← Chapters

သာလွန်ခြင်း အဆင့် ထုတ်ကုန်ကို ကိုယ်တိုင် ဖန်တီးခြင်း

Vol. 66 Ch. 913

သာလွန်ခြင်း အဆင့် ထုတ်ကုန်ကို ကိုယ်တိုင် ဖန်တီးခြင်း

Vol. 66 Ch. 913

“ကျုပ်ရဲ့ လောကပင်လယ်က ပြောင်းလဲ သွားပြီးတော့ အထဲမှာ ရှိတဲ့ ကြယ်တာရာ အင်အားကလည်း လျှို့ဝှက် သင်္ကေတ မျိုးစေ့တွေကနေ ထုတ်လွှတ်တဲ့ အလင်းတစ်ခုနဲ့ ချည်နှောင်ခံထားရတယ်... ကျုပ် အဲဒါကို မရပ်တန့်နိုင်ဘူး”

ဧဒင်က စိုးရိမ် ပူပန်နေသည့် လေသံဖြင့် ပြောလိုက်၏။ ထိုအရာက လုံးဝ ထင်မှတ် မထားခဲ့သည့် အပြောင်းအလဲ ဖြစ်လေရာ ဝေ့ဝူယင် ဧဒင်၏ ခံစားချက်ကို နားလည်ပေသည်။ သူက လက်ဝါးကို မကာ ဧဒင်၏ လောကပင်လယ်ထဲမှ ကြယ်တာရာ အင်အားများကို ဆင့်ခေါ်လိုက်၏။ တဒင်္ဂ အတွင်းမှာပင် သူ့လက်ဝါးမှာ မဖော်ပြနိုင်သည့် အလင်းများကို ထုတ်လွှတ်နေသည့် ကြယ်တာရာ အင်အားများဖြင့် ပြည့်နှက် သွားခဲ့သည်။

ထိုအလင်းများကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ရှင်းလင်းစွာပင် ၎င်းတို့က လျှို့ဝှက် အလင်းများ ဖြစ်ကြပေသည်။

“ကြယ်တာရာ အင်အားထဲမှာ လျှို့ဝှက်အလင်း ပါနေပြီ ဆိုတော့...”

ဝေ့ဝူယင်မှာ စိတ်လှုပ်ရှားမှုနှင့် အတူ ရင်တဒိတ်ဒိတ် ခုန်သွားခဲ့၏။ သူ ချက်ချင်းပင် အဆင့်ကိုး ထာဝရ ခြေချခြင်း ဆေးလုံး အတွက် လိုအပ်သည့် ရင်းမြစ်များကို ထုတ်ယူကာ စတင် ဖော်စပ်လိုက်သည်။

ပိုင်လင်က ခေါင်းကို မော့ကာ စိတ်ဝင်တစား ကြည့်လိုက်၏။ သခင်က အဘယ်ကြောင့် တစ်ယောက်တည်း ဆေးဖော်စပ်နေသနည်း။ သို့သော်လည်း... သူမက နှောက်ယှက်ခြင်း မပြုပဲ တိတ်တိတ်ကလေးသာ မှော်ဆေးအိုးကို စောင့်ကြည့်နေခဲ့သည်။

တစ်ခဏ ကြာပြီးနောက် သူမ၏ ရွှေသွေးရောင် မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ် လာခဲ့လေသည်။ မိနစ် အနည်းငယ် ကြာပြီးနောက်၌ မှော်ဆေးအိုးထဲမှ ‌ဆေးတစ်လုံး ထွက်ပေါ်လာခဲ့၏။ ၎င်းက အနက်ရောင် အဆင်းရှိကာ နေကြယ်တစ်စင်းနှင့် ဆင်တူပေသည်။ ပတ်လည်တွင်တော့ အလွန်လှပသည့် အလင်းရောင်ပြန် ခါးပတ်ကွင်း တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ထာဝရ ခြေချခြင်း ဆေးလုံးမှ လွဲ၍ မည်သည့် အရာ ဖြစ်နိုင်တော့မည်နည်း။

ဝေ့ဝူယင်၏ ရင်အစုံမှာ တဒိုင်းဒိုင်း တုန်ရီလာခဲ့လေတော့၏။

“သခင်... သခင် လုပ်နိုင်ပြီ...”

