လီချူးဟန်ရဲ့ ဝီချက်
Vol. 55 Ch. 819
လင်းရီ လက်မထောင်ပြလိုက်၏။
“ ရှောင်းယွီ…. မင်းကတော့ တကယ့်ကို အာဂပဲ…”
“ ခစ်ခစ်ခစ်…” ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ အစ်ကိုရီ… ကျွန်မတို့ရဲ့ ပွဲဦးထွက် လိုက်စထွင်းက အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ်…. ဒီည အောင်ပွဲခံကြမလား…”
“ ပွဲကတော့ ဘာပြောကောင်းမလဲ… ပစ္စည်းတွေ သိမ်းထားပြီး စောင့်နေလိုက်… ခဏနေသွားကြမယ်…”
“ အိုကေ..”
ထိုအခိုက်အတန့်တွင် လီလင်း အပြုံးလေးဖြင့် ရောက်လာခဲ့ပြီး “ ဥက္ကဌလင်း… ကျွန်မတို့ ခုလေးတင် စင်နောက်ကနေ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်တာ ရောင်းရငွေတွေက ယွမ် သန်း ၂၈၀ အထိရှိတယ်… ယူချင်ရင် ယွမ်သိန်းဂဏန်းလောက်တော့ ပါးပါးလေး အိတ်ထောင်ထဲ ထည့်လို့ရတယ်….”
ယွမ်သိန်းဂဏန်းမှာ များပြားသည်ဟု ခံစားရသော်လည်း သန်း ၂၈၀ နှင့် နှိုင်းယှဉ်လိုက်သည့်အခါတွင်တော့ မပြောပေလောက်တော့ချေ။
လင်းရီ တစ်ခုခုပြောတော့မည့်အချိန်တွင် ထင်မှတ်မထားစွာဖြင့် သူ့စိတ်ထဲရှိ စနစ်မှ အသိပေးသံကို ကြားလိုက်ရ၏။
[ မစ်ရှင် ပြီးမြောက်သွားပါပြီ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်း ]
[ အလုပ်ပြီးမြောက်နှုန်း : ၈၀ % ]
[ ဆုလဒ် : ယွမ် ငါးဘီလီယမ် ]
မစ်ရှင်ပြီးမြောက်သွားမှုက လင်းရီ ထင်မှတ်ထားသည်ထက် ကျော်လွန်နေတော့၏။
သို့သော်လည်း စနစ်က အမြဲတမ်း ထိုသို့ချည်းသာ။ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ သဘောတရားကို သူ နားလည်လာလေသည်။
သို့သော် ငွေသား ယွမ် ငါးဘီလီယမ်ကတော့ တော်တော်လေး ကောင်းမွန်သည်ဟု ဆို၍ရ၏။
ယင်းက လင်းယွမ်အုပ်စုမှာ လတ်တလော၌ အကျိုးအမြတ် ကြီးစွာရရှိသည့် စီးပွားရေးက မရှိသေးသည်က တစ်ကြောင်း၊ ဆန့်ကျင်ဘက် ပိုက်ဆံ မီးပုံရှို့ရသည့် ပရောဂျက်များက ဒုနှင့်ဒေး ရှိနေလေသည်။ ယခု ယွမ်ငါးဘီလီယမ်က ချိန်ကိုက်သား ရောက်လာခဲ့သည်ဟုတောင် ဆို၍ ရ၏။
[ စနစ် မစ်ရှင် : တောတွင်း ရှင်သန်ခြင်း အစီအစဉ်၌ ပထမ ရယူပါ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
စနစ်မှ မစ်ရှင် သတ်မှတ်ပေးလာသည်ကို မြင်တော့ လင်းရီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယင်းက စထွင်မာ အလုပ်အကိုင်၏ နောက်ဆုံးမစ်ရှင် ဖြစ်သောကြောင့်ပင်။
မစ်ရှင် အကြောင်းအရာနှင့် စပ်လျဉ်း၍ကတော့ ဘာကို ဆိုလိုလဲဆိုတာကို လင်းရီ နားလည်ပြီး ဖြစ်သည်။
ရန်စီ သူ့ကို တစ်ခါပြောဖူးသည့် တောတွင်း ရှင်သန်ခြင်း အစီအစဉ် ဖြစ်ရပေမည်။
ကံကောင်းစွာဖြင့် ထိုစဉ်က သူ ပါဝင်မည်ဟု ကတိပေးခဲ့သောကြောင့်ပင်။
“ ဒါရိုက်တာလင်းရှင့်….”
