← Chapters

ချောင်ရှင်း၏ အရည်အချင်း

Vol. 55 Ch. 824

ချောင်ရှင်း၏ အရည်အချင်း

Vol. 55 Ch. 824

“ မထားပါဘူး…”

ချောင်ရှင်းမှ မှင်တက်စွာဖြင့် ပြန်ပြောလိုက်ပြီး “ ညီမတို့ သိလာတာဖြင့် ဒီလောက်ကြာနေပြီကို ဘယ်တုန်းက စတော်ကင် ဝတ်တာ မြင်ဖူးလို့…”

“ အဲ့တာ ကောင်းတယ်….”

လင်းရီ စပျစ်သီးတစ်တွဲ ကောက်ယူရင်း ဆိုဖာပေါ်တွင် ထိုင်လျက် တစ်လုံးပြီးတစ်လုံး ဝါးရင်း စဉ်းစားနေသည်။

“ ဒီတော့ …. ဘာတွေဖြစ်နေလို့လဲ အစ်ကိုရီ… ညီမက ကိုနန်ကို အကြာကြီး ကြည့်လာတာဆိုတော့ ညီမရဲ့ ယုတ္တိရှိရှိ တွေးခေါ်နိုင်စွမ်းက လုံးဝ ကောင်းတယ်နော်…”

လင်းရီ စဉ်းစားပြီးနောက် ချောင်ရှင်းကို ပြောပြလိုက်ပါက အကူအညီ ရကောင်းရနိုင်သည်ဟု ခံစားလိုက်ရသည်။

အနည်းဆုံးတော့ အကြံထုတ်နိုင်မည့် ဦးနှောက်တစ်လုံး ထပ်ပေါင်းတိုးလာပေမည်။

“ ဒါဆိုလည်း သေချာ နားထောင်…”

“ ဟိုး ဟိုး ဟိုး…. အစ်ကိုရီ.. ခဏလေးစောင့်ဦး…”

ချောင်ရှင်း သူမ အခန်းထဲသို့ ပြေးဝင်သွားခဲ့ပြီး အမြန်ပဲ ပြန်ထွက်လာခဲ့၏။

သူမ မျက်နှာထက်တွင်တော့ မျက်မှန် အကြီးစားကြီး တစ်လက် တပ်လျက်သား ရှိလေသည်။ သို့သော်လည်း မှန်တော့ မပါချေ။

“ အဲ့တာ ဘာလဲလုပ်တာ…”

“ ကိုနန် မုဒ်သွင်းမလို့လေ…. ကိုနန်လည်း ဒီလိုမျိုး မျက်မှန်ဝတ်တာ… ဒါပေမယ့် ညီမဟာကတော့ မှန်မပါဘူးပေါ့…”

ထို့နောက် ချောင်ရှင်းမှ အတွေးနက်နေဟန် ပြုလိုက်ပြီး “ အစ်ကိုရီ… ကျွန်မ ပုံစံကို ကြည့်…. ခု သူနဲ့ နည်းနည်းလေး ဆင်တူတယ်မလားဟင်….”

“ အမ်… အင်း…. တူပါတယ် ….”

လင်းရီကတော့ အနှီ စိတ်ကူးယဉ် ကောင်မလေး ချောင်ရှောင်းနှင့် ကြောင်တောင်တောင် ကျန်းရှောင်ယွီကိုသာ သူ့ဘေး တစ်ချိန်လုံး ခေါ်ထားမိပါက သူ့ဘဝကြီးမှာ ရုပ်ရှင်ဒရာမာ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

မုဒ်အဝ သွင်းပြီးနောက် ချောင်ရှင်းမှ ရယ်မောရင်း “ အိုကေ အစ်ကိုရီ… ခုပြောတော့…”

လင်းရီ သူ၏ အမူအရာကို တည်တံ့လိုက်ပြီး “ တမြန်မနေ့ကတည်းကရင် ဆန်းကြယ်တဲ့ လူတစ်ယောက်က လီချူးဟန်ရဲ့ အိမ်ထဲ ဖောက်ဝင်သွားခဲ့တယ်…ဒါပေမယ့် အိမ်ထဲက ဘယ်တန်ဖိုးကြီး ပစ္စည်း ၊ ဘယ်အတွင်းခံကိုမှလည်း မထိသွားဘူး… သူတို့ ထိသွားတာက ကွန်ပျူတာနဲ့ သုတေသန စာတမ်းတွေပဲ…”

