အဆုံးမဲ့ တာအို အရိုးပြာ
Vol. 66 Ch. 914
စစ်အဆောင်မှာ ဝိညာဥ်အလင်းကို စုပ်ယူ သန့်စင်၏။ လျှို့ဝှက် အလင်းတွင် မူလ အလင်းနှင့် တူညီမှု အချို့ ရှိသည့်တိုင် ဝိညာဥ် အလင်း မဟုတ်ပါချေ။
“ကံမကောင်းလိုက်လေခြင်း...”
ဝေ့ဝူယင် ညီးညူလိုက်မိ၏။
ဂီး...
ပိုင်လင်က အော်သံ တစ်ချက် ပေးလိုက်ရင်း ဝေ့ဝူယင်၏ ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ ဝေ့ဝူယင်မှာ ပိုင်လင် စိုးရိမ်နေသည့် အရာကို ချက်ချင်းပင် နားလည်လိုက်၏။ ယခု၌ သူက သာလွန်ခြင်း အဆင့် ထုတ်ကုန်များကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်နိုင်ပြီ ဖြစ်လေရာ ပူးပေါင်း ဆေးဖော်စပ်မှု မကြာခင် အဆုံးသတ်သွားမည်ကို ပိုင်လင်က ဝမ်းနည်းနေခြင်းဖြစ် သည်။
ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ဆေးလုံးများထဲမှ ပြဿနာက လျှို့ဝှက် တာရာ သတ္တုရိုင်း တစ်ခုတည်း မဟုတ်ချေ။ နိဗာန မီးတောက်များလည်း ပါဝင်နေပေသည်။ ထိုရင်းမြစ် နှစ်ခု၏ ပေါင်းစပ်မှု အောက်တွင် ဆေးလုံး၏ အာနိသင်က ကြောက်မက်ဖွယ် ကောင်းအောင် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုအဂ္ဂိရတ် ထုတ်ကုန်များကို သာမန် သေမျိုးများသာ အသုံးပြုပါက ကျိန်းသေပင် လောင်ကျွမ်း သေဆုံး သွားလိမ့်မည် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များသာလျှင် ထိုထုတ်ကုန်ကို သန့်စင်ကာ အကျိုးအမြတ် ရရှိနိုင်လောက်သည်။
ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်လိုက်မိ၏။ ကျင့်ကြံခြင်း လောကတွင် လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အသုံးဝင်သည့် ကြယ်တာရာ အဆင့် အဂ္ဂိရတ် ထုတ်ကုန် ဟူ၍ မရှိသလောက် ဖြစ်သည်။ သို့သော်လည်း သာလွန်ခြင်း အဆင့် လောက ရေလွှမ်းမိုးခြင်း ဆေးလုံးမှာ လျှို့ဝှက် စွမ်းအင်များကို မွမ်းမံကာ လျှို့ဝှက် အမြုတေကို ကြီးထွားစေနိုင်လိမ့်မည်ဟု ဝေ့ဝူယင် ယူဆ မိသည်။ ကျိန်းသေ မသေကိုတော့ အသေအချာ စစ်ဆေးရဦးမည် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ သိသိသာသာ တောက်ပသွား၏။ အကယ်၍ ထိုအရာသာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အလုပ်ဖြစ်ပါက စျေးကွက်အတွင်း တင်ပို့နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် ၎င်းကို မီး၊ မြေကြီး၊ သတ္တု စသည့် လျှို့ဝှက် အဆင့် စွမ်းရည်များသာ ထည့်ပေါင်းလိုက်ပါက...
ရုတ်တရက် အတွေး တစ်ခုက ဝေ့ဝူယင်၏ စိတ်အတွင်း တိုးဝင်လာ၏။ သူ ခေါင်းကို မော့ကာ ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်မိသည်။ ထို့နောက် ပိုင်လင်၏ လည်ပင်းကို ပွတ်သက်ရင်း ပြောလိုက်လေတော့၏။
“ငါတို့ရဲ့ ပူးပေါင်းမှုက မပြီးသေးပါဘူးကွာ...”
“ဂီး...”