ပိုင်လင်က ဝေ့ဝူယင် လက်ထဲမှ ဆေးလုံးကို ကြည့်ကာ ‌ရေရွတ်လိုက်၏။ သူမ၏ လေသံက မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေကာ တစ်ချိန်တည်း၌ စိတ်ပျက်အားငယ်မှု အချို့အဝက်လည်း ပါဝင်နေပေသည်။ သခင်က သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်တိုင် ဖော်စပ်နိုင်ပြီ ဖြစ်လေရာ သူမ အကူအညီကို လိုအပ်တော့မည် မဟုတ်ချေ။

အတွေးတစ်ချက်ဖြင့်ပင် ရှန့်ထို လက်စွပ်ထဲမှ ကျောက်စိမ်း သေတ္တာ တစ်ခုကို ဝေ့ဝူယင် ထုတ်ယူလိုက်၏။ ထိုသေတ္တာကလေး အတွင်းတွင်တော့ နောက်ထပ် သာလွန်ခြင်း အဆင့် ထာဝရ ခြေချခြင်း ဆေးလုံး တစ်လုံး ရှိနေပေသည်။

“ကွာခြားမှု ရှိလား မရှိဘူးလား...”

ဝေ့ဝူယင် ဆေးလုံး နှစ်ခုကို ယှဉ်ကာ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် အသေးစိတ် လေ့လာကြည့်လိုက်၏။ ပထမ တစ်ခုမှာ တာရာ လျှို့ဝှက် သတ္တုရိုင်းကို အရည်ဖျော်၍ ပေါင်းစပ် သန့်စင်ထားသည့် ထုတ်ကုန် ဖြစ်ကာ ဒုတိယ တစ်ခုကတော့ လောက သင်္ကေတ မျိုးစေ့မှ မွေးဖွားလာသည့် လျှို့ဝှက် အလင်းများ ပါဝင်နေသော အဂ္ဂိရတ် ဧဒင် အင်အားဖြင့် ဖော်စပ်ထားခြင်း ဖြစ်သည်။

“ရှိတယ်...”

ဧဒင်က ပြောလိုက်၏။ အအသွင်အပြင်ချင်း ထပ်တူညီသည့်တိုင် ထိုထုတ်ကုန် နှစ်ခုတွင် ထင်ရှား ခြားနားသည့် ကွာခြားမှု တစ်ခု ရှိနေပေသည်။

ဝေ့ဝူယင်က ဆေးလုံး တစ်ခုကို လက်ဖြင့် ကောက်ကိုင်ကာ ချိန်ဆ ကြည့်လိုက်၏။ ထို့နောက် အခြား တစ်ခုကိုပါ အလားတူ ပြုလုပ်လိုက်သည်။

“လျှို့ဝှက်တာရာ သတ္တုရိုင်းနဲ့ ဖော်စပ်ထားတဲ့ တစ်ခုက ပိုလေးတယ်... သိသိသာသာကို လေးတယ်”

ဝေ့ဝူယင် အတည်ပြုလိုက်၏။ လျှို့ဝှက် တာရာ သတ္တုရိုင်းမှာ လျှို့ဝှက် အဆင့် မြေကြီးနှင့် သတ္တုများ ရောနှောနေသည့် ရင်းမြစ် တစ်ခု ဖြစ်သည်။ ဆေးလုံး အတွင်း ပေါင်းစပ်ပါဝင်နေသည့် စွမ်းအင်များက စောစောက သူ ဖော်စပ်ထားသည့် ဆေးလုံးထက် သိသိသာသာ ပိုများနေကြောင်း ထင်ရှားပေသည်။

“ဒါကြောင့်ပဲ ဆေးလုံး ဖော်စပ်တဲ့ အချိန်ချင်း မတူတာလား...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ လျှို့ဝှက် တာရာ သတ္တုရိုင်းနှင့် ဆေးဖော်စပ်ခြင်းက ‌စောစောက သူ ဖော်စပ်ခဲ့သည်ထက် အဆများစွာ ပိုမို ခက်ခဲသလို သူ ခံစားရသည်။ ထို့အပြင် အချိန် အတိုင်းအတာ ပမာဏမှာလည်း ပိုကြာသည်။

“အဲဒါကြောင့်လား...”

