S အဆင့် သရုပ်ဆောင်သည့် စွမ်းရည်
Vol. 55 Ch. 820
အကယ်၍ ဤမက်ဆေ့ချ်က ဝမ်ရင်းထံမှ ဆိုပါက လင်းရီ သူမ အပူတက်နေပြီဟု ထင်မိကောင်း ထင်မိပေလိမ့်မည်။ သို့သော်လည်း လီချူးဟန်ထံမှ ဖြစ်သောကြောင့် ထိုသို့ မဖြစ်နိုင်ချေ။
“ ငါ့ကို စောင့်နေ…”
စာပြန်ပြီးနောက် လင်းရီ ခေါင်းမော့ရင်း သန့်စင်ခန်းဘက်သို့ ကြည့်လိုက်၏။
ကျီချင်းရန် ပေါ်လာတော့မည့် အရိပ်အယောင်ကို မမြင်သေးတော့ လင်းရီ သူ့စိတ်ထဲ သူနှင့် မျက်နှာရင်းနှီးနေသူများအားလုံး အတန်းလိုက် စီတန်း၍ ပေါ်လာသည်။ နောက်ဆုံးတွင်တော့ သူ ရှန်းထျန်းကျိုးထံ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်တော့၏။
“ ဟဲလို ဒါရိုက်တာရှန်း.. ခင်များ အိပ်နေပြီလား…”
“ ဒီနေ့ နည်းနည်း အလုပ်များတယ်… ငါ ခုလေးတင် ဓာတ်ခွဲခန်းထဲက ထွက်လာပြီး မင်းရဲ့ပန်နီဆူလာဟိုတယ်ကို လာမလို့… မင်းငါ့ကို ဒီအတွက် ကုန်ကျစရိတ် ပြန်ပေးသင့်တယ်မလား…” ရှန်းထျန်းကျိုးမှ ရယ်ကျဲကျဲ ပြောလိုက်၏။
“ ပေးတာပေါ့.. အကုန်တာယူလိုက်..” လင်းရီ ပြောလိုက်ပြီး “ ဒါနဲ့ ဒါရိုက်တာရှန်း … ကျုပ်ကို တစ်ခုလောက် ကူညီဗျာ… ခဏ ဆယ်မိနစ်လောက်နေရင် ပရောဂျက်နဲ့ပတ်သက်ပြီး ပြဿနာ ရှိနေတယ်လို့ ပြောပေးစမ်းပါ… ပြီးရင် ကျုပ် ခုချက်ချင်း လာခဲ့ဖို့ လိုတယ်လို့ကော ပြောပေး…”
“ အာ………”
လင်းရီ၏ စကားလုံးများကို ရှန်းထျန်းကျိုးကို ဆွံ့အသွားစေသည်။ ခေတ္တကြာအောင် တွေးတောပြီးနောက် ပြုံးလိုက်ကာ “ မင်းတို့ လူငယ်တွေကတော့…… ကောင်းပြီ.. ငါဖုန်းဆက်လာမှာကို စောင့်နေလိုက်….”
“ ဒါရိုက်တာရှန်း လေသံ နားထောင်ရသလောက်တော့ တော်တော်လေး ဝါရင့်နေပြီနဲ့ တူတယ်..”
“ ငါ မိုက်ခရိုဆော့ဖ်မှာတုန်းက ဆွီဒင်က ဘော်ဒါတစ်ယောက်လည်း အမြဲတမ်း ဒီလိုမျိုး လုပ်ပေးဖို့ အကူအညီတောင်းတယ်… ဒီတော့ ဘယ်လိုလုပ်ရမလဲ သိနေတာလေ…”
“ ဟားဟား… အကွက်တစ်ခုတည်းက ကမ္ဘာတစ်လွှားမှာ အသုံးတည့်နေတာပဲ…”
ပြောပြီးပြီးချင်းပဲ လင်းရီ ဒေါက်မြင့်ဖိနပ်သံများကို ကြားလိုက်ရပြီး အလျင်လိုနေသည့် လေသံဖြင့် “ ကောင်းပြီ ဒါရိုက်တာရှန်း … နောက်မှ ဆက်ပြောကြမယ်… ဆယ်မိနစ်နေရင် ခေါ်ဖို့ မမေ့နဲ့နော်… ခင်များအတွက် ဇိမ်ခံခန်း ကြိုပြင်ခိုင်းထားလိုက်မယ်…”
“ ကောင်းပြီ ဒါဆိုလည်း ငါ အားမနာတော့ဘူး..”
