← Chapters

ကြယ်တာရာ ဝိညာဉ်များ၏ တုန့်ဆိုင်းမှု

Vol. 66 Ch. 911

ကြယ်တာရာ ဝိညာဉ်များ၏ တုန့်ဆိုင်းမှု

Vol. 66 Ch. 911

ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဥ်များ၏ ထိတ်လန့်မှုကို နားလည် လိုက်ချေပြီ ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရပါက သူ ကိုယ်တိုင်သည်လည်း ထိတ်လန့်မိသည်သာ ဖြစ်သည်။ သို့သော်လည်း ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင် ဖြတ်ကျော်နိုင်ရန် အတွက် အမြင့်မားဆုံးသော ကျင့်ကြံခြင်း အခြေခံကို တည်ဆောက်လိုသည်က သူ့ အနက်ရှိုင်းဆုံးသော ဆန္ဒ ဖြစ်သည်။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

“နောက်တစ်ကြိမ် အဲဒီလို ထပ်ဖြစ်ရင်လည်း ငါတို့ အဖြေကို ထပ်ရှာကြတာပေါ့ကွာ... ဒါက စွန့်စားမှု တစ်ခု ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ကြောက်နေလို့မှ မရတာ...”

ကြယ်တာရာ ဝိညာဥ်များမှာ သူ့ ဝိညာဉ်မှ တိုက်ရိုက်ခွဲထွက်လာရာ ကလေးများ သဖွယ် ဖြစ်သည်။ သူတို့ရှေ့၌ သူ ကိုယ်တိုင် ကြောက်လန့်ပြနေ၍ မဖြစ်ကြောင်းသူ သိပေသည်။ သူတို့ အတွက် မီးအိမ်တစ်ခု လိုအပ်ပေသည်။

“ငါတို့ အတွက် အကြီးမားဆုံး ခွန်အား၊ အကြီးမားဆုံး အကန့်အသတ်နောက်ကို လိုက်ဖို့ ဘယ်တော့မှ တွန့်ဆုတ် မနေသင့်ဘူး... ကြောက်တယ် ဆိုတာက ကိုယ့်ကိုကို သတ်နေတာနဲ့ အတူတူပဲ... ငါတို့ ဘယ်တုန်းက ကြောက်ဖူးလို့လဲ... ငရဲရဲ့ ကပ်ဘေးတွေကို ရင်ဆိုင်ဖို့ ငါတို့ အားနည်းလို့ မဖြစ်ဘူး”

“...”

ကြယ်တာရာ ဝိညာဥ်များမှာ ငြိမ်သက်စွာ နားထောင် နေကြ၏။ သို့သော်လည်း သူတို့ အနည်းငယ် တုန်လှုပ် သွားကြကြောင်း ဝေ့ဝူယင် ရှင်းလင်းစွာ ခံစားနိုင်ပေသည်။

“အဲဒါတွေကို ဘေးဖယ်ထားလိုက်ဦး...ငါတို့ရဲ့ သေခြင်းရှင်ခြင်း ငါတို့ရဲ့ အသက်ကို ဆုံးဖြတ်နိုင်တဲ့ အခြား ဖြစ်တည်မှုတွေ အများကြီး ရှိသေးတယ်... ငါတို့တွေက အမြဲ ကြောက်လန့်နေပြီး ကြုံလာသမျှ အခွင့်အရေးတွေကို ရှောင်ရှားနေမယ် ဆိုရင် ကောင်းကင်ဘုံ နတ်မျက်လုံးတွေလည်း ငါတို့ အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး”

ထန်ဂူကောင်မှာ နားလည်နိုင်မှု၏ အပြင်ဘက်ကို ကျော်လွန်နေသည့် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ ထို့အပြင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေသို့ သွားရာလမ်း၌ ကြုံတွေ့ခဲ့ရသည့် ဟင်းလင်းပြင် သက်ရှိမှလည်း သူတို့ အသက်များကို မျက်တောင် တစ်ခပ်စာ အတွင်း နှုတ်ယူနိုင်စွမ်း ရှိခဲ့သည်။ အကယ်၍ ခရာတို၏ ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် ကြောင့်သာ မဟုတ်ပါက သူတို့ သတိမထားလိုက်မိခင်မှာပင် သေဆုံးနေခဲ့လောက်ပြီ ဖြစ်သည်။

“...”