ပိုင်လင်က ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်၏။ သခင်နှင့် နှစ်ယောက် အတူရှိရသည့် အချိန်များကို သူမ နှစ်ခြိုက်သည်။ ထိုအရာက သူမ အတွက်တော့ ငြိမ်းချမ်းမှုပင်။
ဝေ့ဝူယင်က စစ်အဆောင်ကို ကြည့်ရင်း စိတ်ထဲမှ အချို့အရာများကို တွက်ချက်လိုက်၏။ ထို့နောက်... သူ သီအိုရီ ထုတ်ထားခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန် အကြောင်း အသေးစိတ် စဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ သတ်ဖြတ်ခဲ့သည့် စစ်ဝိညာဥ်များ၏ မျက်နှများကို ပြန်လည် မြင်ယောင်လိုက်၏။ ဝေ့ဝူယင်၏ မျက်နှာက ပြုံးယောင်သမ်း သွားခဲ့သည်။
“မင်းတို့တွေ ဘယ်လို တုန့်ပြန်မယ် ဆိုတာ ကြည့်ဖို့ ငါ မစောင့်နိုင်တော့ဘူးကွာ...”
သူ ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ရှန့်ထို လက်စွပ်ထဲမှ သုံးမီတာခန့် အရွယ်အစား ရှိသည့် စက်ဝိုင်းပုံ သလင်းကျောက်ကို ထုတ်လိုက်၏။ ၎င်း၏ အတွင်း ကြယ်အလင်း သဖွယ် အစက်အပျောက်များစွာကို ထည့်သွင်း အေးခဲ ထားပေသည်။
“ကြယ်တာရာမိုးတွေက ငါတွေ့ဖူးသမျှထဲမှာ အထူးဆန်းဆုံး သက်ရှိတွေလို့တောင် ဆိုနိုင်တယ်”
ဝေ့ဝူယင် တွေးတောရင်း သလင်းကျောက်ထဲမှ ကြယ်တာရာမိုး တစ်ကောင်ကို ထုတ်ယူလိုက်၏။ ၎င်းက လက်တစ်ဆုပ်စာ ရှိပေသည်။
ကြယ်တာရာမိုးများမှာ စိတ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ကြသည့်တိုင် ထိုစွမ်းအင်များက ရှင်းလင်းစွာပင် သူတို့ အပိုင် မဟုတ်ချေ။ ထို့အပြင် သူတို့ထံတွင် အသက်ဓာတ် လက္ခဏာလည်း မရှိချေ။ အသွေးအသား ခန္ဓာကိုယ်ဖြင့် တည်ဆောက်ထားသောကြောင့်သာ ၎င်းတို့ကို သက်ရှိများ အဖြစ် ရည်ညွှန်းကြရခြင်း ဖြစ်သည်။
“ကြယ်တာရာမိုးတွေ လျှို့ဝှက် အာဏာရှင် အဆင့်တွေထက် ပိုပြီးတော့တောင် မြန်တယ် ပြောကြတယ်... လျှို့ဝှက် အာဏာရှင် အဆင့်တွေတောင် သူတို့ကို ဖမ်းမိဖို့ ခက်တယ် တဲ့... နောက်ပြီး သူတို့က အာကာသ အကျဉ်းထောင်တို့ လောက အကျဉ်းထောင်တို့ကနေတောင် လွတ်အောင် ထွက်ပြေးနိုင်တယ် ဆိုပဲ... ထာဝရ ဧကရာဇ်က ထာဝရ ကြယ်အလင်း ဆေးတောင့်ကို အဲဒီ အချက်အပေါ် အခြေခံပြီး ဖန်တီးခဲ့တာလို့ ပြောကြတယ်... ဒါကြောင့် သူ့မှာ လွတ်မြောက်ခြင်းနဲ့ ချေမှုန်းခြင်း ဆိုတဲ့ ရည်ရွယ်ချက် နှစ်ခု ပါနေတာ”
ဝေ့ဝူယင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ကြယ်တာရာမိုးက သူ့ရှေ့ဆီ မျောလွင့်လာကာ ဖြည်းညင်းစွာပင် လှည့်ပတ်နေ၏။ သူ ထိုသတ္တဝါ၏ အခြေအနေနှင့် ဖွဲ့စည်းပုံတို့ကို အသေအချာပင် လေ့လာ ဆန်းစစ်လိုက်၏။
