← Chapters

ငါ့အိမ် အမွှေခံထားရတယ်..

Vol. 55 Ch. 821

ငါ့အိမ် အမွှေခံထားရတယ်..

Vol. 55 Ch. 821

“ မင့်ဦးနှောက်လည်း တစ်ချိန်လုံး အဲ့တာတွေပဲ စဉ်းစားနေ…” လျန်ကျင်းမင်မှ စောဒက တက်လိုက်ပြီး “ တကယ်လို့ ငါတို့သာ အဲ့လို အတွေးမျိုး ရှိနေရင် ဒါရိုက်ထာထျန်းကိုပါ ဆွဲခေါ်သွားမှာပေါ့…”

ထျန်းရန် " ??? "

' ငါက ဒီတိုင်း စကတ်တိုလေးပဲ ဝတ်ထားတာလေ… ငါ့လာဆွဲမထည့်နဲ့…'

“ ကောင်းပြီ… ပေါက်ပန်းလေးဆယ်တွေ ပြောမနေကြနဲ့တော့… မင်းတို့ အိမ် မင်းတို့ ပြန်ကြ…”

လင်းရီ လောဆော်လိုက်တော့သည်။ သူ အနည်းငယ် အလျင်လိုနေပြီး လီချူးဟန်၏ အိမ်သို့ သွား၍ ဘာဖြစ်နေလဲဆိုတာကို သိချင်နေလေသည်။

“ သွားကြစို့…”

အုပ်စုမှာ ကားကိုယ်စီထဲသို့ ဝင်လိုက်ကြ၏။

လင်းရီနှင့် ထျန်းရန်တို့ကတော့ တစ်ယောက်တစ်လမ်းစီ ဦးတည်လိုက်ကြပြီး ချင်းဟန် ၊ လျန်ကျင်းမင်နှင့် ကျန်းရှောင်ယွီတို့ကတော့ ပန်နီဆူလာဟိုတယ်သို့ ဦးတည်လိုက်ကြလေသည်။

ကျီချင်းရန် ကတော့ ဟော်ယွမ်ယွမ် အိမ်သို့ လိုက်သွားရန် ဟန်ပြင်နေပြီး ကောင်းကျုံးယွမ်ကလည်း ဟော်ယွမ်ယွမ်ကို မောင်းပို့ပေးရန် ပြင်ဆင်နေ၏။

ကားထဲကို ရောက်တော့ လင်းရီ ပန်နီဆူလာဟိုတယ်ရှိ ကောင်တာ ဝန်ထမ်းကို ဖုန်းဆက်ပြီး ရှန်းထျန်းကျိုးအတွက် ဇိမ်ခံအခန်း ပြင်ဆင်ထားပေးရန် ညွှန်ကြားလိုက်သည်။

ခေတ္တ စကားပြောပြီးနောက် လင်းရီ ရှန်းထျန်းကျိုးထံ ဖုန်းပြန်ဆက်၍ စောနက စကားကို အတည်မယူရန် တောင်းပန်လိုက်သည်။ ကံကောင်းစွာဖြင့် ရှန်းထျန်းကျိုးကလည်း များများစားစား တွေးတောမနေခဲ့ချေ။ ထို့ကြောင့် ကိစ္စမှာ ဖြေရှင်းပြီး ဖြစ်ပြီး လီချူးဟန်၏ အိမ်သို့ အေးအေးလူလူ မောင်းထွက်လာခဲ့လိုက်လေသည်။

ထိုအခိုက်အတန့်တွင်တော့ ကားထဲ ရောက်နေသည့် ရှန်းထျန်းကျိုးမှ ဖုန်းချလိုက်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

“ လုပ်ရိုးလုပ်စဉ်တွေက တူညီတယ်ဆိုပေမယ့် အဓိကကျတာက အသေးစိတ်ကျဖို့ပဲ…”

မိနစ်နှစ်ဆယ်ကြာပြီးနောက် ရှန်းထျန်းကျိုး ပန်နီဆူလာဟိုတယ်သို့ ရောက်ရှိလာပြီး အခန်းတစ်ခန်း ယူရန် ဟန်ပြင်လိုက်၏။

“ ဒါရိုက်တာရှန်း….”