ကြယ်တာရာ ဝိညာဥ်များမှာ တိတ်ဆိတ်နေဆဲ ဖြစ်၏။

“ဟူး...”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့ကို စည်းရုံးရသည်က ခက်ခဲပေသည်။ မည်သို့ပင် ဆိုစေ... သူတို့က သူ ကိုယ်တိုင်ပင် ဖြစ်သည် မဟုတ်ပါလား။ သူ သိသမျှကို သူတို့ သိပေသည်။ သူ ရင်ဆိုင်သမျှကို သူတို့ ရင်ဆိုင်ရသည်။ သူ ကြုံတွေ့ရသမျှကို သူတို့လည်း ကြုံတွေ့ရသည်။

အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံးများကို နောက်တစ်ကြိမ် ထပ်၍ ဆုံးရှုံးရမည် ဆိုပါက ဆေးဖော်စပ်မှုများမှာလည်း ရပ်တန့် သွားလိမ့်မည် ဖြစ်သည်။ မည်မျှ ကြာမည်ကို မည်သူ သိနိုင်ပါမည်နည်း။ ထိုအရာကပင် သူတို့ ရောက်ရှိနိုင်သည့် အကန့်အသတ်များကို တားဆီးထားလိမ့်မည် ဖြစ်သည်။ ငရဲ၏ တတိယမြောက် ကပ်ဘေးကို ‌ရောက်ရှိရန် အချိန်ကလည်း သိပ်မလိုတော့ချေ။ ထိုအတောအတွင်း သူတို့ တိုးတက်မှ ဖြစ်ပေလိမ့်မည်။ ဖြေရှင်းရန် နည်းလမ်းကို ရှာဖွေကာ အချိန်ဖြုန်းခြင်းဖြင့် သူတို့ အဖိုးတန် အချိန်များကို မကုန်ချင်တော့ပေ။

ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဥ်များကို ဖျောင်းဖျ၍ မရနိုင်တော့ကြောင်း သိရှိလိုက်၏။ ဖျောင်းဖျစရာ စာကားလုံးများလည်း သူ့ထံတွင် မရှိတော့ချေ။ ဘာလုပ်ရမည်ကို ဝေ့ဝူယင် သိလိုက်ပြီ ဖြစ်သည်။ သူ ဆေးလုံးများကို ဆုပ်ကိုင်လိုက်ကာ ပါးစပ်ကို ဟလိုက်၏။ ထို့နောက် ပစ်သွင်းလိုက်လေတော့သည်။ သူတို့က စွန့်စားမှုကို ငြင်းဆန်လျှင် သူကိုယ်တိုင် လုပ်ရတော့မည် ဖြစ်သည်။

ကောင်လေးများမှာ တစ်ကြိမ် မက သူ့ကို မသိမပေးပဲ ကျင့်ကြံခြင်း အကန့်အသတ်ကို အတင်းအကြပ် မြှင့်တင်ခဲ့ဖူးသည်။ ဤသည် သူ့ အလှည့် ဖြစ်သည်။ ချက်ချင်းပင် ဝေ့ဝူယင်၏ ပါးစပ်၊ လည်ချောင်းနှင့် ရင်ဘတ်တို့မှာ အဇူရာရောင် အဖြစ် ပြောင်းလဲ သွား၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် သာလွန်ခြင်း ထုတ်ကုန် တစ်ခုကို သူ တိုက်ရိုက် စားသုံးခြင်း ဖြစ်သည်။

“ချီးပဲ...”

