← Chapters

အဆုံးမဲ့ တာအို အရိုးပြာ (၂)

Vol. 66 Ch. 915

အဆုံးမဲ့ တာအို အရိုးပြာ (၂)

Vol. 66 Ch. 915

ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ ထွက်ပေါ်လာသည့် ထုတ်ကုန် အသစ်ကို အာရုံစိုက် နေခဲ့ကြ၏။ ကောင်းကင် ကျောက်စိမ်း အရိုးပြာကို ဒြပ်စင် မူလ ရည်ရွယ်ချက်၊ ဒြပ်စင် မူလ ဝိညာဥ် အလင်းတို့ဖြင့် ထုဆစ်ထားသည့် ထုတ်ကုန် အသစ်မှာ မည်ကဲ့သို့ ဖြစ်မည်နည်း။

ရုတ်တရက်... ပြာများမှာ မီးတောက်များ အဖြစ် ပြောင်းလဲ သွားခဲ့၏။ ထို့နောက် မီးတောက်များမှာ အရည်စက်လေးများ အဖြစ် အသွင်ပြောင်းသွား၏။ တစ်ဆက်တည်းပင် ၎င်းတို့က ချော်ရည်ပူစက်များ အဖြစ် ထပ်မံ ပြောင်းလဲသွားသည်။

၎င်းက ဆက်လက်၍ တစ်ခုပြီး တစ်ခု အသွင်ပြောင်းလဲ နေကာ နောက်ဆုံး၌ အဖြူရောင် အရိုးပြာများတွင် ရပ်တန့် သွားခဲ့သည်။

“...”

ဝေ့ဝူယင်နှင့် ပိုင်လင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိ၏။

“ဒါပဲလေ...”

သူတို့ နှစ်ယောက် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ ထိုအရာ အလုပ်ဖြစ်လိမ့်မည်ဟု သူတို့ နှစ်ယောက်စလုံး ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် မရှိခဲ့ကြချေ။ သို့သော်လည်း ထိုအရာက အမှန်တကယ် အလုပ်ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် တစ်ယောက် ခံစားချက်များ အတွင်း နစ်မြုပ်နေစဉ်မှာပင် ပိုင်လင်က ကောက်ခါငင်ခါ မေးလိုက်၏။

“ကျွန်တော်တို့ ဘယ်လို ခေါ်ရင် ကောင်းမလဲ...”

ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်လိုက်ရင်း ဒြပ်စင်ကိုးခု၏ အရည်အသွေးများ သယ်ဆောင်ထားသည့် ဝိညာဥ်အခြေပြု ပစ္စည်းလေးကို ကြည့်လိုက်သည်။

“မင်းရော ဘယ်လိုထင်လဲ...”

သူက အကြံတောင်းလိုက်၏။ ဝေ့ဝူယင်မှာ သူ့ကိုယ်သူ နာမည်ပေးသည့် နေရာတွင် အရမ်း မထူးချွန်ဟု ခံစားရသည်။ ထို့အပြင် ဤသည်က မူလဒြပ်စင် ဝိညာဥ်အလင်း တစ်မျိုးတည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ မည်သည့် ဝိညာဥ်အလင်း အမျိုးအစားကို မဆို မွမ်းမံနိုင်အောင် မူလဝိညာဉ် အလင်း မျိုးစုံဖြင့်ပါ ကြိုးစားကြည့်ရန် သူ ရည်ရွယ်ထားသည်။

ဤသည်က လောက၌ တစ်ခါမှ မပေါ်ဖူးသည့် ရင်းမြစ်မျိုး ဖြစ်သည်။ အာရုံဦး နေမီးတောက် ဆေးလုံး ဖော်စပ်ရာ၌ သာမန် ဝိညာဉ် အရိုးပြာ နေရာတွင် ၎င်းကို အစားထိုး ထည့်သွင်း ဖော်စပ်ရုံဖြင့်ပင် လောကနယ်မြေ အပေါ် အဆုံးမဲ့ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

ယနေ့မတိုင်ခင် အထိ အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် ဖန်တီးထားသည့် လောကနယ်မြေမှာ သန့်စင်သည်။ မည်သည့် နယ်ပယ်ကိုမှ ချဉ်းကပ်ခြင်း မရှိချေ။ သို့သော်လည်း ဤရင်းမြစ် အသစ်မှာ ပြိုင်စံရှား ‌လောကနယ်မြေများကို ဖန်တီး ပေးနိုင်လိမ့်မည် ဖြစ်သည်။ နာမည် အသစ်များကို စဉ်းစားရင်း ဝေ့ဝူယင် ပိုမို စိတ်လှုပ်ရှား လာခဲ့၏။