“ ဖြစ်နိုင်တာ သူတို့က ဒါရိုက်တာလီရဲ့ သုတေသန ရလဒ်တွေကို စိတ်ဝင်စားနေတာများလား… ဒါက ဓားပြတိုက်တဲ့ ပြစ်မှုနဲ့ အတူတူပဲလေ…” ချောင်ရှင်းမှ လျှို့ဝှက်သည့် စုံထောက်တစ်ဦး၏ အော်ရာတို့အား လွှတ်ထုတ်လျက် လေးလေးနက်နက် ပြောလိုက်သည်။

“ ဖြစ်နိုင်တယ်… ဒါပေမယ့် ပိုပြီး သံသယဖြစ်ဖို့ ကောင်းတာက တံခါးသော့နဲ့ အိမ်ရဲ့ မှန်ပြတင်းပေါက်တွေက ဖောက်ထွင်းခံထားရတဲ့ အရိပ်အယောင်လည်း မရှိဘူး… တစ်နည်းပြောရရင် အိမ်ထဲ ဝင်သွားခဲ့တဲ့ လူက သော့နဲ့ ဝင်သွားခဲ့တာပဲ…”

ပြောပြီးနောက် လင်းရီ ချောင်ရှင်းကို ကြည့်လျက် “ ငါဆိုလိုချင်တာကို နားလည်တယ်မလား….”

“ အက်… အစ်ကိုရီ… ညီမကို သံသယရှိနေတာတော့ မဟုတ်ပါဘူးနော်….”

လင်းရီ မျက်လုံးလှိမ့်လိုက်ပြီး “ တကယ်လို့ မင်းကိုသာ သံသယရှိနေမယ်ဆိုရင် ဒီကိစ္စ ပြောပြပါ့မလားကွ…”

“ အွန်း… ဒါဆို တော်တော်လေးတော့ သံသယဖြစ်ဖို့ကောင်းတယ်…”

ချောင်ရှင်း ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် ညာဘက်လက်မှ မေးစေ့ကိုပွတ်၍ စဉ်းစားခန်းဝင်ရင်း “ ဒီဘက်ခေတ် တံခါးတွေရဲ့ လုံခြုံရေး နည်းပညာက တော်တော်လေးကို အဆင့်မြင့်တယ်… ကြုံရာကျပန်း ဝိုင်ယာလေးတွေ ဖြတ်တောက်ပြီး အိမ်ထဲဝင်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဒီတော့ သူတို့ သော့နဲ့ ဝင်သွားနိုင်ချေ အခွင့်အလမ်းက ပိုများတယ်…”

“ ငါစဉ်းစားနေတာလည်း အဲ့တာပဲလေ…. ဒါပေမယ့် လီချူးဟန်ရဲ့ အိမ်တံခါးသော့ ရှိတဲ့သူက မင်းတစ်ယောက်တည်း…ဒါကြောင့်မို့ မင်းကို ဒီကိစ္စ လာမေးတာ….”

“ ဒါပေမယ့် ညီမကလည်း သော့ကို အမြဲဆောင်ထားပြီး ဘယ်သူ့မှလည်း ငှားမပေးပါဘူး…. ပြီးတော့ ဘယ်သူကမှလည်း သော့ကို လာမခိုးဘူး…”

“ အမြဲဆောင်ထားတယ်ဆိုတာ သေချာလို့လား…”

“ သေချာတာပေါ့… ကျွန်မရဲ့ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ သော့က အမြဲတမ်း လက်ဆွဲအိတ်ထဲမှာပဲ…ဒါကြောင့်မို့…………………”

စကားတစ်ဝက်တစ်ပျက်တွင် ချောင်ရှင်း၏ အသံမှာ ရုတ်တရက် တိမ်ဝင်သွားခဲ့ပြီး သူမ၏ အမူအရာကလည်း ထူးဆန်းလာသည်။

“ ဘာလို့ ဆက်မပြောတော့တာ.. တစ်ခုခု တွေးမိသွားလို့လား…” ချောင်ရှင်း၏ အမူအရာကို မြင်တော့ လင်းရီမှ အလျင်အမြန် မေးမြန်းလိုက်၏။

“ ညီမနဲ့ အချိန်ပြည့် ရှိနေတယ်လို့ ပြောရင်တော့ နည်းနည်းလေး ချဲ့ကားရာ ကျလောက်တယ်… ရှေ့ သုံးလေးရက်လာက်တုန်းက ညီမ ရှော့ပင်းထွက်နေတုန်း ထူးဆန်းတာနဲ့ ကြုံခဲ့တယ်….”

“ ဘယ်လိုမျိုးလဲ….”