ဆေးလုံးများ ဝမ်းဗိုက် အတွင်း ကျဆင်း သွားသည်နှင့် ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ်သွား၏။ ဆေးလုံးများ အတွင်း ပါဝင်နေသည့် စွမ်းအားက ကြောက်မက်ဖွယ် ကောင်းအောင် ကြီးမားလွန်းလှရာ ၎င်းက အလွန်တရာ နာကျင်လှသည်။ နေသုံးဆယ့် သုံးစင်းကို တိုက်ရိုက် မြိုချလိုက်ရသလိုပင် ဝေ့ဝူယင် ခံစားလိုက်ရ၏။ ၎င်းတို့က အတွင်းပိုင်း၌ ရှိသည့် အရာ မှန်သမျှကို အငွေ့ပျံပစ်ရန် လောင်ကြွမ်းနေကြဟန် ရလေသည်။ မည်မျှ ဆိုးရွားလိုက်သည့် ခံစားမှုနည်း။

အဂ္ဂိရတ် ထုတ်ကုန်များကို ဘယ်တုန်းကမှ တိုက်ရိုက် အသုံးမပြုခဲ့ကြောင်း ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြန်လည် အမှတ်ရလိုက်သည်။ သူက ပြင်ပ ခွဲထုတ်ခြင်း ကျင့်စဉ်ကို သုံးကာ ကြယ်တာရာ ဝိညာဉ်များဖြင့်သာ သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဆေးလုံးများ သန့်စင်ရသည့် နာကျင်မှုကို သူ မေ့လုနီးပါး ဖြစ်နေခဲ့ပေသည်။ ထိုအရာက တကယ့် ငရဲခန်းလိုပင်။

အဆင့်ကိုး ဆေးလုံးများအား ချေဖျက်ရန် လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်ပင် ခက်ခဲတာ မထူးဆန်းတော့ချေ။

ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တဆတ်ဆတ် တုန်ရီလာကာ အဇူရာ အလင်းများဖြင့် စတင် တောက်ပလာခဲ့၏။ သူ၏ သွေးကြောနှင့် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများမှာ ထင်ရှားစွာပင် ပေါ်လွင် လာခဲ့သည်။

“စုပ်ယူလိုက်တော့...”

ဝေ့ဝူယင်က အော်ဟစ်လိုက်၏။ ကြယ်တာရာ ဝိညာဥ်များမှာ ဝေ့ဝူယင် နာကျင်နေသည်ကို မကြည့်ရက်ကြပါချေ။ သူတို့က အလျှင်အမြန်ပင် ထွက်လာကြကာ ဆေးလုံးများကို ခွဲဝေ ရယူလိုက်ကြ၏။ ထို့နောက် မူလ နေရာများသို့ ပြန်လည် ဝင်ရောက် သွားကြ၏။

ဝေ့ဝူယင် ကြောက်လန့်တကြားဖြင့် အသက်ကို ပြင်းထန်စွာ ရှူလိုက်မိသည်။ ကျင့်ကြံသူများမှာ အဘယ်ကြောင့် အဂ္ဂိရတ် ထုတ်ကုန်များကို သွေးကြောများ၊ ရုပ်ခန္ဓာများဖြင့် သန့်စင်ရန် ကြိုးစားကြသနည်း။ ထိုအရာက ကိုယ့်ကိုယ်ကို နှိပ်စက်ခြင်းပင် ဖြစ်သည်။

သေချာပြန်တွေးကြည့်သော သူ့ဘက်က အဆင်အခြင်မဲ့ သွားခဲ့သည်လည်း ပါသည်။ ပုံမှန် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သန့်စင်ရသည်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်ပင် ခက်ခဲသည်။ ထို့အပြင် ဤသည်က သာမန် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် မဟုတ်ချေ။ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ထုတ်ကုန် ဖြစ်သည်။ ထိုကဲ့သို့ ထုတ်ကုန်မျိုးကိုမှ သူက သုံးဆယ့်သုံးလုံးတိတိ တစ်ပြိုင်နက်တည်း စားလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူ့ထံတွင်သာ အစွမ်းထက်သည့် ခန္ဓာကိုယ် မရှိပါက တစ်ခါတည်း ပေါက်ကွဲ သေဆုံး သွားလောက်သည်။

သုန်သုန်မှုန်မှုန်ဖြင့် ဆေးလုံးများကို သန့်စင်နေသည့် ကြယ်တာရာ ဝိညာဥ်များကို ကြည့်ရင်း ဝေ့ဝူယင် နူးညံ့စွာ ပြုံးလိုက်မိ၏။

‘တစ်ခါ စိတ်ဒဏ်ရာ ရသွားပြီးရင် ပထမဆုံး ခြေလှမ်းလှမ်းဖို့က အခက်ခဲဆုံးပဲ...’