လောကရေလွှမ်းမိုးခြင်း ဆေးလုံးအား သန့်စင်ရန် ကြိုးပမ်းရင်း ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများကို ပြန်လည် သတိရမိသော အခိုက်၌ ဝေ့ဝူယင် ရင်တဒိတ်ဒိတ် တုန်သွားမိ၏။

ဝှစ်...

သူ အလျှင်အမြန်ပင် လက်စွပ်ထဲမှ သာလွန်ခြင်းအဆင့် ထုတ်ကုန် အချို့ကို ထုတ်လိုက်သည်။ ထို့နောက် တစ်ခုချင်းစီကို စစ်ဆေးလိုက်၏။

မကြာခင် ဝေ့ဝူယင် နဖူးထက်၌ ချွေးသီးချွေးပေါက်များ စီးကျလာခဲ့တော့သည်။

“ကံသီပေလို့ပဲကွာ...”

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ လျှို့ဝှက် တာရာ သတ္တုရိုင်းဖြင့် ဖော်စပ်ထားသည့် သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို အာဏာရှင် အဖွဲ့သားများနှင့် မဟာမိတ်များအား မပေးမိသည်မှာ ကံကောင်း လွန်းသည်။

“တာရာသတ္တုရိုင်းထဲမှာ ပါတဲ့ လျှို့ဝှက် အဆင့် မြေကြီးနဲ့ သတ္တု အမတေတွေက အရမ်းကို အရည်အသွေး မြင့်လွန်းတယ်... ပိုင်လင်တောင် လုံးဝ မဖျက်ဆီးနိုင်ဘူး... ငါ့ရဲ့ လက်ရှိ အဆင့်နဲ့ ချေဖျက်ဖို့ဆို မပြောနဲ့တော့... နောက်ပြီး ဆေးလုံးတွေထဲမှာ ပိုင်လင်ရဲ့ လျှို့ဝှက် အဆင့် နိဗာန မီးတောက်တွေလည်း ပါနေသေးတယ်... သာမန် သေမျိုးတစ်ယောက်သာ သန့်စင်ဖို့ ကြိုးစားမိရင် သွားပြီပဲ...”

သူ ကိုယ်တိုင်ပင်လျှင် ကြယ်တာရာ ဝိညာဥ်လေးခု အချိန်မှီ မကယ်တင်နိုင်ပါက ကိစ္စ ချောသွားလေမလား မပြောတတ်ချေ။

ဝှစ်...

ဝေ့ဝူယင် အတွေးတစ်ချက်ဖြင့်ပင် လက်စွပ်အတွင်း၌ ရှိသမျှ သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်တိုင်းကို ထုတ်ယူ လိုက်သည်။ ၎င်းတို့ကို ကျောက်စိမ်း သေတ္တာများ၊ ပုလင်းများ အတွင်းတွင် ထည့်သွင်းထားကာ အရေအတွက်အားဖြင့် တစ်ရာကျော်လိမ့်မည် ဖြစ်သည်။

သေချာ သတိထားပြီး စစ်ဆေး ကြည့်တော့မှာ ထုတ်ကုန် တစ်ခုချင်းစီမှာ အလွန် လေးပင်နေကြောင်း ဝေ့ဝူယင် သတိထားမိတော့သည်။ ထာဝရ ခြေချခြင်း ဆေးလုံး နှစ်လုံးကို နှိုင်းယှဉ်ကြည့်ချိန်၌ ကွာခြားမှုက ပိုမို၍ပင် ထင်သာမြင်သာ ရှိသွားသည်။

အဘယ်ကြောင့် ဆိုသော်... တာရာ သတ္တုရိုင်းဖြင့် သန့်စင် ထားသည့် ဆေးလုံးက ကီလိုဂရမ် ခြောက်သောင်းလောက် အထိ လေးချိန်တွင် လျှို့ဝှက် ဧဒင် အင်အားဖြင့် ဖော်စပ်ထားသည့် ဆေးလုံးက နှစ်ဆယ် ကီလိုဂရမ်လောက်သာ လေးသောကြောင့်ပင်။

အကယ်၍ သေမျိုးအဆင့် သူ့လက်အောက်ငယ်သားများသာ ထိုဆေးလုံးများကို သန့်စင်ပါက ဆိုးရွားသည့် သေဆုံးခြင်းများနှင့်ပင် ကြုံတွေ့ သွားရလောက်ပြီ ဖြစ်သည်။

