← Chapters

ချောင်ရှင်း၏ အသုံးဝင်မှု

Vol. 55 Ch. 823

ချောင်ရှင်း၏ အသုံးဝင်မှု

Vol. 55 Ch. 823

“ သေချာပါက် ရှိတာပေါ့..” ချောင်ရှင်းမှ ရာနှုန်းပြည့် သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ အိမ်စငှားတုန်းက ညီမ ဒီနေရာကို ယူလိုက်တယ် ဆိုတာကလည်း ဒီအချက်ကြောင့်ပဲလေ…. တကယ်လို့ လူရမ်းကားတွေ ဒါမှမဟုတ် ဓားပြတွေနဲ့ ဆုံခဲ့ရင်တောင် လုံခြုံရေး ကင်မရာက သူတို့ကို မှတ်တမ်းတင်ထားမှာ…. ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး…”

“ ဒါဆို စောင့်ကြည့်ရေး ဌာနကို သွားပြီးတော့ မှတ်တမ်း သွားယူရအောင်…”

ချောင်ရှင်း ကျောစိမ့်တက်လာခဲ့ပြီး “ အစ်ကိုရီ.. ဘာလဲဖြစ်တာ… ညီမကို မခြောက်နဲ့နော်….”

“ ကလေးတွေက လူကြီးတွေ ကိစ္စထဲ ဝင်မပါနဲ့…”

“ အိုး အိုး…” ချောင်ရှင်း နာခံစွာဖြင့် ခေါင်းညိမ့်လိုက်ပြီး “ ဒါဆို ညီမ ခုချက်ချင်း အဝတ်အစား သွားလဲလိုက်ဦးမယ်….”

ယခုလို သတင်းမျိုးကို ချောင်ရှင်းကဲ့သို့ ဖြူစင်သည့် မိန်းကလေး တစ်ယောက်အား လင်းရီ အသိမပေးလိုချေ။

ယင်းကလည်း သူမ၏ ကမ္ဘာကြီးအပေါ် ရှုမြင်သည့် ကဏ္ဍ၌ သက်ရောက်မှုရှိသွားမည်ကို စိုးရိမ်သောကြောင့်ပင်။

ထို့ပြင် သူမက ကိုနန်၏ အမာခံ ပရိသတ်တစ်ဦးဖြစ်၏။

အကယ်၍ ထိုသို့သော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကသာ သူမထံ၌ ဖြစ်ပျက်နေသည် ဆိုပါက ကိုနန်မုဒ်၀င်သွားမည်ကိုလည်း စိုးရိမ်နေရသေးသည်။

ထိုစဉ် ရုတ်ချည်းဆိုသလို လင်းရီ မျက်လုံးအရောင် လက်သွားခဲ့၏။

ဆိုးရိုးများအတိုင်း သင်က ထန်ခေတ်၏ ကဗျာ အပုဒ် ၃၀၀ ကျော်ကို ရင်ဘက်ကြီးဖြင့် လေ့လာသင်ယူထားပါက ကဗျာစာပိုဒ် ဖွဲ့နွဲ့ဟန်ကို မသိသော်ငြား ၎င်းတို့ကို လက်တန်း ရွတ်ဆိုနိုင်ပေမည်။

ချောင်ရှင်းကလည်း ကိုနန်ကို နှစ်ပေါင်းများစွာ ကြည့်လာခဲ့သောကြောင့် ထောင်သောင်းများစွာသော ဆန်းကြယ်သည့် ဖြစ်စဉ်များနှင့် ကျိုးကြောင်း ဆက်စပ် ချင့်ချိန်နိုင်သည့် အတွေးအခေါ်ကို ကျင့်သားရနေလောက်ချေပြီ။

အကယ်၍ သူမကိုသာ ဤအကြောင်း ပြောပြလိုက်မည်ဆိုပါက အကျိုးရှိလိမ့်မည် မဟုတ်ပါလော။

ဤသို့ဖြင့် လင်းရီ ပြောသင့်မသင့် စိတ်လွန်ဆွဲပွဲ နွှဲနေစဉ် အဝတ်လဲပြီးသည့် ချောင်ရှင်းမှာ အောက်ထပ်သို့ ရောက်လာခဲ့၏။