လင်းရီ ငေးငိုင်နေသည်ကို မြင်တော့ လီလင်းမှ အသံပြုလိုက်၏။
“ အာ… ငါ နားထောင်နေပါတယ်…” လင်းရီ ပြန်ပြောလိုက်ပြီး “ ကျန်တာကို မင်းပဲ ကိုင်တွယ်လိုက်… ကျသင့်ငွေတွေကို နှုတ်ယူပြီးရင် ပိုတဲ့ ပိုက်ဆံ ရှောင်းယွီရဲ့ ဘဏ် အကောင့်ထဲ လွှဲပေးလိုက်…”
“ အစ်ကိုရီ… မလုပ်နဲ့… ရှင် ပိုပြီး ရက်ရောလေ… ကျွန်မကို လိုချင်နေတယ်လို့ ပိုပြီး ခံစားရလေပဲ..”
“ နှိုးထတော့…. အိပ်မက်ဆိုရင်တောင် မင်းဆက် မမက်သင့်တော့ဘူး..”
ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ ကျွန်မ လက်မခံနိုင်ဘူး အစ်ကိုရီ… ဒီအတောအတွင်း ရှင်နဲ့ လိုက်စထွင်းတွေ လုပ်နေတာ ခုဆို ကျွန်မ ပရိသတ် တစ်သန်းကျော်တောင် စုမိသွားပြီ… ပြီးတော့ ကားလည်း ပေးထားသေးတယ်လေ.. နောက်ထပ် ဆက်ယူရမယ်ဆိုရင် မျက်နှာပူလာပြီ…”
“ ယူလိုက်… များတဲ့ ပိုက်ဆံမှ မဟုတ်တာ…. ဒီအတောအတွင်း အလုပ် ကြိုးစားပေးလို့ ဘောနပ်စ်ပေးတယ်လို့ပဲ သဘောထားလိုက်…”
ပြောပြီးနောက် လင်းရီ နောက်ပြန်မလှည့်ကြည့်ပဲ ကျီချင်းရန်ထံ ပြုံး၍ ထွက်ခွာသွားခဲ့၏။
“ ထိုင်နေရတာ ညောင်းနေရောပေါ့.. တစ်နေရာ သွားပြီး အောင်ပွဲခံကြစို့…”
“တော်သေးတယ် ပြီးသွားလို့… ကျွန်မကျောဆို ကျိုးပြီလားတောင် အောက်မေ့ရတယ်…” ဟော်ယွမ်ယွမ်မှ မကျေမနပ် စောဒကတက်ရင်း
“ တကယ်လို့ ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် အစောကြီးကတည်းက မျက်နှာဖုံး ဆွဲချွတ်လိုက်ပါတယ်…. “
“ ထောက်ခံတယ်…” ထျန်းရန်လည်း သူမခါးကို ကိုင်ရင်း ရယ်မောလိုက်၏။
“ ငါတော့ အဆင်ပြေပါတယ်.. နင်တို့ကိုက ကိုယ်လက်လှုပ်ရှားမှု မရှိလို့ပါ…လုံးဝ အဆင်ပြေတယ်…”
ကျန်းရှောင်ယွီ အလိုအလျောက် လင်းရီ မျက်နှာကို ကြည့်၍ တီးတိုးရေရွတ်လိုက်၏။ “ အစ်ကိုရီကတော့ ကံကောင်းတာပဲ..”
ကလင် ကလင် ကလင်….
လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ချင်းဟန်ထံမှပင်။
“ လင်းကြီး … မင်းရဲ့ လိုက်စထွင်းက ပြီးသွားပြီမလား…”
“ အေး… မင်းဘယ်လိုလုပ်ပြီး သိတာ….”
“ ငါနဲ့ လျန်ကြီးက စည်သွပ်ဘူး တစ်သန်းကျော်ဖိုးလောက်အထိ အားပေးထားတာလေ… ပြောကြည့်… ညီကိုကောင်း ပီသတယ်မလား…”
“ ဟားဟား…..”
လင်းရီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ လိုက်စထွင်းက ပြီးပြီ.. ခု ဆိုင်တစ်ဆိုင်မှာ ထမင်းသွားစားကြမလို့… မင်းတို့ နှစ်ကောင်ကော ခု ဘယ်မှာ….”