လင်းရီ ဖုန်းချပြီး သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။ ထို့နောက် ဘာမျှ မဖြစ်ထားသည့် အမူအရာဖြင့် ကျီချင်းရန် ရောက်အလာကို မတ်တပ်ရပ်၍ စောင့်နေလိုက်သည်။
တစ်ချိန်တည်းတွင် သူ့ကို အံ့အားသင့်ဖွယ် ဆုလဒ်များ ချီးမြင့်ထားသည့် စနစ်ကိုလည်း လျှို့ဝှက်စွာ ကျေးဇူးတင်လိုက်၏။
မဟုတ်ပါက ယခုလို ဆူညံနေသည့် ပတ်ဝန်းကျင်တွင် ဒေါက်ဖိနပ်သံ ကြားရဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ချေ။
“ စိတ်မရှည် ဖြစ်နေတယ်ပေါ့ ဟမ်…”
“ မဖြစ်ပါဘူး… မိနစ်ပိုင်းလေးတည်း ရှိသေးတာကို…. တကယ်လို့ ပင်လယ်ရေတွေ ခန်းခြောက်ပြီး ကျောက်ဆောင်ကြီးတွေ အက်ကွဲသွားတဲ့အထိ စောင့်ရမယ်ဆိုရင်တောင် ပြဿနာမရှိဘူး…”
ကျီချင်းရန်၏ မျက်ဝန်းလေးများ လခြမ်းကဲ့သို့ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်ပြီး
“ ဟွန့် လူလိမ် .... ”
သို့နှင့် နှစ်ယောက်မှာ သီးသန့်ခန်းထဲသို့ ပြန်ရောက်လာခဲ့ကြပြီးနောက် အုပ်စုမှာလည်း နှစ်ခု ကွဲသွားတော့၏။
လင်းရီတို့ လေးယောက်မှာ မန်ဘာကဒ်၏ အကျိုးကျေးဇူးများကို စကားစပ်မိရင်း ထင်ရာမြင်ရာများကိုဆွေးနွေးနေခဲ့ကြသည်။
ဦးစွာအနေဖြင့် ၎င်းက မိုဘိုင်းဖုန်း ပရိုမိုးရှင်းနှင့် တွဲစပ်နိုင်ပြီး တဖြည်းဖြည်း ကျယ်ပြန့်လာကာ အထက်တန်းလွှာအသိုင်း အဝိုင်းကြား၌ အဆင့်အတန်းတစ်ခု၏ အမှတ်ကညာအသွင်သို့ ကူးပြောင်းလာနိုင်ရမည်။
ထိုစဉ် ကျီချင်းရန်တို့ လေးယောက်သားကတော့ အတူတစ်အုပ်စုဖွဲ့၍ ဖက်ရှင်နှင့် အလှကုန်ပစ္စည်းများ အကြောင်း ဆွေးနွေးနေခဲ့ကြသည်။
သို့သော်လည်း ကျန်းရှောင်ယွီကတော့ ဘေးမှ ထိုင်နားထောင်ရသည်က ခပ်များများပင်။ သူမတို့ ပြောနေကြသည့် ဘရန်းတစ်ခုချင်းစီတိုင်းက အနည်းဆုံး ယွမ်တစ်သိန်း တန်ကြေးရှိလေသည်။ ထို့ကြောင့် စကားဝိုင်းထဲ၌ ဝင့်ဆံ့နိုင်ဖို့ရာ မစွမ်းသာခဲ့ချေ။
ကလင် ကလင် ကလင် …
ဖုန်းမြည်သံကို ကြားတော့ လင်းရီ ရှန်းထျန်းကျိုးကို ရင်ထဲမှ ချီးမြှောက်မိလိုက်သည်။
သို့သော်လည်း သူဖုန်းနံပါတ်ကို ကြည့်လိုက်တော့ အတွင်းလိုင်း ကြိုးဖုန်းနံပါတ် ဖြစ်နေလေသည်။
“ အမ်…”
လင်းရီ ရင်ထဲတွင် ရေရွတ်လိုက်ပြီး “ ဒါရိုက်တာရှန်းက အလုပ်ဆင်းသွားပြီမဟုတ်ဘူးလား… ဘာလို့ စင်တာက ဖုန်းနဲ့ ဆက်လာခဲ့တာ…”
“ ဒါရိုက်တာရှန်း…..”
