ကြယ်တာရာ ဝိညာဉ်များ၏ အပြောင်းအလဲ
Vol. 66 Ch. 912
“ဟီး... ဟီး...”
အိုရီ၏ ရယ်မောသံက ပိုမို၍ ကျယ်လောင်လာခဲ့၏။ အခန်းအတွင်းရှိ မူလဒြပ်စင် စွမ်းအင်များမှာလည်း ပိုမို လှိုင်းထန် လာခဲ့သည်။ ဝေ့ဝူယင် မျက်လုံများကို ဖွင့်လိုက်ကာ အခန်းအတွင်းရှိ အပြောင်းအလဲများကို အံ့သြစွာ လေ့လာလိုက်မိသည်။
“အိုရီ... မင်း ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ကိုယ့်ဘာသာ သုံးနိုင်ပြီပေါ့...”
သူ အံ့သြတကြီး မေးလိုက်မိသည်။ သူ သိထားသလောက် ကြယ်တာရာ ဝိညာဥ်များမှာ ကျင့်စဉ်များ၊ အစီအရင်များ၊ ရည်ရွယ်ချက်များကို ကိုယ်တိုင် အသုံးပြုနိုင်စွမ်း မရှိချေ။ ထိုအရာများကို အသုံးပြုရန် အတွက် သူ့ကို လိုအပ်ပေသည်။ ယခုတွင်တော့ အိုရီမှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို မည်သိုမည်ပုံ သုံးရမှန်း သိရှိသွားသည့်ပုံ ရသည်။
ဝေ့ဝူယင် စိတ်လှုပ်ရှားလာမိ၏။ သူ၏ ငွေရောင် မျက်လုံးများက ချက်ချင်းပင် အဖြူရောင် အဖြစ် ပြောင်းလဲ သွားကာ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက် အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက အိုရီ ထိန်းချုပ်ကာ အသွင်ပြောင်းနေသည့် ပတ်ဝန်းကျင်ရှိ ဒြပ်စင် စွမ်းအင်များနှင့် ချိတ်ဆက်လိုက်၏။ ပြီးသည်နှင့် အားလုံးကို မီးစွမ်းအင်များ အဖြစ် ပြောင်းလဲလိုက်သည်။
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အခန်း တစ်ခုလုံးမှာ မီးတောက်မီးလျှံများနှင့် ပြည့်နှက် သွားတော့၏။ ပိုင်လင်က ပျော်ရွှင်စွာဖြင့် တွန်ကြူးသံ တစ်ခု ထုတ်လွှတ်လိုက်သည်။ ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ တောက်ပသွား၏။
“အား... ပျော်စရာ မကောင်းတော့ဘူး”
အိုရီက စူပုပ်ပုပ် လေသံဖြင့် ရေရွတ်လိုက်၏။
“အဲဒါကို ပြန်ပြောင်းဖို့ ကြိုးစားကြည့်...”
ဝေ့ဝူယင်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
“အို ဟိုး.. ရတာပေါ့...”
ဝေ့ဝူယင်က သူ့ကို စမ်းသပ်လိုနေခြင်း ဖြစ်ကြောင်း သတိထားမိသွားရာ အိုရီမှာ စိတ်လှုပ်ရှားသွားပုံ ရသည်။ ရုတ်ချည်းပင်... သူ၏ ကြယ်တာရာ အမြုတေက ထူးဆန်းသော အလင်း တစ်ခုဖြင့် စတင် တောက်ပလာကာ အခန်း အတွင်းရှိ မီးစွမ်းအင်များမှာ ကစဉ့်ကလျား အသွင်ပြောင်းလဲလာခဲ့သည်။
ဝေ့ဝူယင်က မူလ ဒြပ်စင် ရည်ရွယ်ချက်ကို ပြန်လည် သိမ်းဆည်းခြင်း မပြုချေ။ သူက မီးစွမ်းအင်များကို ဆက်လက် ထိန်းသိမ်းထား၏။ ရင်းနှီးပြီးသား ပြင်ပဆန္ဒ တစ်ခုက မီးစွမ်းအင်များထဲသို့ တိုးဝင်လာကာ ရည်ရွယ်ချက်ကို ပြောင်းလဲဖို့ ကြိုးစားနေကြောင်း သူ ခံစား၍ ရပေသည်။ သို့သော်လည်း ၎င်းက လုံလောက်အောင် သန်မာခြင်း မရှိသည့် အပြင် တည်ငြိမ်မှုလည်း မရှိလေရာ အဆုံးသတ်၌ ကျရှုံး သွား၏။
“ဘာလို့ အလုပ် မဖြစ်တာလဲ...”