ဟိုတယ် ကောင်တာရှေ့၌ အခန်းသော့ စောင့်နေသည့် ချင်းဟန်နှင့် ကျန်နှစ်ယောက်မှာ ရှန်းထျန်းကျိုး ရောက်လာသည်ကို မြင်တော့ အံ့အားတကြီး ဖြစ်သွားခဲ့ကြ၏။

ချင်းဟန်နှင့် လျန်ကျင်းမင်ကို မြင်တော့ ရှန်းထျန်းကျိုးလည်း တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး ခေါင်းညိမ့်၍ ပြုံးပြလိုက်သည်။

“ မင်းတို့ကောင်တွေ ပျော်ပြီး ပါးပြီး ပြန်လာကြတယ်ပေါ့…”

ရှန်းထျန်းကျိုးနှင့် ချင်းဟန်တို့မှာ ရင်းနှီးသူများ မဟုတ်ကြ။ မေးထူးခေါ်ပြော အဆင့်မျှသာ ရှိလေသည်။

“ ဒါရိုက်တာရှန်း… ခင်များ လင်းရီကို ဖုန်းဆက်ပြီးတော့ ပြဿနာတက်နေတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား… ဘာလို့ ဒီရောက်လာခဲ့တာ…”

ရှန်းထျန်းကျိုး ရယ်ကျဲကျဲဖြင့် “ ဘာလို့ အသေးစိတ် လိုက်ဂရုစိုက်နေမှာ…. နောက်ကျနေပြီဆိုတော့ အိပ်ကြတော့…”

“ ဒါရိုက်တာရှန်းအတွက် အခန်း အသင့် ပြင်ပြီးသွားပါပြီရှင့်…”

အမျိုးသမီး ဧည့်ကြိုဝန်ထမ်းမှ အခန်းကတ်ပြားကို ကမ်းပေးလိုက်ပြီး ရှန်းထျန်းကျိုးကလည်း လှမ်းယူလိုက်သည်။

“ ကဲ မနက်စောစောထရဦးမှာဆိုတော့ သွားနားတော့မယ်… မင်းတို့နဲ့ နောက် ကြုံကြိုက်မှ စကားဆက်ပြောကြတာပေါ့…”

“ ဖြည်းဖြည်းသွားပါ ဒါရိုက်တာရှန်း…. “

ရှန်းထျန်းကျိုး ထွက်ခွာသွားသည်ကို ကြည့်ရင်း ချင်းဟန်မှ “ ဒီကောင်ကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပဲ….”

…….

တစ်ချိန်တည်း၌ လမ်းပေါ်တွင် ကားမောင်းနေသည့် လင်းရီကတော့ ချင်းဟန်နှင့် ရှန်းထျန်းကျိုးတို့ တွေ့ဆုံးခန်းကို မသိရှိလိုက်ချေ။

မိနစ်နှစ်ဆယ်အတွင်း သူ လီချူးဟန်၏ အိမ်သို့ ရောက်လာခဲ့လေသည်။

မူလကတော့ လင်းရီ မနက် သုံးနာရီ နီးနီး ရှိပြီဖြစ်သောကြောင့် လီချူးဟန်မှာ အိမ်ထဲ၌ ရှိမည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူ ရပ်ကွက်ထဲ မောင်းလာခဲ့တော့ သူမမှာ လမ်းဘေးထိုင်ခုံနေရာတွင် ကော်ဖီပူပူ တစ်ခွက်ကိုင်ထားရင်း ထိုင်စောင့်နေသည်ကို မြင်တွေ့လိုက်ရ၏။ သူမ ကိုင်နေကြ လက်ဆွဲအိတ် အနက်ရောင်ကိုလည်း ဘေးတွင် ချထားသေးသည်။

