလို့ သိရဲ့လား….”
“ ကြည့်စမ်း … ရှောင်းယွီ.. ငါ့မှာတော့ နင့်ကို ဟိုးစကတည်းကနေ အားပေးလာခဲ့ရတာ… မျက်နှာဖုံး အစ်ကိုကြီးက ဒီလောက်ချောနေတာတောင် ဓာတ်ပုံလေး ပြပေးမယ် မရှိဘူး… တစ်ယောက်တည်း လျှိုပြီး ဝှက်စားနေတယ်ပေါ့… ဟုတ်လား…”
“ ငါ အဖြောင့်ကွ… ဒါပေမယ့် မျက်နှာဖုံး အစ်ကိုကြီး သောက်ရမ်းချောကြောင်းတော့ ဝန်ခံရမယ်…”
“ ငါ့ ယောက်ျားက အသက် ငါးဆယ့်ရှစ်နှစ် ရှိနေပြီဆိုတော့ နေရဖို့က သိပ်မကျန်တော့ဘူး… အချောလေး.. နင် ငါ့ကို စောင့်နေရမယ်နော်…..”
“ ချစ်မိသွားပြီ ချစ်မိသွားပြီ… မျက်နှာဖုံး အစ်ကိုကြီး … ရှင့်အိုင်ထဲမှာ ငါးတွေ လစ်လပ်နေတာ ရှိသေးလား… ဟိုလို ဖြူဖွေးလုံးထွားတဲ့ ခိုအီငါးကြီးတွေပေါ့…”
“ အော်ဒါ … အော်ဒါ.. ငါ့ကိုကို ကြော်ငြာတာ ဝယ်ကိုဝယ်ရမယ်…..”
လိုက်စထွင်းထဲရှိ ကွန်းမန့်များကို မြင်တော့ ကျီချင်းရန်၏ အမူအရာမှာ သိသိသာသာ တိုးတက်လာလေသည်။
“ ဒီလူတွေက တကယ့်ကို အချောလေး မမြင်ဖူးကြတဲ့ အတိုင်းပဲ..” ကျီချင်းရန် ပြောလိုက်၏။
ဟော်ယွမ်ယွမ် မျက်လုံးလှိမ့်လိုက်၏။
အစ်မကျီမှာ ကျောင်းတုန်းက သူမလည်း ထိုသို့ စွဲလမ်းခြင်း ခံခဲ့ရသည့် ဆယ်လီတစ်ယောက် ဖြစ်ခဲ့သည်ကို မေ့လျော့နေဟန်ပင်။
“ ဥက္ကဌလီ… အော်ဒါ ရလဒ်တွေ ထွက်လာပြီ.. ခု တစ်စက္ကန့်ကို အော်ဒါ တစ်ထောင်လောက်နှုန်းနဲ့ တက်နေတာ…. ဒီရဲ့ အမျိုးသမီး ပရိသတ်တွေတော့ ရူးသွပ်ကုန်ပြီလား မသိဘူး….” အနောက်ရှိ ဝန်ထမ်းတစ်ဦးမှ ပြောလိုက်၏။
“ အဲ့တာ ကောင်းတဲ့ ကိစ္စပဲလေ…”
လီလင်း မနေနိုင်ပဲ ရယ်မောမိလိုက်၏။ အကယ်၍ ယခုလိုဖြစ်မည်မှန်း အစောကြီးကတည်းက ကြိုသိပါက ထို မျက်နှာဖုံးကို အတင်း ဆွဲချွတ်ပစ်လိုက်ပါသည်။ ထိုအခါ လင်းရီလည်း စကားအများကြီး ပြောရန် မလိုတော့ချေ။ မျက်နှာပြပြီး ပြုံးပြနေရုံမျှဖြင့် အော်ဒါများ အရူးအမူး ရရှိဖို့ရာလုံလောက်၏။
………….