အိုရီက စိတ်ဓာတ်ကျဟန်ဖြင့် ရေရွတ်လိုက်၏။ ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်သည်။ ထို့နောက် သူ့ မျက်လုံးများက မှေးမှိန်သွားကာ မီးစွမ်းအင်များ အပေါ် ထိန်းချုပ်မှုများ လျော့နည်းသွား၏။ အခန်း အတွင်းရှိ မီးစွမ်းအင်များက ဖြည်းညင်းစွာပင် မူလ ဒြပ်စင် စွမ်းအင်များ အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။
ရွှမ်း...
ထက်ရှ အင်အားကြီးသည့် ဆေဘာအော်သံ ထွက်ပေါ်လာ၏။ ရုတ်ချည်းပင် ဒြပ်စင် စွမ်းအင်များမှာ ဆေဘာ အလင်း အသွင် ပြောင်းလဲ သွားကာ အဆုံးမဲ့ ပျက်သုဉ်းခြင်း စွမ်းအင်များကို ထုတ်ဖော် လာကြသည်။ ၎င်းတို့က ချောမွေ့စွာဖြင့် စီးဆင်းနေကြကာ ပိုင်လင်၊ ဝေ့ဝူယင်၊ မှော်ဆေးအိုးနှင့် နံရံများကို ချိန်သားကိုက် ရှောင်တိမ်း သွားကြ၏။ ၎င်းတို့က မီးပိုးစုန်းကြူးများနှင့်ပင် တူကာ အခန်း အတွင်း လှည့်ပတ် ပျံသန်း နေကြပေသည်။
“ဘုရင်ရောလား...”
ဝေ့ဝူယင်မှာ နောက်တစ်ကြိမ် တုန်လှုပ် သွားရပြန်၏။ ဘုရင်သည်လည်း ဆန္ဒကို ဆေဘာ နှလုံးသားနှင့် ပေါင်းစပ်ကာ ဆေဘာစွမ်းအင်ကို ကိုယ်တိုင် ဖန်တီး နိုင်ခဲ့ပြီ ဖြစ်သည်။
ပထမ အိုရီ... ဒုတိယ ဘုရင်...
မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။ ဝေ့ဝူယင် သူတို့၏ ကြယ်တာရာ အမြုတေများကို စစ်ဆေးကြည့်လိုက်ရာ မျက်စိကျိန်းလောက်သည့် အလင်းတန်းများဖြင့် တောက်ပနေကြောင်း တွေ့လိုက်ရသည်။ ဝေ့ဝူယင် ဘာကိုမှ တွေးတောနိုင်ခြင်း မရှိတော့ချေ။
“ဘုရင်... ငါတို့ အတူတူ လုပ်မယ်...”
အိုရီက ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်၏။ မကြာခင် အခန်း တစ်ခုလုံးရှိ စွမ်းအင်များမှာ မူလ ဒြပ်စင် စွမ်းအင်၊ ဆေဘာအလင်းတို့နှင့် ရောနှော ပြည့်နှက် သွားတော့သည်။ ထိုအလင်းများက အခန်း တစ်ခုလုံးကို လှည့်ပတ်လျှက် ယိမ်းနွဲ့ ကခုန်နေကြလေရာ အလွန် လှပသည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာ၏။
ရား...
ရုတ်တရက်... နဂါးဟိန်းသံ တစ်ခု ထွက်ပေါ်လာရာ အခန်း တစ်ခုလုံးမှာ တုန်လှုပ် သွားခဲ့၏။ ဆေဘာနှင့် ဒြပ်စင် စွမ်းအင်များမှာ တူညီသည့် အချိန်နှင့် ဟင်းလင်းပြင် တစ်ခုတည်းတွင် ပိတ်မိသွားသည့် အလား အေးခဲ ရပ်တန့် သွားကြသည်။ ထို့နောက် တဒင်္ဂ အတွင်းမှာပင် ထိုစွမ်းအင်များမှာ အရိပ်များ သဏ္ဌာန် ပြောင်းလဲ သွား၏။
“အစစ်အမှန် နဂါး...”