“လျှို့ဝှက် အလင်း ပါတဲ့ ကြယ်တာရာ အင်အားနဲ့ သန့်စင်ထားတဲ့ ဆေးလုံးတွေကလည်း ကျုပ်တို့ ကိုယ်တိုင်နဲ့ သေမျိုး ကျင့်ကြံသူတွေ အပေါ်မှာ အန္တရာယ် ရှိ မရှိ စစ်ဆေးဦးမှ ဖြစ်မယ်”

ဧဒင်က သတိပေးလိုက်၏။ ဝေ့ဝူယင်က ထိုအကြံပေးချက်ကို ချွင်းချက် မရှိ သဘောတူလိုက်သည်။ သူက သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဂရုတစိုက်ပင် ပြန်လည် ထုပ်ပိုးကာ ရှန့်ထို လက်စွပ် အတွင်း ထည့်သွင်းလိုက်၏။

ထို့နောက် သူက လျှို့ဝှက် အလင်း ပါဝင်နေသည့် ကြယ်တာရာ အင်အားကို နောက်တစ်ကြိမ် လေ့လာလိုက်သည်။ ထိုကြယ်တာရာ အင်အား အသစ်မှာ မူလ အင်အားထက် နှစ်ဆမျှ အထိ ပိုမို အစွမ်းထက်သည်ဟု သူ ခံစားရသည်။

“ဒါက လျှို့ဝှက် ကြယ်တာရာ အဆင့်တွေမှာရှိတဲ့ စွမ်းအား များလား...”

သူ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ လျှို့ဝှက် ကြယ်တာရာ အဆင့်... ၎င်းက ကြယ်တာရာ အမြုတေ အဆင့်တစ်ဆယ် ဖြစ်သလို လျှို့ဝှက် အာဏာရှင် အဆင့်တစ် ဟုလည်း ဆိုသည်။ ထိုအဆင့် ကျင့်ကြံသူများထံတွင် လျှို့ဝှက် ဝိညာဥ် မရှိချေ။ သို့သော်လည်း လျှို့ဝှက် စွမ်းအင်ကိုတော့ ပိုင်ဆိုင် နိုင်ကြသည်။

လျှို့ဝှက် စွမ်းအားမှာ သေမျိုး အကန့်အသတ်ကို ထိတွေ့ပြီးနောက် အသွင်ပြောင်းလဲသွားသည့် ကြယ်တာရာ အင်အားများပင် ဖြစ်သည်။ ဝူယု၏ အဆိုအရ ဆိုလျှင် လျှို့ဝှက် ကြယ်တာရာ အဆင့်များမှာ လောကီ ပြောင်းပြန်လှန်ခြင်း၊ လောက အကျဉ်းထောင် စသည့် လျှို့ဝှက် အဆင့် နည်းလမ်းများကို အသုံးပြုနိုင်သည် ဟု ဆိုသည်။ သူတို့က အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်များထက် များစွာ အားနည်းခြင်း မရှိပါချေ။

ထို့ကြောင့်ပင် သူတို့ကို အတုအယောင် လျှို့ဝှက် အာဏာရှင် အဆင့်များဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ သို့သော်လည်း... လျှို့ဝှက် စွမ်းအင်မှ တစ်ပါး သူတို့ထံတွင် အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အခြား ဝိသေသ လက္ခဏာများ ရှိပါချေ။ ထို့အပြင် သူတို့၏ သက်တမ်းမှာလည်း အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် သိသိသာသာ ကွာခြားပေသည်။

“ငါ့ရဲ့ ကြယ်တာရာ အင်အားက လျှို့ဝှက် စွမ်းအားတော့ ဖြစ်မသွားသေးတာ သေချာတယ်... ဒါပေမဲ့ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိတဲ့ ထုတ်ကုန်တွေကို ဖော်စပ်နိုင်တယ် ဆိုတော့ လုံလောက်တဲ့ လျှို့ဝှက် အဆင့် အရည်အသွေးတွေ ပါနေတယ်လို့ ပြောလို့ ရတယ်... ဘယ်လို နာမည် ပေးရင် ကောင်းမလဲ... တစ်ဝက်တစ်ပျက် လျှို့ဝှက် စွမ်းအားလား... လျှို့ဝှက် စွမ်းအားနဲ့ ကြယ်တာရာ အင်အား ပူးပေါင်းပြီး လျှို့ဝှက် အင်အားလို့ ခေါ်ရင် ကောင်းမလား...”