“ လျှပ်စီးမျောက် သစ်တောမှ ကျွန်တော်တို့……...”
“ ငိုးမတွေ…”
လင်းရီ ကျိန်ဆဲလိုက်၏။ “ ဒီငနွားတွေက ညသန်းခေါင်လောက်ကြီးကို အလုပ်ကြိုးစားနေကြသေးတာလားဟ….”
“ ဘာလဲဖြစ်လို့… ဒီတိုင်း ကျာဖြန့်ဖုန်းကိုပဲ ဘာလို့ ဒီလောက်တောင် စိတ်တိုနေတာ…”
ကလင် ကလင် ကလင် …
ဖုန်းသံ တစ်ဖန် မြည်လာခဲ့ပြီး လင်းရီ တစ်ချက်ကြည့်ပြီးနောက် စိတ်သက်သာရာရသွားခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ ဒါရိုက်တာရှန်းထံမှပင်။
“ ဟဲလို ဒါရိုက်တာရှန်း …”
လင်းရီ ဖုန်းကိုင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိ တစ်ယောက်သောသူ ကြားစေရန် အသံကို မြင့်၍ ပြောလိုက်၏။
လင်းရီ မျှော်လင့်ထားသည့်အတိုင်း ကျီချင်းရန်မှ ရှန်းထျန်းကျိုး၏ အမည်ကို ကြားသည်နှင့် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး လင်းရီ ဖုန်းပြောသည်ကို နားစွင့်နေတော့၏။
အဘယ်ကြောင့်ဆိုသော် လင်းရီ၏ စီးပွားရေးလုပ်ငန်း၌ ချီရှန်းကျောက်မှာ ဒုတိယချိတ်ပြီး ဖိုတိုလီတို ဂရပ်ဖီစက်ကို ဦးစီးဦးဆောင်ပြုနေသည့် သုတေသီ ရှန်းထျန်းကျိုးက အရေးပါဆုံး ဖြစ်ကြောင်း ကျီချင်းရန် နားလည်ထားသောကြောင့်ပင်။ တစ်ချိန်တည်း၌ လင်းရီ အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လေသည်။
“ ဘာဖြစ်တယ်.. ကျုပ် ပရောဂျက်ကို ခင်များလက်ထဲ အပ်ထားပြီးသားလေ… အဲ့တာကို ကျုပ်လာရှာနေသေးတယ် ဟုတ်လား… ကျုပ် မပါပဲ ခင်များတို့ချည်း သပ်သပ်နဲ့ မဖြစ်ဘူးလား…”
“ ခင်များတို့က ဘာကောင်တွေလဲ… ပရောဂျက် ဖွံ့ဖြိုးဖို့ ဒီလောက် ပိုက်ဆံတွေ အများကြီး ယူထားတာတောင် ဒီပြဿနာလေးလောက်နဲ့ လူကို ဖုန်းဆက်ခေါ်နေရလား…”
“ ခင်များ လုပ်နိုင်ရင်လုပ်…. မလုပ်နိုင်ရင် လစ်လိုက်…..”
“ လင်းရီ… နင် ရူးနေတာလား….”
ကျီချင်းရန် ဒေါသထွက်သွားခဲ့ပြီး လင်းရီ၏ ဖုန်းကို အလျင်အမြန်ဖြင့် ဆွဲယူလိုက်၏။
“ ဆရာရှန်း.. လင်းရီက နည်းနည်းလေး သောက်ထားလို့ပါ… သူ ပြောသွားတာတွေ စိတ်ထဲထားမနေနဲ့နော်… ကျွန်မ သူ့ကို ပြန်တောင်းပန်ခိုင်းလိုက်မယ်..”