သူမက အပြာရောင် ဂျင်းပန်အတိုနှင့် အနီရောင် လေကာ အင်္ကျီကို ဝတ်ဆင်ထားသည်။ အောက်တွင်လည်း အဖြူရောင် Top တစ်ထည်ကို ခံထားကာ ဒူးလောက်ရှည်သည့် ဘွတ်ဖိနပ်ကိုလည်း ဝတ်ဆင်ထားသေးသောကြောင့် သားနားစွာ ဝတ်လာခဲ့သည်ဟု ဆို၍ရလေသည်။

“ ငါတို့က ဒီတိုင်း ကင်မရာမှတ်တမ်း သွားတောင်းမှာကို ဘာလို့ ဒီလိုကြီး ဝတ်လာခဲ့တာ….”

“ ဘာလို့ဆို အစ်ကိုရီက အရမ်းချောနေလို့လေ…. အစ်ကိုရီနဲ့အတူ လျှောက်မယ့် ညီမက စုတ်တီးစုတ်ပြတ် ဖြစ်နေရင် လူအပြောခံရမှာပေါ့.. ဟုတ်တယ်မလား...” ချောင်ရှင်းမှ ဘဝင်ခိုက်စွာဖြင့် ပြောလိုက်ပြီး “ ခု ဒီလို ဝတ်ထားလိုက်တော့ ခဏနေ လမ်းလျှောက်တော့ကျ လူတွေမြင်ရင် သေချာပေါက် စုံတွဲလို့ထင်ကြမှာလေ…”

“ သာမန်လိုပဲ ပြုမူစမ်းပါကွာ.. .. ငါတို့ အလုပ်လုပ်ဖို့ ရှိသေးတယ်ဆိုတာလည်း မေ့မနေနဲ့ဦး….” လင်းရီ ဆွံ့အစွာဖြင့် ပြောလိုက်တော့၏။

“တော်ပါ... အစ်ကိုရီနဲ့ ဒီလိုမျိုး နှစ်ယောက်တည်း အပြင်အတူသွားရဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ … သေချာပေါက် အကျိုးရှိရှိ အသုံးချရမှာပေါ့…”

“ အေးပါ အေးပါ.. ဟုတ်ပါပြီ.. ခု သွားကြစို့…”

နှစ်ယောက်သား အိမ်ထဲမှ ထွက်လာခဲ့ကြပြီး ချောင်ရှင်း၏ ဦးဆောင်မှုအောက်တွင် စောင့်ကြည့်ရေး ဌာနသို့ ဦးတည်လိုက်ကြသည်။

သို့သော်လည်း သူတို့ စတိုးဆိုင်ရှေ့ကို ဖြတ်မိချိန်တွင်တော့ လင်းရီမှ ပရီမီယမ် စီးကရက် နှစ်ဘူး ဝယ်လိုက်၏။ ထို့နောက် ချောင်ရှင်းနှင့်အတူ စောင့်ကြည့်ရေး အဆောက်အဦးသို့ ဝင်ရောက်လာခဲ့လိုက်သည်။

“ ဟယ်လို … ကျွန်မတို့က ဒီက မန်နေဂျာနဲ့ တွေ့ချင်လို့ပါ…” ချောင်ရှင်းမှ ကောင်တာရှိ ဝန်ထမ်းအား ပြောလိုက်သည်။

“ မင်္ဂလာပါ မမလေး.. ဘာကိစ္စများ ဖြစ်လို့လဲ မသိဘူး..”

“ ကျွန်မရဲ့ အိမ် အဖောက်ခံရတယ်လို့ သံသယရှိနေလို့… ဒါကြောင့်မို့ ကင်မရာမှတ်တမ်းကို တစ်ချက်လောက် ကြည့်ချင်လို့ပါ.. တကယ်လို့ ရှင့်မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင် တစ်စိတ်လောက် ကူညီပေးပါဦးနော်…”

“ ဟုတ်ကဲ့ …ခဏလေးစောင့်ပေးပါဦးဗျ… ကျွန်တော် မန်နေဂျာကို သွားခေါ်လိုက်ပါဦးမယ်…”

အိမ်ဖောက်ခံရသည့် ကိစ္စမှာ ပေါ့သေးသေး မဟုတ်သောကြောင့် ဝန်ထမ်းလည်း ပေါ့တန်တန် မပြုမူဝံ့ပေ။ သူတို့ချက်ချင်း အပြေးလွှားသွား၍ ဒုတိယထပ်ရှိ မန်နေဂျာကို သွားခေါ်ကြလေသည်။