“ မက်ထရိုပိုလစ်မှာ…. ထိုင်ခုံတွေ ရယ်ဒီပဲ… မင်းတို့ လာပြီး ဝိုင်သောက်ရင်း အောင်ပွဲခံမှာကို စောင့်နေတယ်…”
“ မက်ထရိုပိုလစ်တဲ့…” လင်းရီ ကျီချင်းရန်ကို မျက်စပစ်ရင်း သူမ၏ သဘောထားကို မေးမြန်းလိုက်၏။
သူမ၏ အထောက်အထားကြောင့်တော့ မဟုတ်ပဲ သူမက ထိုသို့သော နေရာမျိုးနှင့် နေသားမကျသောကြောင့်ပင်။
“ အဆင်ပြေတယ်… နင် သွားချင်တဲ့ နေရာသွား…”
အချိန်အတော်ကြာသည်အထိ ကျီချင်းရန် နိုက်ကလပ်ဆို ဝေးဝေးက ရှောင်သွေလွဲခဲ့၏။ သို့သော် ယခု လင်းရီနှင့် မျက်နှာရင်းနှီးသူများကလည်း ဘေးတွင် ရှိနေသောကြောင့် မည်သည်ကိုမျှ စိုးရိမ်စရာ မလိုပေ။ ထို့ပြင် ထိုသို့သော နေရာမျိုး၌ အောင်ပွဲခံသည်က ကာလံဒေသံနှင့်လည်း ကိုက်ညီမှုရှိ၏။
နှစ်ယောက်သား အချင်းချင်း ပြုံး ကြည့်လိုက်ကြသည်။ တစ်ဦး၏ အတွေးကို တစ်ဦးက နားလည်နေသည့်နှယ်ပင်။
“ အိုကေ… ခုလာနေပြီ…”
နာရီဝက်ကြာပြီးနောက် အုပ်စုမှာ မက်ထရိုပိုလစ်သို့ ရောက်ရှိလာခဲ့ကြသည်။ ချင်းဟန်နှင့် လျန်ကျင်းမင်တို့မှာ သီးသန့်ခန်းထဲ၌ ကြိုတင်၍ စောင့်ဆိုင်းနေကြပြီး စားပွဲအပြည့် စားစရာသောက်စရာများနှင့် ဝိုင်များကို တည်ခင်းထားလေသည်။
တစ်ချိန်တည်းတွင် စကတ်အတိုနှင့် မိန်းကလေး ဆယ်ယောက်ကျော်ကလည်း ထိုင်ခုံ တစ်ခုချင်းစီဘေး၌ ထိုင်နေကြ၏။
တံခါးပွင့်လာသည်ကို မြင်တော့ အားလုံးက မတ်တပ်ရပ် ဟန်ပြင်လိုက်ကြသည်။
သို့သော်လည်း ကျီချင်းရန်တို့ အုပ်စုကို မြင်သည့် အခိုက်အတန့်တွင်တော့ သူမတို့အားလုံး လျှောက်လတ္တံ့ခြေလှမ်းများအား ရပ်တန့်မိသွားကြ၏။
မူလက သခင်းလေးလင်းအနားတွင် အလှနတ်သမီးများသာ ရှိကြသည်ဟု သခင်လေးချင်း ပြောသည်ကို ကြားပြီးဖြစ်သော်လည်း ယခု မြင်တွေ့လိုက်ရချိန်တွင်တော့ သူမတို့တစ်တွေ အံ့ဩမိကြရပြန်သည်။
လင်းရီတို့ ရောက်လာသည်ကို မြင်တော့ ချင်းဟန် သူ့လက်ကို ချက်ချင်း ဝှေ့ယမ်လိုက်ပြီး ယွမ် ငါးရာတန် တစ်ထပ်ကို ပစ်ပေးလိုက်၏။
“ ဒီမှာ ဘာမှ လုပ်စရာ မရှိတော့ဘူး.. မင်းတို့ အရင် သွားနှင့်လိုက်တော့….”
“ ကျေးဇူးနော်… သခင်လေးချင်း …”
ဆက်ဆီဆန်သည့် မိန်းကလေး ဆယ်ယောက်ကျော်မှာ ပိုက်ဆံကိုယူ၍ ဦးညွှတ်ရင်း ချင်းဟန်ကို ကျေးဇူးတင်လိုက်ကြသည်။
“ ကျေးဇူးပါ သခင်လေးချင်း… ကျွန်မတို့ အရင် သွားနှင့်တော့မယ်..”
ကျီချင်းရန် လင်းရီဘက်သို့ အလိုအလျောက် လှည့်လာ၍ “ နင် ဒီလာရင် အမြဲတမ်း ဒီလိုမျိုး ကစားတယ်ပေါ့…”
“ ဘာတွေ လာပြောနေတာတုန်းဟ… နေ့တိုင်း ငါအိမ် မပြန်လာဘူးလား… ဒီလိုနေရာမျိုး လာဖို့ ဘယ်မှာ အချိန်ရှိလို့….”