အာရုဏ်ဦး နေမီးတောက် ဆေးလုံး... ရေဒြပ်စင် အမျိုးအစား

အာရုဏ်ဦး နေမီးတောက် ဆေးလုံး... မီးဒြပ်စင် မျိုးစေ့

အာရုဏ်ဦး နေမီးတောက် ဆေးလုံး... မူလ ဒြပ်စင် နယ်မြေ

ထိုဆေးလုံးများဖြင့် ဆိုပါက ကျင့်ကြံသူများမှာ သူတို့ အထူးပြုရာ နယ်ပယ်တွင် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ထိုးထွင်း သိမြင်မှုများ ရရှိလိမ့်မည် ဖြစ်သည်။ စွမ်းအား တိုးတက်လာမည်ကတော့ ပြောစရာပင် မလိုပါချေ။

ပိုင်လင်၏ မျက်လုံးများမှာ လေးနက်သွား၏။ တစ်မိနစ်ကျော်ခန့် စဉ်းစားပြီး နောက်မှ သူမက အသံကို နှိမ့်ကို အဖြေပေးလိုက်သည်။

“အာရုဏ်ဦး အရိုးပြာ...”

“...”

ဝေ့ဝူယင် ပိုင်လင်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်မိ၏။ ထိုနာမည်က အရမ်းကြီး မရိုးလွန်းဘူးလား။ အနည်းဆုံး... ပိုင်လင်ထံတွင် ခရာတိုလို နာမည်ပေး အာရုံမရှိဟု ဝေ့ဝူယင် မှတ်ချက် ချလိုက်သည်။

ဒိတ်... ဒိတ်...

ရုတ်တရက် နှလုံးသားဆီမှ ဂုဏ်ယူကြောင်း ဖော်ပြနေသည့် တုန်ခါမှု တစ်ချို့ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။

“အဆုံးမဲ့ တာအို အရိုးပြာ ဆိုရင်ရော...”

ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသည့် အလား ပိုင်လင်က ထအော်လိုက်သည်။ ထိုနာမည်ကို ကြားသော အခိုက်၌ ဝေ့ဝူယင်၏ နှလုံးသားက တုန်ရီသွား၏။

“အဆုံးမဲ့ တာအို အရိုးပြာ...”

ထိုနာမည်ကို ပါးစပ်မှ ထုတ်ဖော် ရေရွတ်လိုက်သည်နှင့် တစ်လောကလုံး တုန်ရီသွားသလို ဝေ့ဝူယင် ခံစား လိုက်ရသည်။ သူက ထာဝရ တည်မြဲနေမည့် ရင်းမြစ် တစ်ခု၏ နာမည်ကို ပြောလိုက်သည်လော။ ဝေ့ဝူယင်၏ စိတ်က ပိုမို၍ သေချာလာခဲ့၏။ ၎င်းက အမြဲတမ်း အဆုံးမဲ့ တာအို ဝိညာဥ် အရိုးပြာ ဖြစ်နေပေလိမ့်မည်။

“ကြိုက်တယ်... ကြိုက်တယ်...”

ခရာတိုက ချက်ချင်းပင် ထအော်ဟစ်လိုက်သည်။

“မဆိုးပါဘူးလေ... ဒါပေမဲ့ ကောင်းကင်နဂါးဂိတ် လောက်တော့ မကောင်းဘူး”

ခရာတိုက ဟိန်းသံ တစ်ချို့ ပြုလုပ်ကာ ထောက်ခံလိုက်၏။

“ကလန့်...”

ဘုရင်ကတော့ တိုက်ရိုက်ပင် လက်ခံသည်။

“အဲဒီ ရင်းမြစ်ကို အခြားလူတွေပါ ဖန်တီးနိုင်မယ့် နည်းလမ်း တစ်ခု ဒါမှမဟုတ် အစီအရင် တစ်ခုကို တီထွင်သင့်တယ်လို့ ကျုပ်တော့ ထင်တယ်”

ဧဒင်ကတော့ နာမည်ပေးရန် စိတ်ဝင်စားပုံ မရချေ။ အဓိက အချက်ကိုသာ ထောက်ပြလိုက်၏။ ထိုအရာက ရင်းမြစ် အသစ် ဆိုလျှင်ပင် အခြားလူများ ဖန်တီးနိုင်စွမ်း မရှိလေရာ နာမည်ပေးဖို့ မထိုက်တန်ချေ။ ကောင်းကင်ဘုံ နတ်မျက်လုံး ပင်လျှင် ကျင့်စဉ်ခွဲများကို စိတ်ဖြာနိုင်လေရာ ဤနည်းလမ်းကိုလည်း ဆင့်ပွား ပြောင်းလဲသင့်ပေသည်။

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ဧဒင် ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း လက်ရှိ၌ သူ အာရုံစိုက်ရမည့် အရာများ ရှိပေသေးသည်။ ဝေ့ဝူယင် အဆုံးမဲ့ တာအို ဝိညာဥ် အရိုးပြာကို လှမ်းယူလိုက်ကာ ချိပ်ပိတ် သိမ်းဆည်းဖို့ ပြင်လိုက်သည်။

“မူလ ဝိညာဥ်အလင်းကို ရဖို့ သာလွန်ခြင်း အဆင့် လောကအလင်း ဆေးရည် အပြင် ဒီရင်းမြစ်ကို သုံးပြီး ပိုလွယ်ကူတဲ့ နည်းလမ်း တစ်ခု ဖန်တီးရင်ရော...”