ဤသည်က ကျင့်ကြံခြင်း ခရီးလမ်း ဖြစ်သည်။ လျှောက်လမ်းစရာ လမ်းကြောင်းက အရှည်ကြီး ကျန်နေသေးသည်။ ထိုလမ်းကြောင်း၌ တစ်ခါတစ်ရံ စွန့်စားရသည်။ တစ်ခါတစ်ရံ အသက်ကိုပင် လောင်းကြေးထပ်ရသည်။ တစ်ခါတစ်ရံ ကျရှုံးကောင်း ကျရှုံးနိုင်သည်။ အရေးအကြီးဆုံးက ကိုယ့်ယုံကြည်မှုကို မစွန့်လွှတ်ဖို့၊ မြဲမြံစွာ ဆုပ်ကိုင်ထားဖို့ ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများကြောင့် ဤတစ်ကြိမ် စွန့်စားမှုကို နောက်ရွံ့ခဲ့လျှင် ကျင့်ကြံခြင်း၏ စစ်မှန်မှုကို ဘယ်တော့မှ ရှာတွေ့တော့မည် မဟုတ်ချေ။

အဂ္ဂိရတ် ထုတ်ကုန်များကို တဖြည်းဖြည်း ချေဖျက်နေသည်နှင့် အမျှ လောကပင်လယ်များမှာ အသစ်သစ်သော လျှို့ဝှက် သင်္ကေတများဖြင့် စတင် တောက်ပလာခဲ့ကြလေသည်။ မကြာခင်မှာပင် ၎င်းတို့မှာ ရှစ်ဆယ့်တစ်ခု တိတိသို့ ရောက်ရှိ သွားခဲ့ကြလေ၏။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကတော့ ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ပိုမို၍ တောက်ပလာခဲ့လေသည်။ အထွတ်အထိပ်ကို တက်လှမ်းဖို့ အတွက် မည်သည့် အရာကို ကြောက်နေရမည်နည်း။ တူညီသည့် ပြဿနာ တစ်ခု ပေါ်လာတော့လည်း ရင်ဆိုင်လိုက်ရုံသာ ဖြစ်သည်။

လောက ပင်လယ် တစ်ခုချင်းစီမှာ လျှို့ဝှက်သင်္ကေတ ရှစ်ဆယ့်တစ်ခုကို သယ်ဆောင်ထားလေရာ သင်္ကေတ စုစုပေါင်း သုံးရာ နှစ်ဆယ့်လေးခု ရှိပေသည်။ ပုံမှန်အားဖြင့် သင်္ကေတ မျိုးစေ့ ရှစ်ဆယ့် တစ်ခုမှာ သေမျိုး တာအို၏ အထွတ်အထိပ် ဖြစ်ကာ ပြီးပြည့်စုံသည်နှင့် လျှို့ဝှက် အာဏာရှင် အဆင့် ကပ်ဘေးကို ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲများကို စစ်ဆေး ကြည့်လိုက်သည်။ ကြယ်တာရာ အမြုတေများ အတွင်းရှိ လျှို့ဝှက် သင်္ကေတ ရှစ်ဆယ့် တစ်ခုစီမှာ မသိမသာ တုန်ရီနေကာ ထူးဆန်းသည့် ပြောင်းလဲမှု ဖြစ်စဉ်ကို ကြုံတွေ့နေရဟန် တူသည်။

သို့သော်လည်း မည်သည့် သက်တောင့်သက်သာ မရှိမှုကိုမှ မခံစားရချေ။ ဝေ့ဝူယင် ပိုမို၍ စိတ်ဝင်စား သွားခဲ့ကာ ကြယ်တာရာ အမြုတေ၊ အသိစိတ် ပင်လယ်နှင့် စွမ်းအင် သွေးကြောများကို နောက်တစ်ကြိမ် သေသေချာချာ စစ်ဆေးလိုက်သည်။

သူ၏ ကြယ်တာရာ အမြုတေများမှာ ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစားကို ရောက်ရှိ နေကြပြီ ဖြစ်သည်။ ထိုအရာက ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်‌မြောက်ခြင်း အဆင့် အတွက် အကြွင်းမဲ့သော အကန့်အသတ်လည်း ဖြစ်သည်။