မန်နေဂျာမှာ အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်၏။ သူ၏ ဆံပင်ပုံစံကလွဲ၍ ကျန်သည့် ဝိသေသ လက္ခဏာတို့မှာတော့ သက်လတ်ပိုင်းအရွယ်ပင်။

သူ၏ ရှပ်အင်္ကျီ ကြယ်သီးကို ဖြုတ်ထားပြီး အထဲရှိ ရွှေရောင် ချိန်းဆွဲကြိုးကြီးကို လူတကာ သိအောင် ကြေညာထား၏။ သူ့လက်ထဲတွင်လည်း ဝေါ်ကီတော်ကီ တစ်လုံးကို ကိုင်ထားပြီး အကယ်၍ နက်ခ်တိုင်လေးများ ရှိလိုက်မည်ဆိုပါက ခမ်းနားသည့် အရှိန်အဝါတို့ ထွက်ပေါ်လာပေမည်။

မန်နေဂျာ ရောက်လာသည်ကို မြင်တော့ ချောင်ရှင်းမှ မတ်တပ်ရပ်၍ “ ဟဲလို … ကျွန်မတို့ အိမ် အဖောက်ခံရတယ်လို့ သံသယရှိလို့ ကင်မရာတွေကို တစ်ချက်လောက် စစ်ကြည့်လို့ရမလား…”

“ မိန်းကလေး …..... အဖောက်ခံရတယ်ဆိုတာ သေချာလို့လား… ဒါက အသေးအမွှား ကိစ္စ မဟုတ်ဘူးနော်…”

“ ဒီတိုင်း သံသယရှိလို့.. ဒါကြောင့်မို့လည်း အတည်ပြုရအောင် ကင်မရာတွေ စစ်ကြည့်ချင်တယ် ပြောတာပေါ့….”

“ ဒါဆို ပိုင်ဆိုင်မှု စာချုပ်နဲ့ မှတ်ပုံတင် ပါလာခဲ့လား…”

“ ကျွန်မက အိမ်ငှားပြီးနေတာ.. မှတ်ပုံတင်ပဲ ရှိတယ်…”

“ ဒါဆိုရင်တော့ ကျုပ်တို့လည်း ဘာမှလုပ်ပေးလို့မရဘူး.. တကယ်လို့ ကျုပ်တို့ဘက်က ကင်မရာတွေကို စစ်ဆေးလိုက်မယ်ဆိုရင် နေထိုင်သူတွေရဲ့ privacy အပေါ် သက်ရောက်မှု ရှိသွားလိမ့်မယ်.. ဒါကြောင့်မို့ မိန်းကလေးကို ပေးမကြည့်နိုင်တာတော့ စိတ်မရှိပါနဲ့..”

ထို့နောက် မန်နေဂျာမှ ဆက်လက်၍ “ဒါပေမယ့် တကယ်လို့ တကယ်ကြီး လိုအပ်တယ်လို့ ထင်ရင် ရဲစခန်းသွားပြီး အမှုဖွင့်လိုက်… ပြီးရင် ရဲအရာရှိတွေနဲ့အတူ လာကြည့်လှည့်… အဲ့လိုမှပဲ ကျုပ်တို့က ကင်မရာတွေကို စစ်ဆေးခွင့် ပေးလို့ရမှာ…”

“ အဲ့လောက်ထိ ကရိကထ များစရာ လိုလို့လားလို့… ကျွန်မတို့က ဒီတိုင်း ကြည့်ရုံလေးတင် ကြည့်မှာကိုပဲ…” ချောင်ရှင်းမှ မပျော်မရွှင် ဖြစ်သွားခဲ့ပြီး “ ကျွန်မက ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာ…. ကျွန်မဘေးက အစ်ကိုရီဆိုတာလည်း စီးပွားရေး သမားကောင်းတစ်ယောက်…. ကျွန်မတို့ အားလုံးက အဆင့်မြင့်တဲ့ လူတန်းစားတွေကြီးပဲ… သေချာပေါက် အကြောင်းကိစ္စရှိလို့ လာကြည့်တာလေ… မကောင်းတာ တစ်ခုခု လုပ်ဖို့မှ မဟုတ်တာ….”