ဝေ့ဝူယင် မေးစေ့ကို ပွတ်သက်လိုက်၏။

“လျှို့ဝှက် အင်အားဆိုတာက ပိုကောင်းလိမ့်မယ် ထင်တယ်... အဲဒီလိုပဲ နာမည် ပေးလိုက်မယ်”

ဝေ့ဝူယင် ဆုံးဖြတ်ဟန်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ဒီလျှို့ဝှက် အလင်းက ဘာလဲ... ကျုပ်တို့ ဝိညာဥ်အလင်းနဲ့ တူသလိုပဲ...”

ရုတ်တရက် ဘုရင်က မေးလိုက်၏။ ထိုဆန်းကြယ် ဆေဘာ ကြယ်တာရာ ဝိညာဥ်မှာ အလွန် စကားပြောခဲလေရာ ဝေ့ဝူယင်၊ ဧဒင်၊ အိုရီနှင့် ခရာတိုတို့ အားလုံး အလေးအနက် ထားလိုက်ကြသည်။ ဘုရင်၏ စကားလုံး တစ်ခုချင်းစီတိုင်းက ရွှေထက်ရှားကာ အလွန် အဖိုးတန်သည်။

ရုတ်တရက်... တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် ဝေ့ဝူယင် ဆက်စပ်မှု စစ်အလံကို ထုတ်လိုက်၏။ ၎င်းက စစ်အဆောင် တစ်ခု ဖြစ်ကာ ဗိုလ်ချုပ်ကြီး တစ်ယောက်နှင့် လျှို့ဝှက် အာဏာရှင် ၉၉၉၉ ယောက်ကို သိမ်းဆည်း ထားသည်။ ထိုအရာက စစ်တပ်ကြီး တစ်ခုစာ ဖြစ်၏။

လက်ရှိ၌ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ဝိညာဥ် စွမ်းအားကို အသုံးပြုထားရလေရာ ပြင်းထန်စွာ ဒဏ်ရာ ရထားသည်ဟု ဆိုနိုင်ပေသည်။ ၎င်းအနေဖြင့် ပြန်လည် ကောင်းမွန်ရန် ဝိညာဥ်အလင်းကို လိုအပ်ပေသည်။ သို့သော်လည်း.. ဝေ့ဝူယင်၏ ဝိညာဥ်အလင်းမှာ သေမျိုး အဆင့်တွင်သာ ရှိလေရာ လျှင်မြန်စွာ ပြန်လည် မကုသပေးနိုင်ချေ။ သို့သော်လည်း အဓိက ပြဿနာက သေမျိုး အဆင့် မဟုတ်ပဲ ရရှိနိုင်သည့် နှုန်းထားသာ ဖြစ်ပေသည်။

အခြား စွမ်းအင်များနှင့် ခြားနားစွာပင် ဝိညာဥ် အလင်း ရရှိရန် အတွက် မူလအလင်း ရင်းမြစ်ကိုသာ အဓိက အားကိုးရသည်။ ထိုအရာက ရှည်လျားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ကာ အချိန်နှင့် အားထုတ်မှု များစွာ လိုအပ်ပေသည်။

မူလအလင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်သည့် ထုတ်ကုန် တစ်ခုခုကို ထာဝရ အစည်းအရုံးတွင် သွားရောက် ရှာဖွေရန် ဝေ့ဝူယင် ရည်ရွယ်ထားသည်။ အစက အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် အနည်းငယ် ရှာတွေ့လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း တကယ်တမ်း၌ ဘာဆိုဘာမှ ရှိနေခဲ့ချေ။

“လျှို့ဝှက် အလင်းက စစ်အဆောင်အပေါ် အကျိုးသက်ရောက်နိုင်မလား ကြည့်လိုက်ရအောင်...”

ဝေ့ဝူယင်က ကြယ်တာရာ အင်အားများကို စစ်အဆောင် အတွင်း ပို့လွှတ်ကြည့်လိုက်၏။ တစ်ခဏ ကြာပြီးနောက် သူ ဖြူရော်စွာ ပြုံးလိုက်မိသည်။ ရလဒ်ကား ကျရှုံးခဲ့ခြင်းပင်။

***

All Chapters