“ ဟုတ် ဟုတ်.. ဒါဆို ဖုန်းအရင်ချလိုက်တော့မယ်..”
ရှန်းထျန်းကျိုး၏ ဖုံးကို ချပြီးနောက် ကျီချင်းရန် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး လင်းရီ၏ ခါးကို တုံ့ဆိုင်းခြင်းမရှိ ဆွဲဆိတ်လိုက်သည်။
“ နင်တော့ သေတော့မယ်…. ဘာလို့ ဒါရိုက်တာရှန်းကို အဲ့လို ပြောလိုက်တာ….”
“ ခု ဘယ်အချိန်ရှိနေပြီလဲ… အဲ့တာကို မင်းက စင်တာသွားစေချင်သေးတာလားဟ.. ငါက သူဌေးပါ… အိုကေလား….”
“ နင်က သူဌေးဆိုတိုင်း နင့်စိတ်ချည်းပဲ လုပ်လို့ မဖြစ်ဘူးလေ…” ကျီချင်းရန် အနည်းငယ် ကျွဲမြီးတိုနေပြီး “ ပရောဂျက်က ဒါရိုက်တာရှန်းအပေါ် မူတည်နေတာလည်း နင်သိရဲ့သားနဲ့.. ပြီးတော့ သူက ငါတို့ထက် အသက်အများကြီး ကြီးတယ်… အကြီးအကဲတစ်ယောက်ကို ဘယ်သူက အဲ့လိုလေသံနဲ့ စကားပြောလို့လဲ…”
“ အေးပါ အေးပါ… ငါသွားလိုက်ပါ့မယ်.. ဟုတ်ပြီလား…” လင်းရီ စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်၏။
“ ဒါဆိုလည်း ပွဲအဆုံးသတ်ကြတာပေါ့… ဘာပဲပြောပြော နောက်တောင်ကျနေပြီ…” ချင်းဟန်ပြောလိုက်သည်။
“ နင်တို့ ပျော်နေတာကို နှောင့်ယှက်မိပြီ…” ကျီချင်းရန်မှ အားတောင့်အားနာ ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
“ မလိုပါဘူး…. မရီးက ကျုပ်တို့ကို အပြင်လူလို သဘောထားနေတာပဲ…” လျန်ကျင်းမင်မှ ပြောလိုက်ပြီး “ အလုပ်က အရေးကြီးတယ်လေ… နောက်လည်း ဒီလိုမျိုး ဝိုင်းဖွဲ့ဖို့ အခြေအနေတွေ အများကြီး ရှိပါသေးတယ်…နောက်မှ ကျိုကျုံးဗီလာမှာ ပြန်ဆုံလည်း ဖြစ်တာပဲ… ”
“ ကောင်းပြီလေ…”
သို့နှင့် အုပ်စုမှာ မက်ထရိုပိုလစ်မှ ထွက်လာခဲ့ကြပြီး ကျီချင်းရန်ကတော့ လင်းရီကို တစ်လျှောက်လုံး တွဲလာလေသည်။
“ အတူသွားကြမယ်…”
“ ဟမ်… မင်း ဘာကိုအတူသွားမှာ….”