အေးစက်သောည၌ တိုက်ခတ်သည့် လေပြေလေညင်းတို့က သူမ၏ ဆံနွယ်နှင့် ပါးနှစ်ဖက်ကို နမ်းရှိုက်သွားပြီး သူမကိုယ်တိုင်ကတော့ ကမ္ဘာကြီး၏ စွန့်ပစ်ခြင်းကို ခံထားရသည့် ကလေးသူငယ် ပမာ အမူအရာ ကင်းမဲ့စွာဖြင့် ရှိနေလေသည်။

ကားပါကင် ထိုးပြီးနောက် လင်းရီ အလျင်အမြန် ပြေးထွက်လာခဲ့သည်။

လင်းရီ ရောက်လာသည်ကို မြင်တော့ လီချင်းဟန်၏ မျက်လုံးအရောင် လက်သွားခဲ့၏။

သူမ၏ ခိုကိုးရာကို ရှာတွေ့သွားသည့်နှယ်ပင်။

“ ဒီလောက်နောက်ကျနေပြီကို အပြင်မှာ ဘာလဲလုပ်နေတာ…” လင်းရီ မေးမြန်းလိုက်ပြီး“ ဘာလဲ... မင်း အဖေနဲ့ အစ်ကိုက လာနှောင့်ယှက်လို့လား…”

“ ဟင့်အင်း… “ လီချူးဟန် ခေါင်းခါရမ်းလိုက်ပြီး “ ငါ့ စိတ်ထဲ အိမ်ထဲ လူဝင်သွားတယ်လို့ ခံစားနေရလို့…”

“ ဟမ်… မင်းအိမ်ထဲ လူဝင်သွားခဲ့တယ်…” လင်းရီ နားဝေတိမ်တောင် ဖြစ်သွားခဲ့ပြီး “ သူခိုးလား….”

“ မဟုတ်ဘူး….” လီချူးဟန် ခေါင်းခါရမ်းလိုက်ပြီး “ အိမ်က ပစ္စည်းတွေ တစ်ခုမှ ပျောက်မသွားဘူး… ဒါပေမယ့် ငါ့ပစ္စည်းတွေတော့ အထိခံထားရတယ်လို့ ခံစားနေရလို့…”

“ မင်း စိတ်ကူးယဉ်နေတာ နေမှာပါဟ….”

လီချူးဟန် တစ်ဖန် ခေါင်းရမ်းလိုက်ရင်း “ ငါလည်း မနေ့ကမှ သတိပြုမိခဲ့တာ… အစကတော့ ငါလည်း စိတ်ထင်ချက် သပ်သပ်ပဲလို့ ထင်ခဲ့တာပဲ… အဲ့ဒါနဲ့ ငါ့အိမ် အခန်းတိုင်းရဲ့ ဝင်ပေါက်မှာ အမှတ်အသားတွေ လုပ်ထားလိုက်တယ်… ငါ အခု ပြန်လာတော့ အမှတ်အသားတွေက အကုန်နေရာရွေ့ကုန်ပြီ… ကြီးကြီးမားမား ပြောင်းလဲသွားတာတော့ မဟုတ်ပေမယ့် ငါ့အိမ်ထဲ သူများဝင်သွားတယ်ဆိုတာကတော့ လုံးဝ သေချာတယ်…”

“ ဘာမှ မပျောက်ဘူးဆိုတာ သေချာလို့လား…”

“ သေချာတယ်..” လီချူးဟန် တည်ငြိမ်စွာ ပြောလိုက်၏။

ထိုစဉ် လေအေး တစ်ချက် တိုက်ခတ်သွားခဲ့ပြီး လင်းရီ ကျောစိမ့်တက်သွားခဲ့လေသည်။

လီချူးဟန်မှာ အင်မတန် အေးစက်တည်ငြိမ်သည့် လူစားမျိုး ဖြစ်ပြီး သူမ၏ အတွေးများကလည်း အတော်လေးကို အနုစိတ်၏။