အရိပ်များကို ကြည့်ရင်း မျက်လုံးက ထိုး၍ အောင့်လာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ အစစ်အမှန် နဂါးများမှာ သေမျိုးများ မြင်တွေ့နိုင်သည့် တည်ရှိမှုများ မဟုတ်ချေ။ ဝေ့ဝူယင် ခပ်မြန်မြန်ပင် မျက်လုံးများကို မှိတ်လိုက်ရ၏။
ထိုအခိုက်၌ ထူးဆန်းသော အင်အားတစ်ခုမှာ လောကကို စိမ့်ဝင် စီးဆင်းနေကြောင်း သူ ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။ ၎င်းက ဟင်းလင်းပြင် တာအိုနှင့် အစစ်အမှန် နဂါးတစ်ကောင်၏ စွမ်းအင် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ ၎င်းက သူ ကိုယ်တိုင်ပင်လျှင် မလုပ်နိုင်သော အရာ ဖြစ်ပေသည်။
မကြာခင်မှာပင် ပတ်ဝန်းကျင်ရှိ စွမ်းအင် အားလုံးမှာ ပုံမှန် ပြန်ဖြစ် သွားကြပြီ ဖြစ်သည်။ ကြယ်တာရာ ဝိညာဥ်များမှာ ရည်ရွယ်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းသိရှိလိုက်ရရာ ဝေ့ဝူယင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ည်။
သို့သော်လည်း... ထိုကလေးများ၏ ထိန်းချုပ်နိုင်စွမ်းက တည်ငြိမ်မှု နည်းနေသေးကာ သူနှင့် ယှဉ်ပါက အလွန်အမင်း အားနည်းနေသေးတာ ရှင်းလင်းပေသည်။
“မင်းတို့ ငါ့ကိုလည်း ရှင်းပြကြပါဦး...”
ဝေ့ဝူယင် နားလည်နိုင်စွာဖြင့် မေးလိုက်၏။ ထိုအရာက အပြုသဘောဆောင်သည့် တိုးတက်မှုမျိုး ဖြစ်သော်လည်း ဘယ်လိုပဲ စဉ်းစားစဉ်းစား အဓိပ္ပာယ် မရှိချေ။ သူ သိရှိထားသည့် ကျင့်ကြံခြင်း စံနှုန်းများက ဇောက်ထိုး မိုးမျှော် ဖြစ်သွားသလို ခံစားနေရ၏။
“ကျုပ် ရှင်းပြပါ့မယ်...”
ဧဒင်က တည်ငြိမ်စွာပင် ပြောလိုက်၏။
“သင်္ကေတ မျိုးစေ့ ရှစ်ဆယ့်တစ်ခု ပြည့်စုံသွားပြီးတဲ့နောက် ကျုပ်တို့ လောကပင်လယ်ထဲမှာ ထူးဆန်းတဲ့ သင်္ကေတ တစ်ခု ဖွဲ့စည်းသွားခဲ့တယ်... အဲဒါက သခင် ပိုင်ထားတဲ့ လောကနှလုံးသား ရည်ရွယ်ချက်နဲ့ ဆင်တူတယ်...”
“ထူးဆန်းတဲ့ သင်္ကေတ ဟုတ်လား...’
ဝေ့ဝူယင် စိတ်ဝင်စား သွား၏။ ဘယ်လို သင်္ကေတမျိုးက လောကနှလုံးသား ရည်ရွယ်ချက်နှင့် ဆင်တူ သနည်း။
“အမှန်ပဲ...”