ရုတ်တရက် အတွေးတစ်ခုကြောင့် ဝေ့ဝူယင် အေးခဲ သွား၏။ သူ ဖြည်းညင်းစွာပင် အဆုံးမဲ့ တာအို ဝိညာဥ် အရိုးပြာကို မျက်လုံးရှေ့သို့ ယူဆောင်လိုက်သည်။ သူ၏ ချောမောသည့် မျက်နှာထက်၌ တောက်ပသော အပြုံး တစ်ခုက နေရာယူလာသည်။ ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်၏။

“အခုတော့ တစ်ခုပဲ အာရုံစိုက်တာပေါ့...”

ဝေ့ဝူယင် ထိုအကြံကို စိတ်၏ နောက်ကြောဘက်၌ နေရာချထားလိုက်၏။ ယခုတွင်တော့ သူ ဝိညာဉ် သုံးခု အတွက် နောက်ထပ် အဆုံးမဲ့ တာအို ဝိညာဉ် အရိုးပြာ သုံးခုကို ဖန်တီးရမည် ဖြစ်သည်။

...

ဝေ့ဝူယင် တံခါးပိတ် ကျင့်ကြံနေသည့် အတွင်း၌ အပြင်လောက တစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့လေ၏။ အထူးသဖြင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင်ပင်။

ထိုအပြောင်းအလဲများထဲမှ အများစုကတော့ မိန်းမ နှစ်ယောက်ကြောင့်ပင် ဖြစ်‌လေ၏။ ပထမ တစ်ယောက်က မျက်မမြင် မိန်းမလှလေး ဖြစ်သည်။ သူမက အချိန်သခင် တစ်ယောက်မျှသာ ဖြစ်သည့်တိုင် ဂိုဏ်းချုပ် ကိုင်တိုင်က များစွာ အရေးပေးထားသူလည်း ဖြစ်သည်။ ထို့အပြင် သူမမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ မည်သည့် ဧရိယာကို မဆို ဝင်ထွက်သွားလာခွင့် ရရှိထားသည်။

သို့သော်လည်း... ထူးဆန်းစွာပင် ထိုမိန်းကလေးမှာ ဂိုဏ်းအတွင်းရှိ အဆင်နိမ့် ကျင့်ကြံသူများစွာကို လိုက်လံ စည်းရုံး နေခဲ့သည်။ အကယ်၍ သေချာ လေ့လာကြည့်မည် ဆိုပါက... သူမ စည်းရုံးနေသည့် လူများမှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်မှ လာသည့် ကျင့်ကြံသူများ ဖြစ်ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ရက်ပိုင်း အတွင်းမှာပင် ဂိုဏ်းအတွင်း၌ အဖွဲ့ငယ် တစ်ခု ပေါ်ပေါက် လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုဖွံ့ဖြိုးတိုးတက်မှုကို မည်သူကမှ ခြိမ်းခြောက်မှု တစ်ခု အဖြစ် မမြင်ကြချေ။ သူတို့က အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ အဆင့်နိမ့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထာဝရ ကြယ်တာရာ နယ်မြေမှ ရွှေ့ပြောင်းလာသည့် ဒုက္ခသည်များသာ ဖြစ်သည်။

သို့သော်လည်း ဖြည်းညင်းစွာပင် ထိုအဖွဲ့ငယ်လေးမှာ ဂိုဏ်းအတွင်းရှိ သီးသန့် ပုဂ္ဂိုလ်များ၊ အမျိုးမျိုးသော အခြား အဖွဲ့ခွဲများနှင့် စတင် ချိတ်ဆက် လာခဲ့သည်။ သူတို့ အသုံးပြုနေသည့် ချမ်းသာ ကြွယ်ဝမှုများနှင့် ရင်းမြစ်များကလည်း ကြောက်စရာ ကောင်းလာခဲ့သည်။

သူတို့က မူလဂြိုဟ် အတွင်းရှိ နယ်မြေပိုင်နက် အပိုင်းအစ များစွာကို စတင် ဝယ်ယူလာကြကာ အဂ္ဂိရတ် ထုတ်ကုန်များ ရောင်းချသည့် အမျိုးမျိုးသော ဆိုင်များကို စတင် ဖွင့်လှစ်လာကြတော့သည်။

***

All Chapters