လေးရာသီ ဟိုတယ်၌ ကျိုးပင်းရန်၏ လိုက်စထွင်းမှာ မြိုင်ဆိုင်စည်ကားလျက်ရှိ၏။
လတ်လတ်ဆတ်ဆတ် အသားတစ်(တက်သစ်စ ဆယ်လီ)ကြီး လီချိန်ရှင်း၏ ထောက်ပံ့မှုနှင့်အတူ အကျိုးသက်ရောက်မှုမှာ အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ကောင်းမွန်နေတော့၏။
လီဝေ့ချန်းနှင့် ကော်ရှစ်ပေါ်တို့ ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်း ဆေးလိပ်သောက်လျက် စကားဖောင်ဖွဲ့နေကြသည်။
ထိုအခိုက်အတန့်တွင် ဝန်ထမ်းတစ်ဦးမှ ရောက်လာခဲ့ပြီး “ ခေါင်းဆောင်… Dou yin က ခု ကျွန်တော်တို့အတွက် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပါဘူး…”
“ လိုက်စထွင်းနဲ့ ပတ်သက်လာရင် အဲ့ကောင်တွေက ငါတို့ကို လာယှဉ်လို့ မရပါဘူး… ငါလည်း အစကတည်းကနေ ပြိုင်ဘက်လို့ကို သဘောမထားတာ…ဒါနဲ့ Dou yu ရဲ့ အခြေအနေ ဘယ်လိုရှိလဲ…”
“ သူတို့ဆိုရင်တော့ မေးနေစရာကို မလိုတော့ပါဘူးဘော့စ်…” ဝန်ထမ်းမှ ပြုံးလိုက်ရင်း “ သူတို့ လိုက်စထွင်းရဲ့ စည်းချက်က တစ်သမှတ်တည်း ဖြစ်သွားပြီ…. ဖြတ်လျှောက် ကြည့်ရှုသူတွေက ထရိုးတွေနဲ့ ပေါင်းပြီး ဝိုင်းဆဲနေကြပါတယ်.. ပြီးတော့ ကျွန်တော် သူတို့ရဲ့ ရောင်းအားကိုတောင် မှတ်လာခဲ့လိုက်သေးတယ်… လွန်ခဲ့တဲ့ ဆယ်မိနစ်ကတည်းကရင် စင်ပေါ်က လက်ကျန်အရေအတွက်တွေက မလျော့တော့ဘူး… တကယ်လို့ ကျွန်တော်တို့ကသာ နည်းနည်းလေး အားစိုက်ထုတ်လိုက်မယ်ဆိုရင် သူတို့ကို အပြတ်သတ် ချေမှုန်း ပစ်လို့ရနေပြီ….”
“ အမှန်ပဲ…. အဲ့လိုလုပ်ကြတာပေါ့… အဲ့ကောင်တွေ လိုက်စထွင်းမပိတ်မချင်း မရပ်နဲ့…” လီဝေ့ချန်း လုပ်ပြုံးလေးဖြင့် ပြောလိုက်၏။
“ နားလည်ပါပြီ ဘော့စ်….”
ဝန်ထမ်း ထွက်ခွာသွားပြီးနောက် လီဝေ့ချန် ကော်ရှစ်ပေါ်ကို ကြည့်ပြီး “ အဘိုးကြီးကော်… မင်း ဒီတစ်ခေါက် မဆိုးဘူး… အဲ့ကောင် ဒီလိုအခြေအနေထိ ဖြစ်သွားတာကို မြင်တော့ ငါ နည်းနည်းလေးတောင် အံ့အားမိသွားတယ်…”
“ ကျုပ် လုပ်သင့်လုပ်ထိုက်တာပဲလေ.. ဒီလောက်လေးကတော့ ကျုပ်အတွက် ဘာမှ မဟုတ်သေးဘူး…”
“ အမှန်အတိုင်း ဝန်ခံကြေးဆို ငါ ဒီတစ်ခေါက် မင်းကို ကျေးဇူးတင်ရမှာပဲ…ဘာလို့ဆို တကယ်လို့ ငါ့ဘာငါလုပ်မယ်ဆိုရင် ဒီလောက်ထိ ဂယက်ထအောင် လုပ်နိုင်မှာမဟုတ်ဘူး…” လီဝေ့ချန်း ပြာကို တောက်ချရင်း ပြောလိုက်ပြီး “ နောက်မှပဲ တစ်နေရာ ဘွတ်ကင်ယူပြီးတော့ ကောင်းကောင်းသောက်ကြတာပေါ့…. အောင်ပွဲခံတယ်လို့ သတ်မှတ်လို့ရတယ်..”