ဧဒင်က ဆက်လက်၍ ရှင်းပြလိုက်၏။
“ကြည့်ရတာ သခင် အဲဒါကို မခံစားမိခဲ့တာ ဖြစ်မယ်... သင်္ကေတ ရှစ်ဆယ့် တစ်ခုက ကျုပ်တို့ရဲ့ ကြယ်တာရာ အမြုတေတွေထဲက ထွက်သွားပြီး သခင်လေးရဲ့ စိတ်မျက်လုံးထဲကို ဝင်သွားသေးတယ်... ပြီးတော့ ပြန်ထွက်လာပြီး ကျုပ်တို့ လောကပင်လယ်ထဲ ပြန်ဝင်လာတယ်... ဒါပေမဲ့ သူတို့ချည်းပဲ ပြန်လာတာ မဟုတ်ဘူး... တစ်ခုခု ပြောင်းလဲ သွားတဲ့ပုံ ရတယ်”
“စိတ်မျက်လုံး...”
ဝေ့ဝူယင် အံ့သြသွားမိ၏။ ထိုအရာက စိတ်နှင့် ဝိညာဥ်တို့ အကြားမှ ချိတ်ဆက်မှု တစ်ခု ဖြစ်ကာ ကျင့်ကြံခြင်း ဝိညာဥ်များကို ဖွဲ့စည်းသည့် ပင်မဝိညာဉ်၏ တည်နေရာလည်း ဖြစ်သည်။ အတိတ်မေ့နေသည့် အတောအတွင်း ဝေ့ဝူယင် ထိုနေရာတွင် ပိတ်မိနေခဲ့သေးသည်။ ထိုအရာနှင့် သူ အတော်လေး ရင်းနှီးပေသည်။
“ငါ မခံစားမိခဲ့တာလား...”
ဝေ့ဝူယင် နားမလည်နိုင်စွာ တွေးလိုက်မိ၏။ ဧဒင်ပြောသည့် အရာကို သူ မခံစားခဲ့မိသည်မှာ အမှန်ပင် ဖြစ်သည်။ သင်္ကေတ ရှစ်ဆယ့်တစ်ခု ပြည့်သွားပြီးသည့်နောက် မည်သည့် သက်တောင့်သက်သာ မရှိမှုနှင့် နာကျင်မှုတို့ကိုမှ သူ မခံစားခဲ့ရချေ။
ထို့အပြင် သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ လျှို့ဝှက် သင်္ကေတများကို ထင်ထင်ရှားရှား မြင်နိုင်သည့် စွမ်းရည် သူ့ထံတွင် မရှိသေးချေ။ လောကပင်လယ် အတွင်း သူ ၎င်းတို့ကို မြင်နိုင်ခြင်းမှာ ရေကြည်ကြည် အတွင်းကူးခပ်နေသည့် ဖန်ငါး ကလေးများနှင့် တူနေသောကြောင့်ပင် ဖြစ်သည်။ ထိုအရာက တကယ် မြင်နိုင်ခြင်းမျိုး မဟုတ်ပဲ ၎င်းတို့၏ အရိပ်အယောင်ကို သတိထားမိခြင်းမျှသာ ဖြစ်သည်။ အကယ်၍ သူသာ လျှို့ဝှက် သင်္ကေတများကို အမှန်တကယ် မြင်နိုင်ပါက လျှို့ဝှက်တာအိုထဲကို ဝင်ရောက် နေလောက်ပြီ ဖြစ်သည်။
“အခု အဲဒီ လျှို့ဝှက် သင်္ကတ မျိုးစေ့တွေ ဘာဖြစ်သွားပြီလဲ...”
ကြယ်တာရာ အမြုတေများမှာ အလွန်တရာ တောက်ပနေရာသူ ဘာကိုမှ မြင်နိုင်စွမ်း မရှိပါချေ။
“အရေအတွက်ကတော့ ရှစ်ဆယ့် တစ်ခုမှာ ရှိနေတုန်းပဲ... ဒါပေမဲ့ သူတို့ အကုန်လုံးက ထူးဆန်းတဲ့ ပတ်လမ်း တစ်ခု ပုံစံမျိုးနဲ့ ရှိနေကြတယ်... နောက်ပြီး သူတို့ အားလုံးကို စက်ဝိုင်း ပုံသဏ္ဌာန် အလွှာတစ်ခုက ဝန်းရံ ထားတယ်... အဲဒါက ကောင်းကင်အလွှာ တစ်ခုလိုပဲ ခံစားရတယ်... ဒီဖြစ်စဉ်ကြီး တစ်ခုလုံးကို ကြည့်ရတာ ဘာနဲ့ တူလဲ ဆိုတော့...”