“ ကျုပ်တို့ လုပ်နိုင်တာ တကယ်ကြီး ဘာမှ မရှိလို့ပါ… ဘာလို့ဆို စည်းမျဉ်းက စည်းမျဉ်းပဲလေ…” မန်နေဂျာမှာ မတုန်မလှုပ်လေသံဖြင့် ပြောလိုက်၏။

“ ဘာလို့လဲ… ရှင်ဘာလို့ ဒီလောက်တောင် စာအုပ်ကြီးအတိုင်း လိုက်လုပ်နေရတာ…”

“ ဟေ့… သူက စည်းကမ်းလိုက်နာနေတာလေ…. ငါတို့မှာ ဝေဖန်ပိုင်ခွင့် ဘယ်ရှိမှာ…..”

လင်းရီ ချောင်ရှင်းကို သူ့နောက်သို့ ဆွဲလိုက်ရင်း ဝယ်လာသည့် စီးကရက်ကို မန်နေဂျာထံ မသိမသာ ကမ်းပေးလိုက်၏။

မန်နေဂျာမှာ အောက်သို့ ငုံ့ကြည့်ရင်း မျက်လုံးအရောင် လက်သွားခဲ့၏။

ဤဆေးလိပ်နှစ်ဘူးက ယွမ်တစ်ထောင်ကျော် ပေးရသည့် ပစ္စည်းကောင်းလေးပင်။

“ ညီကို … ဒါက ဘာသဘောလဲ..”

“ ဒီတိုင်းပါပဲ… ဒီက ငါ့အစ်ကိုက ကျုပ်တို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်…”

မန်နေဂျာမှ ပြုံးလိုက်ပြီး “ သီအိုရီကျကျဆိုရင်တော့ ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး…”

“ ဒါဆိုလည်း အပေါ်ထပ်မှာ စကားပြောကြတာပေါ့.. ဒီနေရာက ဆွေးနွေးလို့ကောင်းတဲ့ နေရာမဟုတ်ဘူးလေ…”

“ ကောင်းပြီ… ဒီအောက်ထပ်က တော်တော်အေးတယ်ဆိုတော့ အပေါ်မှာ ရေနွေးကြမ်းလေး သောက်ရင်း ပြောကြဆိုကြတာပေါ့…”

“ သွားစို့…”

အပေါ်ထပ်ကို ရောက်တော့ ချောင်ရှင်း မူလက လင်းရီနှင့် မန်နေဂျာမှာ လက်ဖက်ရည်သောက်ရင်း စကားဝိုင်းဖွဲ့ကြလိမ့်မည်လို့ ထင်ထားခဲ့သော်လည်း သူတို့ကို ကင်မရာများ စောင့်ကြည့်ရေးအခန်းထဲသို့ ခေါ်လာလိမ့်မည်လို့တော့ ထင်မထားချေ။

ချောင်ရှင်း နှုတ်ခမ်းကိုက်လိုက်သည်။

ဒီလိုကိစ္စတွေနဲ့ ပတ်သက်လာရင် သူမက အစ်ကိုရီနဲ့ အလှမ်းဝေးနေသေးတာပဲ…

“ ဘယ်အချိန်တုန်းက ဖြစ်သွားခဲ့တာ… ကျုပ် ကူပြီး ရှာကြည့်ပေးမယ်…”

ထို့သို့ ပြောပြီးမှ မန်နေဂျာမှာ တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် “ ဒါနဲ့ မိန်းကလေးတို့ နေတာက ဘယ်အဆောက်အအုံလဲ…”

“ အဆောက်အအုံ 14 ၊ ယူနစ် 3 …” ချောင်ရှင်း ပြောလိုက်၏။

“ ဒါဆို ဘယ်အချိန်လောက်ကို ကြည့်ချင်တာ..”

လင်းရီ ခေတ္တ တွေးတောလိုက်ပြီးနောက် “ လွန်ခဲ့တဲ့ လေးရက်လောက်ကို….”