ထာဝရ ကြယ်အလင်း ဆေးတောင့်မှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ထားသည့် ဆေးတောင့် တစ်ခု ဖြစ်သည်။ ၎င်းကို လျှို့ဝှက် ကြယ်တာရာ အဆင့်များအား တိုက်ခိုက်ရန် အတွက်သာ မက လျှို့ဝှက် အာဏာရှင် အဆင့်များထံမှပါ လွတ်မြောက်အောင် သုံးနိုင်သည်။ ၎င်းကို ဖော်စပ်ရန် အတွက် ကြယ်တာရာမိုးကို လိုအပ်သည်။
သို့သော်လည်း ထာဝရ ကြယ်အလင်း ဆေးတောင့်များမှာ စျေးကွက်ထဲ၌ အလွန့်ကို ရှားပါးသည်။ ထိုရှားပါးမှုက ဖော်စပ်ရန် ခက်ခဲမှုကြောင့် မဟုတ်ပဲ ရင်းမြစ်များ ဝယ်ယူရန် အခက်အခဲကြောင့်ပင် ဖြစ်သည်။
ကြယ်တာရာမိုးမှာ အလွန် လျှင်မြန်သည်။ ထို့အပြင် ၎င်းတို့မှာ လျှို့ဝှက် အဆင့် အတားအဆီးများကိုပင် ထိုးဖောက် ထွက်ပြေးနိုင်သည်။ တိုက်ခိုက်နိုင်သည့် စွမ်းရည်မှာ သုည နီးပါး ဖြစ်သည့်တိုင် ၎င်းတို့မှာ အလွန် ကြောက်ဖို့ ကောင်းလှသည်။
“သူတို့က ဘာလို့ အာကာသ အကျဉ်းထောင်တွေကနေတောင် လွတ်မြောက်နိုင်တာလဲ မသိဘူး”
ဝေ့ဝူယင် နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရာ ကြယ်တာရာမိုးမှာ ရပ်တန့် သွား၏။ အာကာသ ဟန့်တားမှုများကိုပင် ကျော်ဖြတ်နိုင်သည့် စွမ်းရည်က သူ့ကို တကယ် စိတ်ဝင်စားစေသည်။ သို့သော်လည်း အသေအချာ စစ်ဆေးကြည့်သည့်တိုင် ထိုစွမ်းအင် အရိပ်အငွေ့ကိုမှ သူ မတွေ့ရပါချေ။
“အတွင်းပိုင်းမှာလား... ဒါပေမဲ့ သူတို့က စွမ်းအင် အခြေခံ မဟုတ်တဲ့ အသွေးအသား ဖွဲ့စည်းပုံနဲ့ မလား...”
ဝေ့ဝူယင် အတွေးများကို ဦးတည်ချက် ပြောင်းလိုက်၏။ သူက လက်ချောင်းများကို အသုံးပြုကာ ကြယ်တာရာမိုး၏ အတောင် တစ်ဖက်ကို ဆွဲခွာလိုက်သည်။ ထိုတစ်စိတ်တစ်ပိုင်းမှာ သူ့ လက်ဝါးထက် ရောက်ရှိလာ၏။ ဝေ့ဝူယင် ၎င်းကို အာကာသ စွမ်းအင်များဖြင့် ဆက်သွယ် ကြည့်လိုက်သည်။
ဒူ...
ရုတ်တရက် စွမ်းအင် လှိုင်းတစ်ခု ပျံ့နှံ့ သွား၏။ ဝေ့ဝူယင်၏ ဆံပင်နှင့် ဝတ်စုံမှာ တဖျပ်ဖျပ် လွင့်ခါသွားသည်။ ထူးဆန်းသည့် တုန့်ပြန်ပုံကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် သွားသည်။ သူက အာကာသ စွမ်းအင်များဖြင့် အတောင်ပံကို နောက်တစ်ကြိမ် ထပ်စမ်းသပ်လိုက်၏။
ဒူ...
တစ်ကြိမ်ပြီး နောက်တစ်ကြိမ်...
ဒူ... ဒူ... ဒူ...
“သဘောပေါက်ပြီ...”
အကြိမ် နှစ်ဒါဇင်ကျော် စမ်းသပ်ပြီးနောက် အကြောင်းရင်းကို ဝေ့ဝူယင် ရှာဖွေ တွေ့ရှိသွား၏။
“ဒီတော့ ထာဝရ ဧကရာဇ်က နှစ်ခုကို တစ်ခု ပေါင်းလိုက်တာပေါ့... ဒါဆိုရင်...”
ဝေ့ဝူယင်၏ မျက်နှာထက်၌ ပျော်ရွှင်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာကာ အလုပ်ကို ပိုမို အားစိုက်ထုတ် လိုက်တော့၏။
ရှစ်ရက်ကြာမြင့်ပြီးနောက်...