သူ၏ အသိစိတ် ပင်လယ်ကတော့ ဧဒင်၏ အမြစ်များနှင့် ဖြန့်ကျက်နေကာ အလွန် သန့်စင် အစွမ်းထက်သည့် စိတ်စွမ်းအင်များကို သယ်ဆောင်ထားသည်။ နောက်ဆုံး ဖြစ်သည့် စွမ်းအင် သွေးကြောများကတော့ ခန္ဓာကိုယ်နှင့် အပြန်အလှန် ဆက်စပ်နေကာ အစစ်အမှန် နဂါးသွေးမျိုးဆက်၏ ပံ့ပိုး သန့်စင်မှု အောက်တွင် အလွန် မြင့်မားသည့် ရုပ်ခန္ဓာနှင့် သွေးမျိုးဆက် စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။

တစ်နည်းအားဖြင့် သူ ကြယ်တာရာ အမြုတေ အဆင့်ခြောက်၏ အဆုံးစွန်သော ကျင့်ကြံခြင်း အခြေခံကို ရောက်ရှိခဲ့ပြီဟု ဆိုနိုင်ပေသည်။ အချို့က ထိုအခြေအနေကို ပြီးပြည့်စုံသည်ဟုပင် ဆိုကောင်း ဆိုကြပေလိမ့်မည်။

လျှို့ဝှက် သင်္ကေတ မျိုးစေ့များနှင့် ပတ်သက်၍တော့ သူ ကိုယ်တိုင်လည်း မသေချာချေ။ ၎င်းတို့က ကြယ်အမြုတေ အဆင့်များသာ ပိုင်ဆိုင်နိုင်သည့် အရာများဟု ဆိုသည်။ အကယ်၍ သူက ကြယ်တာရာ အမြုတေ အဆင့်ခြောက်တွင် ပြီးပြည့်စုံသည် ဆိုလျှင်ပင် ကြယ်အမြုတေ အဆင့်ကို မရောက်ရှိသေးသလို ကြယ်အမြုတေ တစ်ခုကိုလည်း မဖွဲ့စည်းရသေးချေ။

တစ်စုံတစ်ရာက ကောင်းကောင်းကြီး လွဲချော်နေသလို သူ ခံစားရ၏။ သို့သော်လည်း လျှို့ဝှက် သင်္ကေတ မျိုးစေ့ သုံးရာ နှစ်ဆယ့်လေးခုမှာ လျှို့ဝှက်တာအို ပိုင်ဆိုင်သည့် ထူးဆန်းသော အလင်းတန်းများနှင့် စတင် တောက်ပလာနေခဲ့ပြီ ဖြစ်လေရာ သူ့ထံတွင် အချိန် မရှိတော့ချေ။

“ကျွန်တော် ခံစားလို့ရတယ်... ကျွန်တော် ခံစားလို့ ရတယ်...”

ရုတ်တရက် အိုရီ၏ အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ထိုအသံက အကြိမ်ပေါင်း ဒါဇင်ချီအောင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း အထပ်ထပ် ပျံ့နှံ့ သွားခဲ့သည်။

ဆက်တိုက်ဆိုသလိုပင် အခန်းအတွင်းရှိ အမတေနှင့် စွမ်းအင်များက ပြောင်းလဲလာသလို ဝေ့ဝူယင် ခံစား လိုက်ရသည်။ ၎င်းတို့က ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်နှင့် ချိတ်ဆက်သွားကာ မူလ ဒြပ်စင် စွမ်းအင်များ အဖြစ် ပြောင်းလဲ သွားကြသည်။ မကြာခင်မှာပင် အခန်းတစ်ခုလုံးမှာ မူလဒြပ်စင် စွမ်းအင်များနှင့် ပြည့်နှက် သွားတော့၏။

ဝေ့ဝူယင် တုန်လှုပ် အံ့သြသွားခဲ့၏။

အဘယ်ကြောင့်နည်း။

ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို သုံးခဲ့သူက သူ လုံးဝ မဟုတ်သောကြောင့်ပင်။ ထိုအရာက အခြား တစ်ယောက် ဖြစ်ပေသည်။ အိုရီမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

***

All Chapters