“ ငါမောင်းမယ်.. နင်က သောက်ထားတဲ့သူ…” ကျီချင်းရန် ဆက်လက်၍ “ ပြီးတော့ ဒါရိုက်တာရှန်းကိုလည်း ပြန်ပြီးတောင်းပန်ရဦးမယ်… နင်ခုလေးတင် လုပ်သွားတဲ့ အပြုအမူတွေက ရိုင်းစိုင်းတယ်ဟဲ့ သိရဲ့လား…”
“ မလိုပါဘူး… ငါ့ဘာငါ မောင်းလို့ရတယ်… ခု ဘယ်အချိန်တောင် ရှိနေပြီလဲ… အိမ်ပြန်ပြီးအိပ်တော့…”
လင်းရီ၏ အမူအရာမှာ လေးနက်နေပြီး ဒေါသ ထွက်နေသည့် အရိပ်အယောင် တစ်စွန်းတစ်စလည်း ပါဝင်နေသည်။
သူ၏ မျက်နှာအမူအရာနှင့် အသံနေအသံထားက အသေးစိတ်ကျရုံမျှမက မျက်ဝန်းထဲ၌ပင် မည်သို့ ခံစားနေရသည်ကို မြင်နိုင်သည်အထိ ပြီးပြည့်စုံနေတော့၏။
ယခုလို သရုပ်ဆောင် အရည်အချင်းနှင့်ဆိုပါက အကောင်းဆုံး သရုပ်ဆောင် မင်းသားဆုကို မရရှိလျှင်တောင် S အဆင့်တော့ သတ်မှတ်ပေးသင့်လေသည်။
“ နင်သောက်ထားတာကို ဘာကိစ္စမောင်းမှာ…”
“ ငါ အရက်သောက်နိုင်တာ မင်းသိပါတယ်… ဆိုတော့ အဆင်ပြေတယ်… ဘာမှစိတ်မပူနဲ့…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မင်း ပြန်မအိပ်ဘူးဆိုရင် ငါလည်း မသွားဘူး…”
ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး ချီတုံချတုံဖြစ်နေမိသည်။
လင်းရီ၏ အဆက်အသွယ်နှင့် ကျိုးဟိုင်၌ အရက်မူးပြီး ကားမောင်းလို့ အဖမ်းခံရမည်ကို စိုးရိမ်နေရန် မလိုချေ။
အဓိကကတော့ သူမ လင်းရီနှင့်အတူ ရှန်းထျန်းကျိုးကို တောင်းပန်စကား ဆိုချင်သောကြောင့်ပင်။
လင်းရီ၏ စိတ်နေစရိုက်အရ အကယ်၍ သူမသာ သဘောမတူဘူးဆိုလျှင် သူ၏ ခေါင်းမာသည့် အမူအကျင့်အရ မုချ သွားလိမ့်မည် မဟုတ်ချေ။
“ နင် မောင်းနိုင်တာ သေချာတယ်နော်…”
“ မပူနဲ့.. သုံးလေးလုံးလောက်ကတော့ အရက်သောက်တယ် မခေါ်ပါဘူး…”
“ ကောင်းပြီလေ… ဒါဆို ငါသွားနှင့်တော့မယ်.. ဖြည်းဖြည်းမောင်းဦးနော်… ဒါရိုက်တာရှန်းကိုလည်း သေချာလေး တောင်းပန်လိုက်ဦး..”
“ အေးပါ… ငါနားလည်ပါတယ်..”
“ ဒီလိုလုပ်ပါလား အစ်မကျီ… ညီမအိမ်မှာ လိုက်နေလိုက်လေ… အဖော်ရတာပေါ့…” ဟော်ယွမ်ယွမ်မှ ပြောလိုက်၏။
“ အဲ့လိုလည်း အလုပ်ဖြစ်တာပဲ…”
“ ဒါဆို ငါ လိုက်ပို့ပေးမယ်…” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ရှောင်းယွီ … မင်းလည်း ပြန်မနေနဲ့တော့… ငါတို့လည်း ပြန်ဖို့ အစီအစဉ်မရှိဘူး…. ပန်နီဆူလာဟိုတယ်မှာပဲ တည်းသွားလိုက်…. အစ်ကိုကြီးလင်းရဲ့ နေရာပဲ… ဘာမှ အားနာမနေနဲ့…” လျန်ကျင်းမင်မှ ပြောလိုက်သည်။
ရှောင်းယွီ လျန်ကျင်းမင်နှင့် ချင်းဟန်တို့ နှစ်ယောက်ကို တစ်ချက် ဝေ့ကြည့်ရင်း ကျီစယ်သည့် လေသံဖြင့် “ အစ်ကိုလျန်… ရှင်တို့ နှစ်ယောက်က ကျွန်မကို ညဉ့်သန်းခေါင်ကြီး ဟိုတယ် ခေါ်သွားချင်နေတယ်ဆိုတော့ ကျွန်မအပေါ် စိတ်တွေ ရှိနေတယ်လို့တော့ မပြောနဲ့နော်….”