“ ရှော့ပင်းထွက်တုန်း ဂါဝန်တစ်ထည်ကို စမ်းဝတ်ကြည့်လိုက်တယ်… ပြီးတော့ အပြင်ဘက်က မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့အချိန် အလှလေး သုံးလေးယောက်လောက်က ရောက်လာပြီး ညီမရဲ့ ဘွတ်ဖိနပ်က အရမ်းလှတယ်… ဘယ်မှာဝယ်တာလဲတဲ့ ..သူတို့လည်း ဝယ်ချင်လို့တဲ့… နောက် ညီမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုတောင် အားကျတယ်ဆိုပြီး ချီးကျူးသွားကြသေးတယ်.. အဲ့တာနဲ့ ညီမလည်း သူတို့နဲ့ ဝမ်းသာအားရ စကား လေးငါးဆယ်မိနစ်လောက် ပြောပြီးမှ အိတ်က အဝတ်လဲခန်းထဲမှာ ထားထားတယ်ဆိုတာ သတိရသွားတာ… အစက ပစ္စည်းတွေ အခိုးခံရပြီ ထင်ပြီး စစ်ကြည့်လိုက်တော့ ဘာမှလည်း ပျောက်မနေဘူး…. ဒါကြောင့်မို့ အဲ့တုန်းက များများစားစား မစဉ်းစားမိလိုက်ဘူး…”

ချောင်ရှင်းမှ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဆက်လက်၍ “ ညီမအထင်တော့ အဲ့ဒီ မိန်းမလှလေးတွေက ညီမကို အာရုံလွှဲဖို့ သပ်သပ်နေမှာ…အဲ့ဒီအချိန် တစ်စုံတစ်ယောက်က အဝတ်လဲခန်းထဲ ဝင်ပြီး အိတ်ထဲက ဒါရိုက်တာလီရဲ့ အိမ်သော့ကို ပွားလိုက်တာနေမှာ…”

“ အင်း…. ဖြစ်နိုင်တယ်…”

“ ဒါပေမယ့် ဒီနေရာမှာ နောက်ထပ် သံသယ ဖြစ်ချင်စရာ အချက်တစ်ခု ကျန်နေသေးတယ်…” ချောင်ရှင်းမှ ပြောလိုက်၏။

“ ဘာကြီးလဲ…”

“ ဆန်းကြယ်တဲ့လူက ဒါရိုက်တာလီရဲ့ အိမ်သော့ကို ပွားသွားတယ်… ဒါဆိုရင် ဘာလို့ ညီမတို့ အိမ်နားက ကင်မရာတွေက ပျက်နေတာ…” ချောင်ရှင်း မေးလိုက်ပြီး “ ညီမက ဒါရိုက်တာတာလီလိုမျိုးလည်း မတော်ဘူး… ညီမရေးတဲ့ စာတမ်းတွေ အကုန်လုံးက အမှိုက်ပဲ… အဲ့စာရွက်တွေကိုတော့ သူတို့ ခိုးစရာ မလိုဘူး ဟုတ်တယ်မလား….”

“ ဘာလို့ဆို တစ်ဖက်လူက မင်းအိမ်လာချင်လို့ နေမှာပေါ့…”

“ လာပြီး ဘာလဲလုပ်မှာ… သူ့အတွက် ဘာ အသုံးဝင်တာ ရမှာကျလို့….”

“ အငြင်းမသန်နဲ့ဦး… တစ်ခြား ကိစ္စ တစ်ခုခု ရှိနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ဒီရက်ပိုင်း လီချူးဟန် ဆေးရုံက တစ်ယောက်ယောက်ကို စော်ကားမိတာတွေ ရှိလား… ဒါမှမဟုတ် ရာထူးအတွက် ပြိုင်ဆိုင်တာတွေပေါ့….”

ချောင်ရှင်း ရင်ဘက်ရှေ့ လက်ပိုက်ပြီး မျက်မှန်ကို တွန်းတင်လျက် “ အစ်ကိုရီ… ညီမ အထင်တော့ အစ်ကိုရီ အဓိက အချက်ကို လွတ်သွားပြီလို့ ထင်တယ်.. ဒီလိုမျိုး ကောက်ချက်ချလိုက်တာက လုံးဝ ပရော်ဖက်ရှင်နယ် မဆန်ဘူးနော်….”

လင်းရီ ရယ်မောချင်စိတ်ကို ချုပ်တည်း မျိုချရင်း “ အေးပါ အေးပါ… မင်းက ပရော်ဖက်ရှင်နယ် ဆန်တယ်… ဆိုတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် သုံးသပ်ပေးပါဦး..”