ကျီချင်းရန် မျက်လုံး ပေကလပ် ပေကလပ် ပြုလုပ်လိုက်၏။ လင်းရီပြောသည်ကလည်း သဘာဝကျလေသည်။
ကျီချင်းရန် ထိုကဲ့သို့သော အသေမွှား ကိစ္စလေးများကို ဂရုစိုက်မနေတော့ချေ။ မကြာမီ လူအုပ်ကြီးမှာ တဟီးဟီး တဟားဟားနှင့် ခွက်ချင်းတိုက်လိုက်ကြ၏။
မနက်နှစ်နာရီ ကျော်သည့် တိုင်အောင် ပွဲမှာ မပြီးသေးချေ။ အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ကျီချင်းရန်မှာလည်း မငိုက်မြည်းသေးချေ။ ထို့ကြောင့် လင်းရီလည်း အလျင်မလိုတော့ပေ။
“ နင် သန့်စင်ခန်း မသွားချင်ဘူးလား…” ကျီချင်းရန်မှ လင်းရီ၏ လက်ကိုတို့ရင်း မေးလိုက်သည်။
“ သွားစို့.. ငါ အဖော်လိုက်ခဲ့ပေးမယ်…”
“ ငါ သွားချင်နေမှန်း နင်ဘယ်လိုလုပ်သိတာ…”
“ သိတာပေါ့… ငါ့ကို ဟော်ယွမ်ယွမ်လို သောက်ပိန်းများ ထင်နေတာလား…”
“ ခစ်ခစ်… ဒါဆို အတူသွားကြစို့… အပြင်မှာ လူတွေက အများကြီးပဲ… နင်ပါလိုက်ခဲ့တော့ ပိုပြီး အဆင်ပြေတာပေါ့….”
“ အင်း သွားစို့…”
လင်းရီ မတ်တပ်ရပ်၍ ကျီချင်းရန်နှင့်အတူ ထွက်လာခဲ့လိုက်သည်။
ကသည့် အထပ်တွင်တော့ တီးလုံးသံနှင့် နားအူမတက် ဆူညံနေပြီး စရိုက်ပေါင်းစုံနှင့် အမျိုးသား အမျိုးသမီးတို့မှာလည်း စိတ်လွတ်ကိုယ်လွတ် ကခုန်နေကြလေသည်။
ကျီချင်းရန်ကတော့ နားမလည်နိုင်ဖြစ်နေမိ၏။
ဒီလူတွေက နောက်တစ်နေ့ အလုပ်လုပ်စရာ မလိုဘူးလားတဲ့…
ဒူ .. ဒူ … ဒူ…..
လင်းရီ ဖုန်းတုန်ခါလာခဲ့၏။ သူ ထုတ်ကြည့်လိုက်တော့ လီချူးဟန်ထံမှ မက်ဆေ့ချ်ဖြစ်နေသည်။
မသိလိုက်ပါပဲနှင့် လင်းရီ ၀.၀၁ စက္ကန့်ကြာပြီးနောက် ဖုန်းကို ဆတ်ကနဲ အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။
“ လီလင်းက ဘာတွေ လုပ်နေတာ… ဘာလို့ ညသန်းခေါင်ကြီး မက်ဆေ့ချ်တွေ လာပို့နေတာ….”
ကျီချင်းရန်မှာ သူနှင့် လီချူးဟန်ကြားရှိ ကိစ္စကို သိပ် အမျက်မပြေသေးချေ။ အကယ်၍ ယခုလို အချိန်၌ လီချူးဟန်မှ မက်ဆေ့ချ်ပို့လာခဲ့ကြောင်း ရှာတွေ့သွားပါက ပေါက်ကွဲထွက်လာနိုင်သည်။
“ လိုက်စထွင်းကိစ္စများလား….”
“ ပိုက်ဆံ ကိစ္စနေမှာပေါ့… ကျန်တာကို အဆင်ပြေသလို ကြည့်လုပ်လိုက်လို့ ပြောခဲ့ရဲ့သားနဲ့ … “
“ နင် မအိပ်သေးဘူး ထင်လို့ ပို့လာခဲ့တာ နေမှာပေါ့ဟဲ့…” ကျီချင်းရန် ပြုံးလိုက်ပြီး “ ခဏလေးစောင့်ပေးနော်… ငါပြီးရင် ပြန်ထွက်လာခဲ့မယ်…”
“ အင်း…. အေးဆေးသာလုပ်…”
ကျီချင်းရန် အမျိုးသမီး သန့်စင်ခန်းထဲ ဝင်သွားသည်ကို မြင်တော့ လင်းရီ ဖုန်းကို အလျင်အမြန် ထုတ်ကြည့်လိုက်၏။
သူ့အတွက်တော့ လီချူးဟန် မက်ဆေ့ချ်၏ အရေးပါမှုက ကျီချင်းရန်ပြီးလျှင် ဒုတ်ယပင်။
မက်ဆေ့ချ်ကို ဖတ်ပြီးနောက် လင်းရီ ရင်တစ်ချက် ထိတ်သွားခဲ့၏။
“ နင် ငါ့အိမ် လာခဲ့ပေးလို့ရလား…”