အဆိုပါ နယ်ပယ်တွင်တော့ ကျီချင်းရန်ဖြစ်စေ၊ လျန်ရူရွှယ်ဖြစ်စေ၊ လီချူးဟန်နှင့် ဝေးကွာနေလေသည်။

သူမကိုယ်၌က အနှီကိစ္စကို အတည်ပြုပြီးဖြစ်သောကြောင့် ထိုသို့ ဖြစ်နိုင်ချေက များ၏။

တစ်စုံတစ်ယောက်က အိမ်ထဲ ဝင်သွားပြီး ပိုက်ဆံ သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ မယူသွားသည်ကတော့ တော်တော်လေး သံယသ ဖြစ်ဖွယ်ရာပင်။

လင်းရီ လက်ဆန့်ထုတ်၍ သူမ၏ ဆံပင်ကို နားအနောက်သို့ သပ်ပေးလိုက်ပြီး “ အေးတယ်… မချမ်းဘူးလား…”

လီချူးဟန် ခေါင်းခါရမ်းလိုက်၏။

လင်းရီ ပြုံးလိုက်မိသည်။ လီချူးဟန်မှ တစ်စုံတစ်ရာ မပြောလာခဲ့သော်လည်း သူ့ဘက်ကတော့ မှန်းဆ၍ နားလည်နိုင်သည်။

အကယ်၍ သူမကသာ ကြောက်ရွံ့မနေဘူးဆိုပါက သူ့ထံ မက်ဆေ့ချ်ပို့လာခဲ့လိမ့်မည် မဟုတ်ချေ။

အပြင်ဘက် လမ်းမ၌ သူ၏ အလာကို တစ်ယောက်တည်း ထိုင်စောင့်နေဖို့ရာက ပို၍တောင် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အနီးတစ်ဝိုက် ၂၄ နာရီ ဖွင့်သည့် ဆိုင်များက အချိန်ပြည့်မီးဖွင့်ထားသောကြောင့် ယခုနေရာက သူမအတွက် အလုံခြုံဆုံးသော နေရာပင်။

“ ကောင်းပြီ... သွားပြီး တစ်ချက် ကြည့်ကြည့်ကြတာပေါ့…”

သူတို့ အိမ်ရှေ့ရောက်လာတော့ လင်းရီ ချက်ချင်း ဝင်မသွားခဲ့ချေ။ သူ တံခါး သော့နားသို့ ချဉ်းကပ်၍ သေချာ အနီးကပ်ကြည့်လိုက်၏။ သော့အုံမှာလည်း အကောင်းအတိုင်း ရှိနေပြီး မည်သည့် အဓမ္မ ချိုးဖောက်ထားခြင်း ခံထားရသည့် အင်္ဂါရပ်တို့ ရှိမနေချေ။

ထို အချက်မှတစ်ဆင့် ကျူးကျော်သူမှာ အတင်းချိုးဖျက် ဝင်ရောက်သွားသည်ဟူသည့် အချက်ကို လင်းရီ ပယ်ရှားလိုက်တော့၏။

အကယ်၍ တစ်စုံတစ်ယောက်သာ လီချူးဟန်၏ ခွင့်ပြုချက် မပါဘဲနှင့် အထဲဝင်မည်ဆိုပါက သော့တံနှင့် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်လောက်ပေသည်။

“ မင်းကလွဲရင် တခြား ဘယ်သူတွေဆီမှာ အိမ်တံခါးသော့ ရှိသေးလဲ…”

“ ချောင်ရှင်းမှာ တစ်ချောင်းရှိတယ်…” လီချူးဟန် ပြောလိုက်ပြီး “ သူမက တစ်ယောက်တည်းဆိုတော့ တစ်ခါတစ်လေ ငါ့အိမ်မှာ စာလာလုပ်တယ်လေ… ဒါကြောင့်မို့ သူမကို တစ်ချောင်း အပိုပေးထားလိုက်တာ…”

လင်းရီ ရှုပ်သွားမည်ကို စိုးသောကြောင့် လီချူးဟန်မှ စကား ဆက်ပြောလိုက်၏။

“ သူလည်း ဒီရက်ပိုင်း သူ့အိမ်မှာပဲ နေနေတာ… ငါ့အိမ်လည်း မလာဖြစ်ပါဘူး….”

လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး မနေနိုင်စွာဖြင့် ကြက်သီးမွေးညင်းတို့ ထလာခဲ့လေသည်။

ဤကိစ္စက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရ၏။

“ အထဲဝင်ကြည့်ကြတာပေါ့..”

“ အွန်း….”

တံခါး ဖွင့်လိုက်ပြီး လီချူးဟန်မှ အမျိုးသားစီး ညှပ်ဖိနပ် တစ်ရံကို လင်းရီ ရှေ့ ချပေးလိုက်၏။ ဆိုဒ်မှာ အထူးပြင်ဆင်ထားသည့်အလား ကွက်တိဖြစ်နေသည်။

လင်းရီ အိမ်ထဲကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်တော့ ပရိဘောဂ ပစ္စည်းများကလည်း နေရာတကျပင်။

“ မင်း အိမ်မှာ ဘာတွေ သိမ်းထားလို့…” လင်းရီ မေးလိုက်ပြီး “ ဖြစ်နိုင်တာ ဝင်သွားတဲ့သူက အတွင်းခံ ဒါမှမဟုတ် တစ်ခုခု ယူသွားခဲ့တာများလား….”

လင်းရီ သိသလောက်တော့ သူများအိမ်ထဲ ဝင်ပြီး ပိုက်ဆံ မယူသွားဘူးဆိုလျှင်တော့ ထိုလူက သေချာပေါက် တဏှာရူးပင်။ အတွင်းခံလုံချည်တို့ကို ခိုးယူသွားခြင်း ဖြစ်လောက်၏။

“ မဟုတ်ဘူး…” လီချူးဟန် ငြင်းဆန်လိုက်ပြီး “ ဒါပေမယ့် ငါ့ရဲ့ စာကြည့်ခန်းတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန် မွှေနှောက်ခံထားရတယ်… စာရွက်စာတမ်းတွေလည်း အလှန်လော ခံထားရသလိုပဲ…. ဒါပေမယ့် ဘယ်တစ်ခုကမှတော့ မပျောက်နေဘူး…”

“ အဲ့တာဆို စာကြည့်ခန်းထဲ သွားကြစို့…”

လင်းရီ လီချူးဟန်၏ အိမ်သို့ ယခင်က ရောက်ဖူးခဲ့သော်လည်း စာကြည့်ခန်းထဲ ဝင်သည်ကိုတော့ ပထမဆုံး အကြိမ်ပင်။

လီချူးဟန်၏ စာကြည့်ခန်းက သူထင်ထားသည်ထက်ပင် ရှုပ်ပွနေတော့၏။

အမျိုးမျိုးသော စာရွက်စာတမ်းများနှင့် ဆေးပညာနှင့် သက်ဆိုင်သည့် စာအုပ်တို့မှာ နေရာအနှံ့ ပျံ့ကျဲနေလေသည်။ ကြမ်းပြင်၌ နှစ်ပုံခွဲစီထားသည့် စာအုပ်အထပ်ကြီး နှစ်ခုကလည်း ရှိနေသေး၏။

လုံးဝကို ရှုပ်ယှက်ခတ်နေခြင်းပင်။

နှိုင်းယှဉ်ရသော် သူ၏ စာကြည့်ခန်းမှာ သန့်ရှင်းသပ်ရပ်နေသော်လည်း စာအုပ်တစ်ချို့ကိုတော့ လှန်၍ ပြန့်ကျဲထားသည်။

သိုသော်လည်း စာဖတ်ရန် မဟုတ်။ဟန်ရေးပြရန်ပင်။

ဤသည်က သူတို့နှစ်ဦးကြားရှိ အပြတ်သတ် ခြားနားမှုကြီးပင်။

All Chapters