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အလွန်အမင်း တောက်ပနေ၏။ သို့သော်လည်း သူ့ဆံပင်များကတော့ ရှုပ်ထွေးနေသည်။ ပိုင်လ်၏ အမွေးအတောင်များမှာ အဖြူရောင်နှင့် ရွှေရောင် ကြယ်အလင်းများကို ထုတ်လွှတ် နေကာ အလွန် လှပသည့် မြင်ကွင်း တစ်ခုကို ဖန်တီးနေသည်။ သို့သော်လည်း သူတို့မှာ လုံးဝ ကစဉ့်ကလျား ဖြစ်စဉ် တစ်ခု အတွင်း ကျရောက်နေခြင်းပင် ဖြစ်လေသည်။
ဝေ့ဝူယင်၏ အရှေ့၌ အမျိုးမျိုးသော ပစ္စည်းမျာမှာ ပြန့်ကျဲနေကာ ထိုအထဲ၌ အထင်ရှားဆုံးက စိမ်းပြာရောင် ကောင်းကင် ကျောက်စိမ်း ဝိညာဉ် အရိုးပြာများပင် ဖြစ်သည်။ ၎င်းတို့က ကောင်းကင် တာအို နတ်ဆိုးများကို ဖန်တီးသည့် အခိုက် ကျရှုံးမှုကြောင့် ဖြစ်ပေါ်လာသည့် ဝိညာဥ်ဖယ်ခွာခြင်းများပင် ဖြစ်သည်။ ၎င်တို့၌ ရုပ်ဝတ္ထု ပစ္စည်းအဆင့် သတ်မှတ်ချက် မရှိချေ။
ကောင်းကင် ကျောက်စိမ်း ဝိညာဉ် အရိုးပြာမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး ဖန်တီးရာ၌ အလွန် အသုံးဝင်သည့် ပါဝင် ပစ္စည်း တစ်ခု ဖြစ်သည်။ ၎င်းက နယ်မြေမျိုးစေ့ကို ကျင့်ကြံသူများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးနိုင်သည့် ဝိညာဥ်စွမ်းအင်ကို သယ်ဆောင်ထားသည်။
ဝေ့ဝူယင်၏ ခန့်မှန်းချက် အရ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို တုပ ဖန်တီးထားသည့် ထာဝရ နယ်မြေ ဆေးလုံး မအောင်မြင်ရခြင်းမှာ ထိုပါဝင်ပစ္စည်း ကင်းမဲ့မှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ထိုရင်းမြစ်များကို အနန္တ ကုန်းမြေတိုက်ကြီးတွင်သာ တွေ့ရသည်။ သို့သော်လည်း... မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ မတွေ့ရသလောက်ပင်။ ဤနေရာ၌ နတ်ဆိုးများမှာ အလွန် နည်းပါးလှသည်။ သူတို့၏ ပုံပန်း သဏ္ဌာန်နှင့် စွမ်းအင်များကြောင့်ပင် အများစုက သူတို့ကို ရှောင်ဖယ်ကြသည်။
ထာဝရ ကြယ်တာရာ နယ်မြေတွင် နတ်ဆိုးများမှာ သူလို ကိုယ်လိုပင် လှုပ်ရှား သွားလာနိုင်ကြသည်။ ထိုအရာက တစ်ခေတ်တစ်ခါက အလွန်နာမည်ကြီးခဲ့သည့် အသူရာ နတ်ဆိုး တောင်တန်း သခင်၏ တည်ရှိမှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သူက ထာဝရ ဧကရာဇ်၏ အသည်းစွဲ အနည်းငယ်ထဲမှ တစ်ယောက်လည်း ဖြစ်သည်။
နတ်ဆိုးများကိုသာ မကချေ။ ထာဝရ ကြယ်တာရာ နယ်မြေ၌ နတ်ဆိုး၊ လူသား၊ ရှို့ရန်၊ အယ်ဗန်မျိုးနွယ် ခွဲခြားမှု မရှိသလောက်ပင် ဖြစ်သည်။ အထူးသဖြင့် အနန္တ ဧကရာဇ်ဂိုဏ်းက အကောင်းဆုံး ဥပမာ ဖြစ်သည်။ ဝေ့ဝူယင် အတွက်တော့ အဋ္ဌမမြောက် ကောင်းကင်အလွှာထက်ရှိ သူ့ ကောင်းကင်နန်းတော်မှာ နေထိုင်ဖူးသမျှ အလွတ်လပ်ဆုံးနှင့် ပျော်ရွှင်စရာ အကောင်းဆုံး နေရာ တစ်ခု ဖြစ်ခဲ့ပေသည်။
ဝေ့ဝူယင်က စိတ်လှုပ်ရှားနေသည့် မျက်ဝန်းများဖြင့် ပိုင်လင်ဘက်ကို လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာ အမူအရာက အနည်းငယ် ရူးသွပ်နေဟန် ရလေသည်။
“စစ်အဆောင်ကို သန့်စင်ဖို့ ကြိုးစားနေရင်း တစ်ချိန်တည်းမှာပဲ ဝိညာဥ်အလင်းကို ဖြည့်တင်းပေးနိုင်တဲ့ နည်းလမ်း တစ်ခု ဖန်တီးဖို့ ငါ ကြိုးစားနေတာ... တကယ်လို့ လုပ်နိုင်မယ် ဆိုရင် စစ်အဆောင်က ငါတို့ အတွက် သောက်ရမ်း မိုက်တဲ့ ဝှက်ဖဲဖြစ်လာမှာကွ”
“ဟုတ်တယ်... သောက်ရမ်း မိုက်မှာ...”