“ ဟားဟား… ကောင်းပြီလေ.. ဒါဆိုလည်း ကျုပ် ဥက္ကဌလီကို အားမနာတော့ဘူး…”
နှစ်ယောက်လုံးက လင်းရီလက်တွင်း၌ ဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရဖူးသောကြောင့် လင်းရီကို ဖျက်ဆီးရေးနှင့် စပ်လျဉ်း၍ အင်မတန် အားတက်သရော ရှိနေကြ၏။
ထို့ပြင် ယခုတစ်ကြိမ်၌ လင်းရီကို သနားစဖွယ် အခြေအနေဖြစ်အောင် တွန်းပို့ပြီးနောက်တွင် နှစ်ယောက်မှာ အင်မတန် နှစ်ထောင်းအားရ ဖြစ်မိနိုင်ပေမည်။
နှစ်ယောက်သား တဟီးဟီး တဟားဟားနှင့် အောင်ပွဲခံမည့် အကြောင်း ဆွေးနွေးနေကြစဉ် စောနက ဝန်ထမ်းမှာ အလျင်လိုသည့် ခြေလှမ်းတို့ဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။
သူ၏ သဏ္ဌာန်မှာ ရေးကြီးသုတ်ပျာနှင့် နဖူးတွင်လည်း ချွေးတို့ စို့လျက် ဟောဟဲလိုက်နေလေသည်။
“ ဘာတွေ အရေးကြီးလို့ အဲ့လောက်ဖြစ်နေတာတုန်း…” လီဝေ့ချန်း မေးလိုက်၏။
“ ဘော့စ်.. သတင်းဆိုးပဲ…. အဲ့ဒီ မျက်နှာဖုံးနဲ့ ကောင်က ခုလေးတင် သူ့မျက်နှာကို ပြလိုက်ပြီ….”
“ မဖြစ်နိုင်တာ.. အဲကောင် တကယ်ကြီ မျက်နှာဖုံး ချွတ်လိုက်တယ်လား…. သူ့ရဲ့ ကြည့်ရှုသူတွေကို သေအောင် ခြောက်လန့်ချင်နေလို့လားတဲ့….”
“ မဟုတ်ဘူးဘော့စ်.. ကျွန်တော်တို့ မှားသွားပြီ…” ဝန်ထမ်းမှ အသက်လုပြောရင်း “ အဲ့ဒီ မျက်နှာဖုံးနဲ့ကောင်က…ဟောဟဲ ဟောဟဲ… ရုပ်မဆိုးဘူး… ပြီးတော့ ……………..”
“ ပြီးတော့ ဘာဖြစ်လဲ …”
“ ပြီးတော့ အရမ်းလည်း ချောတယ်… အဲဒီ ဆယ်လီ လက်သစ်လေးတွေထက်တောင် ပိုပြီး ချောနေတယ်…”
“ အတည်ကြီးလားကွ…. မြန်မြန် ငါ့ကို ပြကြည့်စမ်း…”
“ ဒီမှာပါဘော့စ်… “
ဝန်ထမ်းမှ လင်းရီ လိုက်စထွင်းဖွင့်ထားသည့် Tablet ကို လီဝေ့ချန်းထံ ကမ်းပေးလိုက်သည်။
သူတို့ လင်းရီ၏ မျက်နှာကို မြင်လိုက်တော့ ယောက်ျားကြီးများတန်မဲ့ ကြက်သေသေမိသွားကြ၏။
ကြွေဆင်းသွားသောကြောင့်တော့ မဟုတ်ပဲ မှင်တက်မိသွားကြခြင်းပင်။
“ ဒါ….ဒါ တကယ်ကြီး မျက်နှာဖုံးနဲ့ကောင်လား….. အဲ့ကောင်ရုပ်က ချောလွန်းမနေဘူးလားဟ….”
ဝန်ထမ်းမှ နှုတ်ခမ်းမဲ့လိုက်၏။ သို့သော်လည်း ဘာမျှမပြော။ စိတ်ထဲ၌သာ
' ချောတာမှ တစ်ဖက်ကမ်းကို ကျော်တော့မယ်….’
“ ခု သူ့ရောင်းအား ဘယ်လောက်ရှိသွားပြီလဲ…”
“ ရောင်းအားကတော့ အရူးအမူး မြင့်တက်နေပါတယ်ဘော့စ်… ကျွန်တော်တို့ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်တာ တစ်စက္ကန့်ကို အော်ဒါတွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်… အစ်မကျိုးထက်ကို အများကြီး မြန်ဆန်နေတာပါ….”
နှစ်ယောက်သား ဆိုဖာပေါ်သို့ နွမ်းလျစွာဖြင့် ပုံကျသွားတော့၏။ ၎င်းတို့၏ စိတ်မှာလည်း ဗလာနတ္ထိ။ မျက်နှာဖုံး တပ်ထားသည့် စထွင်မာ တစ်ယောက်၏ ရုပ်ရည်က ကောင်းကင်ကိုပင် ဆန့်ကျင်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
“ ဘော့စ်… နောက်ထပ် သတင်းဆိုး ရှိပါသေးတယ်… ဘော့စ်ကြားချင်လားမသိဘူး…”
“ ဘာလဲ… ဘာသတင်းဆိုးလဲ….”