“လောကတစ်ခုလား...”
ဝေ့ဝူယင်က ဧဒင်၏ စကားကို ဖြည့်စွက်လိုက်၏။
“ဟုတ်တယ်... လောကတစ်ခု... ပိုပြီး တိတိကျကျ ဆိုရရင် ကြယ်တာရာ နယ်မြတစ်ခုလိုပဲ”
ဧဒင်က သဘောတူလိုက်၏။
“...”
ဝေ့ဝူယင် ငြိမ်သက်စွာ တွေးတောနေမိ၏။ လျှို့ဝှက် သင်္ကေတ မျိုးစေ့ ရှစ်ဆယ့် တစ်ခု ပြည့်စုံပြီး နောက်တွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ သို့သော်လည်း ထိုအပြောင်းအလဲကိုတော့ မျှော်လင့် မထားခဲ့မှာ အမှန်ပင်။
လျှို့ဝှက် သင်္ကေတ ရှစ်ဆယ့် တစ်ခုမှာ သူ့ ပင်မ ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ယူဆောင်ကာ ရည်ရွယ်ချက်များကို ကြယ်တာရာ ဝိညာဥ်နှင့် ပေါင်းစပ်ခဲ့သလား။ သို့တည်းမဟုတ်... ရည်ရွယ်မထားပဲ ဖြစ်ပွား သွားခဲ့သည့် မတောတဆမှု တစ်ခုခုလော။
ဧဒင်၏ အတည်ပြုမှုကို နားထောင်ပြီးနောက် ဝေ့ဝူယင် တစ်စုံတစ်ရာကို ပြန်လည် အမှတ်ရလိုက်မိ၏။ စစ်မြေပြင်မှာတုန်းက ထိုအကြောင်းနှင့် ဆင်တူသည့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကို သူ တွေ့ဖူးသည်။ ၎င်းက စစ်ပွဲ ဝိညာဥ်... လောကထူးကဲနည်းလမ်းပင် ဖြစ်လေသည်။
...
ထုတ်ကုန်... (မြေကြီး အထွတ်ထိပ်) စစ်ပွဲဝိညာဥ်... လောကထူးကဲ နည်းလမ်း
လဲလှယ်မှုမှုန်း... စစ်ဝိညာဉ် ၈၀၀၀
ရရှိနိုင်မှု... စစ်သည်တော်များ
ဖော်ပြချက်... စစ်မျိုးစေ့ကို ကျင့်ကြံခြင်း ဝိညာဥ်နှင့် ပေါင်းစပ်နိုင်သည့် ကျင့်ကြံခြင်း နည်းလမ်း... ၎င်း၏ အရေးကြီးသော သဘာဝကို စစ်ပွဲ ဝိညာဉ် အဖြစ် အသွင်ပြောင်းလဲနိုင်... အတိအကျ ဖော်ပြချက် မရှိ။
နည်းလမ်းခွဲ... စစ်ဝိညာဥ်၏ ကြယ်တာရာ အမြုတေမှာ (အထွတ်အထိပ် အဆင့်) စစ်ပွဲ ရုပ်ခန္ဓာကိုယ်ကို သန့်စင်နိုင်။ သန့်စင်မှု အောင်မြင်ပါက လျှို့ဝှက် သင်္ကေတ ကိုးခု ခြေချမှုကို ရရှိနိုင်။ လောက သင်္ကေတ မျိုးစေ့ ခြေချမှု အထိ ရရှိရန် အခွင့်အရေးရှိ။
သတိပေးချက်... စစ် မျိုးစေ့ သန့်စင်မှုမှာ ပြင်းထန်သည့် ကျင့်ကြံခြင်း သွေဖီမှုကို ဖြစ်ပေါ်စေကာ အသက်နှင့် ဝိညာဥ်တို့ကို ဆုံးရှုံးရနိုင်... သေမျိုး တာအို၌ ရှိနေလျှင် မကျင့်ကြံပါနဲ့။ သတိနှင့် ဆောင်ရွက်ပါ...။
***