ပိုင်လင်က အကြွင်းမဲ့ ထောက်ခံလိုက်၏။ သူမ၏ မျက်လုံးများမှာလည်း အလားတူပင် ဝေ့ဝူယင်၏ စိတ်လှုပ်ရှားမှု၊ ရူးသွပ်မှုတို့နှင့် ရောင်ပြန်ဟပ် နေသည်။
“ဟား...ဟား...”
ဝေ့ဝူယင်က အော်ဟစ်ရယ်မောလိုက်ရင်း ခေါင်းကို မော့ကာ မျက်နှာကျက်ကို ကြည့်လိုက်၏။ ပိုင်လင်က အလားတူပင် သူမ၏ ကိုယ်ပိုင် ရယ်မောသံကို ထုတ်လွှတ်လိုက်သည်။ လူရယ်သံနှင့် ငှက်ရယ်သံတို့ ရောနှောကာ ထူးဆန်းသည့် လိုက်ဖက်မှု တစ်ခု ဖြစ်ပေါ်လာ၏။
တစ်ခဏ ကြာပြီးနောက် ဝေ့ဝူယင်မှာ ပြန်လည် တည်ငြိမ်လာခဲ့၏။
“အားလုံးတော့ နေရာကျပြီ...”
သူက ခေါင်းကို ပြန်လည် ငုံ့လိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်လာ၏။ ထိုအရာက ဖန်တီးခြင်း မျက်လုံးပင်။
“ဒါက အလုပ်ဖြစ်မှာပါ... ကျိန်းသေကို အလုပ်ဖြစ်မှာ...”
ဖန်တီးခြင်းမျက်လုံးမှာ ရုပ်ဝတ္ထု ပစ္စည်းများကို ပြန်လည် ထုတ်လုပ်ပေနိုင်သည့် ပြိုင်စံရှား စွမ်းအင် တစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်းက ရုပ်တာအိုနှင့် ဆက်စပ်နေပုံ ပေါ်သည်။ ဝေ့ဝူယင် သွေးကျောက်တုံးကို ပထမ တစ်ခါ စမ်းသပ်ခဲ့ကာ မဟာ မြေကြီး ရည်ရွယ်ချက်နှင့် ဆက်သွယ် ကြည့်ခဲ့သည်။ ထိုအခါက... အဆင့် ပြောင်းလဲသွားရုံသာ မက အရည်အသွေးပိုင်းပါ တိုးတက်သွားကြောင်း တွေ့ခဲ့ရသည်။
ထပ်မံ အချိန်ဆွဲခြင်း မပြုတော့ပဲ ကောင်းကင် ကျောက်စိမ်း ဝိညာဥ် အရိုးပြာကို ကြည့်လိုက်၏။ ဖန်တီးခြင်း မျက်လုံးက ၎င်း၏ အသွင်ကို တိုက်ရိုက်ပင် စုပ်ယူလိုက်သည်။ ဝေ့ဝူယင် ဒြပ်စင်မူလ အလင်းနှင့် ဒြပ်စင် မူလ ရည်ရွယ်ချက်တို့ကို ထိုအတွင်း ပို့လွှတ်လိုက်၏။
နှစ်မိနစ်မျှ ကြာမြင့်ပြီးနောက် ကောင်းကင်ကျောက်စိမ်း ဝိညာဥ် အရိုးပြာမှာ ဖန်တီးခြင်း မျိုးစေ့ထဲတွင် ဖွဲ့စည်း လာခဲ့သည်။ ၎င်း၏ စိမ်းပြာရောင် အဆင်းကတော့ အဖြူရောင် အဖြစ် လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေတော့သည်။
***