“ ဒါဆို သွားပြီ…” မန်နေဂျာမှ လှည့်ကြည့်လာခဲ့ပြီး “ အဆောက်အအုံ ၁၄ ရဲ့ စောင့်ကြည့်ရေး ကင်မရာက လွန်ခဲ့တဲ့လေးရက်ကတည်းကနေ ပျက်နေတာ…”

လင်းရီ၏ အမူအရာ အေးခဲသွားခဲ့တော့၏။ သူ၏ အတွေးများ မှန်ကန်နေကြောင်း အတည်ပြုလိုက်နိုင်ချေပြီ။

ယခု ကိစ္စက မရိုးရှင်းချေ။ မဟုတ်ပါက ထိုမျှ တိုက်ဆိုင်သည် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

“ ညီကို… တကယ်လို့ တကယ်ကြီး သူခိုးဝင်တယ်ထင်ရင် ရပ်ကွက်ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို စစ်ဆေးပေးမယ်လေ…” မန်နေဂျာမှ ပြောလိုက်၏။

“ ငါတို့ရဲ့ လုံခြုံရေးက တော်တော်လေး တင်းကြပ်တယ်… အပြင် သူစိမ်းတွေ အထဲဝင်ချင်တယ်ဆိုရင် လက်မှတ်ထိုးရတာ… တကယ်လို့ မင်း စုံစမ်းချင်တယ်ဆိုရင် ကူညီပေးလို့ ရတယ်…”

“ ခုလောလောဆယ်တော့ မလိုသေးဘူး… ဘာပဲဆိုဆို ကျုပ်တို့ကလည်း ဒီတိုင်း သံသယ ရှိရုံ သပ်သပ်ပဲလေ…”

ထိုအခါ မန်နေဂျာမှ ရှက်ကိုးရှက်ကမ်း ပြုံးလိုက်ပြီး “ဘာမှ မကူညီလိုက်ရဘူးဆိုတော့ ကိုယ့်လူရဲ့ ပစ္စည်း ပြန်ယူသွားလိုက်တော့…”

“ မလိုပါဘူး…. အသေးအမွှားလေးပါ…” လင်းရီ ပြုံး၍ လက်ကာပြလိုက်ပြီး “ ကျုပ်ညီမက ခင်များတို့ ရပ်ကွက်ထဲမှာ နေတာဆိုတော့ တကယ်လို့ တစ်ခုခုဆို စောင့်ရှောက်ပေးပါဦးဗျ…”

“ သေချာပေါက် ပြဿနာမရှိဘူး… တကယ်လို့ တစ်ခုခု ဖြစ်တယ်ဆို ကျုပ်နဲ့ သိတယ်လို့သာ ပြောလိုက်… ရပ်ကွက်ထဲ ဖြစ်သမျှ ကျုပ်ရှင်းပေးမယ်..”

သာကြောင်း မာကြောင်း စကားတစ်ချို့ ပြောပြီးနောက် လင်းရီနှင့် ချောင်ရှင်းတို့ အိမ် ပြန်လာခဲ့ကြသည်။

ကိုနန်ကို နှစ်ရှည်လများ စွဲလမ်းရူးသွပ်ခဲ့သူ တစ်ဦးဖြစ်သည့် ချောင်ရှင်းကတော့ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားနေရလေသည်။

အစ်ကိုရီက စောင့်ကြည့်ရေး ခန်းထဲသွားပြီး လွန်ခဲ့တဲ့ လေးရက်က ကင်မရာ မှတ်တမ်းကို စစ်ဆေးကြည့်ချင်နေတယ်… ဒါပေမယ့် ကင်မရာက အဲ့ဒီနေ့ကတည်းကရင် ပျက်သွားခဲ့ပြီ….

တိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်ချေရှိပေမယ့် နည်းတော့နည်းတယ်…

သေချာပေါက် တစ်ခုခု ထူးတော့ထူးဆန်းနေပြီ…

အိမ်ပြန်ရောက်တော့ ချောင်ရှင်း သူမ အခန်းထဲသို့ ပြန်၍ အိမ်နေဝတ် လျော့တိလျော့ရဲ ကာတွန်း အဝတ်အစားများကိုသာ ပြန်လဲလိုက်၏။

ထို့နောက် ရေခဲသေတ္တာထဲမှ အသီးတစ်ချို့ကို ထုတ်၍ လင်းရီကို ချကျွေးရင်း “ အစ်ကိုရီ… အသီးစားဦး…”

“ အမ်… ရေခဲသေတ္တာထဲမှာ မင်းစတော်ကင်တွေ မထည့်ထားပါဘူးနော….”

( အတွင်းခံတွေ ထည့်ထားတာက ရှောင်းယွီ )

All Chapters