လီဝေ့ချန်း နားမလည်နိုင်တော့ချေ။
‘ ဒါကတောင် ဒီလောက်ထိ ဆိုးရွားတဲ့ သတင်းဖြစ်နေတာတောင် ဒီ့ထက် ဆိုးတဲ့ သတင်းက ရှိနေသေးတာလားဟ....'
“ ခု လူတော်တော်များက ကျွန်တော်တို့ ထရိုးတွေကို ပိုက်ဆံပေးငှားပြီး မျက်နှာဖုံး အစ်ကိုကြီးကို အပုပ်ချခိုင်းတာ သိသွားကြပြီ… ဒါကြောင့်မို့ အခု အစ်မကျိုးရဲ့ လိုက်စထွင်းမှာ ပြန်အမ်းငွေ လာတောင်းနေကြတာပါဘော့စ်…. အခြေအနေကတော့ သိပ်မကောင်းဘူး…..”
“ ငါယီးတွေလိုပဲ….”
……………………..
တစ်ချိန်တည်းတွင် လင်းရီ ဘက်ခြမ်းတွင်တော့ အခြေအနေတို့မှာ မတူညီတော့ချေ။ ပစ္စည်းများ ရောင်းချခြင်းက အရန်ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။
လူအများအပြားမှ အော်ဟစ်ရင်းဖြင့် အော်ဒါများကို အများအပြား မှာယူနေကြပြီး “ အစ်ကိုလေး.. နင် သီချင်းဆိုပြပါလား… နင့်အသံလေးက အရမ်း နားဝင်ချိုတာပဲ…”
“ မျက်နှာဖုံး ကိုကိုကြီး.. ငါ အဝါရောင် မက်မွန်သီးတွေ ဆယ်ဖာတောင် အားပေးထားတာ လက်မှတ်လေးလိုချင်လို့ ရမလားဟင်….”
“ ကပြပါ… ကပြပါ….”
“ ငါ့ကို လာပြီး ကလည်း မကခိုင်းနဲ့… သီချင်းတွေလည်း လာမဆိုခိုင်းနဲ့…” လင်းရီ ပြောလိုက်ပြီး “ အမှန်အတိုင်းပြောရရင် ခု စထွင်းမှာ ရောင်းနေတဲ့ ပစ္စည်းတွေ အကုန်လုံးက ငါ့အိတ်စိုက်ထားတာတွေချည်းပဲ… ငါ့အတွက် ဘယ်လောက်မှ မပေးရဘူး… မင်းတို့ ဝယ်၏ မဝယ်၏က အရေးမကြီးဘူး….”
“ မလုပ်နဲ့ မလုပ်နဲ့… မငြိုငြင်လိုက်ပါနဲ့နော်… တို့အခုပဲ ဝယ်နေပြီသိလား…”
နှစ်နာရီအတွင်း ၂ သန်းကျော်သော ယူနစ်တို့မှာ ကုန်စင်အောင် ရောင်းချပြီးသွားခဲ့၏။
လိုက်စထွင်းကို ပိတ်လိုက်ရင်း လင်းရီ အညောင်းအညာ ဆန့်လိုက်သည်။
“ တော်သေးလို့ ငါ့ခါးက ကောင်းနေလို့သာပေါ့… သုံးနာရီဆက်တိုက် ထိုင်နိုင်တဲ့ လူဆိုတာ တော်တော်ရှားရှားပဲ ... "
“ အစ်ကိုရီ … ကျွန်မကလည်း သုံးနာရီဆက်တိုက် ထိုင်ခဲ့တဲ့ သူပါပဲနော်….” ကျန်းရှောင်ယွီ ပြောလိုက်၏။
“ မင်းက ငါနဲ့ ဘယ်တူမှာ… ငါတို့ ယောက်ျားတွေ ခါးကောင်းတာက အရမ်းအသုံးဝင်တာကွ…သိလား..”
“ အစ်ကိုရီရဲ့ စကားလုံးတွေက အရမ်း ဝါဒီဆန်လွန်းသွားပြီ… ကျွန်မတို့ မိန်းမသားတွေ ခါးကောင်းတာကလည်း အရမ်း အသုံးဝင်ပါတယ်နော်…”
“ ဘယ်မှာအသုံးဝင်လို့…”
“ အပေါ်မှာ နေတဲ့အချိန်ပေါ့….”