“ အစ်ကိုရီက ဆေးရုံကနေ ထွက်သွားခဲ့ပြီဆိုပေမယ့် အစ်ကိုရီရဲ့ လွှမ်းမိုးမှုကတော့ ကျန်နေရစ်ခဲ့တုန်းပဲ… ဥက္ကဌ အဆင့်ကလွဲရင် ဒါရိုက်တာလီကို ဘယ်သူကပဲ မြင်မြင် နှုတ်ဆက်ကြရတယ်… ဒါကြောင့်မို့ လုပ်ဖော်ကိုင်ဖက်ကြား ပြိုင်ဆိုင်မှုတွေကို ဖယ်ထုတ်ထားလို့ရပြီ…”

“ ပြီးတော့…..” လင်းရီ ဆက်မေးလိုက်သည်။

“ ပြီးတော့… အစ်ကိုရီလည်း ဒါရိုက်တာလီရဲ့ စိတ်နေစိတ်ထားကို သဘောပေါက်ပါတယ်… သူမ ဘက်က ဘယ်သူ့ကို သွားပြီး အပြစ်ပြုမှာ… ညီမလည်း သူနဲ့ တစ်ချိန်လုံး ရှိနေတာဆိုတော့ အတည်ပြုပေးလို့ရတယ်…” ချောင်ရှင်းမှ ဆက်လိုက်၍ “ နောက်ပြီး တကယ်လို့ ဒါရိုက်တာလီက ရှိန်လောက်နေတယ်ဆိုရင်တောင် သူမက သာမန်လူပဲလေ…. ဘယ်လို ဒိတ်ဒိတ်ကျဲတွေကိုမှ အပြစ်ပြုမှာ မဟုတ်ဘူး…”

“ ဒါပေမယ့် ဆန်းကြယ်တဲ့လူက ညီမတို့ရဲ့ အိမ်ထဲကို ဖောက်ဝင်ရဲနေတယ်ဆိုတာကတော့ မျှော်လင့်ထားတာထက်ကို ကျော်လွန်နေတာပဲ… ဒါကြောင့်မို့ တစ်ဖက်သူကလည်း သာမန်လူတော့ မဖြစ်နိုင်လောက်ဘူး…”

သို့နှင့် ချောင်ရှင်း သူမ မျက်မှန်ကို တစ်ဖန် တွန်းတင်လိုက်ကာ “ နိုင်ငံရဲ့ နာမည်ကြီး နှလုံး အထူးကု ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ အိမ်ကို ဆန်းကြယ်တဲ့လူ တစ်ဦးက ဖောက်ဝင်သွားခဲ့တယ်.. ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကောင်မလေးရဲ့ နေအိမ်အပြင်ဘက်က ကင်မရာတွေကလည်း အကြောင်းပြချက် မရှိ ပျက်စီးသွားခဲ့တယ်.. လူတစ်ချို့ရဲ့ လက်ချက်ကြောင့်ပေလား… ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုတွေပဲလား…. ဒီရဲ့ အမှန်တရားကို ဖောက်ထွင်းမြင်နိုင်တဲ့ တစ်ဦးတည်းသောသူက အပြင်ကကြည့်ရင် ချစ်စရာကောင်းပြီး အတွင်းကကြည့်ရင်…..…..”

လင်းရီ သူမ တင်ပါးကို သာသာလေး တစ်ချက် ပိတ်ကန်လိုက်၏။ “ သောက်ရေးမပါတာတွေ လာရွတ်ပြမနေနဲ့… အဖြေကို တန်းပြော…..”

ချောင်ရှင်း သူမ တင်ပါးကို ပွတ်လိုက်ရင်း “ အဖြေက ဒီတိုင်း ငြိစွန်းတာပဲ… ဒါရိုက်တာလီနဲ့ ညီမက ဆန်းကြယ်တဲ့လူရဲ့ ပစ်မှတ်မဟုတ်လောက်ဘူး…”

“ ငြိစွန်းတယ်..”

“ အွန်း…. မြို့ဂိတ်မီးလောင်ရင် ကျုံးထဲရှိတဲ့ ငါးတွေအပေါ်ပါ သက်ရောက်မှု ရှိမှာပဲလေ… “ ချောင်ရှင်း ပြောလိုက်ပြီး “ ခု ညီမတို့ ဖြစ်နေတာလည်း အဲ့ဒီအတိုင်းပဲ….”

လင်းရီ ဝေးဝေး မတွေးတောနိုင်ခင် အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။ စွန်းဖုယွီမှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ ဘော့စ်လင်း.. ကျုပ်တို့ စင်တာမှာ အခြေအနေ တစ်ခုနဲ့ ကြုံနေရတယ်…. ကြည့်ရသလောက်တော့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေထဲကို ဖောက်ဝင်ချင်နေတဲ့ပုံပဲ…”

All Chapters